← Chapters

ဒီအဆောက်အအုံတွေက ကျွန်မတို့အိမ်ပဲလေ

Vol. 30 Ch. 443

ဒီအဆောက်အအုံတွေက ကျွန်မတို့အိမ်ပဲလေ

Vol. 30 Ch. 443

"လုရီယောင် ထွက်လာပြီ!"

မီးခိုးငွေ့များအကြား လုရီယောင်က စင်မြင့်အလယ်၌ ထွက်ပေါ်လာလေသည်။

ယနေ့ သူ(မ)က အရောင်အသွေးတောက်ပစွာ ဝတ်ဆင်ထားသည်။ ကျန်းမုန့်လောင်က သူ(မ)ကို မိတ်ကပ်ပြင်ပေးရန်အတွက် အထူးမိတ်ကပ်ပညာရှင်တစ်ယောက်ကို အထူးတလည်ဖိတ်ကြားထားသည်။ လုရီယောင်က ပင်ကိုရုပ်ရည်ကတင် ဆွဲဆောင်မှုရှိလှသည်ဖြစ်ရာ မိတ်ကပ်၏ပြင်ဆင်ပံ့ပိုးမှုပါ ပေါင်းလိုက်သောအခါ ကမ္ဘာမြေထက်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလားပင်။

"လှလိုက်တဲ့ဝတ်စုံ!"

လုရီယောင်၏ဝတ်စုံက စိန်ပွင့်များဖြင့် ထုဆစ်ထားသည့်အလား ရှုထောင့်မျိုးစုံမှ ရောင်စုံအလင်းတန်းများအကြား တောက်ပနေချေသည်။ ကျောက်မျက်ရတနာပေါင်းများစွာဖြင့် အလှဆင်ထားသောကြောင့် တန်ဖိုးကြီးသော်ငြား ကလက်တက်တက်ဖြစ်မနေချေ။

ဒီဇိုင်နာဆယ့်နှစ်ယောက်နှင့် ကျွမ်းကျင်အပ်ချုပ်ဆရာဆယ်ယောက်ကျော်က ဤဝတ်စုံကို တစ်ပတ်အတွင်း အလောတကြီးပြင်ဆင်ခဲ့ကြသည်။ ဝတ်စုံတွင် စီခြယ်ထားသော စိန်များမှာ စုစုပေါင်းတစ်ထောင်ကာရက်ကျော်ရှိပြီး အသေးဆုံးစိန်ပွင့်များကပင် တစ်ကာရက်ထက် မလျော့ပေ။ စိန်ပွင့်အားလုံးမှာ ညီညီညာညာဖြတ်တောက်ထားပြီး အရောင်အသွေးကလည်း တစ်ပုံစံတည်းပင်။

ဤဝတ်စုံ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းသုံးဆယ်ကျော် ကုန်ကျပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဝတ်စုံပင်။

"သူ့လည်ပင်းမှာဆွဲထားတဲ့ လည်ဆွဲလေးကို ရင်းနှီးနေတယ်လို့ မခံစားမိဘူးလား?"

"အပြာရောင်? နှလုံးသားပုံစံလည်ဆွဲ? သမုဒ္ဒရာရဲ့နှလုံးသားလား?"

"ဒီလည်ဆွဲက သမုဒ္ဒရာအောက်ကြမ်းပြင်ထဲမှာ ပျောက်ဆုံးနေတာ ကြာပြီမဟုတ်လား? ဒါက အတုပဲဖြစ်ရမယ်"

"ဟားဟားဟား... ​လာနောက်နေတာလား? ဒါရိုက်တာကျန်းက အတုတွေကို သုံးစရာလိုလို့လား။ အဲဒါက "သမုဒ္ဒရာရဲ့နှလုံးသား"အစစ်မဟုတ်ရင်တောင် တစ်ပုံစံတည်းဖန်တီးထားတဲ့ ပုံတူလည်ဆွဲတစ်ခုပဲဖြစ်ရမယ်"

"အစစ်ဆိုရင်တော့ ကြောက်စရာကောင်းလောက်မှာ။ ကျွမ်းကျင်သူတွေကတော့ ဒီလည်ဆွဲရဲ့တန်ဖိုးကို အနည်းဆုံး ဒေါ်လာသန်းနဲ့ချီပြီးပေးရမယ်လို့ ခန့်မှန်းထားကြတယ်"

"သူက အိမ်တစ်လုံးစာကို လည်ဆွဲလုပ်ဝတ်ထားတာဟ!"

"အိမ်တစ်လုံးတဲ့လား? ဒေါ်လာတစ်ဘီလီယံကျော်တန်တဲ့ အိမ်တွေကိုများ မင်း မြင်ဖူးလို့လား? ငါတော့ လန့်သေပြီ"

...

လုရီယောင် သီချင်းစဆိုလိုက်သောအခါ လူတိုင်း အံ့အားသင့်သွားရသည်။ သူ(မ)၏အသံက လူတိုင်း၏အာရုံကို သူ(မ)၏သီဆိုမှုဆီသို့ မျောပါလာအောင် ချက်ချင်းဆွဲဆောင်လိုက်လေသည်။

နာမည်ကြီးဆရာပေါင်းများစွာ၏ သင်ကြားမှုကြောင့် လုရီယောင်၏အသံက ဂန္ထဝင်လက်ရာတစ်ခုကဲ့သို့ ပြောင်မြောက်နေပြီး ထိုအချိန်မှာ ထိပ်တန်းကြယ်ပွင့်အားလုံးလည်း သူ(မ)၏နောက်ခံအဆိုတော်မျှသာ ဖြစ်သွားခဲ့သည်။

ပရိတ်သတ်များမှာ လုရီယောင်၏သီဆိုမှုကို ကြားလိုက်ရချိန်ဝယ် အံ့သြမှင်တက်သွားပြီး မဲပေးဖို့တောင် တဒင်္ဂမျှမေ့လျော့သွားကြသည်။ သီချင်းတစ်ဝက်ရောက်မှသာ ခန်းမတစ်ခုလုံးအနှံ့ မိုးကြိုးပစ်လိုက်သကဲ့သို့ လက်ခုပ်သြဘာသံများ ဟိန်းထွက်လာသည်။

"ဒါကမှ အနာဂတ်ရဲ့ ကြယ်ပွင့်အစစ်ပဲ။ သူ့ရဲ့အဆိုစွမ်းရည်က ပြိုင်ဘက်ကင်းတယ်ဟေ့!"

"နုတ်တစ်ခုမှမလွဲသွားဘူး။ ကိုယ်ပိုင်ဟန်ကလည်း ထူးခြားလွန်းတယ်။ တကယ့်ကို မယုံနိုင်စရာပဲ!"

"မဲမပေးသေးဘူးလား? သူသာ ချန်ပီယံမဖြစ်ရင် ညစ်ထားတာ တစ်ခုခုတော့ရှိနေလို့ပဲ"

အစွမ်းထက်လှသော လုရီယောင်၏သီဆိုမှုနှင့် ဧည့်သည်အဆိုရှင်များ၏ ထူးချွန်လှသောဖျော်ဖြေမှုတို့နှင့်အတူ လုရီယောင်၏ဖျော်ဖြေမှုကား အဆုံးသတ်သွားခဲ့သည်။

ဟွားယွီဟန်၏ဖျော်ဖြေမှုတွင် နာမည်ကြီးကြယ်ပွင့်သုံးယောက်က ပါဝင်ကူညီထားသော်လည်း ထိုသုံးယောက်စလုံးက အလွန်တောက်ပလွန်းလှသည်။ ဤပူးပေါင်းဖျော်ဖြေမှုတွင် သူတို့က ဟွားယွီဟန်ကို အားဖြည့်သီဆိုပေးနေသည်နှင့်မတူဘဲ ပူးပေါင်းဖျော်ဖြေရန် ရောက်လာသည့်အလားပင်။

သို့သော် လုရီယောင်၏ ဖျော်ဖြေမှုတွင်မူ လူတိုင်းက သူ(မ)၏ အထောက်အပံ့များ ဖြစ်လာသည်။ အတောက်ပဆုံးကြယ်ပွင့်များပင် အများဆုံးထောက်ပံ့မှုကို ပေးနိုင်ရုံမျှသာရှိ၏။ မည်သူကမှ လုရီယောင်၏တောက်ပမှုကို မမှေးမှိန်စေနိုင်ခဲ့ဘဲ အားလုံးက အကောင်းဆုံးနောက်ခံအဆိုရှင်ဖြစ်ရန်သာ ကြိုးစားနေကြသည်။

ထို့ပြင် ပါဝင်အားဖြည့်ပေးကြသူများမှာ တစ်ယောက်နှစ်ယောက်မျှသာမဟုတ်။ ဆယ်ယော​က်ကျော်ရှိ၏။ တစ်ယောက်ချင်းစီတွင် ပရိသတ်အရေအတွက် အနည်းဆုံး သိန်းဂဏန်း သို့မဟုတ် သန်းဂဏန်းအထိ ရှိကြသည်။

ဤကဲ့သို့ ဩဇာအာဏာရှိသူများကို ဇာတ်ပို့နေရာတွင် ပါဝင်လာအောင် ဆွဲဆောင်နိုင်ခြင်းမှာ ဖြေရှင်းချက်တစ်ခုသာ ရှိသည်။ ငွေကသာ အရာရာပင်။

ဒင်! ၉၈၂၂နဲ့အဆုံးသတ်တဲ့ သင့်အကောင့်ထဲကို အမေရိကန်ဒေါ်လာသန်းတစ်ရာ ရောက်ရှိလာပါတယ်!

ဒင်! ၃၈၄၂နဲ့အဆုံးသတ်တဲ့ သင့်အကောင့်ထဲကို အမေရိကန်ဒေါ်လာသန်းတစ်ရာ ရောက်ရှိလာပါတယ်!

...

ဖျော်ဖြေမှုအပြီးတွင် အားလုံးနီးပါး သူတို့၏ဘဏ်အကောင့်ထံမှ အကြောင်းကြားစာများကို တစ်ပြိုင်တည်း လက်ခံရရှိခဲ့ကြသည်။

သူတို့၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ငွေသာရှိလျှင် နတ်ဆိုးကိုပင် ဦးညွှတ်စေနိုင်သည်။ ယမမင်းကိုဆိုပါက ပြောနေစရာပင် မလိုပေ။ စင်မြင့်ပေါ်တွင် တစ်ခါဖျော်ဖြေပေးရုံဖြင့် ဒေါ်လာသန်းတစ်ရာရခြင်းမှာ ဘယ်မှာမှမရနိုင်သောပမာဏပင်။

ပရိတ်သတ်များအားလုံး သတိပြန်ဝင်လာချိန်တွင် လုရီယောင်၏မဲအရေအတွက်က ဒုံးပျံအလား မြင့်တက်လာသည်။ နှစ်မိနစ်အတွင်းမှာပင် ဟွားယွီဟန်၏မဲအရေအတွက်ထက် နှစ်ဆကျော်တက်သွားပြီး ဘယ်သူမှယှဉ်မရတော့ပေ။

"ငါနဲ့လာပြိုင်တယ်ပေါ့လေ"

ကျန်းမုန့်လောင်က သူ့စံအိမ်တော်ထဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည်။

"ငါ့အဆင့်ကို မင်း မမီသေးပါဘူးကွာ။ နိုင်ငံတော်အသင်းက လူသစ်လေးတွေနဲ့ ကစားနေရသလိုပဲ"

သူတို့နှစ်ယောက်၏ ဖျော်ဖြေမှုအပြီးတွင် စိတ်လှုပ်ရှားစရာများလည်း မရှိတော့ပေ။ ရလဒ်ကိုပင် ကြိုတင်ခန့်မှန်းနိုင်သည်။ လုရီယောင်က ပထမနေရာရထားပြီး ဟွားယွီဟန်ကတော့ ဒုတိယနေရာပင်။ သို့သော် သူတို့၏မဲအရေအတွက်ကွာခြားမှုမှာ ငါးဆနီးပါးရှိပြီး ကျော်ကြားမှုကလည်း မိုးနှင့်မြေလို ကွာခြားလှသည်။

...

ဖျော်ဖြေမှုအပြီးတွင် စင်မြင့်ပေါ်၌ ပြိုင်ပွဲဝင်အယောက်သုံးဆယ်သာ ကျန်ရှိတော့သည်။ နောက်နှစ်ပတ်အတွင်း ပြိုင်ပွဲဝင်အားလုံးမှာ ဤစင်မြင့်ပေါ်မှာပင် နောက်ထပ်အကဲဖြတ်ခံရမည်ဖြစ်ပြီး အဆုံးတွင် ပြိုင်ပွဲဝင်ဆယ့်ငါးယောက်ထဲမှ နောက်ဆုံးကိုးယောက်ကသာ ပွဲဦးထွက်နိုင်ပေလိမ့်မည်။

သို့သော် ထိုသို့သောပြိုင်ပွဲမျိုးတွင် ယမ်းနံ့များသာ အမြဲပြည့်နှက်နေမည်မဟုတ်ပေ။ ရံဖန်ရံခါတွင် ရိုက်ကူးရေးအဖွဲ့ဘက်က စီစဉ်ထားသော ဖျော်ဖြေရေးအစီအစဉ်တချို့လည်း ပါဝင်လာမည်ဖြစ်၏။ ဤကဏ္ဍများမှာ ဤအစီအစဉ် နာမည်ကြီးနေရသည့် အကြောင်းအရင်းများပင်။

ဤအပိုင်းအတွက် ရိုက်ကူးရေးအဖွဲ့က ပြိုင်ပွဲဝင်အားလုံးကို နားရက်နှစ်ရက်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ၏ဘဝကို မှတ်တမ်းတင်ရန် တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးပေမည်။ နောက်မှသာ ပြီးပြည့်စုံအောင် ပြန်လည်တည်းဖြတ်မည်သာ။

ရိုက်ကူး​ရေးအဖွဲ့က ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ၏အိမ်သို့ သွားရောက်ပြီး သူတို့၏နေ့စဉ်ဘဝကို ကြည့်ရှုရမည်ဖြစ်၏။ ယခင်အပိုင်းများနှင့် နှိုင်းယှဉ်ပါက ဤအချက်မှာ လက်ရှိအပိုင်း၏ အကြီးမားဆုံးထူးခြားချက်ပင်။

လက်ရှိတွင် လူကြိုက်များရေပန်းစားနေပြီး ဖျော်ဖြေမှုတွင်လည်း ပထမနေရာရရှိထားသူဖြစ်သည့် လုရီယောင်က အာရုံစိုက်မှုအများဆုံး ရရှိထားသည်မှာ သဘာဝကျသည်။ ပိုအရေးကြီးသည့်အချက်မှာ သူ(မ)တွင် နောက်ထပ်သရုပ်မှန်တစ်ခုရှိသေးသည်။ ကျန်းမုန့်လောင်၏ချစ်သူဟူသော ဂုဏ်ပုဒ်ပင်။

ကြည့်ရှုသူများအတွက်တော့ ဤသည်မှာ လုရီယောင်တစ်ယောက်တည်းကိုသာမက ကျန်းမုန့်လောင်အကြောင်းကိုပါ ပိုမိုနက်ရှိုင်းစွာနားလည်နိုင်မည့် အခွင့်အရေးပင်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ချစ်သူက နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းသလဲဆိုတာကို မြင်တွေ့နိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ နေ့စဉ်ဘဝကိုလည်း ထင်ဟပ်စေနိုင်မည့် အခွင့်အရေးတစ်ခုပင်။

မနက်စောစောတွင် ရိုက်ကူးရေးအဖွဲ့က သတ်မှတ်ထားသောနေရာသို့ ရောက်ရှိလာခဲ့သည်။ ကြည့်ရှုသူများအားလုံးကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေကြပြီး ကြည့်ရှုသူအရေအတွက်မှာ သန်းလေးဆယ်ကျော်အထိ ရှိနေသောကြောင့် ထိုမျှများပြားလှသော ပမာဏကြီးကို လက်ခံနိုင်ရန် တိုက်ရိုက်ထုတ်လွှင့်ခန်းများ ထပ်မံဖွင့်လှစ်ပေးရန်ပင် ဖိအားပေးခံနေရသည်။

ဤမျှများပြားသော တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူအရေအတွက်မျိုးကို ယခင်က League of Legendsချန်ပီယံပြိုင်ပွဲများတွင်သာ တွေ့မြင်ခဲ့ရဖူးသည်။

"သူထွက်လာပြီ! သူထွက်လာပြီ!"

တုန်ယင်နေသော ကင်မရာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် မြင့်သွန်းလှသော အဆောက်အဦများ ပေါ်လာသည်။ အရှေ့တူရူတွင် လုရီယောင်က ရိုက်ကူးရေးအဖွဲ့ကို လက်ယမ်းပြ​နေပြီး ကျန်းမုန့်လောင်ကလည်း သူ(မ)၏ဘေးတွင် ပြုံးတုံ့တုံ့ဖြင့် ရပ်​နေချေသည်။

"မစ္စတာကျန်း! တကယ့်လူအစစ်ပါလား!"

"သူက ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေထဲကထက်တောင် ပိုချောသေးတယ်!"

"ကျွန်မ ရှင့်ကို လေးစားသမှုနဲ့ 'ယောကျ်ား'လို့ ​ခေါ်ပါရစေ"

...

"ဖွီး... ကမ္ဘာ့အချမ်းသာဆုံးလူက စံအိမ်တော်ကြီးထဲမှာ မဟုတ်ရင်တောင် ဇိမ်ခံဗီလာတစ်လုံးမှာနေလိမ့်မယ်လို့ ထင်ထားတာ"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဆူပွက်သွားလေသည်။

"ကြည့်ရတာတော့ ကျန်းနန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်က တော်တော်ကျပ်တယ်ထင်ပါရဲ့။ မစ္စတာကျန်းလို လူချမ်းသာတစ်ယောက်ကတောင် ဇိမ်ခံဗီလာတစ်လုံးမဝယ်နိုင်ဘူးပဲ"

"ငတုံး..မစ္စတာကျန်းက ဇိမ်ခံဗီလာတွေမှာနေရတာကို ပျင်းလာလို့ သာမန်လူတွေလို နေကြည့်ချင်တာပဲဖြစ်ရမယ်!"

"ဟုတ်တယ်။ 'အနာဂတ်ရဲ့ရောင်နီဦး'ပရိုဂရမ်အဖွဲ့ သုံးနေတဲ့ အိမ်ကြီးက မစ္စတာကျန်း အခမဲ့ထောက်ပံ့ပေးထားတယ်ဆိုတာရော သိလား? သူက ဇိမ်ခံဗီလာမဝယ်နိုင်ဘူးများထင်နေလား။ သူ့ဇိမ်ခံဗီလာတွေကဖြင့် မှိုလိုပေါက်နေလောက်မှာ"

"ဆက်ပြီးမနာလိုနေလိုက်!"

...

"မင်္ဂလာနံနက်ခင်းပါ!"

လုရီယောင်က ရိုက်ကူးရေးအဖွဲ့ကို နွေးထွေးစွာကြိုဆိုလိုက်သည်။

"မိန်းကလေးလု..မင်းရဲ့တစ်နေ့တာကို မှတ်တမ်းတင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အိမ်ထဲကို ဝင်လာလို့ရမလား"

"ရတာပေါ့!"

လုရီယောင်နှင့် ကျန်းမုန့်လောင်တို့က သူတို့အတွက် ဘေးကပ်၍ လမ်းဖယ်ပေးလိုက်သည်။

"မိန်းကလေးလု.. ဒါက မြို့လယ်ခေါင်က တိုက်ခန်းဆိုတော့ ဈေးပေါမှာတော့မဟုတ်ဘူးနော်"

အစီအစဉ်တင်ဆက်သူက လမ်းလျှောက်ရင်း စကားစမြည်ပြောလိုက်သည်။

လုရီယောင်က ကျန်းမုန့်လောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ(မ)အနေနှင့် ဤအကြောင်းကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးပေ။

"အဆင်ပြေပါတယ်။ လက်ရှိဈေးကတော့ တစ်စတုရန်းမီတာကို အမေရိကန်ဒေါ်လာ၁၂၀၀၀၀ပါပဲ"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြောလိုက်၏။

"သောက်ကျိုးနည်း! ၁၂၀၀၀၀ဒေါ်လာတဲ့လား။ မစ္စတာကျန်းလိုလူတစ်ယောက်ရဲ့ တိုက်ခန်းဆိုတော့ အနည်းဆုံး စတုရန်းမီတာနှစ်ရာသုံးရာလောက်တော့ ရှိမှာပဲ"

"အဲဒီနှုန်းအတိုင်းဆိုရင် သန်းပေါင်းများစွာပေးရမှာ။ တခြားနေရာမှာ ပြောင်းနေရင်တောင် ဗီလာတစ်လုံးဝယ်လို့ရနေပြီ"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အားကျမနာလိုသောအသံများဖြင့် ပြည့်နှက်သွားသည်။

"ဘယ်အထပ်ကို သွားမှာလဲဗျ?"

အစီအစဉ်တင်ဆက်သူက ဆက်မေးလိုက်သည်။

"ဘယ်အထပ်ကို အရင်သွားချင်လဲ"

လုရီယောင်ကလည်း ပြန်မေးလိုက်သည်။

အစီအစဉ်တင်ဆက်သူ : "????"

"မိန်းကလေးလု.. ကျွန်တော့်မေးခွန်းကို နားလည်မှုလွဲသွားပုံပဲ။ ကျွန်တော်က မိန်းကလေးလုနဲ့ မစ္စတာကျန်းတို့ ဘယ်အထပ်မှာနေတာလဲလို့မေးတာဗျ"

"သြော်"

လုရီယောင်ကလည်း ပြန်ပြောလိုက်၏။

"ရှင် နားလည်မှုလွဲနေပြီ။ ဒီအဆောက်အအုံတွေအကုန်လုံးက ကျွန်မတို့အပိုင်တွေချည်းပဲ။ ရှင် ဘယ်အထပ်ကို အရင်သွားကြည့်ချင်လဲ"

****************

All Chapters