← Chapters

ကုချင်အစုတ်လေးတစ်ချောင်းရယ်ပါ

Vol. 30 Ch. 447

ကုချင်အစုတ်လေးတစ်ချောင်းရယ်ပါ

Vol. 30 Ch. 447

"ကျန်းမုန့်လောင်.. မင်း ဒီအသက်ဒီအရွယ်နဲ့ ဒီလိုခွန်အားမျိုးရထားတာ တော်တော်အထင်ကြီးဖို့ကောင်းပါတယ်။ ဒါပေမဲ့ မင်းက ဒါကို ဂုဏ်မောက်နေတာဆိုရင် ငါ မင်းကိုပြောထားမယ်။ ငါတို့ဟွားမိသားစုထဲမှာဆိုရင် မင်းက ဘာမှမပြောပလောက်ဘူး"

"မင်း ရူးနေတာလား"

ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။

"ငါတော့ ပြောစရာစကားကိုမရှိတော့ဘူး။ အစကနေ အဆုံးအထိ ပြဿနာရှာနေတာက မင်းပဲ။ လူတွေကို နည်းနည်းလောက်မှ အထင်မသေးလိုက်ရရင် သေသွားမှာမို့လို့လား"

"ကောင်းပြီလေ။ မင်းအတွက်နဲ့ လေကုန်ခံမနေတော့ဘူး"

ကျန်းမုန့်လောင်လည်း ဤကဲ့သို့သော လူစားမျိုးနှင့် စကားပြောနေဖို့ စိတ်မရှည်တော့ပေ။ ဤနေရာရှိ လူတိုင်းက ဒုတိယမျိုးဆက်လူချမ်းသာများဖြစ်၏။ သို့ဖြစ်လေရာ ဘာများကွာသွားလေသလဲ။ ဤလူများမှာ သူတို့ကိုယ်သူတို့‌ တော်ဝင်မိသားစုများ ထင်နေကြသလား။ လူတိုင်းကို သူတို့အနားမှာသာ ခစားနေစေချင်နေလေသလား။

ဟွားယဲ့က ကျန်းမုန့်လောင်ကို ကမ္ဘာမကျေရန်သူတစ်ယောက်အဖြစ် သတ်မှတ်ထားဟန်ပင်။ သို့သော် တကယ်တမ်းတွင် ကျန်းမုန့်လောင်ကတော့ သူ့ကို ရန်သူဟု သဘောမထားချေ။ အကြောင်းမှာ သူ့ရန်သူဖြစ်နိုင်လောက်သည့် အရည်အချင်းမျိုး ဘယ်သူ့ဆီမှာမှ မရှိပေ။

"စပြီဟေ့! စပြီ"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်မှာ တောက်ပလင်းလက်နေသော စင်မြင့်တစ်ခုတည်းသာ ဤကမ္ဘာပေါ်တွင် ရှိတော့သလိုပင်။

ဤပြိုင်ပွဲရှိ ပြိုင်ပွဲဝင်တိုင်းက သူတို့၏တူရိယာ၊ သူတို့၏ဂီတစွမ်းရည်နှင့် သူတို့၏အကကို ထုတ်ဖော်ပြသရန်အတွက် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။

ကျန်းမုန့်လောင်က မဲလိမ်ဖို့တွေးထားကြသူများကို လက်လျှော့သွားစေခဲ့သည်။ ထို့ပြင် ဟွားယဲ့ကို သင်ခန်းစာပေးခဲ့သည့်အဖြစ်ကလည်း မဲလိမ့်မည့် ထိုလူများအတွက် ဥပမာတစ်ခုဖြစ်လာခဲ့သည်။ ဤနှစ်"အနာဂတ်၏ရောင်နီဦး"အစီအစဉ်မှာ ဤနှစ်များအတွင်း အသန့်ရှင်းဆုံးပြိုင်ပွဲတစ်ခု ဖြစ်လာလေသည်။

ထို့ကြောင့်လည်း ပြိုင်ပွဲဝင်များအနေနှင့် မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့သည်။ ယနေ့ ဖျော်ဖြေမှုတွင်သာ သူတို့ အနိုင်ရခဲ့လျှင် သူတို့၏အနာဂတ်လည်း ဖြောင့်ဖြူးနေပေတော့မည်။

အစီအစဉ်တင်ဆက်သူ၏ အဖွင့်စကားအပြီးတွင် တစ်ယောက်ပြီးတစ်ယောက် ဖျော်ဖြေတင်ဆက်ကြသည်။ လူအုပ်ကြီးထံမှ လက်ခုပ်ဩဘာသံများကလည်း တဖွဲဖွဲပင်။

"ကဲ နောက်ဆုံးဖျော်ဖြေမှုအတွက် ဟွားယွီဟန်ကို ဖိတ်ခေါ်လိုက်ကြရအောင်"

ယခင်တုန်းက မဲလိမ်ခဲ့ဖူးသော်ငြား ဟွားယွီဟန်၏ ပရော်ဖက်ရှင်နယ်ဆန်သော စွမ်းရည်များကြောင့် ပရိသတ်အမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။ ရုတ်ခြည်းဆိုသလိုပင် ဟွားယွီဟန်ကို ထောက်ခံအားပေးသော ဆိုင်းဘုတ်လေးများက ခန်းမ၏ထောင့်နေရာပေါင်းစုံမှ လင်းလက်လာချေသည်။

စင်မြင့်အလယ်၌ ရှေးဟောင်းစန္ဒရားတစ်လုံး ထွက်ပေါ်လာသည်။ လူတိုင်းလည်း အလယ်ရှိ LEDဖန်သားပြင်မှတစ်ဆင့် ထိုစန္ဒရားကို အာရုံစိုက်ထားလိုက်ကြသည်။

"ဘာတွေဖြစ်နေတာလဲ? ဒီလောက်အိုဟောင်းနေတဲစန္ဒရားကြီးနဲ့ တီးတာလား။ လာနောက်နေတာလား"

"သစ်သားတွေကဖြင့် ဆွေးတောင်ဆွေးတော့မယ။ ဟွားမိသားစုရဲ့စည်းစိမ်နဲ့ စန္ဒရားကောင်းကောင်းလေးတစ်ခုလောက် မပြင်ဆင်နိုင်ဘူးလား"

"ကျန်းမုန့်လောင်နဲ့ မဲပြိုင်ဝယ်လိုက်တုန်းက ပိုက်ဆံအကုန်သုံးပစ်ခဲ့လို့များလား"

"ဟားဟားဟား… သူတို့တွေ ဒီလောက်တောင်နိမ့်ကျသွားပြီလား"

တီးတိုးသံများမှာ ပွဲကြည့်ပရိသတ်များအကြား ထွက်ပေါ်လာသည်။ ပတ်ပတ်လည်တွင် အဆိုးမြင်သော မှတ်ချက်များ ပေးနေကြသော်ငြား ဟွားယွီဟန်နှင့် ဟွားယဲ့တို့ကတော့ ခပ်ပြုံးပြုံးသာ။ အကြောင်းမှာ ကမ္ဘာကြီးက အနုပညာခံစားနိုင်စွမ်း ကင်းမဲ့ကြောင်း သူတို့သိထားသောကြောင့်ပင်။ မကြာခင်မှာပင် သူတို့၏လှောင်ပြောင်မှုက မည်မျှတုံးအကြောင်း သူတို့ကိုယ်တိုင် သဘောပေါက်သွားကြပေလိမ့်မည်။

"လှလိုက်တဲ့ဝတ်စုံ"

"ငါ ဒီဝတ်စုံကို အပတ်စဉ်ဖက်ရှင်မဂ္ဂဇင်းထဲမှာ မြင်ဖူးတယ်။ မီလန်ဖက်ရှင်ပွဲမှာ ထုတ်ပြခဲ့တဲ့ ပြင်သစ်ဒီဇိုင်နာတစ်ယောက်ရဲ့ နာမည်ကြီးဝတ်စုံလေ။ ငါကြားတာတော့ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က ဒီဝတ်စုံကို ဒေါ်လာ၆.၅သန်းနဲ့ လေလံတင်ခဲ့တာတောင် မရောင်းခဲ့ဘူးတဲ့"

"ဘုရားရေ..အိမ်တစ်လုံးစာကို အဝတ်အစားလုပ်ဝတ်လာတဲ့ နောက်တစ်ယောက်ပါလား"

"ဟင်? နောက်တစ်ယောက်လို့ ငါ ဘာလို့ပြောလိုက်တာပါလိမ့်"

……

ဟွားယွီဟန်က စန္ဒရားခုံပေါ်တွင် ထိုင်လိုက်သည်။ ပထမဆုံးနုတ်တစ်ချက် တီးခတ်လိုက်ချိန်မှာပင် ခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။ ၎င်းမှာ ဘီသိုဗင်၏ Moonlight Sonataဖြစ်၏။ ဟွားယွီဟန်က ဤသီချင်းကို ဤပြိုင်ပွဲအတွက် အထူးတလည်စီစဉ်ထားခြင်းဖြစ်သည်။

"ဒီအသံက ကြည်ရှင်းနေတာပဲနော်"

"ငါလည်း စန္ဒရားသင်ထားတယ်။ ဒီစန္ဒရားသံက အနည်းဆုံးတော့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စန္ဒရားက ထွက်တဲ့အသံပဲ"

"ဒီလောက်အိုဟောင်းနေတဲ့ စန္ဒရားကြီးက ဒီလိုအသံမျိုးထွက်နိုင်တယ်ပေါ့"

"ငါလည်း အဲဒါကိုနားမလည်တာ။ စန္ဒရားတွေက ဝိုင်တွေလိုမျိုး သက်တမ်းရင့်လေ အသံကောင်းလေပဲ။ အမြဲတမ်းတော့ ပိုသာနေတာမဟုတ်ဘူးပေါ့။ စန္ဒရားက ဆွေးမြည့်နေတယ်ဆိုရင်တော့ ပြောမရတော့ဘူး"

"တကယ်လား? မင်းတို့ မခံစားမိဘူးလား။ သူက ဘီသိုဗင်ရဲ့အမျိုးသမီးဗားရှင်းနဲ့တူတယ်"

"ခဏနေဦး။ ငါ အခုမှမှတ်မိတယ်"

ခန်းမထဲရှိ ပွဲကြည့်ပရိသတ်များပင်ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များပင်ဖြစ်စေ တစ်စုံတစ်ခုကို ရုတ်တရက်သဘောပေါက်လိုက်ပြီးနောက် သူတို့၏ဖုန်းများကိုထုတ်ကာ သတင်းအချက်အလက်တချို့ကို စတင်ရှာဖွေကြလေတော့သည်။

"ဒီ..ဒီစန္ဒရားက..ဘီသိုဗင်တီးခဲ့တဲ့စန္ဒရားနဲ့တူတယ်နော်"

သူတို့ဖုန်းထဲရှိ ဓာတ်ပုံများမှာ ဤစန္ဒရားနှင့် တစ်ပုံစံတည်းပင်။

"နှစ်ပေါင်းနှစ်ရာကျော် ပျောက်ဆုံးနေတဲ့ စန္ဒရားကြီးဟ!"

"ဟုတ်တယ်။ အဲဒီစန္ဒရားပဲ။ မင်းတို့မြင်ကြလား? အဲဒီစန္ဒရားပေါ်မှာ ဘီသိုဗင်လို့ ထွင်းထုထားတယ်။ ခြစ်ရာတွေနဲ့ သစ်သားအမျိုးအစားကတောင် တစ်ပုံစံတည်းပဲ"

"အမလေး.. ဒါတွေက နိုင်ငံတော်အဆင့် သမိုင်းဝင်လက်ရာတွေလား"

"ဝိုး.. နိုင်ငံတော်ရတနာတစ်ပါးနဲ့ စင်ပေါ်မှာ ဖျော်ဖြေတာပေါ့။ ဒါကြီးကတော့ အရမ်းမိုက်တာပဲ"

"သူ့ဘာသာ တီးလုံးပြောင်းလိုက်တာလား။ တီးလုံးက သိပ်သာယာနာပျော်ဖွယ်ကောင်းတာပဲ။ စာသားကလည်း မဆိုးဘူး"

"ကြည့်လိုက်.. သူ အခု တယောပြောင်းတီးနေပြီ"

"သိပ်ခမ်းနားတာပဲ"

ဟွားယွီဟန်၏ ဖျော်ဖြေမှုကြောင့် လူပေါင်းများစွာ အံ့အားသင့်သွားရသည်။ သူ(မ)၏တိုးတက်မှုမှာ ပြိုင်ပွဲတစ်ခုပြီးတစ်ခု သိသာလာသည်။ ဝါရင့်အနုပညာရှင်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အရည်အချင်းများအားလုံးကို ပိုင်ဆိုင်ထားသည်။

ဖျော်ဖြေမှုပြီးဆုံးသွားသောအခါ ပွဲကြည့်ပရိသတ်များထံမှ လက်ခုပ်ဩဘာသံများကလည်း အကြာကြီးညံစီနေခဲ့ပြီး ဟွားယွီဟန်အတွက် အားပေးသံများမှာ ကောင်းကင်ထိတိုင် ဆန်တက်နေတော့သည်။

"မစ္စတာကျန်း.. ကျုပ်ညီမလေးရဲ့ဖျော်ဖြေမှုက မဆိုးဘူးမလား"

ဟွားယဲ့က ကျန်းမုန့်လောင်ကို စိန်ခေါ်လေဟန်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သူ့ညီမ ဤအဆင့်အထိရောက်အောင် ဖျော်ဖြေနိုင်သည့်အတွက် ဟွားယဲ့ကိုယ်တိုင်ပင် အံ့ဩမိသည်။

"မဆိုးပါဘူး"

ကျန်းမုန့်လောင်ကလည်း ပေါ့ပေါ့ပါးပါးမှတ်ချက်ပေးလိုက်သည်။

"ဒါပေမဲ့ ရီရီနဲ့ယှဉ်လိုက်ရင်တော့ တော်တော်နောက်ကောက်ကျနေသေးတယ်"

"ဟမ့်! မင်း ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်ပါသေးတယ်"

ဟွားယဲ့ကလည်း ငေါ့တော့တော့ဖြင့် ပြောလေသည်။ သူ့ဘက်က အကုန်ပြီးပြည့်စုံအောင် လုပ်ပြထားပြီးပြီဖြစ်ရာ ကျန်းမုန့်လောင်ဘက်က လုပ်နိုင်ခဲ့လျှင်ပင် လိုက်တုပခြင်းမျှသာဖြစ်၏။

"လုရီယောင်ရဲ့ဖျော်ဖြေမှုကို ကြည့်ရှုခံစားလိုက်ရအောင်"

"ဝိုး"

ခန်းမထဲမှ လက်ခုပ်ဩဘာသံများ ဟိန်းသွားလေသည်။ ဤအစီအစဉ်ကို နှစ်လကျော်လောက် ရိုက်ကူးနေစဉ်အတောအတွင်း လုရီယောင်သည် ပရိသတ်အရေအတွက် သန်းနှစ်ဆယ်ကျော်ကို ကြောက်မက်ဖွယ်ကောင်းသောနှုန်းဖြင့် ရရှိလိုက်သည်။ ထိုအရေအတွက်မှာ နာမည်ကြီးအနုပညာရှင်တချို့ထက်ပင် သာသွားလေပြီ။

"ကြည့်လိုက်ဦး.. သူ ဘာကိုင်ထားတာလဲ။ ကုချင်လား"

"ထူးဆန်းလိုက်တာ.. သူက အဲဒီကုချင်နဲ့ ဖျော်ဖြေမလို့လား။ ငါတော့ ဒီလိုစတိုင်လ်မျိုးကို တစ်ခါမှမမြင်ဖူးဘူး"

"ဒါက မစ္စတာကျန်းရဲ့ခမ်းနားမှုနဲ့ယှဉ်လိုက်ရင် နည်းနည်းတော့ အားနည်းနေသလိုပဲ။ အနည်းဆုံးတော့ သူ ရှို့ပင် ဒါမှမဟုတ် လစ်ဇ်ရဲ့စန္ဒရားကို ယူလာရမှာမဟုတ်ဘူးလား။ လုရီယောင်လည်း စန္ဒရားတီးတတ်ပါတယ်"

သို့သော် ပထမတေးသွား စတင်တီးခတ်လိုက်ချိန်မှာပင် လူတိုင်း တိတ်ဆိတ်သွားလေတော့သည်။ ကုချင်၏အသံမှာ မှော်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်အလား လူတိုင်း၏အသိစိတ်ကို ညှို့ယူလိုက်သည်။

လုရီယောင်သီဆိုနေသော သီချင်းမှာ ရှေးဟောင်းသီချင်းတစ်ပုဒ်ပင်။ သူ(မ)၏ ချိုသာလှသောအသံလေးဖြင့် ကုချင်၏ သာယာနာပျော်ဖွယ်တေးသံကို ပေါင်းစပ်လိုက်သောအခါ လူတိုင်း၏မျက်စိရှေ့၌ အကနတ်ဘုရားမတစ်ပါး ဆင်းသက်လာသည့်အလား ထင်မှတ်မှားသွားရသည်။

"ဒါ… ဒါက စိတ်ကူးယဉ်ဘုံထဲကို ရောက်သွားတာလား"

ဟွားယဲ့၏နဖူးထက်တွင် ချွေးများဝေ့သီနေချေသည်။ အားကောင်းလှသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် စိတ်စွမ်းအားရှင်တစ်ယောက်အနေနှင့် ထိုအခိုက်အတန့်လေးမှာ သူ အိပ်မွေ့ချခံလိုက်ရသလို ခံစားလိုက်ရ၏။

သူ့ကိုယ်သူ သတိကပ်ထားဖို့ မည်မျှပင် ကြိုးစားနေပါစေ ကုချင်ဖန်တီးထားသော ကမ္ဘာထဲမှ ရုန်းမထွက်နိုင်ခဲ့ပေ။

"ဒီကုချင်က ညှို့ငင်နိုင်တယ်ဟ"

"ဒါ..ဒါက ဘယ်လိုအသံမျိုးလဲ"

"မဖြစ်နိုင်တာ"

မြို့ထဲရှိ လူကြီးတစ်သိုက်မှာ သူတို့၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ကြပြီးနောက် ထိုခန်းမရှိရာဆီသို့ လှမ်းကြည့်လိုက်မိကြသည်။

"ဒီလိုကုချင်အသံမျိုးက ရှေးဟောင်းအငွေ့အသက်တွေ ကိန်းအောင်းနေတာ။ ဒါက ရှေးဟောင်းလက်နက်ဖန်တီးရေးနည်းလမ်းနဲ့ လုပ်ထားတဲ့ တူရိယာများလား"

"မဟုတ်ဘူး။ ဟွာရှားသမိုင်းတစ်လျှောက်မှာ ဖုရှီကုချင်တစ်ခုတည်းကပဲ ဒီလိုသက်ရောက်မှုမျိုးရှိတာလေ။ ဒါပေမဲ့ ရသစုံရှိုးတစ်ခုမှာ ဖူရှီကုချင်က ဘယ်လိုလုပ်ပြီးပေါ်လာနိုင်မှာလဲ"

"ရှာကြည့်ကြ! မြန်မြန်ရှာကြည့်ကြ"

ထိုအခိုက်အတန့်တွင် မိသားစုပေါင်းများစွာက ချက်ချင်းရှာဖွေကြည့်ကြတော့သည်။

ဒဏ္ဍာရီထဲတွင် ဖုရှီကုချင်က ရွှမ်းယွမ်ဓားကဲ့သို့ အဆင့်လေးလက်နက်တစ်ခုဖြစ်ကြောင်း ဖော်ပြထားပြီး သူ့အသံမှာ ဆွဲဆောင်ညှို့ငင်နိုင်စွမ်းရှိပြီး ရန်သူများကိုပင် ညှို့ငင်နိုင်သဖြင့် စိတ်စွမ်းအားရှင်များနှင့် သိုင်းပညာရှင်များအတွက်တော့ အင်အားအကောင်းဆုံးလက်နက်တစ်ခုပင်ဖြစ်၏။

ကုချင်၏အသံကား အဆုံးတွင် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ထိုအခါမှသာ လူတွေအားလုံးလည်း သူတို့ ခန်းမထဲတွင် တစ်ချိန်လုံးရှိနေခဲ့ခြင်းဖြစ်ပြီး အစောတုန်းက စိတ်ကူးယဉ်ဘုံထဲသို့ ကျရောက်သွားကြောင်း သိလိုက်ရသည်။

"ဘယ်လိုလဲ။ ကျေနပ်ရဲ့လား"

အံ့ဩမှင်တက်နေသော ဟွားယဲ့ကို ကျန်းမုန့်လောင် လှည့်ကြည့်လိုက်သည်။

"မင်း.. ဒီတူရိယာက ဘယ်လိုတူရိယာမျိုးလဲ"

ဟွားယဲ့မှာ မနှစ်မြို့ဟန်ဖြင့် မေးလိုက်လေသည်။ စိတ်ထဲမှာ သူ ရှုံးတော့မည်ဖြစ်ကြောင်း သိနေပေသည်။

"ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ ကုချင်အစုတ်လေးတစ်ချောင်းပါ"

ကျန်းမုန့်လောင် ပြောလိုက်သည်။

"ငါတို့မိသားစုရဲ့ဂိုဒေါင်ထဲက ဆွဲထုတ်လာတာ။ ကြည့်ရတာတော့ အဲဒါကို ဖူရှီကုချင်ဆိုလား ဘာဆိုလား ခေါ်ကြတယ်ထင်တယ်.."

***************

All Chapters