နတ်ဘုရားများကြားက တိုက်ပွဲ
Vol. 30 Ch. 438
ပြိုင်ပွဲဝင်အားလုံးမှာ သူတို့၏ အဆင့်သတ်မှတ်ချက်များ အရူးအမူး မြင့်တက်လာသည်ကို တွေ့လိုက်ရ၏။ ဟွားယွီဟန်၏ မဲအရေအတွက်ကတော့ ဖြည်းဖြည်းချင်းသာ တက်လာသည်။ ဤသည်မှာ သူ(မ)ကို ပစ်မှတ်ထားခြင်း မဟုတ်ပါက ဘယ်သူ့ကို ပစ်မှတ်ထားခြင်းလေလဲ။
ဟွားယွီဟန်က တစ်စုံတစ်ယောက်ကို စော်ကားမိထားသောကြောင့် ထိုလူက သူ(မ)ကို နောက်ဆုံးနေရာသို့ ရောက်စေချင်နေသည်မှာ အလွန်သိသာလှ၏။ ထို့ကြောင့် သူတို့က အခြားပြိုင်ပွဲဝင်များကို အရူးအမူးမဲပေးနေခြင်းပင်။
သို့သော် သူ(မ)၏မဲအရေအတွက်မှာ တစ်သန်းကျော်ရှိပြီးသားပင်။ ဟွားယွီဟန်ကို နောက်ဆုံးနေရာသို့ ရောက်စေချင်ပါက အခြားပြိုင်ပွဲဝင်၅၉ယောက်အတွက် တစ်ဦးလျှင် မဲအရေအတွက်တစ်သန်းကျော်စီ ပေးရမည်ဖြစ်၏။
လူတစ်ယောက်တည်းအတွက် သန်းဂဏန်မျှသာ ကုန်ကျသည်ဆိုစေကာမူ လူအားလုံးပေါင်းလိုက်လျှင် ကုန်ကျစရိတ်က ဘီလီယံပမာဏအထိ ရောက်သွားမည်သာ။
ဤသည်မှာ ထုတ်ပယ်မှုမရှိသော သာမန်ဖျော်ဖြေပွဲတစ်ခုသာဖြစ်၏။ နောက်ဆုံးအဆင့်ကို ရထားသူလည်း ဆက်လက်ယှဉ်ပြိုင်နိုင်သည်။ ဤကဲ့သို့သော ပွဲစဉ်အတွက် ဘီလီယံပေါင်းများစွာ အကုန်အကျခံခြင်းမှာ ဘယ်လိုအမုန်းတရားမျိုးများ ရှိနေလေသလဲ။
နောက်တစ်နေ့မနက်ခင်းတွင် မဲအဆင့်သတ်မှတ်ချက်ကို စောင့်ကြည့်နေကြသော ပရိသတ်များအားလုံး အံ့အားသင့်သွားရသည်။
လုရီယောင်က မဲအရေအတွက် ၂.၈၉သန်းဖြင့် ဦးဆောင်နေပြီး သာမန်အဆင့်မျှသာရှိသော လော့ချင်းက အံ့အားသင့်ဖွယ်ကောင်းအောင် ဒုတိယနေရာအထိ တက်လာခဲ့သည်။ အာရုံစိုက်မှုအများအပြားရရှိထားသော ဟွားယွီဟန်မှာမူ မဲအရေအတွက် သိသိသာသာကျဆင်းသွားပြီး နောက်ဆုံးနေရာသို့ ရောက်သွားခဲ့သည်။
သူ(မ)၏မဲအရေအတွက်က ၁.၉၂သန်းရှိနေသေးသော်လည်း သူ(မ)အထက်တွင်ရှိနေသူ၏ မဲအရေအတွက်မှာ နှစ်သန်းကျော်ပင်။
"တစ်ယောက်ယောက်က ဟွားယွီဟန်ကိုဖိနှိပ်ဖို့ မဲဝယ်ထားတာပဲ"
လူတစ်ယောက်က ဤအချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
"အဲဒီလူက ရူးသွားပြီလား။ ဒါက ပိုက်ဆံဘယ်လောက်တောင် ကုန်မှာလဲ"
"မနေ့ည အစောပိုင်းတုန်းက ဒုတိယနောက်ဆုံးရောက်နေတဲ့လူရဲ့ မဲအရေအတွက်က ၂၀၀၀၀ကျော်ပဲရှိသေးတာ။ ဒီ'နတ်ဘုရား'ကတော့ သူ့ကို မဲနှစ်သန်းကျော်တောင် ပေးလိုက်တာပဲ"
"ကိုယ့်လူတို့.. ငါက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူပဲ။ မဲနှစ်သန်းဝယ်ဖို့အတွက် အနည်းဆုံးတော့ ခုနှစ်သန်းကနေ ရှစ်သန်းအထိ ပေးရတယ်"
"ခုနှစ်သန်းကနေ ရှစ်သန်းအထိလား။ အဲဒါက လူတစ်ယောက်စာပဲ ရှိသေးတာလေ။ သူက အယောက်ငါးဆယ်ကျော်တောင် မဲပေးထားတာ။ ဒါက ဘီလီယံပေါင်းများစွာ ပေးရမှာလား"
"သေစမ်း! ဒီလူက ပိုက်ဆံတွေများလွန်းလို့ ဘယ်မှာသုံးရမှန်းမသိဘူးဖြစ်နေတာလား"
"ဒီလူက ဟွားယွီဟန်ကို ဘာလို့ဖိနှိပ်ချင်ရတာလဲ။ ဟွားမိသားစုကိုတောင် ရန်စရဲတယ်ပေါ့"
"ဒီဒေတာကို ကြည့်လိုက်။ မနေ့ညက ဖျော်ဖြေပွဲအပြီး နာရီပိုင်းလောက်အကြာအထိ လုရီယောင်က ဦးဆောင်နေခဲ့ပေမဲ့ ဟွားယွီဟန်ရဲ့မဲအရေအတွက်က ထူးထူးဆန်းဆန်း ရုတ်တရက်ကြီး တက်လာတာလေ။ မင်းတို့ ဘယ်လိုထင်လဲ"
"ဟွားယွီဟန်က မဲဝယ်နေတာလား"
"အမလေး… ဒီက ဆန်းစစ်သူကိုကြည့်စမ်းပါ။ ဟွားယွီဟန်က ထိပ်ဆုံးနေရာရဖို့ မဲဝယ်ခဲ့ပေမဲ့ တစ်စုံတစ်ယောက်က စိတ်ဆိုးသွားတယ်လေ"
"ဘယ်သူများလဲ။ လုရီယောင်လား။ သူ့အဖေက အရက်သမား..လောင်းကစားသမား..သူကိုယ်တိုင်ကလည်း လူသစ်တစ်ယောက်ပဲ မဟုတ်လား။ ပြီးတော့ ဘယ်အေဂျင်စီနဲ့မှလည်း စာချုပ်မချုပ်ထားရသေးဘူး။ ဒီပြိုင်ပွဲမစခင်တုန်းကဆိုရင် ပရိသတ်တစ်ယောက်တောင် မရှိတဲ့လူလေ။ သူ့အတွက် မဲဝယ်ပေးမဲ့လူက ဘယ်လိုလုပ်ရှိမှာလဲ"
"သူ့မှာလည်း ချမ်းသာတဲ့ နောက်ခံအသိုင်းအဝိုင်းမျိုးရှိနေတာများလား"
"သာမန်ဖျော်ဖြေပွဲတစ်ခုအတွက်နဲ့ ဘီလီယံပေါင်းများစွာ အကုန်အကျခံတယ်ဆိုတော့ ဒီအတိုင်းချမ်းသာတာမဟုတ်တော့ဘူး။ ဓနသဟာယနတ်ဘုရားပဲ"
"ဟားဟား.. စောင့်ကြည့်ကြတာပေါ့။ ဟွားမိသားစုကတော့ ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး။ မကြာခင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်လာတော့မယ်ဟေ့"
...
"အစ်ကို! ဒါက ဘယ်လိုဖြစ်ရတာလဲ။ ကျွန်မရဲ့မဲအရေအတွက်က နောက်ဆုံးနေရာရောက်သွားပြီ"
ဟွားယွီဟန်ခမျာ သူ(မ)၏မဲအရေအတွက်က နောက်ဆုံးနေရာသို့ ရောက်နေသည်ကို မြင်ရသောအခါ အလွန်ဒေါသထွက်သွားပြီး အနားရှိ ပစ္စည်းတချို့ကို ဖျက်ဆီးပြီးနောက် သူ(မ)၏အစ်ကိုဟွားယဲ့ကို ပြောပြလိုက်၏။
"စိတ်မပူနဲ့။ ဟွားမိသားစုအနေနဲ့ ငါတို့က ဒီထက်ပိုစွမ်းတဲ့လူတွေကိုတောင် ရင်ဆိုင်ခဲ့ဖူးတယ်"
ဟွားယဲ့က အေးတိအေးစက်ရယ်မောကာ ပြောလိုက်သည်။
ဟွားမိသားစုက ခပ်လျိုလျိုနေတတ်သော်လည်း စော်ကားမှုကိုတော့ သည်းခံနေမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဟွားမိသားစုက ဂုဏ်သိက္ခာကို အလွန်အလေးထားသည်။ ဟွားယဲ့က ဟွားယွီဟန်ကို သူ့ဆက်ခံသူအဖြစ် ကြေညာထားသည့်ကြားက တစ်စုံတစ်ယောက်က သူ(မ)ကို ပစ်မှတ်ထားရဲသည်။ ဤသည်မှာ ဟွားမိသားစုကို စိန်ခေါ်နေခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။
"ဒီကိစ္စကို ငါ့တာဝန်ထားလိုက်"
ဟွားယဲ့က မကျေနပ်ဟန်ဖြင့် ပြောလိုက်သော်ငြား ထို့နောက်မှာတော့ သရော်ပြုံးပြုံးလိုက်လေသည်။
"ယွီဟန်ကို နောက်ဆုံးနေရာရောက်အောင် တွန်းပို့ချင်တာလား။ ဒါဆို မင်း သုံးဆလောက် ပြန်ပေးဆပ်ရလိမ့်မယ်။ မင်းမှာ ငါတို့ဟွားမိသားစုကို ဆန့်ကျင်ဖို့အတွက် ငွေဘယ်လောက်ရှိလဲဆိုတာ ကြည့်ချင်သေးတယ်"
"ယွီဟန်အတွက် မဲနှစ်သန်းထပ်ဝယ်လိုက်"
ဟွားယဲ့က ဆယ်ဘီလီယံကျော်သော ပိုင်ဆိုင်မှုများကို လွယ်လင့်တကူ ထုတ်သုံးနိုင်သည်။ မဲအရေအတွက်နှစ်သန်းကျော်ဆိုသည်မှာ ယွမ်ဆယ်ဘီလီယံပင် မပြည့်ပေ။ တစ်ဖက်လူကသာ ဆက်ယှဉ်ပြိုင်ချင်ပါက ဤတန်ဖိုးထက် သုံးဆပိုပေးရမည်ဖြစ်၏။
အားလုံးခန့်မှန်းထားသည့်အတိုင်း မနက်ခင်းရောက်သောအခါ ဟွားယွီဟန်၏မဲအရေအတွက်များက ရုတ်တရက်တိုးလာပြန်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူ(မ)၏မဲအရေအတွက်က ၂သန်းကျော်သွားခဲ့ပြီး ၂.၅၀သန်း၊ ၃ သန်းအထိ မြင့်တက်သွားပြီးနောက် နောက်ဆုံးမှာတော့ ၄သန်းနီးပါးတွင် ရပ်တန့်သွားခဲ့သည်။ သူ(မ)၏အဆင့်သတ်မှတ်ချက်ကလည်း ပထမနေရာသို့ ပြန်ရောက်လာခဲ့သည်။
"စပြီ..စပြီ"
ဒရမ်မာကို မကြောက်တတ်သော လူများက အဆင့်သတ်မှတ်ချက်ဇယားကို အမြဲမပြတ်စောင့်ကြည့်နေကြသည်။ ရုတ်တရက်ဆိုသလိုပင် ဤ"အနာဂတ်၏ရောင်နီဦး"အစီအစဉ်က တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်သည်။ ဤကဲ့သို့သောဖြစ်ရပ်မျိုးကား ရှားပါးလှသည်။
"ဟားဟားဟား..ငါ ဆရာဝမ်ဖေးရဲ့ဝေးပေါ်ကို သွားကြည့်ပြီးပြီ။ သူ သီချင်းအသစ်တစ်ပုဒ် ထပ်ထွက်တော့မှာတဲ့"
"ဟားဟားဟား အံ့သြစရာပဲ။ ဆရာဝမ်ဖေး သီချင်းအသစ်ထွက်တိုင်း ကမ္ဘာကြီးမှာ အကြီးစားဖြစ်ရပ်တစ်ခုတော့ ပေါ်တာပဲဟေ့"
"ဒီဒိတ်ဒိတ်ကြဲသူဌေးကြီးက လူတိုင်းအတွက် မဲထပ်ဝယ်ပေးဦးမယ်လို့ ထင်လား"
"ကျစ် ကျစ် ကျစ်..လူတစ်ယောက်ကို မဲနှစ်သန်းကျော်ဆိုရင် အနည်းဆုံးတော့ ငါးဘီလီယံလောက်ကုန်မှာပဲ"
"ဒီလူ ရူးများရူးသွားပြီလား။ တခြားလူတွေဆိုရင် လူတစ်ယောက်တည်းအတွက်ပဲ မဲဝယ်မှာ။ သူကတော့ ၅၉ယောက်စာအတွက် ဝယ်ရတော့မယ်။ ငွေအများကြီးရှိရင်တောင် မလုပ်နိုင်လောက်ဘူး"
"ဟားဟား ငွေလေးဘီလီယံနည်းနည်းလောက်က ဘာမှမပြောပလောက်ဘူး"
ကျန်းမုန့်လောင်က မဲအဆင့်သတ်မှတ်ချက်များကိုကြည့်ရင်း စိတ်ခံစားချက်ကင်းမဲ့ဟန်ဖြင့် ပြောလိုက်သည်။
"ဟုန်းရီ ငါ့ကိုနောက်ထပ်လာမမေးနဲ့တော့။ ဟွားယွီဟန်ရဲ့မဲအရေအတွက် တက်လာတာနဲ့ ကျန်တဲ့လူတွေအတွက် မဲဝယ်ပြီး လက်ရှိအဆင့်အတိုင်း ထိန်းထားလိုက်"
"ဟုတ်ကဲ့ မစ္စတာကျန်း"
"စကားမစပ်.. ဒီဟွားမိသားစုက ဘယ်သူတွေလဲ"
ကျန်းမုန့်လောင်က ဆက်မေးလိုက်၏။
"သူတို့က ဟွာရှားနိုင်ငံမှာ ဓနအင်အားကြီးမားတဲ့ မိသားစုကြီးတစ်ခုပါ။ ပိုင်ဆိုင်မှုတွေက ဟွာရှားယွမ်ငွေ ၅၀ထရီလီယံရှိပါတယ်။ မိသားစုဝင်တော်တော်များများကလည်း လုံရှားအဖွဲ့အစည်းထဲက အဆင့်မြင့်အရာရှိတွေပါ။ 'နဂါးဘုရင်'ကို မှတ်မိသေးလား"
"အိုး..ငါတို့လယ်ကွင်းထဲမှာ မိုးအတုလုပ်ပေးနေရတဲ့လူလား"
"ဟုတ်ပါတယ်။ သူကလည်း ဟွားမိသားစုကပါပဲ။ ဒါပေမဲ့ ကျွန်မပြောခဲ့သလိုပဲ။ သူတို့က မစ္စတာကျန်းရဲ့အဖေကို စော်ကားခဲ့မိတယ်လေ။ အရင်တုန်းကတော့ သူတို့က အရမ်းဂုဏ်ယူဝင့်ကြွားပြီး တက်တက်ကြွကြွရှိခဲ့ပေမဲ့ မစ္စတာကျန်းရဲ့အဖေက နည်းနည်းလောက်သတိပေးလိုက်တော့ သိသိသာသာငြိမ်ကျသွားခဲ့တယ်"
"အာ..ဒါဆိုရင် ကံမကောင်းရှာတဲ့ ဒီမိသားစုပါလား"
ကျန်းမုန့်လောင် ရယ်မောလိုက်သည်။
"ကောင်းပြီ။ ငါသိပြီ။ အဲဒီကိစ္စကို သွားဖြေရှင်းလိုက်"
...
မနက်ဆယ်နာရီ အင်တာနက်အသုံးပြုသူအားလုံး စောင့်ရလွန်း၍ ငိုက်လာသည့်အချိန်မှာပင် မဲအဆင့်သတ်မှတ်ချက်များက ထပ်မံလှုပ်ရှားလာခဲ့သည်။
"စပြီဟေ့။ စပြီ"
"အကုန်လုံးရဲ့မဲအရေအတွက်တွေ တက်လာပြီ။ ဟွားယွီဟန်တစ်ယောက်တည်း မတက်တာ"
"လုရီယောင် ပထမနေရာကို ပြန်ရောက်သွားပြီ။ မဲအရေအတွက်က ငါးသန်းရှိသွားပြီ"
"ဟွားယွီဟန် တတိယနေရာကို ကျသွားပြီ"
"အဆင့်ငါးကိုရောက်သွားပြီ"
"အဆင့်တစ်ဆယ်ကိုရောက်သွားပြီ"
...
နှစ်နာရီအကြာတွင် ဟွားယွီဟန်၏အဆင့်သတ်မှတ်ချက်က နောက်ဆုံးနေရာသို့ ထပ်ရောက်သွားခဲ့သည်။
"ကြောက်စရာကောင်းလိုက်တာ။ အရမ်းကြောက်ဖို့ကောင်းတာပဲ။ နှစ်ကြိမ်တိတိမဲပေးထားတာနဲ့ဆိုရင် စုစုပေါင်း ဆယ်ဘီလီယံနီးပါးတော့ကုန်မှာပဲ"
"ဒီလူက ဘယ်သူလဲဟ။ ဆယ်ဘီလီယံတဲ့! အဲဒီပိုက်ဆံနဲ့ ကိုယ်ပိုင်လေယာဉ်တို့ ရွက်လှေတို့ ဥယျာဉ်ပါတဲ့ ဗီလာကြီးတစ်လုံးလောက် ဝယ်လို့မရဘူးလား"
"လူချမ်းသာတွေရဲ့ကမ္ဘာကို တကယ်နားမလည်နိုင်ဘူး"
"ဂုဏ်သိက္ခာအတွက် ငွေဘယ်လောက်ကုန်ကုန် အကုန်ခံမှာပဲ"
...
"မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"
ဟွားယဲ့က သူ့လက်ကို တခမ်းတနားဝေ့ယမ်းလိုက်၏။
"ယွီဟန်ကို အခုချက်ချင်း မဲဆယ်သန်းပေးလိုက်"
"ဟွားယွီဟန်ရဲ့မဲအရေအတွက် ထပ်တက်လာပြီ။ ဒီတစ်ခါတော့ မဲဆယ်သန်းဖြစ်သွားပြီ။ နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က သူမကို မဲခြောက်သန်းကျော် ဝယ်ပေးလိုက်တာပဲ"
"အမေရေ.. စနေပြန်ပြီ! ဘော့စ်က မဲတွေထပ်ပေးနေပြီ။ ရေဆုံးမြေဆုံးအထိ လိုက်နေပြီဟေ့။ လူ၅၉ယောက်စာအတွက် တစ်ယောက်ကို မဲခြောက်သန်းစီဆိုရင် ဟွာရှားယွမ်ငွေ နှစ်ဆယ်ဘီလီယံနီးပါးရှိမယ်ထင်တယ်"
"ဝူးဝူးဝူး ငါငိုနေပါပြီ"
မဲဆယ်သန်းဆိုသည်မှာ ပုံမှန်ဆိုလျှင် အစီအစဉ်၏ နောက်ဆုံးဖျော်ဖြေပွဲမှသာ ပေါ်လာလေ့ရှိ၏။ ဤသည်မှာ ပထမဆုံးဖျော်ဖြေပွဲသာ ရှိသေးသော်လည်း လေထုထဲတွင် တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။
ပွဲကြည့်နေသူများလည်း အံ့အားသင့်သွားကြသည်။ ဤသည်မှာ ခေါင်းမာရုံမျှသာ မဟုတ်တော့ပေ။ နတ်ဘုရားများ၏စစ်ပွဲပင်တည်း။
****************