← Chapters

နတ်ဘုရားတစ်ပါးတည်းနဲ့ ဘယ်လိုလုပ်လောက်မှာလဲ

Vol. 30 Ch. 440

နတ်ဘုရားတစ်ပါးတည်းနဲ့ ဘယ်လိုလုပ်လောက်မှာလဲ

Vol. 30 Ch. 440

"ဒါကတော့ အဓိပ္ပာယ်မရှိတော့ဘူး"

ဟွားယဲ့က သူ့ရှေ့မှာရှိသော စကျင်ကျောက်စားပွဲကို လက်ဝါးနှင့်ရိုက်ချပြီး ဖျက်ဆီးပစ်လိုက်သည်။

အပြင်လူအားလုံးက ဟွားယဲ့ကို ထူးခြားသောနောက်ခံအင်အားကို ပိုင်ဆိုင်ထားသည့် သာမန်လူတစ်ယောက်ဟုသာ ထင်ထားကြသော်လည်း တကယ်တမ်းတွင် သူသည်လည်း ခွန်အားအတန်အသင့်ရှိသော စိတ်စွမ်းအားရှင်တစ်ဦးဖြစ်၏။

ဟွားယဲ့အတွက် တစ်ဆယ်ဘီလီယံဟူသည်မှာ များပြားလှသော ငွေပမာဏတစ်ခုမဟုတ်သော်ငြား နည်းလှသည်ဟုလည်း မဆိုနိုင်ပေ။ ဟွားယွီဟန်ကို ချန်ပီယံဆုရရှိရန်အတွက် ကူညီပေးရာတွင် သန်းဂဏန်းမျှဖြင့် လုံလောက်မည်ဟု သူယုံကြည်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားပါဘဲ ကျန်းမုန့်လောင်ဟူသော လူတစ်ယောက် ထွက်ပေါ်လာပြီး သူ့ကို ထိပ်တိုက်ရင်ဆိုင်လာခဲ့သည်။

"ဒီကျန်းမုန့်လောင်ရဲ့ နောက်ခံရာဇဝင်ကို တစ်ယောက်ယောက် စုံစမ်းပြီးပြီလား"

ဟွားယဲ့က မေးလိုက်လေသည်။ အစကတော့ ဤလူက မည်သူမည်ဝါဖြစ်ကြောင်း သူတို့ မဖော်ထုတ်နိုင်ခဲ့ပေ။ ယခုမူ ကျန်းမုန့်လောင်ဖြစ်ကြောင်း သိလိုက်ရသည့်တိုင် သူ့အချက်အလက်များကို ရှာမတွေ့သေးခြင်းမှာ အဓိပ္ပာယ်မရှိပေ။

"ကျန်းမုန့်လောင်ရဲ့ သတင်းအချက်အလက်တွေက တော်တော်ရှုပ်ထွေးပါတယ်"

ဟွားယဲ့၏နံဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပြောလိုက်သည်။

"မနှစ်တုန်းက စက်တင်ဘာလမတိုင်ခင်အထိ ကျန်းမုန့်လောင်က သာမန်လူတစ်ယောက်ပါပဲ။ မိသားစုနဲ့ ပညာရေးကလည်း ပျမ်းမျှအဆင့်ပဲရှိပါတယ်။ ဒါပေမဲ့ အောက်တိုဘာလနောက်ပိုင်းမှာတော့ လုံးဝပြောင်းလဲသွားပါတယ်"

"သူ့မိဘတွေကရော"

"ကျွန်တော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေအရတော့ ကျန်းမုန့်လောင်ရဲ့ မိဘနှစ်ပါးစလုံးက ဝန်ထမ်းအဆင့်အတန်းက ဆင်းသက်လာတာပါ"

"ဝန်ထမ်းတဲ့လား။ ဟာသပဲ။ ငါဆိုတဲ့ ဟွားယဲ့က အလုပ်သမားလူတန်းစားတစ်ယောက်ရဲ့ ငွေကြေးအင်အားအောက်မှာ ဖိနှိပ်ခံရမှာတဲ့လား"

ဟွားယဲ့ အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။ အလုပ်သမားလူတန်းစားနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာများ နားလည်မှုလွဲနေလေသလား။

"ဒါပေမဲ့ အောက်တိုဘာလနောက်ပိုင်းမှာ ကျန်းမုန့်လောင်ရဲ့မိဘတွေနဲ့ပတ်သက်ပြီး ဘာအချက်အလက်ကိုမှ မတွေ့ရတော့ပါဘူး။ ဆွေမျိုးတွေကိုလည်း မတွေ့ရတော့ဘူး။ မသိရင် ဒီကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းပဲ ကျန်ခဲ့တော့သလိုပဲ"

"အဲဒါက ဖြစ်နိုင်လို့လား"

ဟွားယဲ့ မျက်လုံးပြူးသွားရသည်။

"သူ့မိသားစုနောက်ခံဆိုတာ အပြင်ပန်းသက်သက်ပဲဖြစ်မယ်။ လုံရှားအဖွဲ့အစည်းရဲ့ ထောက်လှမ်းရေးကွန်ယက်ကိုတောင် ရှောင်တိမ်းနိုင်တယ်ဆိုတော့..."

"သူတို့ရဲ့ပိုင်ဆိုင်မှုတွေကရော"

ဟွားယဲ့ ဆက်မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ ကျန်းမုန့်လောင်က စတော့ရှယ်ယာရှင် ဒါမှမဟုတ် တရားဝင်ကိုယ်စားလှယ်အနေနဲ့ ပါဝင်ထားတဲ့ လုပ်ငန်းအားလုံးရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ သုံးထရီလီယံကျော်ရှိပါတယ်"

"သုံးထရီလီယံလား"

ဟွားယဲ့၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်လှုပ်သွားချေသည်။ သူတို့ဟွားမိသားစုတစ်ခုလုံး၏ စုစုပေါင်းပိုင်ဆိုင်မှုကပင် ထိုပမာဏကို မကျော်နိုင်ပေ။

"ဒါက ခန့်မှန်းခြေပဲ ရှိပါသေးတယ်"

သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက ဆက်ပြောလေသည်။

"ဒီပိုင်ဆိုင်မှုတွေထဲမှာမှ မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတန်ဖိုးက နှစ်ထရီလီယံကျော်ရှိပါတယ်။ ကျန်တဲ့ဒေါ်လာတစ်ထရီလီယံနီးပါးထဲမှာမှ ချင်းချိုးနိုင်ငံဘဏ်အကောင့်တွေထဲမှာရှိတဲ့ ငွေပမာဏကတောင် ဒီပမာဏကို ကျော်လွန်နေပါပြီ။ ဒါက သူ့စည်းစိမ်တွေရဲ့အစွန်အဖျားလောက်ပဲ ရှိဦးမယ်လို့ မှန်းဆထားပါတယ်"

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ချမ်းသာနေရတာလဲ။ သူ့မိသားစုက ငွေ​စက္ကူတွေထုတ်နေတာလား"

ကျန်းမုန့်လောင်နှင့် ငွေကြေးအင်အားချင်း ယှဉ်ပြိုင်ရခြင်းမှာ ကျောက်ခဲကို ကြက်ဥနှင့် ပေါက်နေရသလိုဖြစ်ကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။

ကျန်းမုန့်လောင်က ဒေါ်လာဘီလီယံပေါင်းများစွာကိုပင် မျက်တောင်တစ်ချက်မခတ်ဘဲ အသာလေးထုတ်ပေးနိုင်သည်။ သို့သော် ဟွားယဲ့မှာမူ ဟွားမိသားစု၏ ဆက်ခံသူအဖြစ် အတိအလင်းမကြေညာရသေးပေ။ အကယ်၍ ဆက်ခံသူဖြစ်ခဲ့လျှင်ပင် သူတို့မိသားစု၏ ငွေသားပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကို မကျော်နိုင်ချေ။

လက်ရှိအချိန်တွင် ဟွားယဲ့အတွက်တော့ ဒေါ်လာဘီလီယံနည်းနည်းလောက် သုံးလိုက်လျှင်ပင် မိသားစုထဲ၌ ပြဿနာတက်နိုင်သည်။

သူ့အနေနှင့် ကျန်းမုန့်လောင်ကို ယှဉ်ပြိုင်ဖို့အတွက် ဒေါ်လာ၅ဘီလီယံကိုထုတ်မည်ဆိုလျှင်ပင် ကျန်းမုန့်လောင်က အမေရိကရှိ အလုပ်သမားများကို ထောက်ပံ့ပေးရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာကို အလွယ်တကူထုတ်ပေးနိုင်ခဲ့သည့်အဖြစ်ကို ဆင်ခြင်တွေးဆကြည့်ပါက ဟွားယွီဟန်ကို ဖိနှိပ်ရန်အတွက် ဒေါ်လာ၃၀၀ဘီလီယံကို ထုတ်သုံးလာသည့်တိုင် ထူးဆန်းမည်မဟုတ်ပေ။

"ကျန်းမုန့်လောင်.. တွေ့ကြသေးတာပေါ့"

ဟွားယဲ့ခမျာ ငွေကြေးအင်အားချင်း ယှဉ်ပြိုင်ရာတွင် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။

"သခင်လေး ဆက်လုပ်ဦးမလား"

သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက မေးလိုက်လေသည်။

"ဆက်လုပ်ရဦးမှာလား။ ချီးကို ဆက်လုပ်ပါ့လား။ ဘာကိုရင်းပြီး သူနဲ့ဆက်ပြိုင်ရဦးမှာလဲ။ ငါ့အသက်လား။ ငါတို့မိသားစုတစ်ခုလုံး ပေါင်းရင်တောင် သူ့ကိုမမီဘူး။ ခင်ဗျားက ကျုပ်ကို ဆက်လုပ်စေချင်သေးတာလား"

အခြားနေရာတွင် ဒေါသပုံချ၍မရသောကြောင့် သူ့ဘေးနားရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားကိုသာ ဒေါသတကြီး ဆဲရေးတိုင်းထွာမိတော့သည်။

...

လုရီယောင်၏ နောက်ဆုံးမဲအရေအတွက်မှာ သန်းတစ်ရာတွင် ရပ်တန့်သွားခဲ့ပြီး ဟွားယွီဟန်၏ မဲအရေအတွက်လည်း ထပ်မလှုပ်တော့ပေ။ ထိုအခြေအနေက တစ်ပတ်တိတိ ကြာမြင့်ခဲ့သည်။

ဟွားယဲ့ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း လူတိုင်းသိကြသည်။

"မစ္စတာကျန်းရဲ့ငွေကြောင့် နောက်တစ်ယောက်သေဆုံး"

"အမလေး.. တန်ဖိုးကြီးလိုက်တဲ့လူငယ်လေး.. မစ္စတာကျန်းကိုမှ ဘာလို့ သွားရင်ဆိုင်ရတာလဲ"

"သူ့ကို ဆွဲခေါ်သွားလိုက်တော့။ နောက်တစ်ယောက်!"

"ဒါက မိသားစုစည်းစိမ်တစ်ခုလုံးနဲ့ မစ္စတာကျန်းရဲ့မုန့်ဖိုးကို စိန်ခေါ်မိတဲ့ နောက်ဆက်တွဲဆိုးကျိုးပဲ။ လူကြီးမင်းများနဲ့အမျိုးသမီးများခင်ဗျာ... မှတ်ထားကြနော်"

ဤပွဲကား အင်တာနက်သုံးစွဲသူများ၏ တက်တက်ကြွကြွဆွေးနွေးမှုများကြားမှာပင် တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။

ခုနစ်ရက်မြောက်နေ့မှာပင် ပရိုဂရမ်အဖွဲ့က ပထမအဆင့်ဖျော်ဖြေပွဲ၏ရလဒ်များကို ကြေညာခဲ့သည်။ ကြည့်ရှုသူများလည်း ရလဒ်ကို သိထားပြီးဖြစ်သော်ငြား ထိုတိုက်ရိုက်ထုတ်လွှင့်မှုတွင် လူအမြောက်အများ စုဝေးနေကြဆဲပင်။

"ဖျော်ဖြေမှုရဲ့ပထမဆုရှင် ကျန်းနန်ဂီတတက္ကသိုလ်မှ လုရီယောင်ကို ဂုဏ်ပြုလိုက်ကြရအောင်"

"ဟားဟားဟား.. မစ္စတာကျန်းရဲ့ချစ်သူ ဖြစ်ထိုက်ပါပေတယ်။ အသံက အရမ်းကောင်းတာပဲ"

"ငါကိုယ်တိုင်လည်း ဂီတကျောင်းသားတစ်ယောက်ပါပဲ။ သူ့ရဲ့သီဆိုဟန်ထဲမှာ ဟွာရှားစတိုင်တင်မကဘူး။ အနောက်တိုင်းအော်ပရာနဲ့ ပေါ့ပ်ဂီတရဲ့ အမြင့်သံတွေကိုပါ ခံစားမိတယ်။ အဲဒါတွေကို ပေါင်းစပ်ထားတယ်ဆိုပေမဲ့ ကိုယ်ပိုင်ဟန်လည်းရှိနေပြန်ရော။ အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"

"သူ့ဖျော်ဖြေမှုထဲက အမြင့်ဆုံးအသံက ဆိုပရာနိုအတွက် အမြင့်ဆုံးနုတ်များ ဖြစ်နေမလား"

"ငါတို့ရဲ့ကမ္ဘာ့အမြင့်ဆုံးအသံဝူကျန်းကို ဘယ်နားသွားထားမှာလဲ။ ငါ့အမြင့်သံက ကမ္ဘာပေါ်က တခြားလူတွေအားလုံးထက် ပိုမြင့်တယ်"

"ဟားဟားဟား ဟွားယွီဟန်ရဲ့မျက်နှာကိုလည်း ကြည့်ကြဦး"

"ဒါက နာကျင်နေရုံတင်မကတော့ဘူး။ သေချင်စော်နံနေတဲ့ရုပ်ကွ"

"ဒုတိယနေရာရတာက မကောင်းလို့လား။ ဘာလို့များ မဲအတုတွေထည့်ပြီး အခုလို ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးလိုက်ရတာလဲ"

"ပြောရမယ်ဆိုရင် သူ့ရဲ့ပရော်ဖက်ရှင်နယ်စွမ်းရည်တွေကလည်း တော်တော်ကောင်းပါတယ်။ ဒီမဲတွေအကုန်လုံးကို သူ့အစ်ကိုဟွားယဲ့က ထည့်ပေးထားတာ။ အစ်ကိုက ကိုယ့်ညီမကို ပံ့ပိုးပေးတာ ပုံမှန်ပဲလို့မထင်ဘူးလား"

"ဒါကို ပြန်အဖတ်ဆည်လို့ရော ရသေးလား။ ဘယ်လောက်ကျလဲ။ ငါ့ကိုပါထည့်လိုက်"

...

အစီအစဉ်ရိုက်ကူးရေးက ကျန်နေသေးသောကြောင့် ဟွားယွီဟန်ကတော့ ပြိုင်ပွဲမှထွက်ခွာရန် စိတ်ကူးမရှိပေ။ သူ(မ)အနေနှင့် ညစ်ပတ်သောနည်းလမ်းဖြင့် အနိုင်မရပါက အရည်အချင်းကို ထုတ်ပြမည်ဖြစ်၏။

ဖျော်ဖြေပွဲ၏ ဒုတိယအဆင့်ကို လဝက်အကြာတွင် ကျင်းပမည်ဖြစ်ပြီး ဤလဝက်အတွင်း ပြိုင်ပွဲဝင်တစ်ဝက်ကို ထုတ်ပယ်မည်ဖြစ်ရာ နောက်ထပ်ဖျော်ဖြေပွဲအဆင့်သို့ တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲဝင်အရေအတွက်မှာ အယောက်သုံးဆယ်သာ ကျန်ရှိပေလိမ့်မည်။

ဤဖျော်ဖြေပွဲ၏ စည်းမျဉ်းများက အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်။ လူတိုင်းက တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်ရမည်ဖြစ်ပြီး ဧည့်သည်အဆိုရှင်အဖြစ် မည်သူ့ကိုမဆို ဖိတ်ကြားနိုင်သည်။ သူတို့၏ဖျော်ဖြေမှုကို ပံ့ပိုးပေးရန်အတွက် နာမည်ကြီးပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားနိုင်သည်။

လူတိုင်းသိထားကြသည့် အချက်မှာ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်၏ အစွမ်းမှာ မသေးလှချေ။ အကယ်၍ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များကိုသာ ဖိတ်ကြားနိုင်ပါက သူတို့ယူဆောင်လာပေးသော ပရိသတ်အင်အားက ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသည်မှာ ပြိုင်ပွဲဝင်များ၏ ကိုယ်ပိုင်အဆက်အသွယ်နှင့် နောက်ခံကုမ္ပဏီများ၏ အင်အားက မည်မျှအားကောင်းသလဲဆိုသည့်အပေါ် မူတည်ချေသည်။

"အစ်ကို.. ဒီတစ်ခါတော့ ဘာပြဿနာမှ ပေါ်လို့မဖြစ်ဘူးနော်"

ဟွားယွီဟန်အတွက်တော့ ဤဖျော်ဖြေပွဲက သူ(မ)၏အနေအထားကို ပြန်လည်ရယူနိုင်မည့် အခွင့်အရေးပင်။

"စိတ်မပူပါနဲ့။ ဒီတစ်ခါတော့ နည်းလမ်းတကျလုပ်မှာပါ"

ဟွားယဲ့က ​ပြောလေသည်။

"ကျန်းမုန့်လောင်က ချမ်းသာတယ်ဆိုပေမဲ့ ငွေရှိရုံနဲ့ သူ လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အခုလက်ရှိ ဖျော်ဖြေရေးလောကမှာ ထိပ်တန်းလွှမ်းမိုးမှုရှိတဲ့လူတွေက ဝမ်ကျန့်၊ ရှောင်းရိပေါ်နဲ့ Suspenderတို့ပဲ ရှိတယ်။ သူတို့ရဲ့အေဂျင်စီပိုင်ရှင်တွေထဲက ဘယ်သူကမှ ဟွားမိသားစုကို မထိရဲဘူး။ ပရိုဂရမ်အဖွဲ့ကလည်း ဧည့်သည်တစ်ယောက်တည်းကိုပဲ ဖိတ်ကြားရမယ်လို့ မပြောထားဘူးလေ"

ဟွားယွီဟန်လည်း ချက်ချင်းပင် ပြုံးလိုက်မိသည်။ ဤပုဂ္ဂိုလ်များ၏ ပရိသတ်များကို ပေါင်းလိုက်ပါက ဟွာရှားလူငယ်တစ်ဝက်နီးပါးကို လှုံ့ဆော်နိုင်သည်။ သူတို့၏ပရိသတ်များက အချင်းချင်းမသင့်မြတ်ကြသော်လည်း သူတို့သာ စင်မြင့်တစ်ခုတည်းတွင် ပေါ်လာပါက နှစ်ဖက်စလုံးမှ အားပေးမှုများကို ရရှိမည်ဖြစ်ပြီး နောက်ဆုံးတွင် သူ(မ)လည်း အမြတ်ထွက်နိုင်သည်။

"ဧည့်သည်ကိစ္စကို ငါ စီစဉ်လိုက်မယ်။ ဒါပေမဲ့ မင်းရဲ့ဖျော်ဖြေမှုက ပြီးပြည့်စုံနေရမယ်နော်။ နားလည်လား"

"ဟုတ်ကဲ့"

ဟွားယွီဟန်ခမျာ စိတ်လှုပ်ရှားရလွန်းသဖြင့် တုန်ယင်နေပြီး သူ(မ)၏တစ်ကိုယ်တော်ဖျော်ဖြေမှုကို မျှော်လင့်နေမိသည်။

...

"ကူညီပံ့ပိုးပေးမဲ့ ဧည့်သည်တွေလား"

အခြားတစ်ဖက်တွင်မူ ကျန်းမုန့်လောင်ကလည်း ဤသတင်းကို သိလိုက်ရသည်။

"ရီရီ.. မင်း ဘယ်လိုစီစဉ်မလဲ"

"ငါကတော့ သူများနဲ့မတူတာလေးတစ်ခုလောက် စမ်းကြည့်ချင်တယ်"

လုရီယောင်က ပြောလိုက်သည်။

"ဒါပေမဲ့ ငါက ဖျော်ဖြေရေးလောကမှာ မိတ်ဆွေသိပ်မရှိဘူးလေ။ အဲဒါကြောင့် ဧည့်သည်အဆိုရှင်နဲ့ပတ်သက်ပြီး နင့်အကူအညီကို လိုလိမ့်မယ်ထင်တယ်"

"ဘာအကူအညီလဲ။ မင်း ဘယ်တုန်းက ငါ့ကို ဒီလောက်ယဉ်ကျေးသွားရတာလဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"ဒါပေမဲ့ ငါတို့ ဒါကိုလုပ်ရမယ်ဆိုရင်လည်း အံ့အားသင့်စရာကောင်းအောင် လုပ်ရမယ်။ အဲဒီဟွားယွီဟန်က ကြွားဝါချင်နေတာဆိုတော့ ငါတို့ကလည်း တစ်ချက်တည်းနဲ့ သူ့ကိုရိုက်ချပစ်ရမှာ"

"နင် ငါ့အတွက် ဂီတနတ်ဘုရားတစ်ပါးကို ဖိတ်ပေးမလို့တော့ မဟုတ်ဘူးမလား"

ကျန်းမုန့်လောင်၏လုပ်ပုံကိုင်ပုံအရဆိုလျှင် ထိုသို့ဖြစ်နိုင်ခြေ များလှ၏။

"ဘယ်ဟုတ်ပါ့မလဲ"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်လေသည်။

"ဂီတနတ်ဘုရားတစ်ယောက်တည်းနဲ့ ဘယ်လုံလောက်မှာလဲ"

****************

All Chapters