မင်းလိုလူဆယ်ယောက်လောက်ကို ငါ ယှဉ်တိုက်နိုင်တယ်
Vol. 30 Ch. 446
"အနာဂတ်ရဲ့ရောင်နီဦး"အစီအစဉ်၏ စည်းမျဉ်းများအရ ယခင်ပွဲစဉ်တုန်းက စုဆောင်းထားခဲ့သော မဲအရေအတွက်များအားလုံးကို နောက်ဆုံးဖျော်ဖြေမှုတွင် ထည့်မတွက်ပေ။ ဤသည်မှာ လူတိုင်း အစက ပြန်စရမည်ဟူသော သဘောပင်။ နောက်ဆုံးဖျော်ဖြေမှုတွင် အထူးချွန်ဆုံးလူကသာ ပြာပုံထဲမှ နိုးထလာပြီး ပထမနေရာကို သိမ်းပိုက်နိုင်မည်ဖြစ်၏။
ဤအခွင့်အရေးအတွက် ပြိုင်ပွဲဝင်၁၅ယောက်က နောက်ဆုံးဖျော်ဖြေမှုကို ရေကုန်ရေခန်းကြိုးစားထားကြသည်။ အေဂျင်စီများကလည်း သူတို့တတ်နိုင်သလောက် ကြိုးစားပေးထားပြီး ပြိုင်ပွဲဝင်များကို ထောက်ပံ့ရန်အတွက် သူတို့၏အရင်းအမြစ်များအားလုံးကို ထုတ်သုံးခဲ့ကြသည်။
ဤSeason၏ ကျော်ကြားမှုကိုအခြေခံမည်ဆိုပါက ဤSeasonတွင် နောက်ဆုံးအဆင့်ဖြင့် ပွဲဦးထွက်ခွင့်ရလျှင်ပင် ယခင်Seasonများတုန်းက ထိပ်ဆုံးသုံးယောက် ရရှိခဲ့သော အရင်းအမြစ်များကို ရရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ဤSeasonမှ ပွဲဦးထွက်မည့်လူများမှာ သူတို့၏ကုမ္ပဏီများအတွက်တော့ ငွေထုတ်စက်များဖြစ်လာကြပေလိမ့်မည်။ နှစ်စဉ်အမြတ်ငွေကိုလည်း စုစုပေါင်းသန်းနှင့်ချီ၍ ရပေမည်။
နောက်ဆုံးဖျော်ဖြေမှုကို ဟွာရှားအားကစားစင်တာတွင် ဖျော်ဖြေပွဲပုံစံမျိုးနှင့် ကျင်းပမည်ဖြစ်ပြီး လက်မှတ်များကလည်း စတင်ရောင်းချပြီး ဆယ်မိနစ်အကြာမှာပင် ရောင်းကုန်သွားခဲ့သည်။ ထိုင်ခုံနှစ်သောင်းကျော်ကပင် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို မတင်းတိမ်နိုင်စေပေ။ အွန်လိုင်းလက်မှတ်ဈေးနှုန်းမှာ ထိပ်တန်းအဆိုတော်များ၏ ဖျော်ဖြေပွဲလက်မှတ်ဈေးနှုန်းနှင့်ပင် ယှဉ်နိုင်သည်။
နောက်ဆုံးဖျော်ဖြေပွဲကို ညခုနစ်နာရီခွဲတွင် စတင်မည်ဖြစ်သော်ငြား ပွဲကြည့်ပရိသတ်များကတော့ နာရီဝက်စော၍ ရောက်နေကြသည်။ အစီအစဉ်တစ်ခုလုံး၏ တစ်ဦးတည်းသော ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ကျန်းမုန့်လောင်ကတော့ ဗီအိုင်ပီနေရာတစ်ခုတွင် နေရာချထားခံရသည်။
"အနာဂတ်ရဲ့ရောင်နီဦ"အစီအစဉ်က ထန်ရွှင်း၏လက်အောက်တွင် ကြီးမှူးကျင်းပခြင်းဖြစ်သော်လည်း အစီအစဉ်၏ထုတ်လုပ်သူနှင့် ဒါရိုက်တာများကသာ ဤတာဝန်ကို ယူထားရသည်။ ကုမ္ပဏီအကြီးအကဲဖြစ်သော မာဟွားကတော့ ဤအစီအစဉ်များမှရသော အမြတ်ငွေက Gamingပိုင်းနှင့်ယှဉ်လိုက်လျှင် နည်းပါးလှသောကြောင့် ယခုလိုအစီအစဉ်မျိုးကို သိပ်စိတ်မဝင်စားပေ။
သို့သော် ဤတစ်ခေါက်မှာတော့ သူသည် မလာစဖူး နောက်ဆုံးဖျော်ဖြေပွဲကျင်းပရာနေရာသို့ ရောက်ချလာသည်။ ဤသည်မှာ ကျန်းမုန့်လောင်ကြောင့်ပင်။
"မစ္စတာမာ.. ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ခင်ဗျားလည်း ဒီလိုအဆိုပြိုင်ပွဲမျိုးကို သဘောကျတာလား"
ကျန်းမုန့်လောင်က မာဟွားနှင့် ပေါ့ပေါ့ပါးပါးစကားစမြည်ပြောနေလေသည်။
"မစ္စတာကျန်း ရောက်နေမှတော့ ကျုပ်လည်း ဘယ်မလာဘဲရှိပါ့မလဲ"
မာဟွားက ရယ်လိုက်သည်။
"ပြီးတော့ ခင်ဗျားက ဒီSeasonရဲ့ အဓိကရင်းနှီးမြှုပ်နှံသူလေ။ ကျုပ် ဒီလိုအစီအစဉ်မျိုးကို စိတ်မဝင်စားဘူးဆိုရင်တောင် အနည်းဆုံးတော့ လေးစားသမှုပြရဦးမယ်လေ"
"ကဲ ဒီတစ်ခေါက်တော့ ခင်ဗျားရဲ့ရွေးချယ်မှုမှန်သွားပြီ"
ကျန်းမုန့်လောင် ပြောလိုက်၏။
"ခင်ဗျားရဲ့လက်ကျန်ဘဝတစ်ခုလုံး ဒီနေ့ဖျော်ဖြေမှုကို မေ့နိုင်တော့မှာမဟုတ်ဘူးဆိုတာ ကျုပ် အာမခံရဲတယ်"
"ဒါဆို မျှော်လင့်နေပြီဗျာ"
ကျန်းမုန့်လောင်၏စကားကို မာဟွား သံသယမဖြစ်မိပေ။ ယခင်တစ်ခေါက်တုန်းက ဖျော်ဖြေမှုတစ်ခုတည်းနှင့်ပင် မာဟွား သူ့ကို အထင်ကြီးနေပြီဖြစ်၏။
အထူးသဖြင့် နိုင်ငံတော်အသင်း ပါဝင်အားဖြည့်ပေးခဲ့သော ထိုဖျော်ဖြေမှုပင်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အကျော်အမော်များဖြစ်ပြီး ဖျော်ဖြေပွဲကျင်းပလျှင် လက်မှတ်များ ချက်ချင်းရောင်းကုန်သွားကြသူများပင်။ အကယ်၍ မာဟွားကိုယ်တိုင် ကြိုးစားကြည့်မည်ဆိုလျှင်ပင် တစ်ယောက်လေးကိုပင် ဖိတ်ကြားနိုင်မည်မဟုတ်။ သို့သော် ကျန်းမုန့်လောင်ကတော့ အကုန်လုံးကို ဖိတ်ကြားနိုင်ခဲ့သည့်အပြင် ဇာတ်ပို့နေရာတွင် ပျော်ပျော်ကြီးပါဝင်သီဆိုစေခဲ့သည်။
"မစ္စတာကျန်း.. နောက်ဆုံးတစ်ခေါက်ဖျော်ဖြေမှုအတွက် ခင်ဗျားဖိတ်ကြားခဲ့တဲ့ ဧည့်သည်တော်တွေအတွက် တော်တော်အားထုတ်လိုက်ရမှာပဲနော်"
မာဟွားက မဝံ့မရဲမေးလိုက်လေသည်။
"သိပ်မကြိုးစားလိုက်ရပါဘူး။ ရိုးရိုးလေးပါပဲ"
ကျန်းမုန့်လောင်က ရယ်သည်။
"တစ်ယောက်ကို ဒေါ်လာသန်းနှစ်ရာပေးလိုက်တော့ ဖုန်းတစ်ချက်ဆက်ရုံနဲ့တင် အကုန်လုံးကို ဖိတ်နိုင်ခဲ့တာပဲ"
"အဟွတ် အဟွတ်အ အဟွတ်"
မာဟွား အပြင်းအထန်ချောင်းဆိုးသွားရသည်။ တစ်ယောက်ကို ဒေါ်လာသန်းနှစ်ရာဆိုပါက ဤလူပမာဏဆိုလျှင် ကျန်းမုန့်လောင်အနေနှင့် ဖိတ်ကြားဖို့အတွက်သက်သက်တင် ဒေါ်လာဆယ်ဘီလီယံကျော် သုံးခဲ့ရသည်ဟူသော သဘောပင်။
မာဟွား၏စုစုပေါင်းပိုင်ဆိုင်မှုများမှာ ဒေါ်လာငါးဆယ်ဘီလီယံပင် မကျော်ချေ။ ငွေသားပိုင်ဆိုင်မှုဆိုလျှင် ဘီလီယံအနည်းငယ်မျှသာ ရှိ၏။ ကျန်းမုန့်လောင်ကလွဲလျှင် အခြားမည်သူမှ ယခုလိုလုပ်နိုင်မည်မဟုတ်။
"ကြည့်ရတာတော့ ဟွားမိသားစုက မတော်မတရားရှုံးနိမ့်ခဲ့ရတာမဟုတ်ဘူးပဲ"
မာဟွား တအံ့တဩရေရွတ်လိုက်ချေသည်။
"ဒါက ကလေးအကွက်တွေပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေ့ ရီရီရဲ့ဖျော်ဖြေမှုက နောက်ဆုံးတစ်ခေါက်တုန်းကထက်တောင် ပိုပြီးအံ့ဩဖို့ကောင်းဦးမှာ"
မာဟွား ကြက်သေသေသွားရသည်။ နောက်ဆုံးတစ်ခေါက် ဖျော်ဖြေမှုထက် ဘယ်အရာကများ ပိုအံ့ဩဖို့ကောင်းနိုင်မည်နည်း။ ဆင်းရဲမွဲတေမှုက သူ့စိတ်ကူးစိတ်သန်းများကို ကန့်သတ်ထားခြင်းလေလား။
"ဒါပေမဲ့ မစ္စတာကျန်း.. သတိထားမှဖြစ်မယ်နော်။ ဟွားမိသားစုက နောက်ခံအင်အားတော်တော်တောင့်တင်းတယ်ဗျ"
မာဟွားက ခါးသက်သက်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
"ဒီအစီအစဉ်အတွက် သူတို့ ကျုပ်ဆီကို ပထမဆုံးချဉ်းကပ်လာတုန်းက ကျုပ်မှာ သူတို့ကိုငြင်းဖို့ တော်တော်ဖိအားများလိုက်သေးတယ်"
သာမန်အခြေအနေများအောက်တွင် မာဟွားအနေနှင့် ဟွားမိသားစုကို မဆန့်ကျင်ရဲပေ။ သူတို့၏ဩဇာလွှမ်းမိုးမှုက နယ်ပယ်ကျယ်ပြန့်လှသည်ဖြစ်ရာ သူတို့ဘက်ကသာ သူ့ကို ပစ်မှတ်ထားချင်လျှင် အသာလေးလုပ်နိုင်ပေသည်။
မာဟွားခမျာ လောင်းကြေးထပ်ခဲ့ရသည်။ ကျန်းမုန့်လောင်၏နောက်ကွယ်ရှိ အင်အားစုများက ဟွားမိသားစုထက် ပိုသာသည်ဟု လောင်းကြေးထပ်ခဲ့ရသည်။
"ဒီရွေးချယ်မှုကတော့ တော်တော်ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်ပဲ"
ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"ဟွားမိသားစုက ဩဇာအာဏာကြီးမားတယ်လို့ ခင်ဗျားကတော့ ထင်နေမှာပဲ။ ဒါပေမဲ့ ကျုပ်အတွက်တော့ သူတို့က စာမဖွဲ့လောက်ပါဘူး"
"အပြောကြီးလိုက်တာ"
ထိုစကားဆုံးသည်နှင့် ဒေါသထွက်နေသော အသံတစ်သံက ကျန်းမုန့်လောင်၏အနောက်မှ ထွက်ပေါ်လာသည်။
ဟွားယဲ့က ဗီအိုင်ပီနေရာတွင် ရုတ်တရက်ကြီးပေါ်လာသောကြောင့် မာဟွားလည်း တစ်ကိုယ်လုံးတောင့်တင်းသွားချေသည်။
အဓိပ္ပာယ်တော့ရှိသည်။ ဟွားယွီဟန်၏ နောက်ဆုံးဖျော်ဖြေမှုကို ကြည့်ရန်အတွက် အစ်ကိုဖြစ်သူ ဟွားယဲ့ကလည်း လာလိမ့်မည်မဟုတ်လား။
"အဲ.. ကျုပ် ကိစ္စလေးတစ်ခုရှိတာ အခုမှသတိရတယ်။ အရင်သွားနှင့်မယ်နော်"
မာဟွားလည်း ပတ်ပတ်လည်ရှိ လေထုအခြေအနေက တင်းမာလာကြောင်း ခံစားမိသည်။
ကျန်းမုန့်လောင်အနေနှင့် နောက်ကွယ်မှာ တစ်စုံတစ်ယောက်အကြောင်း ပြောခြင်းမှာ အဆင်ပြေပေသည်။ သို့သော် ယခုလိုပက်ပင်းတိုးသွားခြင်းမှာမူ ရှက်စရာကောင်းလှသည်မဟုတ်လား။
ကျန်းမုန့်လောင် လှည့်ကြည့်လိုက်သောအခါ ဟွားယဲ့ကို ပထမဆုံးအကြိမ်မြင်လိုက်ရသည်။ သူတို့က သက်တူရွယ်တူဖြစ်ပြီး ရုပ်ရည်ချင်းလည်း သူမသာကိုယ်မသာပင်။ တောင့်တင်းသော မိသားစုနောက်ခံနှင့် ကိုယ်ရည်ကိုယ်သွေးများ ပိုင်ဆိုင်ထားလေရာ တစ်ဖက်လူသည် လူမှုအဖွဲ့အစည်းတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်မည်မှာ ကျိန်းသေပေါက်ပင်။
"အိုး.စိတ်စွမ်းအားရှင်လား"
ဟွားယဲ့၏ပတ်ပတ်လည်ရှိ စွမ်းအင်အတက်အကျများကို ကျန်းမုန့်လောင် ခံစားမိသည်။ ခန့်မှန်းခြေအားဖြင့် အဆင့်ခြောက်စိတ်စွမ်းအားရှင်တစ်ယောက်၏စွမ်းအားများပင်။ ဆေးဝါးများကို မှီဝဲခြင်းမရှိပါဘဲ ဤအသက်အရွယ်မျှဖြင့် ယခုလိုအစွမ်းထက်နေခြင်းမှာ လက်ဖျားခါလောက်သည်။
"ဒီတော့ မင်းက ကျန်းမုန့်လောင်ကိုး"
ဟွားယဲ့က ကျန်းမုန့်လောင်ကို မောက်မာပြီး ဖော်ရွေမှုကင်းမဲ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်တွင် အထင်အမြင်သေးဟန်အရိပ်အယောင်တို့ကလည်း ဖုံးကွယ်ထား၍ပင် မရချေ။
"ငါတို့ဟွားမိသားစုကို ထိပ်တိုက်ရင်ဆိုင်ရဲတာ မင်းက ပထမဆုံးပဲ"
"မင်းကတော့ သိပ်သနားဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်ကလည်း အားမနာပါဘဲ ပြန်ပက်လိုက်သည်။
"ငါနဲ့ စည်းစိမ်ချင်းလာပြိုင်ရဲတာ မင်းက ပထမဆုံးပဲ"
ဟွားယဲ့၏နှုတ်ခမ်းကား အနည်းငယ်တွန့်သွားချေသည်။ ထိုစကားကို သူ့မှာ ငြင်းလည်းမငြင်းဆန်နိုင်ပေ။
"ကျန်းမုန့်လောင်.. ငါတို့ဟွားမိသားစုကိုစော်ကားမိရင် ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာသိလား"
"မင်း ရူးနေတာလား"
ကျန်းမုန့်လောင်ခမျာ တဒင်္ဂမျှ ဆွံ့အသွားရသည်။
"ဘယ်သူက ဘယ်သူ့ကို လာရန်စနေတာမို့လို့လဲ။ မျှတတဲ့ပြိုင်ပွဲတစ်ခုမှာ မင်းက ညစ်တီးညစ်ပတ်နည်းလမ်းတွေ လာသုံးမှတော့ ဒီပရိုဂရမ်ရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ကြိုးစားတာ ငါ့အမှားလား"
"ငါတို့ဟွားမိသားစု ဘာပဲလုပ်လုပ် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဘယ်သူမှ မေးခွန်းမထုတ်ရဲဘူးကွ"
သူ့ဘက်က ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း ဟွားယဲ့ သိပါသော်ငြား အားနည်းချက်ကိုလည်း ထုတ်ပြမည်မဟုတ်ပေ။
"အခု ရှိလာပြီလေ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"မင်းတို့ဟွားမိသားစုက ဟွာရှားနိုင်ငံမှာ ဩဇာအာဏာညောင်းတယ်ဆိုတာနဲ့ပဲ လူတိုင်းကို အထင်သေးလို့ရတယ်လို့ မထင်လေနဲ့။ ငါ ထပ်ပြောလိုက်မယ်။ မင်းတို့မိသားစုက ငါ့အတွက်တော့ စာမဖွဲ့လောက်ဘူး"
"သိပ်ကောင်းတယ်"
ဟွားယဲ့က တစ်ယောက်တည်းပြုံးလျက် ပြောလိုက်သည်။
"နောက်လည်း မင်း အခုလိုဆက်ပြုံးနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"ငါ့ကို လာခြိမ်းခြောက်နေတာလား"
ကျန်းမုန့်လောင်၏ပတ်ပတ်လည်ရှိ အပူချိန်မှာ ရုတ်တရက်ကျဆင်းသွားသည်။ ယခုဆိုလျှင် သူ့အဆင့်က ဒဏ္ဍာရီလာအဆင့်သုံးကို ရောက်ရှိနေပြီဖြစ်ရာ သူ့စိတ်ခံစားချက်များက ပတ်ဝန်းကျင်လေထုကို အလွယ်လေးသက်ရောက်မှုဖြစ်ပေါ်စေနိုင်သည်။
"မင်း..မင်းက တကယ့်ကို သိုင်းပညာရှင်တစ်ယောက်ပဲ"
ကျန်းမုန့်လောင်ထံမှ ပြင်းထန်လှသော အတွင်းအားများစိမ့်ထွက်လာသည်ကို ဟွားယဲ့ ခံစားမိလိုက်သည်။ ထိုအတွင်းအားမှာ သူတွေ့ဖူးသမျှ သိုင်းပညာရှင်များထက် ပိုသန့်စင်ပေသည်။
"အသိသာကြီးပဲမဟုတ်လား။ မင်း ကန်းနေတာလား"
ကျန်းမုန့်လောင် သရော်လိုက်လေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်.."
ဟွားယဲ့က စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်သော်ငြား ရှေးဟောင်းသိုင်းပညာရှင်များအကြောင်းကိုလည်း တီးမိခေါက်မိရှိသည်။ ဒဏ္ဍာရီလာအဆင့်သုံးသိုင်းပညာရှင်တစ်ယောက်က အနည်းဆုံး အသက်ခုနစ်ဆယ်ရှစ်ဆယ်ကျော်သည်။ ကျန်းမုန့်လောင်က အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသည်။ ပါရမီအထူးကဲဆုံး စိတ်စွမ်းအားရှင်တစ်ယောက်ပင် ဤစွမ်းအားအဆင့်ကို ခပ်မြန်မြန်မရောက်ရှိနိုင်ချေ။
"ငါ အခု မပြုံးနိုင်သေးဘူးလို့ မင်း ထင်နေတာလား"
ကျန်းမုန့်လောင်က သွားဖြဲလျက် ရယ်လိုက်လေသည်။
"မင်းကိုယ်မင်း သိပ်တော်တတ်နေပြီလို့ထင်မနေနဲ့။ မင်းလိုကောင်မျိုး ဆယ်ယောက်လောက်ကို ငါတစ်ယောက်တည်း ယှဉ်တိုက်နိုင်တယ်"
**************