← Chapters

ဘီသိုဗင်ရဲ့စန္ဒရားက ဒီဟာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ?

Vol. 30 Ch. 445

ဘီသိုဗင်ရဲ့စန္ဒရားက ဒီဟာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ?

Vol. 30 Ch. 445

လုရီယောင်၏တိုက်ရိုက်ထုတ်လွှင့်မှုက ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ပရိုဂရမ်အဖွဲ့ကလည်း အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းပြီးနောက် နာရီပေါင်းများစွာအကြာတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်ပြသခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင်မူ လုရီယောင်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုသာ အဓိကထား၍ ရိုက်ပြတော့သည်။ ကျန်းမုန့်လောင်၏ ဇိမ်ခံအဆောက်အအုံခုနစ်ခုကိုတော့ ရိုက်ကူးရေးအဖွဲ့မှ တမင်တကာတည်းဖြတ်ထားခဲ့ရသည်။

ထို့ကြောင့် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို အစီအစဉ်ထဲသို့ တည်းဖြတ်ရာတွင် လုရီယောင်ကလွဲ၍ ပတ်ပတ်လည်ရှိ အရာအားလုံးမှာ မှုန်ဝါးနေလေသည်။ ဤသည်မှာ ဘဝ၏အခက်အခဲပင် ဖြစ်ချေမည်။

ကျန်းမုန့်လောင်၏ အဆောက်အအုံခုနစ်ခုက ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်သွားခဲ့သည်။ ကျန်းမုန့်လောင် မည်မျှအထိ ချမ်းသာသလဲဟူသော မေးခွန်းကလည်း တစ်ဖန်ခေတ်စားလာပြန်လေသည်။

...

"အစ်ကို.. ကျန်းမုန့်လောင်ရဲ့နောက်ခံအကြောင်း ဘာမှရှာမတွေ့ဘူးလား"

ဟွားယွီဟန်မှာ ယခုလိုမျိုး တစ်ခါမှ အရှက်မကွဲခဲ့ဖူးပေ။ သူ(မ) ဤအစီအစဉ်ထဲသို့ စတင်ဝင်ရောက်လာချိန်ကတည်းက သူ(မ)၏ကြီးကျယ်ခမ်းနားမှုများကို လုရီယောင်က လွှမ်းမိုးထားခဲ့သည်။

အဆိုစွမ်းရည်အရာတွင်လည်း လုရီယောင်က သူ(မ)ထက် သာနေပေသည်။ အကပိုင်းတွင်မူ လုရီယောင်က အရှေ့အပိုင်းများမှာ ကတတ်သည်ဆိုရုံမျှသာဖြစ်ပြီး စက်ရုပ်တစ်ရုပ်အလား ခပ်တောင့်တောင့်လှုပ်ရှားခဲ့သည်။

သို့သော် နှစ်လနီးပါး ရိုက်ကူးရေးလုပ်ပြီးနောက် သူ(မ)မှာ လုံးဝပြောင်းလဲသွားခဲ့ပြီး နောက်အပိုင်းများတွင် အံ့ဖွယ်ကောင်းသော အကစွမ်းရည်ကိုပါ ပြသနိုင်ခဲ့သည်။

ကျန်းမုန့်လောင်က လုရီယောင်ကို သင်ကြားပေးဖို့အတွက် အကပညာရှင်များကို ဖိတ်ကြားခဲ့ခြင်းဖြစ်ရမည်ဟု လူတော်တော်များများက ခန့်မှန်းထားကြသည်။ သူ(မ)၏ကြိုးစားမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူ(မ)၏ အကစွမ်းရည်ကား သိသိသာသာတိုးတက်လာပေသည်။ ယခုဆိုလျှင် သူ(မ)၏အကစွမ်းရည်က အနည်းဆုံးတော့ နှစ်နှစ်ခွဲလောက် လေ့ကျင့်လာခဲ့သူတစ်ယောက်နှင့်ပင် ယှဉ်နိုင်နေလေပြီ။

ချမ်းသာကြွယ်ဝမှုအရာတွင်လည်း ငွေနှင့်ပတ်သက်၍ ဘာမှစိတ်မပူခဲ့ရဖူးသော ဟွားယွီဟန်မှာ ပထမဆုံးအကြိမ်အဖြစ် စိတ်ပျက်အားငယ်မိခြင်းပင်။ သူ(မ)၏မိသားစုကသာ သူများကို ငွေနှင့်ပစ်ပေါက်ခဲ့ဖူးသည်။ သို့သော် ယခုတစ်ခေါက်မှာတော့ သူတို့ခမျာ ငွေအပုံလိုက်ကြီးကြောင့် အရှင်လတ်လတ်မြေမြှုပ်ခံရတော့မတတ်ပင်။ ဆက်တိုက်ခိုက်ချင်စိတ်များပင် ပျောက်ဆုံးခဲ့ရသည်။

"သဲလွန်စလေးတောင်မရဘူး"

ဟွားယဲ့လည်း ကျန်းမုန့်လောင်၏နောက်ခံအကြောင်း စုံစမ်းရန်အတွက် လပေါင်းများစွာကြာအောင် သူ့အရင်းအမြစ်များအားလုံးကို ထုတ်သုံးခဲ့သည်။ ဘာသတင်းအချက်အလက်မှ ရှာမတွေ့သော်ငြား လုံရှားအဖွဲ့အစည်း၏ ခေါင်းဆောင်ထံမှပင် သတိပေးချက် အထုတ်ခံခဲ့ရသည်။

လုံရှားအဖွဲ့အစည်း၏ ခေါင်းဆောင်က ထိုကဲ့သို့သော ကိစ္စများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးပေ။ သိပ်မကြာခင်တုန်းက သိုင်းနတ်ဘုရားသည် ကောင်းကင်ဘုံဖျားအဆင့်ကို ဖြတ်ကျော်ပြီးနောက် အဆင့်ထပ်တက်နိုင်မည့်နည်းလမ်းကို အသည်းအသန်ရှာဖွေနေသည်ဟု သိရသည်။ ထို့ကြောင့် လုံရှားအဖွဲ့အစည်းထဲရှိ အရေးကိစ္စများကို သိပ်ဝင်မပါချေ။ လူငယ်များအကြားရှိ ဤရန်ပွဲလေးကို ဘာကြောင့်များ အာရုံစိုက်နေရလေသလဲ။

သူကိုယ်တိုင် သတိပေးလာခြင်းဖြစ်လေရာ အလွန်ထူးခြားလှပေသည်။

"ကျန်းမုန့်လောင်က ရှေးဟောင်းသိုင်းပညာရှင်မိသားစုတစ်စုကများလား"

ကျန်းမုန့်လောင်က လုံရှားအဖွဲ့အစည်းနှင့် ဘာပတ်သက်မှုမှမရှိကြောင်း ဟွားယဲ့ တပ်အပ်သိသည်။ သို့မဟုတ်ပါက သူ့အနေနှင့် ဘာသတင်းအချက်အလက်မှ မရှာနိုင်စရာ အကြောင်းမရှိပေ။

ရှေးဟောင်းသိုင်းပညာရှင်မိသားစုမှ လူတစ်ယောက်ကသာ လုံရှားအဖွဲ့ခေါင်းဆောင်ကို သတိချပ်စေနိုင်သည်။ အကြောင်းမှာ လုံရှားအဖွဲ့အစည်းသည် ရှေးဟောင်းသိုင်းလောကထဲ၌ ဘာဩဇာအာဏာလွှမ်းမိုးမှုမှ မရှိချေ။ သို့သော် သိုင်းလောကထဲတွင် ကျန်းမျိုးရိုးရှိသည့် သိုင်းပညာရှင်မိသားစုတစ်ခုရှိသည်ဟု သူ လုံးဝမကြားဖူးပေ။

"အစ်ကို.. နောက်ဆုံးအဆင့်ဖျော်ဖြေမှုကို ရောက်လာပြီ။ ကျွန်မ လုရီယောင်ရဲ့အနောက်မှ ဆက်မနေချင်တော့ဘူး"

ဟွားယွီဟန်၏စကားလုံးများထဲတွင် နာကြည်းမှုများနှင့် ဒေါသတို့ ကိန်းအောင်းနေပေသည်။ ပြိုင်ပွဲအစတုန်းက သူ(မ)ကိုယ်သူ(မ) အတောက်ပဆုံးကြယ်ပွင့်လေးဟု ထင်မှတ်ထားခဲ့သော်ငြား လွန်ခဲ့သည့်နှစ်လအတွင်း လုရီယောင်က သူ(မ)ကို လွှမ်းမိုးထားခဲ့လေသည်။

"စိတ်မပူပါနဲ့။ နောက်ဆုံးပြိုင်ပွဲကျရင် ပြင်ပအကူအညီတွေကို ခွင့်မပြုထားဘူး။ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းက တစ်ကိုယ်တော်ဖျော်ဖြေရမှာ။ တူရိယာတွေကလွဲရင် တခြားဘာကိုမှသုံးခွင့်မရှိဘူး။ သူက တအားချမ်းသာတယ်ဆိုရင်တောင် တူရိယာတွေကိုတော့ ထူးခြားနေအောင်လုပ်လို့မရပါဘူး။ ဟုတ်တယ်မလား"

ဟွားယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

ဥပမာပြောရလျှင် စန္ဒရားတီးပြီး သီချင်းဆိုဖို့ ရွေးချယ်ထားလျှင် ထိပ်တန်းအဆင့်စန္ဒရားတစ်လုံးမှာ အလွန်ဆုံး သန်းဂဏန်းမျှ ပေးရသည်။ အလွန်ချမ်းသာကြွယ်ဝနေသည်ဆိုလျှင်ပင် ပိုဈေးကြီးသောစန္ဒရားတစ်လုံးကိုသာ ဝယ်နိုင်မည်ဖြစ်၏။

စိန်ပွင့်များဖြင့် စီခြယ်ထားလျှင်ပင် ကျန်းမုန့်လောင်ဝယ်နိုင်သရွေ့တော့ ဟွားယဲ့လည်း ဝယ်နိုင်သည်။

"အစ်ကို.. ဘာတွေပြင်ထားလဲ"

ဟွားယွီဟန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"ဟားဟား..မင်းက ငယ်ငယ်ကတည်းက စန္ဒရားနဲ့တယောတီးတာကို သင်ထားတယ်မဟုတ်ဘူးလား"

ဟွားယဲ့က ပြောလေသည်။

"မင်း တစ်ကိုယ်တော်ဖျော်ဖြေရမှာဆိုတော့ ငါ မင်းအတွက် အထူးခြားဆုံးစန္ဒရားနဲ့ တစ်လက်တည်းပဲရှိတဲ့တယောကို ရှာပေးထားတယ်"

"ဘယ်လို?"

"အဲဒါတွေကို မင်းရဲ့လေ့ကျင့်ရေးအခန်းထဲကို ပို့ထားပြီးပြီ။ သွားကြည့်ကြည့်လိုက်"

ဟွားယဲ့က လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်၏။

ဟွားယွီဟန်ကလည်း လေ့ကျင့်ရေးအခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် အမြန်ပြေးသွားလေသည်။ ကားတစ်စီးကို အောက်ထပ်တွင်ရပ်ထားပြီး ဝန်ထမ်းအမြောက်အများက စန္ဒရားတစ်လုံးကို ကြိုးစားပမ်းစားသယ်နေကြသည်။

"စတိန်းဝေးစန္ဒရားကြီးလား"

ဟွားယွီဟန် မေးလိုက်မိသည်။ စိန်စီထားသော စန္ဒရားတစ်ခုမဟုတ်သည့်တိုင် ဤစန္ဒရားမှာ ထိပ်တန်းအဆင့်ပင်။ စန္ဒရားကို စိန်စီထားမည်ဆိုလျှင်ပင် စိန်ပွင့်များထံမှထွက်လာမည့် ပဲ့တင်သံက သာယာနာပျော်ဖွယ်အသံတစ်သံ ဖြစ်လိမ့်မည်မဟုတ်။

"ဟားဟားဟား..သာမန်စတိန်းဝေးစန္ဒရားတစ်ခုသာဆိုရင် မင်းရဲ့နောက်ဆုံးဖျော်ဖြေမှုမှာ သုံးဖို့ ထိုက်တန်ဦးမှာမဟုတ်ဘူး"

ဟွားယဲ့က ဆို၏။

"အဖုံးကိုမကြည့်လိုက်"

ဟွားယွီဟန်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် အဝတ်စကိုဖယ်လိုက်လေရာ အိုဟောင်းပြီး အနည်းငယ်ယိုယွင်းပျက်စီးနေသော စန္ဒရားတစ်ခုကို မြင်လိုက်ရ၏။ သူ(မ)မှာ နားမလည်နိုင်ဖြစ်သွားရသည်။ သူ(မ)၏အစ်ကိုက သူ(မ)အတွက် စန္ဒရားအစုတ်တစ်လုံးကို ပြင်ပေးထားတာလား?

သူ(မ) ဒေါသထွက်ပြီး အစ်ကိုဖြစ်သူကို စောဒကတက်တော့မည့်ဆဲဆဲမှာပင် စန္ဒရား၏တြိဂံပုံစံဒေါက်တိုင်ပေါ်ရှိ စာလုံးများကို ရုတ်တရက်မြင်လိုက်ရသည်။

ဤသည်မှာ ထွင်းထုထားသော နာမည်တစ်ခုပင်။

"ဘီ..ဘီသိုဗင်? ဒါက ဘီသိုဗင်ရဲ့စန္ဒရားလား"

ဟွားယွီဟန်လည်း တအံ့တဩရေရွတ်လိုက်မိသည်။

နာမည်ကျော်စန္ဒရားပညာရှင်ဘီသိုဗင်က သူ့ဘဝတစ်လျှောက် စန္ဒရားခုနစ်လုံးကို ပိုင်ဆိုင်ခဲ့သည်။ ခြောက်ခုကို အမျိုးသားပြတိုက်တွင် သိမ်းဆည်းထားပြီး တစ်ခုကတော့ ၁၈၄၇ခုနစ်ကတည်းက ပျောက်ဆုံးနေခဲ့သည်။

သူ(မ)မှတ်မိတာသာမှန််လျှင် ဤသည်မှာ ပျောက်ဆုံးနေသော Grafစန္ဒရားပင်။ သူ(မ)၏အစ်ကိုက ဤစန္ဒရားကို ပိုင်ဆိုင်ထားပေသည်။

"သဘောကျရဲ့လား"

ဟွားယဲ့က အလိုလိုက်ဟန်ဖြင့် ဆိုလိုက်သည်။

"သဘောကျတယ်"

ဟွားယွီဟန်ခမျာ မျက်ဝန်းထဲရှိ ပျော်ရွှင်မှုများကို ဖုံးကွယ်မထားနိုင်ချေ။

"ဒါက ပိုက်ဆံတော်တော်ပေးခဲ့ရမှာပဲ"

ဤစန္ဒရားက ထိုခေတ်တုန်းက ထိပ်တန်းအဆင့်လက်မှုပညာကို ကိုယ်စားပြုနေရုံသာမက အနုပညာနှင့် သမိုင်းကြောင်းကိုပါ ကိုယ်စားပြုနေခြင်းဖြစ်၏။

"ငါ ဒါကို မနှစ်တုန်းက လေလံပွဲတစ်ခုကနေ ဒေါ်လာ၂၇.၅သန်းနဲ့ ဝယ်လာခဲ့တာ။ အစတုန်းကတော့ ဒီနှစ် မင်းရဲ့မွေးနေ့လက်ဆောင်အဖြစ် ပေးမလို့ပဲ။ ဒီစန္ဒရားနဲ့ ရလဒ်ကောင်းထွက်ဖို့ မျှော်လင့်ပါတယ်"

ဟွားယဲ့က ဆက်ပြောလိုက်သည်။

"ဒါကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လက်မှုပညာသည်တွေအများကြီးရှိတယ်။ သူ့ရဲ့အသံအရည်အသွေးကလည်း ထိပ်တန်းအဆင့်ပဲ"

"ပြီးတော့ ဒီတယော"

ဟွားယဲ့က ဆက်ပြောလိုက်ပြန်သည်။

"Heifetzသုံးခဲ့တဲ့ တယောလေ။ ကျန်းမုန့်လောင်က ပိုဈေးကြီးတဲ့တယောတွေကို ဝယ်နိုင်တယ်ဆိုပေမဲ့ ဒီထက်ပိုတန်ဖိုးကြီးတဲ့တယောကိုတော့ ဝယ်နိုင်မှာမဟုတ်ဘူး။ ဒီတစ်ခေါက် တူရိယာပိုင်းမှာတော့ ငါတို့ သူတို့ကို မရှုံးဘူး"

...

"အိုး..အဲဒီလိုလား"

ကျန်းမုန့်လောင်က ဟုန်းရီ၏တင်ပြချက်ကို နားထောင်နေသည်။

"ဘီသိုဗင်ရဲ့စန္ဒရားနဲ့ Heifetzရဲ့တယောတဲ့လား။ ဒီဟွားမောင်နှမနှစ်ယောက်က အစွမ်းကုန်ထုတ်သုံးနေတော့တာပဲ"

"ဟုတ်ပါတယ်။ ဒီတူရိယာနှစ်ခုစလုံးက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျပါတယ်။ အဲဒါတွေသာ စင်မြင့်ပေါ်မှာ ပေါ်လာခဲ့ရင် သေချာပေါက်ပွက်ပွက်ညံသွားကြမှာပါ။ သူတို့က သေချာတွက်ချက်ထားကြတာပဲ"

"ပိုကောင်းတဲ့စန္ဒရားရှိသေးလား"

ကျန်းမုန့်လောင် မေးလိုက်လေသည်။ ဤအပိုင်းတွင်လည်း သူတို့ ရှုံးလို့မဖြစ်ချေ။

"ရှို့ပင်သုံးခဲ့တဲ့ စန္ဒရားလေးခု၊ Lisztရဲ့စန္ဒရားသုံးခု၊ Paganiniသုံးခဲ့တဲ့ တယောနှစ်လက်နဲ့ မိုးဇက်ရဲ့စန္ဒရား... ဒါတွေအကုန်လုံး မစ္စတာကျန်းဆီမှာ ရှိပါတယ်"

ဟုန်းရီက ဂီတပညာရှင်များ၏ တူရိယာတစ်ရာကျော်ကို စာရင်းလိုက်ရွတ်ပြလိုက်သည်။

"ဒါပေမဲ့ သမိုင်းနဲ့အနုပညာတန်ဖိုးအရဆိုရင် အဲဒါတွေအကုန်လုံးက သူမသာကိုယ်မသာတွေပါပဲ။ ဒီတစ်ခေါက်က တစ်ကိုယ်တော်ဖျော်ဖြေမှုဆိုတော့ အရည်အသွေးနဲ့အနိုင်ယူလို့မရတော့ဘူးလေ။ ဒီတော့ ကွာခြားချက်ကလည်း သိသာမှာမဟုတ်ဘူး"

ဟုန်းရီက ပွင့်ပွင့်လင်းလင်းပြောလာလေသည်။

"ဒါဆ်ို ငါတို့က ဒီအတိုင်းကျော်တက်ခံလိုက်ရမှာလား"

နောက်ဆုံးပြိုင်ပွဲတွင် လုရီယောင်က ဟွားယွီဟန်ပြီးမှသာ ဖျော်ဖြေရန် နေရာချခံထားရသည်။ သူတို့နှစ်ယောက်စလုံး၏ တူရိယာများက သက်ရောက်မှုချင်းတူညီနေပါက ဟွားယွီဟန်၏ဖျော်ဖြေမှုပြီးသည်နှင့် အားပေးမှုက လျော့နည်းလာပေလိမ့်မည်။

"မစ္စတာကျန်း.. အနိုင်ရဖို့အတွက် ကျွန်မတို့တွေ အနောက်တိုင်းတူရိယာတွေကို မလိုအပ်ပါဘူး"

ဟုန်းရီက ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်မတို့ဟွာရှားနိုင်ငံရဲ့ကုချင်ကလည်း သူတို့နဲ့ယှဉ်ရင် အဆင့်မနိမ့်ပါဘူး"

"ကုချင်လား? အဲဒါက တီးမှုတ်ဖျော်ဖြေဖို့ မသင့်တော်ဘူးမလား"

"သာမန်ကုချင်ဆိုရင်တော့ ဟုတ်ပါတယ်။ အဆင့်မီမှာမဟုတ်ဘူး။ ဒါပေမဲ့ ဖူရှီချင်းဆိုရင်ရော ဘယ်လိုလဲ"

"ဘာ..ဘာရယ်? ဖူရှီချင်းလား"

ကျန်းမုန့်လောင်လည်း တဒင်္ဂမျှအံ့ဩမှင်တက်သွားလေသည်။ ၎င်းမှာ ဒဏ္ဍာရီထဲရှိ သုန်းဟွမ်းစနစ်နှင့် ရွှမ်းယွမ်ဓားတို့နှင့်ပင် ယှဉ်နိုင်သည့် နတ်ဘုရားလက်နက်တစ်ခုပင် မဟုတ်လော။

အပြင်မှာ တကယ်ရောရှိရဲ့လား။

ဇာတ်လမ်းတစ်ခုလုံးက ဘာလို့ ရုတ်တရက်ကြီးပြောင်းသွားရတာလဲ?

"လူကြီးမင်းကတော့ သိချင်မှသိမှာ။ ဒါပေမဲ့ ဖူရှီချင်းက နတ်ဘုရားလက်နက်တစ်ခုဆိုတာတော့ အမှန်ပါပဲ။ အဲဒါက အံ့ဖွယ်ကောင်းတဲ့ ဂီတတူရီယာတစ်ခုဆိုလည်း ဟုတ်တယ်။ အဲဒီအရာက သံစဉ်နဲ့တင် လူတွေရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပါတယ်။ ရှင့်ရဲ့ဘိုးဘေးတွေဖန်တီးထားတဲ့ လက်ရာတစ်ခုပေါ့"

ဟုန်းရီက အပြုံးတစ်ပွင့်နှင့်အတူ ဆိုလာလေသည်။

"ဖူရှီချင်းနဲ့ယှဉ်လိုက်ရင် ဘီသိုဗင်ရဲ့စန္ဒရားဆိုတာ ဘာမှမပြောပလောက်ပါဘူး"

**************

All Chapters