ငါတို့က အပျော်သက်သက်ပြိုင်ပွဲဝင်တာ
Vol. 30 Ch. 448
"ဖူရှီကုချင်လား"
ဟွားယဲ့ မျက်လုံးပြူးသွားရသည်။
ဟွာရှားလူမျိုးမှန်လျှင် ဖူရှီကုချင်ကို မကြားဖူးသူဟူ၍ မရှိပေ။ ထိုနာမည်မှာ ဟွာရှားဒဏ္ဍာရီထဲတွင် ရွှမ်းယွမ်ဓားကဲ့သို့ နာမည်ကြီးသော မှော်ဝင်လက်နက်တစ်မျိုးပင်။
အခုအချိန်ထိတော့ ထိုလက်နက်၏တည်ရှိမှုကို အတည်မပြုနိုင်သေးသော်လည်း တကယ်ရှိခဲ့ပါက အနည်းဆုံးတော့ အဆင့်သုံး သို့မဟုတ် အဆင့်လေးလက်နက်တစ်ခု ဖြစ်ပေမည်။
ဤလက်နက်သာ ပေါ်ထွက်လာခဲ့လျှင် ဟွာရှားနိုင်ငံ၏ ဒုတိယကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားပေလိမ့်မည်။ မရေမတွက်နိုင်အောင် များပြားလှသော စိတ်စွမ်းအားရှင်များနှင့် ရှေးဟောင်းသိုင်းပညာရှင်များက ဤလက်နက်ကို အရယူရန်အတွက် အစွမ်းကုန်ကြိုးစားကြလိမ့်မည်သာ။
ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားခြင်းမှာ အာလူးပူပူတစ်လုံးနှင့် အလားသဏ္ဌာန်တူလှ၏။ သို့သော် ကျန်းမုန့်လောင်ကတော့ ဤအရာကို ထုတ်ဖော်ပြသရုံသာမက အဆိုပြိုင်ပွဲတစ်ခု၌ ဂီတတူရိယာအဖြစ် အသုံးပြုရန်မတွက်ပါ ယူလာခဲ့လေသည်။
ဒဏ္ဍာရီများအရ ဖူရှီကုချင်က စိတ်အစဉ်နှင့် စိတ်ဝိဉာဉ်ကို စိုးမိုးခြယ်လှယ်နိုင်သော ရတနာတစ်ပါးဟု ဖော်ပြထားသည်။ ထိုအရာမှာ စိတ်ကူးယဉ်ဘုံတစ်ခုကို ဖန်တီးနိုင်၏။ သူတို့မျက်စိရှေ့ရှိ ကျောက်စိမ်းရောင်လက်နေသော ရှေးဟောင်းကုချင်တွင် ထိုကဲ့သို့သော မှော်အစွမ်းမျိုး ပိုင်ဆိုင်ထားသည်မှာ သေချာပေသည်။
ဟွားယဲ့၏အကဲဖြတ်ချက်အရ ဤပစ္စည်းမှာ ဖုရှီကုချင်အစစ် ဖြစ်နိုင်ခြေများသည်။
ထိုသို့တွေးမိသောကြောင့် သူ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ အဆိုပြိုင်ပွဲတစ်ခုတွင် ပါဝင်ရန်အတွက် ဖူရှီကုချင်ကို အသုံးပြုခြင်းကား ခြင်ရိုက်ဖို့ အမြောက်ထုတ်လိုက်သည်နှင့် အလားသဏ္ဍာန်တူပေသည်။
ဘယ်လိုကောင်မျိုးက ဒါမျိုးလုပ်လို့လဲ?
ကျန်းမုန့်လောင်က ကောင်းကင်ဘုံ၏လက်ဆောင်ကို ဖြုန်းတီးနေခြင်းလေလား။
ဘီသိုဗင်၏စန္ဒရားက ရတနာတစ်ပါးဆိုသည်မှာ အမှန်ပင်။ သို့သော် ထိုအရာမှာ အလွန်ဆုံးရှိလှ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုမျှသာ ရှိ၏။ ဖူရှီကုချင်ကတော့ မှော်ဝင်လက်နက်တစ်ခုပင်။ ဤသည်မှာ ရိုက်ချက်ပြင်းလှသော တန်ပြန်တိုက်ခိုက်မှုပင် မဟုတ်လား။
လုရီယောင်၏ မဲအရေအတွက်က ဟွားယွီဟန်ကို အပြတ်အသပ်သာသွားသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့သော် ထိုအချိန်မှာပင် ဟွားယဲ့၏အာရုံက ပြိုင်ပွဲထံတွင် မရှိတော့ပေ။ ဟွားယွီဟန်က သူ့ချစ်ညီမလေးဖြစ်သော်ငြား ဖူရှီကုချင်၏ ပေါ်ထွက်လာမှုမှာ ထင်မှတ်မထားသော အဖြစ်အပျက်တစ်ခုပင်။
ဟွားမိသားစုက မွန်းတည့်နေအလား ကြီးပွားတိုးတက်ခဲ့သည်။ သူတိုသာ ဤဖူရှီကုချင်ကို အရယူနိုင်ခဲ့ပါက သူတို့မိသားစု၏ အမွေအနှစ်များလည်း သိသိသာသာတိုးပွားလာပေလိမ့်မည်။
ဟွားယဲ့က စကားတစ်ခွန်းမဆိုဘဲ ပွဲကြည့်စင်မှ ထွက်ခွာသွားလေသည်။ ကျန်းမုန့်လောင်ကတော့ သူ့ညီမရှုံးတာကိုမြင်ပြီး မျက်နှာပျက်အရှက်ရသောကြောင့် ထွက်ခွာသွားသည်ဟုသာ ထင်လိုက်မိသည်။ ဟွားယဲ့က ဖူရှီကုချင်ကို မျက်စိကျသွားကြောင်းကိုမူ လုံးဝသတိမထားမိပေ။
...
"အဖေ ကျွန်တော်ပါ"
ဟွားယဲ့က သူ့အဖေဟွားထျန်းကျယ်ကို ချက်ချင်းဖုန်းဆက်လိုက်သည်။ ဟွားထျန်းကျယ်က ဟွားမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်ပြီး အဆင့်ရှစ်စိတ်စွမ်းအားရှင်တစ်ယောက်လည်း ဖြစ်သည်။
ဟွာရှားနိုင်ငံရှိ စိတ်စွမ်းအားရှင်လောကတစ်ခုလုံးတွင် သူ့စွမ်းအားက လုံရှားအဖွဲ့ခေါင်းဆောင်ပြီးလျှင် ဒုတိယနေရာ၌ ချိတ်သည်။
"မင်း ယွီဟန်ရဲ့ကိစ္စတွေကို ဖြေရှင်းပေးနေရတာနဲ့ မအားဘူးမလား။ မင်း ငါ့ကိုတောင် မေ့နေပြီလို့ထင်နေတာ။ ငါ မင်း ဘယ်လိုသတိပေးခဲ့လဲဆိုတာ မမှတ်မိဘူးလား။ ခပ်လျိုလျိုနေဖို့ဆိုတာ ငါတို့ဟွားမိသားရဲ့ဘိုးဘွားတွေ ဆုံးမခဲ့တဲ့ နောက်ဆုံးစည်းမျဉ်းကွ။ အခု မင်း ဘာလုပ်လိုက်လဲဆိုတာ ကြည့်စမ်းပါဦး။ မသိရင် ဟွားမိသားစုအကြောင်း လူတွေမသိမှာကြောက်နေသလိုပဲ"
ဟွားထျန်ကျယ်၏လေသံထဲတွင် ဒေါသအရိပ်အယောင်များ ကိန်းအောင်းနေ၏။
ယခုနောက်ပိုင်းတွင် ဟွားယဲ့က အင်တာနက်ပေါ်ရှိ မကောင်းသတင်းများတွင် အဓိကဇာတ်လိုက်ဖြစ်နေချေသည်။ ကောင်းသတင်းသာဆိုလျှင် အဆင်ပြေသေးသည်။ သို့သော် မကောင်းသတင်းများသာ ထွက်လာခဲ့သည်။
"မင်း ယွီဟန်ကို အလိုလိုက်တာ လိုက်လို့ရပါတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ရှိရမယ်လေ"
"အဖေ.. ကျွန်တော် အရေးကြီးကိစ္စတစ်ခု ပြောစရာရှိတယ်"
ဟွားယဲ့က သူ့အဖေဟွားထျန်းကျယ်၏ ဆုံးမစကားကို ဖြတ်ပြောလိုက်သည်။
"ဘာလဲ"
ဟွားထျန်းကျယ်ကလည်း မေးလိုက်၏။
"ဖူရှီကုချင်နဲ့ချွတ်စွပ်တူတဲ့ ပစ္စည်းတစ်ခု ယွီဟန်တို့ပြိုင်ပွဲမှာ ပေါ်လာတယ်"
"ဘာ? ဖူရှီကုချင်လား"
ဟွားထျန်းကျယ်လည်း ချက်ချင်းမတ်တတ်ထရပ်လိုက်မိသည်။
ဟွားမိသားစုခေါင်းဆောင်တစ်ယောက်အနေနှင့် သူသည် အခြားသူများထက် ထိုအကြောင်းကို ပိုသိထားသည်။
ရွှမ်းယွမ်ဓားပင်ဖြစ်စေ သုန်ဟွမ်းနာရီပင်ဖြစ်စေ သို့မဟုတ် ဖူရှီကုချင်ပင်ဖြစ်စေ နေပစ်ခွင်းရေးလေးပင်ဖြစ်စေ ထိုအရာများမှာ ဒဏ္ဍာရီသက်သက်မဟုတ်ပေ။ ဒဏ္ဍာရီဟုခေါ်သော အရာများမှာ တကယ်မရှိသောအရာများမဟုတ်ချေ။ ထိုအရာများမှာ လေ့လာသင်ယူနိုင်သော စံနမူနာမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းပင်။
ဤနာမည်ကြီးမှော်ဝင်လက်နက်များမှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာတုန်းက ဟွာရှားနိုင်ငံ၏ ရှေးဟောင်းလက်နက်ဖန်တီးသူများ ဖန်တီးပြုလုပ်ခဲ့သော ရတနာများပင်။ ယခုအချိန်တွင် သမိုင်းကြောင်းတစ်လျှောက် ပျောက်ကွယ်နေရုံမျှသာ။
ရှားပါးရှေးဟောင်းစာပေများအရ ဖူရှီကုချင်မှာ အဆင့်လေးလက်နက်တစ်ခုဖြစ်ပြီး စိတ်စွမ်းအားဖြင့် အသက်သွင်းရခြင်းပင်။ ထိုလက်နက်ကို စိတ်စွမ်းအားဖြင့် အသက်သွင်းပြီး စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုနှင့် အလားသဏ္ဍာန်တူသော ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအဖြစ် အသွင်ပြောင်းသွားစေသည်။ သို့သော် ကြောက်ဖို့အကောင်းဆုံးမှာ ထိုအရာက လူတစ်ယောက်၏အတွေးကိုပါ ထိန်းချုပ်နိုင်စွမ်းရှိ၏။
ထိုကဲ့သို့သော အရာတစ်ခုက အဆိုပြိုင်ပွဲတစ်ခုတွင် ပေါ်လာသတဲ့လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
"သေချာလား?"
သူ့သားက စိတ်မချရသူတစ်ယောက်မဟုတ်ကြောင်း ဟွားထျန်းကျယ် ကောင်းကောင်းသိသည်။
"သေချာပါတယ်"
ဟွားထျန်းကျယ် ခေါင်းညိတ်ပြလိုက်သည်။
"သီချင်းသံထွက်လာတာနဲ့ ဒီနေရာမှာရှိတဲ့ လူအယောက်နှစ်သောင်းကျော်လုံး ဒီကမ္ဘာပေါ်မှာ တကယ်မရှိတဲ့ စိတ်ကူးယဉ်ဘုံကို ဆွဲခေါ်ခံလိုက်ရတာ"
"မင်းရောပဲလား"
"ဟုတ်တယ်"
ဟွားယဲ့ ဝန်ခံလိုက်ချေသည်။
"အဲဒီစိတ်ကူးယဉ်ဘုံကနေ ကျွန်တော် ဘယ်လိုမှရုန်းထွက်လို့မရခဲ့ဘူး"
"အဲဒီပစ္စည်းက ဘယ်သူ့လက်ထဲမှာလဲ"
ဟွားထျန်းကျယ် မေးကြည့်လိုက်သည်။
"ကျန်းမုန့်လောင်"
ဟွားယဲ့ ပြန်ဖြေလိုက်၏။
"ကမ္ဘာ့အချမ်းသာဆုံးလူ"
"ကမ္ဘာ့အချမ်းသာဆုံးလူလား"
ဟွားထျန်းကျယ် အတွေးများရလေတော့သည်။ သူ့သားက ဤလူ့လက်ချက်ကြောင့် ရှုံးနိမ့်ထားသည်ဖြစ်ရာ ဟွားထျန်းကျယ်လည်း ကျန်းမုန့်လောင်အကြောင်း စုံစမ်းထားခဲ့သေးသည်။
ဟွားယဲ့ထင်မထားလောက်သည့် အရင်းအမြစ်များကို သူ ထုတ်သုံးခဲ့ပါသည့်တိုင် သူနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုတော့ မရခဲ့ပေ။
"အဖေ.. ကျန်းမုန့်လောင်က ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်ပဲ"
"ဪ?"
ဟွားထျန်းကျယ်၏အကြည့်က ပိုနက်ရှိုင်းသွားလေသည်။ သူရထားသော သတင်းအချက်အလက်များအရ ကျန်းမုန့်လောင်က သာမန်လူတစ်ယောက်ပင်။ သူ့စည်းစိမ်က သူ့စွမ်းအားကို ဖုံးကွယ်ထားခြင်းဖြစ်နိုင်သည်။
"သူက ဘယ်အဆင့်လဲ"
"ဒဏ္ဍာရီလာအဆင့်ပါ.. ကျွန်တော်တို့ကြားက ခွန်အားကွာဟမှုက တော်တော်ကြီးတယ်။ အဲဒါကြောင့် အသေးစိတ်တော့ မစုံစမ်းနိုင်ခဲ့ဘူး"
"အသက်နှစ်ဆယ်အရွယ်လေးနဲ့ ဒဏ္ဍာရီလာအဆင့်တဲ့လား"
ဟွားထျန်းကျယ်လည်း အံ့သြထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"အဖေ.. ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပဲ"
ဟွားယဲ့ ဆိုလိုက်ချေသည်။
"ကျန်းမုန့်လောင်မှာ ပိုက်ဆံရှိလို့ သူခွန်အားက အထင်ကြီးဖို့ကောင်းတယ်ဆိုပေမဲ့ ကျွန်တော်တို့မိသားစုက သူ့ထက် ပိုအင်အားကြီးတယ်လေ။ အဲဒီဖူရှီကုချင်သာ ကျွန်တော်တို့လက်ထဲကို ရောက်လာရင်..."
"ဒါပေမဲ့ ကျန်းမုန့်လောင်ရဲ့နောက်မှာ ဘယ်လိုအင်အားမျိုးရှိနေမလဲဆိုတာ မင်းတွေးပြီးပြီလား"
ဟွားထျန်းကျယ် ပြန်ပြောလိုက်သည်။
"စဉ်းစားကြည့်လိုက်လေ… လုံရှားအဖွဲ့အစည်းထဲက စွမ်းအားကြီးတဲ့လူတွေအကုန်လုံးကို ကျွန်တော်တို့သိနေတာပဲ။ အဲဒီထဲမှာ ကျန်းမျိုးရိုးမှမရှိတာ။ ရှေးဟောင်းသိုင်းပညာရှင်လောကမှာ လတ်တလောတုန်းကမှ ကောင်းကင်ဘုံဖျားအဆင့်ကို တက်လှမ်းသွားနိုင်တဲ့ သိုင်းနတ်ဘုရားကလွဲရင် အသန်မာဆုံးပါဆိုတဲ့ လူတွေတောင် ဒဏ္ဍာရီလာအဆင့်ရှစ်ပဲရှိတာ။ ကျန်းမိသားစုဆိုတာလည်း မရှိဘူး။ သူ့မှာ နောက်ခံအင်အားတောင့်တင်းတယ်ဆိုရင်တောင် ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အတိုင်းအတာလောက်ပါပဲ"
"ငါတို့ဟွားမိသားစု ဘာလို့ လူမသိသူမသိနေနေရလဲဆိုတာ မမေ့နဲ့နော်"
ဟွားထျန်းကျယ် သတိပေးလိုက်သည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ငါတို့ ရန်မစသင့်တဲ့လူကို ရန်စခဲ့မိတယ်။ မင်းတို့ရဲ့ဦးလေး နဂါးဘုရင်လည်း ဘယ်ရောက်နေလဲဆိုတာ အခုအထိမသိရသေးဘူး။ ဟွာရှားနိုင်ငံက အကျယ်ကြီးပါ။ တစ်ခါတလေကျရင် ကိစ္စတွေက ထင်သလောက်မရိုးရှင်းဘူး"
"ဒါပေမဲ့ အဖေ.. ဒါက ဖူရှီကုချင်နော်"
ဟွားယဲ့က တိုက်တွန်းပြောဆိုလိုက်သည်။
"အဲဒီလက်နက်ရဲ့တန်ဖိုးနဲ့အစွမ်းကို မသိတဲ့ လူတစ်ယောက်ရဲ့လက်ထဲမှာ ထားရတာ သိပ်နှမြောဖို့ကောင်းတယ်"
"ကျန်းမုန့်လောင်က ပိုက်ဆံချမ်းသာရုံပဲရှိတာပါ။ ကျွန်တော်တို့သိထားသလောက်ဆိုရင် သူ အဲဒီဖူရှီကုချင်ကို တစ်နေရာရာက ဝယ်လာတာပဲဖြစ်မယ်။ သူ့မိသားစုနောက်ခံကလည်း ကျွန်တော်တို့ထင်ထားသလောက် ကြောက်စရာမကောင်းလောက်ပါဘူး"
"မင်း ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ"
ဖူရှီကုချင်၏ ဆွဲဆောင်မှုကို ဟွားထျန်းကျယ်ကိုယ်တိုင်ပင် တောင့်မခံနိုင်ပေ။
"ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်"
ဟွားယဲ့ အတိအလင်းကြေညာလိုက်သည်။
"ကောင်းပြီလေ"
ဟွားထျန်းကျယ်လည်း စိတ်ပိုင်းဖြတ်လိုက်တော့သည်။
"ငါ မင်းရဲ့ဦးလေးနှစ်ယောက်ကို ကူညီခိုင်းလိုက်မယ်။ အလုပ်ကို သေသေသပ်သပ်လုပ်လိုက်။ ငါတို့ ဖူရှီကုချင်ကိုသာရရင် ကျန်တဲ့ကိစ္စကို အကုန်ဖြေရှင်းနိုင်တယ်"
"ကျွန်တော် အဲဒီဖူရှီကုချင်ကို သေချာပေါက်ရအောင်ယူပေးမယ်"
ဟွားယဲ့ ဝမ်းသာလုံးဆို့နေချေသည်။
သူ့ဦးလေးနှစ်ယောက်က အဆင့်ခုနစ်စိတ်စွမ်းအားရှင်များပင်။ ဟွာရှားတစ်နိုင်ငံလုံးတွင် သူတို့ထက် ပိုအားကောင်းသူများမှာ အနည်းစုသာရှိ၏။
"ဖူရှီကုချင်… ငါသာ အဲဒါကိုရအောင်ယူနိုင်ရင် ဟွားမိသားစုရဲ့ခေါင်းဆောင်ဖြစ်ဖို့ သေချာသွားပြီ"
….
"မိန်းကလေးလု.. ကျွန်မတို့က ရှန်းရှီမီဒီယာကပါ။ ကျွန်မတို့ဘက်က ရှင့်ကို သန်းနှစ်ရာတန် တစ်နှစ်စာချုပ်ကို ကမ်းလှမ်းချင်လို့ပါ။ ကျွန်မတို့နဲ့ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်"
"ငတုံးတွေ မင်းတို့ အဲဒီသန်းနှစ်ရာကိုပြောတဲ့အချိန်မှာ နည်းနည်းလေးတောင်မရှက်ဘူးလား? မိန်းကလေးလု.. ကျွန်တော်တို့က Starry Skyမီဒီယာကပါ။ သန်းငါးရာနဲ့ကမ်းလှမ်းချင်ပါတယ်"
….
ဆုပေးပွဲအခမ်းအနား ပြီးဆုံးသောအခါ လုရီယောင်ကို အေးဂျင့်များနှင့် စီမံခန့်ခွဲရေးကုမ္ပဏီပေါင်းများစွာမှ လူသစ်ခန့်အပ်သူများက ဝိုင်းအုံနေသဖြင့် သူ(မ)မှာ ရှေ့မတိုးနိုင်ဖြစ်နေချေသည်။
"အနာဂတ်ရဲ့ရောင်နီဦး"အစီအစဉ်၏ ချန်ပီယံမှာ ရွှေငန်းလေးတစ်ကောင်အလားပင်။
"လမ်းဖယ်ကြပါ။ လမ်းဖယ်ကြ"
လုရီယောင် ပြောစရာစကားရှာမရဖြစ်နေစဉ်မှာပင် ကျန်းမုန့်လောင်က လမ်းကြောင်းဖန်တီး၍ ရောက်ချလာသည်။
"ပြန်သွားကြပါတော့ အားလုံးပဲ.."
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်တို့က အပျော်သက်သက်ပြိုင်ပွဲဝင်တာပါ။ ပိုက်ဆံပြတ်လပ်နေတဲ့လူတွေ မဟုတ်ပါဘူး"
****************