← Chapters

ဒါက ငါ့နေစဉ်ဘဝပဲလေ

Vol. 30 Ch. 444

ဒါက ငါ့နေစဉ်ဘဝပဲလေ

Vol. 30 Ch. 444

"သောက်ကျိုးနည်း!"

"ငါ နားကြားမှားတာများလား။ လုရီယောင်က ဒီတိုက်ခန်းတွေအကုန်လုံးမှာ သူတို့နေတယ်လို့ ပြောလိုက်တာလား"

"တိုက်တစ်တိုက်က အနည်းဆုံးတော့ ၁၇ထပ် ၁၈ထပ်လောက် ရှိတယ်မလား။ တစ်ထပ်ကလည်း စတုရန်းမီတာငါးရာခြောက်ရာလောက်ရှိမယ်။ တစ်စတုရန်းမီတာကို ၁၂၀၀၀၀နှုန်းဆိုရင် ဘယ်လောက်တောင်ကုန်မှာလဲဟ။ ခုနစ်တစ်လီ ခုနစ်..ရှစ်တစ်လီ ရှစ်..ရှစ်သုံးလီ..."

"ရေမနေနဲ့တော့။ အဲဒါက မင်းဖုန်းနံပါတ်ထက်တောင် ပိုရှည်နေမှာ"

"ခုနတုန်းကတော့ မစ္စတာကျန်းက ဒီလိုနေရာမျိုးမှာနေတာ နည်းနည်းအဆင့်နိမ့်တယ်လို့ ထင်နေကြတာ။ မစ္စတာကျန်းက သူ့ကိုယ်သူ အဆင့််နိမ့်ခံမတဲ့လား။ သူများတွေ တိုက်ခန်းတစ်ခန်းပြီးတစ်ခန်း ဝယ်ကြတာ။ ဒါပေမဲ့ မစ္စတာကျန်းကတော့ အဆောက်အအုံတစ်ခုလုံးကြီး ဝယ်တာဟေ့။ အဲဒါကလည်း ခုနစ်လုံးတောင်နော်"

"ဒါက "အနာဂတ်ရဲ့ရောင်နီဦး"အစီအစဉ်ရောဟုတ်ရဲ့လား။ Versaillesရိုက်ကူးရေးအဖွဲ့က အယောင်ဆောင်ထားတာများလားလို့ သံသယဖြစ်မိတယ်"

"တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချမ်းသာကြွယ်ဝမှုတွေကို ထုတ်ပြနေတာ​ဟေ့"

"6666!"

...

အစီအစဉ်တင်ဆက်သူခမျာ အတော်ကြာမှသာ ထိတ်လန့်မှုမှ ပြေပျောက်သွားသည်။ ကြည့်ရှုသူများကဲ့သို့ သူလည်း အစကတော့ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့က ထိုတိုက်ခန်းများထဲမှ တစ်ခန်းတွင်သာ နေထိုင်သည်ဟု ထင်ထားမိသည်။ သို့မဟုတ် အများဆုံးရှိလှ အလွှာတစ်လွှာလုံးဝယ်ထားသည်ဟုသာ။

ဤအဆောက်အအုံခုနစ်ခုစလုံးက ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားပေ။ ဤသည်မှာ သူ့တွေးခေါ်န်ိုင်စွမ်းကို ကျော်လွန်သွားပြီဖြစ်၏။ ဤမျှကြီးမားသောနေရာတစ်ခုတွင် လူနှစ်ယောက်တည်းနေရသည်မှာ ဒုက္ခမများလွန်းဘူးလား။ သူတို့အနေနှင့် သန့်စင်ခန်းသွားဖို့ တစ်ထပ်နှင့်တစ်ထပ် ဓာတ်လှေကားဖြင့်ပင် သွားရလောက်သည်။

သူလည်း ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်လုပ်ပြီး ပြောလိုက်၏။

"မစ္စတာကျန်းပီသပါပေတယ်။ ကျွန်တော်တို့ တကယ်အံ့သြသွားတာ"

"ဒါက မပြောပလောက်ပါဘူး။ အခြေချနေထိုင်ဖို့ အဆင်ပြေတယ်ဆိုရုံလေးပါ"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ကျွန်တော် လိုက်ပြပေးမယ်လေ"

အစီအစဉ်တင်ဆက်သူကလည်း ထိုအကြောင်းကိုပင် တွေးနေခြင်းဖြစ်၏။ အထပ်နှစ်ဆယ်ကျော်ပါဝင်သော အဆောက်အအုံခုနစ်ခုလုံးတွင် လူနှစ်ယောက်တည်းနေထိုင်ခြင်းမှာ အလွန်ကြီးမားလှသော သတင်းတစ်ပုဒ်ပင်။ ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုနှုန်းကတော့ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းနေတော့မည်သာ။

တိုက်ရိုက်ထုတ်လွှင့်မှုသာ အဆင်ပြေချောမွေ့သရွေ့ ကြည့်ရှုသူများလည်း အများကြီးဝင်ရောက်လာပေလိမ့်မည်။

ထင်ထားသည့်အတိုင်း ကြည့်ရှုသူအမြောက်အများ ချန်နယ်ထဲသို့ ပြုံတိုး၍ ရောက်ချလာသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူအရေအတွက်မှာ သန်းငါးဆယ်ကျော်အထိ ရောက်သွားသည်။

တချို့လူများက ဟွားယွီဟန်၏နေ့စဉ်ဘဝကို သွားကြည့်နေကြခြင်းဖြစ်၏။ သူ(မ)က မိသားစုတစ်စုစာ ဗီလာလေးတစ်ခုတွင် နေထိုင်သော်ငြား ထိုဗီလာမှာ အလွန်ခမ်းနားလွန်းလှသည်။ အထပ်လေးထပ်ပါဝင်ပြီး အကျယ်အဝန်းအားဖြင့် ၁၄၀၀စတုရန်းမီတာမျှ ရှိ၏။

ယှဉ်ကြည့်လိုက်မည်ဆိုပါက ကျန်းမုန့်လောင်၏အိမ်က အထပ်ပေါင်းများစွာပါဝင်ပြီး စတုရန်းမီတာပေါင်းများစွာ ကျယ်ဝန်းပေသည်။ ထို့ပြင် အဆောက်အအုံကလည်း ခုနစ်ခုအထိ ရှိသည်။

ဤသည်မှာ စလာကတည်းက ပွဲသိမ်းရိုက်ချက်ပင်မဟုတ်လား?

"မစ္စတာကျန်းက ဇိမ်ခံကားတွေ ဝယ်စုတယ်လို့ ကြားထားတယ်။ ကျွန်တော်တို့ မျက်စိအစာကျွေးလို့များ ရနိုင်မလား"

အစီအစဉ်တင်ဆက်သူက မျှော်လင့်တကြီး မေးကြည့်လိုက်သည်။

"ဒီနေ့ ရီရီရဲ့နေ့စဉ်ဘဝကို လာရိုက်ကူးတာမဟုတ်ဘူးလား။ ဒီလိုဟာမျိုးတွေကို ဘာလို့ကြည့်ချင်ရတာလဲ"

ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်၏။

"ဒါကလည်း မိန်းကလေးလုရဲ့ ဘဝတစ်စိတ်တစ်ပိုင်းပဲလေ။ မိန်းကလေးလုရဲ့ ပရိသတ်တွေကလည်း ဒီိလိုအရာမျိုးကို တစ်စွန်းတစ်စပဲဖြစ်ဖြစ် မြင်ချင်ကြမယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်"

အစီအစဉ်တင်ဆက်သူက ခပ်မြန်မြန်တုံ့ပြန်လိုက်လေသည်။

"ဒါဆိုလည်း ကောင်းပြီလေ"

ကျန်းမုန့်လောင်လည်း သူတို့ကို မြေအောက်ကားပါကင်ထဲသို့ ခေါ်သွားလိုက်သည်။

မီးဖွင့်လိုက်သည်နှင့် ဇိမ်ခံကားတစ်ဒါဇင်လောက်က တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာရှေ့၌ ပေါ်လာသည်။

"ဟစ်..."

"အပိုလိုနေနတ်ဘုရား၊ အက်စတွန်မာတင်ရဲ့ Valkyrie၊ Paganiရဲ့ လေနတ်ဘုရား.. တစ်စင်းချင်းစီက ဒေါ်လာသန်းနဲ့ချီပြီး ပေးရမယ်ထင်တယ်နော်"

"ပြီးတော့ Koenigseggလည်းရှိသေးတယ်။ တစ်စီးရီးလုံးနော်။ မော်ဒယ်လ်တစ်ခုချင်းစီကို စုထားတာဟ။ အကုန်လုံးက limited editionတွေချည်းပဲ"

"Venom, xxrx, One, Bugatti... ဒါက ကားဂိုဒေါင်မဟုတ်ဘူးဟေ့။ ကားပြခန်းကြီးဆိုတာ သိသာနေတာကို"

"ဟင်.. လူတစ်ယောက်ရောက်လာတာလား"

ကင်မရာက ကားဂိုဒေါင်၏ဝင်ပေါက်ဆီသို့ ရုတ်တရက်ချိန်လိုက်လေသည်။ အသက်ငါးဆယ်အရွယ်ဖြစ်ဟန်တူသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က ဝင်ပေါက်တွင်ရပ်ထားသော Rolls-Royceကားဆီသို့တန်းတန်းမတ်မတ်လျှောက်လာချေသည်။

ကျန်းမုန့်လောင်ကို မြင်သောအခါ သူ(မ)က ဘော့စ်ကို တလေးတစားနှုတ်ဆက်လိုက်သည်။

"ဘော့စ်..ဒီနေ့ ဧည့်သည်တွေရောက်နေတာလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရိုက်ကူးရေးအဖွဲ့ကို ပြောလိုက်၏။

"အားလုံးပဲ.. ဒီည ညစာစားသွားကြနော်။ လိုအပ်ရင် ဒီမှာအိပ်သွားလို့လည်းရတယ်။ ကျွန်တော့်ဆီမှာ အလုပ်အတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အကုန်ရှိတယ်"

"ကျွန်တော်တို့က ဘယ်လိုလုပ်နှောင့်ယှက်နိုင်မှာလဲ"

ဝန်ထမ်းများက အံံ့အားသင့်သွားလေဟန် အပြုံးများကို ထုတ်ဖော်ပြသလိုက်သော်ငြား ပြန်ဖြေရာတွင်မူ ယဉ်ကျေးနေဆဲသာ။

"ကိစ္စမရှိပါဘူး"

ကျန်းမုန့်လောင်က ထိုအမျိုးသမီးကြီးဘက်သို့လှည့်ကာ ပြောလိုက်၏။

"ဒေါ်လေးလျို.. နေ့လယ်စာအတွက် များများပိုဝယ်ခဲ့ပါဦး။ ဩစတြေးလျက တင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက အနောက်ပိုင်းဈေးထဲက လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေလောက်တောင် မကောင်းသလိုပဲ"

"ဟုတ်ပြီ။ ကျွန်မလည်း အဲဒီလိုပဲတွေးနေတာ"

ထိုသို့ပြောပြီးနောက် အဒေါ်လျိုက Rolls-Royceကားထဲကိုဝင်ကာ မောင်းထွက်သွားလေတော့သည်။ ကျန်နေခဲ့သူအပေါင်းကတော့ အံ့ဩမှင်တက်နေချေတော့သည်။

"ဒါက ဘယ်လိုအခြေအနေကြီးလဲ? ဒီအဒေါ်က မစ္စတာကျန်းရဲ့အိမ်အကူလား"

"ဒါက ဘာအဓိပ္ပာယ်လဲ။ Rolls-Royceကားနဲ့ ဈေးဝယ်ထွက်တာလား"

"သောက်ကျိုးနည်း"

"သေစမ်းကွာ"

"မစ္စတာကျန်း..ခင်ဗျားတို့မိသားစုမှာ ဈေးဝယ်ထွက်ပေးမဲ့လူတစ်ယောက်များ လိုအပ်နေလား"

"ငါ လဲသေလို့ရပြီဟေ့။ သူတို့ရဲ့အိမ်အကူကတောင် ဒီလိုကားမျိုးကို စီးတယ်ပေါ့"

"မစ္စတာကျန်း.. အဲဒါက ခင်ဗျားရဲ့ဆွေမျိုးလား"

အစီအစဉ်တင်ဆက်သူကတော့ ထိုအမျိုးသမီးကြီးကို ကျန်းမုန့်လောင်၏ဆွေမျိုးတစ်ယောက်ဟု ထင်နေပေသည်။ အခြားဘယ်သူကများ ဈေးဝယ်ထွက်ရာတွင် Rolls-Royceကားကို မောင်းသွားနိုင်မည်နည်း။

"အဲဒါက ကျွန်တော်တို့အိမ်အကူပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"သိပ်မကြာသေးခင်တုန်းက သူတို့သုံးနေကျကားက ပျက်သွားလို့ ဒီကားတွေကို ယာယီသုံးနေရတာ"

"ဒီဒေါ်လေးက အိမ်အကူသက်သက်လို့ ထင်နေကြတယ်မလား"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်သည်။

"ဒါပေမဲ့ ဒေါ်လေးလျိုက နိုင်ငံတော်အဆင့် အဆင့်တစ်အားကစားသမားလေ။ ချင်းပေ့တက္ကသိုလ်က ဘွဲ့ရထားတာ"

"သောက်ကျိုးနည်း.. Rolls-Royceကားကို ဘယ်တုန်းကများ အစားထိုးကားအဖြစ် သတ်မှတ်လိုက်တာတုန်း"

"အိမ်အကူတောင်မှ ဒီလောက်အထိ အဆင့်အတန်းမြင့်ရတယ်ပေါ့"

"ကောင်းပါပြီ။ ငါနဲ့မထိုက်တန်ပါဘူး"

"သွားကြစို့.. အပေါ်ထပ်ကိုသွားကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် ရိုက်ကူးရေးအဖွဲ့ကို သူတို့နေထိုင်သည့် အထပ်များဆီသို့ ဓာတ်လှေကားဖြင့် ခေါ်သွားလိုက်သည်။

အခန်းအတွင်းပိုင်းအပြင်အဆင်မှာ လူတိုင်းထင်ထားတာထက်ပင် ပိုသားနားနေသေးသည်။ နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားများမှာ အလွန်တန်ဖိုးကြီးသော လက်ရာမြောက်ပန်းချီကားများဖြစ်ပြီး အလှဆင်ပစ္စည်းများကလည်း ရှေးဟောင်းပစ္စည်းများပင်။ မသိသူအဖို့တော့ ပြတိုက်တစ်ခုထဲကို ရောက်လာသလို ခံစားရပေလိမ့်မည်။

"အာ~~~"

ထိုအချိန်မှာပင် ဩရှရှနိုင်သော ယောကျ်ားသံတစ်သံက အပေါ်ထပ်မှ ထွက်ပေါ်လာသည်။

"မစ္စတာကျန်း.. မိန်းကလေးလု.. အဲဒါက ဘာအသံလဲ"

"ဪ.. အဲဒါက ကျွန်တော် ရီရီအတွက်ငှားပေးထားတဲ့ အဆိုပိုင်းဆရာတွေလေ"

ကျန်းမုန့်လောင် ရှင်းပြလိုက်၏။

"ကြည့်ရတာ သူတို့တွေ အသံစမ်းနေကြပုံပဲ"

"ကျွန်မ အဆိုလေ့ကျင့်ဖို့ အချိန်ကျပြီ"

လုရီယောင်က ပြောလာလေသည်။

ကင်မရာကလည်း ထိုအဆောက်အအုံ၏ နောက်တစ်ထပ်ကို မြင်ကွင်းပြောင်းသွားလေသည်။ ထိုနေရာကား လုရီယောင် လေ့ကျင့်နေကျ နေရာတစ်ခုဖြစ်ပြီး တိုက်ခန်းကြီးနှစ်ခန်းကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားကာ မျက်နှာကြက်ကလည်း ဆယ်မီတာလောက်မြင့်၏။

အခန်းထဲတွင် လူအမြောက်အများက အသံစမ်းနေကြသည်။ စန္ဒရားနားတွင်မူ လူတစ်ယောက်ထိုင်နေလေသည်။ တယောတီးနေသူ တစ်ယောက်လည်းရှိ၏။ အခြားတစ်ယောက်က ကုချင်တီးခတ်နေပြီး တစ်ယောက်ကတော့ suonaတီးခတ်နေသည်။

"သူတို့တွေက.."

"အိုး.. သူတို့တွေက ရီရီရဲ့ဆရာတွေလေ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"သူက 'အနာဂတ်ရဲ့ရောင်နီဦး'အစီအစဉ်မှာ ပါဝင်မယ်ဆိုတော့ အတတ်ပညာတွေအများကြီကို သင်ယူထားတာ အကောင်းဆုံးပဲပေါ့။ အဲဒါကြောင့် သူ့အတွက် ဆရာတွေအများကြီးငှားပေးထားတာ"

"နေဦး.. ငါ အဲဒီလူ့ကိုမြင်ဖူးတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အစီအစဉ်ကိုလာသွားတယ်လေ"

တစ်စုံတစ်ယောက်က ဆရာများထဲမှ တစ်ယောက်ကို မှတ်မိသွားလေသည်။

"ဒိုမင်ဂို! ကမ္ဘာ့အတော်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ပဲ! မစ္စတာကျန်းက သူ့ကို ဧည့်သည်အနေနဲ့တင် ဖိတ်ကြားထားတာမဟုတ်ဘူးပဲ။ ဆရာအနေနဲ့ပါ အလုပ်ခန့်ထားတာကိုး"

"အီဂျန်နီကီဆင်! ကမ္ဘာ့ထိပ်တန်းစန္ဒရားပညာရှင်..လျန်လျန်တောင်မှ သူနဲ့ယှဉ်လိုက်ရင် အရည်အချင်းလိုနေသေးတယ်"

"Itzhak Perlman! ကမ္ဘာ့အတော်ဆုံးတယောပညာရှင်နော်။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အနားယူသွားပြီမလား။ မစ္စတာကျန်းက သူ့ကိုတောင် ခေါ်ထားတာပေါ့"

"ကျစ် ကျစ် ကျစ်.. ဒီလူတွေကိုအလုပ်ခန့်ဖို့အတွက် ပိုက်ဆံဘယ်လောက်တောင်သုံးခဲ့ရတာပါလိမ့်"

"ဒီလိုရည်းစားမျိုးကိုရဖို့အတွက် လုရီယောင်က အရင်ဘဝတုန်းက ကမ္ဘာကြီးကိုကယ်ခဲ့တာများလား"

"ကမ္ဘာကြီးကိုကယ်ရုံပဲလား။ သူက စကြဝဋ္ဌာတစ်ခုလုံးကို ကယ်ထားတာပဲဖြစ်မယ်"

နှစ်နာရီကြာအောင် လေ့ကျင့်ပြီးနောက် လုရီယောင်နှင့် ကျန်းမုန့်လောင်တို့လည်း ရိုက်ကူးရေးအဖွဲ့သားများနှင့်အတူ လမ်းဆက်လျှောက်ဖြစ်ကြသည်။

"ဒါကတော့ ရေကူးကန်"

"ခေါင်မိုးထပ်မှာ ဂေါက်ကွင်းရှိတယ်"

"မျက်နှာချင်းဆိုင်ဘက်က အဆောက်အအုံပေါ်မှာ ရဟတ်ယာဉ်ရပ်နားကွင်းရှိတယ်"

"ဒီနေရာက ဘာကြီးလဲ"

"ဪ ဒီနေရာက ကျွန်တော်တို့ကြောင်လေးရဲ့အိမ်လေ"

"မစ္စတာကျန်းနဲ့ မိန်းကလေးလုတို့က ကြောင်မွေးထားတာလား။ အဲဒီကြောင်တွေက တော်တော်ဈေးကြီးမှာပဲနော်"

"ဆိုက်ဘေးရီးယားရွှေရောင်ကြောင်အမျိုးအစားလောက်ပါပဲ"

"ဆိုက်ဘေးရီးယားရွှေရောင်ကြောင်အမျိုးအစားတဲ့လား။ အဲဒါက ဘယ်လိုအမျိုးအစားလဲ"

"ဆိုက်ဘေးရီးယားကျားလေ"

...

"ကတ်!"

ဖန်သားပြင်ထက်တွင် လက်ခနဲဖြစ်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုလည်း ပြတ်တောက်သွားရချေသည်။

တိုက်ရိုက်ထုတ်လွှင့်ရေးဖန်သားပြင်ထက်တွင်မူ စာလုံးအကြီးကြီးတချို့ ပေါ်ပေါက်လာသည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှုမှာ လူမှုတန်ဖိုးများကိုကျော်လွန်နေသော စည်းစိမ်ချမ်းသာများကို ကြွားဝါပြသထားသောကြောင့် ယာယီပိတ်ပင်ခံလိုက်ပါတယ်!

"???"

"သေစမ်း! အဘန်းခံရတာလား"

"ဝိုး.. တိုက်ရိုက်ထုတ်လွှင့်မှုလေးတစ်ခုပဲဟာကို.. လူမှုတန်ဖိုးကိုတောင် ကျော်လွန်သွားတယ်တဲ့လား။ အထင်ကြီးချင်စရာပဲ"

"ဒါက အပြင်းထန်ဆုံးတိုက်ရိုက်ထုတ်လွှင့်မှုကြီးတစ်ခု ဖြစ်မယ်ထင်တယ်"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်လည်း အတန်ငယ်ဆွံ့အသွားရသည်။ လက်နှစ်ဖက်ကိုဖြန့်ကားလျက် အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။

"ငါက ကြွားဝါနေတာလည်းမဟုတ်သလို လူမှုတန်ဖိုးကို ဖျက်ဆီးနေတာလည်း မဟုတ်ဘူးလေ။ ဒါက ငါ့ရဲ့နေ့စဉ်ဘဝပဲ!"

******************

All Chapters