အပြောပဲရှိတယ် အနှစ်သာရမရှိဘူး
Vol. 30 Ch. 450
"ငါတို့ အိမ်ပြန်မှာမဟုတ်ဘူးလား"
လုရီယောင်က စူးစမ်းလိုဟန်ဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။ သူတို့ ယခုဦးတည်နေသော နေရာကား ကျန်းမုန့်လောင်၏အိမ်နှင့် ဆန့်ကျင်ဘက်လမ်းကြောင်း ဖြစ်နေပေသည်။
"ငါတို့နောက်မှာ လူတချို့ ကပ်ပါလာတယ်။ သူတို့ကို အရင်ရှင်းလိုက်ဦးမယ်"
ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"နောင်ယောင်ခံလိုက်နေတာလား"
လုရီယောင် အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့နောက်မှ လိုက်လာသော ကားကို အလွန်ရင်းနှီးနေပေသည်။ ကြည့်ရသည်မှာ သူတို့နောက်ကိုလိုက်လာတာ အတော်ကြာနေပုံပင်။
"ငါတို့ ရဲခေါ်လိုက်ကြမလား"
"မလိုဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ရဲတွေကလည်း ဒီလူတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်သလို သူတို့ဆီက တရားမျှတမှုကိုလည်း ရမှာမဟုတ်ဘူး"
"သူတို့က နင့်ကိုပြန်ပေးဆွဲဖို့ ရောက်လာတာလား"
ထိုအချက်အပြင် လုရီယောင် အခြားအကြောင်းအရာကို မတွေးမိပေ။ ဤလူများမှာ သူ(မ)နောက်ကို လိုက်လာတာတော့ မဟုတ်ပေ။ သူ(မ)က ပရိုဂရမ်း၏ချန်ပီယံဆုကို ရထားသည့်တိုင် အမြတ်အစွန်းများသော စာချုပ်ပေါင်းများစွာကို ငြင်းဆိုခဲ့ပေသည်။
"သူတို့က ဒီကုချင်နောက်ကို လိုက်လာတာ"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"ဖူရှီကုချင်ကိုလား"
"ဒီပစ္စည်းက.. ဟွာရှားနိုင်ငံရဲ့ ထိပ်တန်းမှော်ဝင်လက်နက်ဆယ်မျိုးဖြစ်နေတာ သမိုင်းနဲ့ယဉ်ကျေးမှုတန်ဖိုးတစ်ခုတည်းကြောင့်တင်မဟုတ်ဘူး"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"ထူးခြားတဲ့လူတချို့ရဲ့လက်ထဲမှာဆိုရင် ဒီပစ္စည်းက သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဖြစ်လာနိုင်တယ်"
"ဒီကမ္ဘာပေါ်မှာ ကျင့်ကြံသူတွေနဲ့ စိတ်စွမ်းအားရှင်တွေရှိတယ်လို့ ပြောမလို့လား"
သာမန်မိန်းကလေးများနည်းတူ လုရီယောင်လည်း ဝတ္ထုများနှင့် သိပ္ပံရုပ်ရှင်များကို ကြည့်ရှုရခြင်းအား သဘောကျနှစ်သက်သည်။ သူ(မ)၏စိတ်ထဲတွင်လည်း အမျိုးမျိုးသော စိတ်ကူးယဉ်ဇာတ်လမ်းများနှင့် ပြည့်နှက်နေပေသည်။
သို့သော် ဤတစ်ခေါက်မှာတော့ သူ(မ)၏ခန့်မှန်းချက်က မှန်သွားသည်။
"အာ! ကျန်းမုန့်လောင် အရှေ့မှာ လူတစ်ယောက်ရှိတယ်"
ကားက တိတ်ဆိတ်ပြီး တောနက်သော ဆင်ခြေဖုံးဧရိယာထဲသို့ ရောက်လာသောအခါ ပုံရိပ်တစ်ခုက လမ်းမထက်၌ ရုတ်တရက်ထွက်ပေါ်လာသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ ဘရိတ်မနင်းပါဘဲ လီဗာကိုသာ ဖိနင်းထားသည်။ မည်သို့ပင်ဖြစ်စေ ထိုလူ သေနိုင်မည်မဟုတ်ချေ။
"ဒုန်း!"
အနက်ရောင်ပုံရိပ်ကား ထွက်ပြေးပျောက်ကွယ်သွားသည်။ လူတစ်ယောက်ကိုမြင်လိုက်ရချိန်မှာ ကျန်းမုန့်လောင်ဘက်က ဘရိတ်မနင်းဘဲ လီဗာကိုသာ ဖိနင်းလိုက်လိမ့်မည်ဟု ဟွားယဲ့ လုံးဝထင်မထားပေ။
ဒီလူက တကယ်ရူးနေတာပဲ!
ကံကောင်းချင်တော့ သူက အစွမ်းထက်သည့် စိတ်စွမ်းအားရှင်တစ်ယောက် ဖြစ်နေပေသည်။ သူ ထုတ်လွှတ်နေသောစွမ်းအားက သူ့ပတ်ပတ်လည်တွင် မမြင်နိုင်သော အကာအကွယ်တံတိုင်းတစ်ခု ဖန်တီးထားသည်။ ထို့ကြောင့် တစ်နာရီကို ၁၂၀မိုင်နှုန်းဖြင့် မောင်းနှင်လာသော ကားတစ်စီးက သူ့ကို ဘာအန္တရာယ်မှမပေးနိုင်ခြင်းပင်။
သို့သော် ကျန်းမုန့်လောင်၏ကားကတော့ သိပ်ကံမကောင်းချေ။ သီးသန့်ထုတ်လုပ်ထားသော Koenigsegg၏ ကားရှေ့ပိုင်းမှာ သိသိသာသာချိုင့်ဝင်သွားပြီး လေကာမှန်လည်း ကွဲသွားသည့်အပြင် လေအိတ်များလည်း ထွက်လာချေသည်။
ကျန်းမုန့်လောင်က သူ့ကိုယ်သူနှင့် လုရီယောင်ကို ကာကွယ်ရန်အတွက် အတွင်းအားကို ထုတ်သုံးလိုက်သည်။ ထို့ကြောင့် လုရီယောင်ခမျာ ထိတ်လန့်သွားရုံမှလွဲ၍ ဘာမှမထိခိုက်လိုက်ပေ။
"သူ..သူ ဘာမှမဖြစ်ဘူး"
အကောင်းအတိုင်းရှိနေသေးသော ဟွားယဲ့က သူတို့နားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ လုရီယောင် အတန်ငယ်ထိတ်လန့်သွားသည်။
တစ်နာရီလျှင် ၁၂၀မိုင်နှုန်းဖြင့်မောင်းနှင်လာသော ကားတစ်စီးက သာမန်လူတစ်ယောက်ကိုသာ ဝင်တိုက်မိပါက ယခုလောက်ဆိုလျှင် ဘဝကူးနေလောက်ပြီဖြစ်၏။ သို့သော် ဤလူကတော့ ဆယ်မီတာကျော်အထိ လွင့်ထွက်သွားသည့်တိုင် ဘာမှမဖြစ်ဘဲ လမ်းလျှောက်နိုင်နေဆဲပင်။
ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ?
"မင်း ခုနတုန်းက ငါ့ကိုမေးလိုက်တဲ့မေးခွန်းကို မှတ်မိလား"
ကျန်းမုန့်လောင်က လုရီယောင်၏ခေါင်းကို ထိလိုက်သည်။
"ကျင့်ကြံသူတွေ စိတ်စွမ်းအားရှင်တွေဆိုတာ ဒီကမ္ဘာပေါ်မှာ တကယ်ရှိတယ်"
မယုံနိုင်စရာကောင်းသော ဤမြင်ကွင်းကို ယခုလေးတင် သူ(မ)ကိုယ်တိုင် မြင်တွေ့လိုက်ရပါသော်ငြား ကျန်းမုန့်လောင်၏စကားများကို ကြားလိုက်ရချိန်မှာလည်း အံ့ဩမိဆဲသာ။
"ဟေး.. မင်းကြောင့် ငါ့ကား ပျက်စီးသွားပြီ။ ပြန်လျော်ပေး"
ကျန်းမုန့်လောင်က အရှေ့ရှိ ဟွားယဲ့ကို အော်ဟစ်လိုက်သည်။
"ဒါက သီးသန့်ထုတ်လုပ်ထားတဲ့ Koenigseggကွ။ ဒီလိုပျက်စီးသွားတော့ မောင်းလို့မရတော့ဘူး။ ဒေါ်လာ၁၂၅သန်းပဲ။ ZFBလား ဒါမှမဟုတ် ဘဏ်ကလွှဲမှာလား"
ဟွားယဲ့၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေချေသည်။ ကျန်းမုန့်လောင် ဘရိတ်မနင်းလိုက်တာက အဆင်ပြေသေးသည်။ သို့သော် ထိုကားကို သူက ဖျက်ဆီးပစ်လိုက်သည်ဟု ဆိုလာသတဲ့လား။ ကားက လူကို ဝင်တိုက်ခြင်းမဟုတ်ဘဲ လူက ကားကို ဝင်တိုက်သည်ဟု ဘယ်ကမ္ဘာမှာများ ကြားဖူးသလဲ။
"ငါ့ကားမှာ ကင်မရာပါတယ်နော်။ မင်းက ငါ့ရှေ့မှာ ရုတ်တရက်ကြီးပေါ်လာတာ။ ဒီနေရာရဲ့ ကန့်သတ်ထားတဲ့မြန်နှုန်းကလည်း တစ်နာရီကို ၁၂၀မိုင်တဲ့။ ငါက တစ်နာရီကို ၁၁၇မိုင်နှုန်းနဲ့ မောင်းနေခဲ့တာ။ တကယ်လို့ ငါ မင်းကို သတ်မိသွားရင်တောင် ငါ့မှာ တာဝန်မရှိဘူး"
"ကျန်းမုန့်လောင်!"
ဟွားယဲ့က စကားပေါသူများကို မုန်းတီးပေသည်။
"အပိုတွေတော်လိုက်ကြရအောင်။ ငါ ဒီနေ့ ဘာလို့ရောက်လာတာလဲဆိုတာ မင်းသိပါတယ်။ ဖူရှီကုချင်ကို ငါ့ကိုပေးလိုက်။ ဒါဆိုရင် ဟွားမိသားစုကို စော်ကားထားတဲ့ကိစ္စအတွက် ငါ မင်းကို ခွင့်လွှတ်ပေးမယ်"
"ငါ့ကားကိုသာ ပြန်လျော်စမ်းပါ။ ငါ့ရှေ့မှာ မာန်တက်ပြခဲ့တာကို မေ့ပစ်ပေးမယ်"
ကျန်းမုန့်လောင်ကလည်း ရိုင်းရိုင်းပျပျပင် ပြန်ပြောလိုက်သည်။
"ကျန်းမုန့်လောင်..မင်းက ငါ့ထက် ပိုအင်အားတောင့်တယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ မင်းက အင်အားအတောင့်တင်းဆုံးတော့ မဖြစ်နိုင်ဘူး"
ဟွားယဲ့က သုန်မှုန်နေသော အမူအရာဖြင့် ပြောလိုက်၏။
"မင်းက ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်ဆိုတော့ လုံရှားအဖွဲ့အစည်းဆိုတာကိုတော့ ကြားဖူးမှာပဲ။ ငါတို့ဟွားမိသားစုက စီးပွားရေးနဲ့ နိုင်ငံရေးအပိုင်းမှာပဲ အာဏာရှိတယ်လို့ ထင်ချင်ထင်ရလောက်တယ်။ ဒါပေမဲ့ တကယ်တော့ ငါတို့ရဲ့ပင်မမိသားစုဝင်တွေအကုန်လုံးက လုံရှားအဖွဲ့အစည်းထဲက အဆင့်မြင့်အရာရှိတွေကွ"
"သြော်? အဲဒီတော့ ဘာဖြစ်လဲ"
ကျန်းမုန့်လောင်လည်း အထင်အမြင်သေးဟန်ဖြင့် မေးလိုက်သည်။
"လုံရှားဆိုတာက ဘာလဲ"
လုရီယောင်အနေနှင့် အကြောင်းအရင်းကို မသိသော်ငြား ယခုလိုအခြင်းအရာမျိုးနှင့် ကြုံရချိန်မှာပင် သူ(မ)၏စိတ်ထဲတွင် အကြောက်တရားကင်းစင်နေပြီး သိချင်စိတ်တို့သာ ပြင်းပြနေချေသည်။
"အဲဒါက နိုင်ငံတော်ရဲ့ အထူးအဖွဲ့အစည်းတစ်ခုလေ။ အဲဒီအဖွဲ့အစည်းထဲက လူတွေက မင်းပြောတဲ့ အထူးစွမ်းရည်ပိုင်ရှင်တွေပေါ့"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"တချို့က မီးကိုထုတ်လွှတ်နိုင်တယ်။ တချို့ကတော့ ရေကိုထုတ်လွှတ်နိုင်တယ်။ တချို့က ကိုယ်ပျောက်နိုင်တယ်။ သူတို့ကို ကာလာဘက်ရှ်ညီအစ်ကိုတွေနဲ့တူတယ်လို့ မှတ်ထားလို့ရတယ်"
ဟွားယဲ့၏နှုတ်ခမ်းအစုံကား ဆတ်ခနဲတွန့်သွားရသည်။ တစ်စုံတစ်ယောက်က လုံရှားအဖွဲ့အစည်းကို "ကာလာဘက်ရှ်ညီအစ်ကိုများ"ကဲ့သို့ ကလေးဆန်သောအရာများနှင့် နှိုင်းယှဉ်ထားပေသည်။ သူကတော့ဖြင့် လုံရှားအဖွဲ့အစည်းထဲသို့ ဝင်ရောက်နိုင်ခြင်းကို ဂုဏ်ယူစရာကိစ္စတစ်ခုဟု အမြဲမှတ်ယူထားခဲ့သည်။
"ထူးဆန်းလိုက်တာ.. သူတို့က လုံရှားအဖွဲ့အစည်းထဲကဆ်ိုရင် ငါ့ကို မမှတ်မိစရာ အကြောင်းမရှိပါဘူး"
ကျန်းမုန့်လောင် သိချင်မိသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကိုင်ဘွန်နိုင်ငံကို သူ ဖြေရှင်းခဲ့သည့်အဖြစ်ကြောင့် လုံရှားအဖွဲ့အစည်းဘက်ကလည်း သူ ဘယ်သူဆိုတာကို သိထားသင့်ပေသည်။
"မစ္စတာကျန်း.. အဲဒီဖြစ်ရပ်ကို လုံရှားအဖွဲ့အစည်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတာပါ။ အဲဒါကြောင့် ပါဝင်ပတ်သက်သူတွေကလွဲရင် လူကြီးမင်းရဲ့ခွန်အားကို ဘယ်သူမှမသိပါဘူး"
ယဲ့ရင်က ကျန်းမုန့်လောင်အား တီးတိုးဆိုလျက် ရှင်းပြလာသည်။
"မထူးဆန်းတော့ပါဘူး။ သူတို့ ဘာလို့များ ဒီလောက်ရဲတင်းရတာလဲလို့ တွေးနေတာ"
"ကျန်းမုန့်လောင်.. မင်းက စကားပြောကောင်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါ ဒီတစ်ခေါက် မင်းနဲ့ စကားရည်လာလုတာမဟုတ်ဘူး။ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ဖူရှီကုချင်ကို ငါ့လက်ထဲထည့်ပေးလိုက်။ မင်း ဆက်ယူထားရင် သူ့တန်ဖိုးလည်း အလကားဖြစ်သွားလိမ့်မယ်"
"ငါလည်း မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်"
ကျန်းမုန့်လောင်က ဖုန်းထုတ်လိုက်သည်။
"အပျက်အစီးတွေအတွက် မြန်မြန်လျော်ပေးတော့။ မင်းရဲ့Alipayကို ငွေလွှဲနိုင်တဲ့ပမာဏမြှင့်ပေးဖို့ မစ္စတာမာကို ငါ ဖုန်းဆက်လိုက်မယ်"
"မင်းက သေချင်နေတာပဲ!"
ဤတစ်ခေါက်မှာတော့ ဟွားယဲ့ တကယ်ဒေါသထွက်သွားသည်။ တည်ကြည်လေးနက်သော သူ့စရိုက်က ကျန်းမုန့်လောင်၏ ဟာသများနှင့် ပက်ပင်းတိုးသောအခါ စော်ကားခံလိုက်ရသလို ခံစားရသည်။
သို့သော် သူ့ခွန်အားက ကျန်းမုန့်လောင်ထက် အားနည်းနေမှန်း သူ ကောင်းကောင်းသိသည်။
"ဦးလေးတို့.. အခု ဦးလေးတို့ရဲ့အကူအညီကို လိုလာပြီ"
"ကိစ္စမရှိပါဘူး!"
ကြံ့ခိုင်သန်မာသော ပုံရိပ်နှစ်ခုက ညကောင်းကင်ယံထက် ပေါ်ထွက်လာချေသည်။
"ဖူရှီကုချင်က ကမ္ဘာပေါ်မှာ တကယ်ရှိတယ်ဆိုတာ မယုံနိုင်စရာပဲ။ ကြည့်ရတာတော့ ငါတို့ဟွားမိသားစု ကံတက်ချိန်တန်ပြီထင်တယ် ဟားဟားဟား!
"ဒဏ္ဍာရီလာအဆင့်သုံးတဲ့။ ဒီအသက်ဒီအရွယ်လေးနဲ့ ဒီလိုခွန်အားမျိုးရထားတာ အထင်ကြီးချင်စရာပဲ။ ဒါပေမဲ့ ငါတို့ရှေ့မှာဆိုရင် အဲဒါတွေလည်း အသုံးမဝင်ဘူး"
"ဘယ်သူက ဟာသတွေလာပြောနေတာလဲ"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"ဟားဟားဟား.. ကျန်းမုန့်လောင်! သူတို့နှစ်ယောက်က ငါတို့ဟွားမိသားစုရဲ့ ပင်မမိသားစုဝင်တွေပဲ။ နှစ်ယောက်စလုံးက အဆင့်ရှစ်စိတ်စွမ်းအားရှင်တွေချည်းပဲ။ ဦးလေးနှစ်ယောက်ကိုယ်တိုင် မင်းကို ထိပ်တိုက်ရင်ဆိုင်ပေးတာနဲ့တင် တော်တော်မျက်နှာသာပေးရာရောက်နေပြီ"
ဟွားယဲ့ ရယ်လိုက်မိ၏။ ကျန်းမုန့်လောင်က ဖြုံချင်စရာကောင်းပါသော်ငြား ဤဦးလေးနှစ်ယောက်နှင့် ယှဉ်လိုက်လျှင် ဘာမှမပြောပလောက်ပေ။
တကယ်တမ်းတွင် ဤလူနှစ်ယောက်နှင့် သူ့ဦးလေးနောက်တစ်ယောက်က သုံးမြွှာပူးများပင်။ သူတို့သုံးယောက်ကို ငယ်ငယ်လေးကတည်းက ဟွားယဲ့၏အဘိုးက မွေးစားခဲ့ခြင်းပင်။ သူတို့သုံးယောက်စလုံးက ထူးခြားလှသောစွမ်းရည်များဖြင့် မွေးဖွားလာခဲ့ကြသည်။ ထို့ပြင် အရည်အချင်းများကလည်း ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
အမြွှာအကြီးဆုံးဟွားချိုးယွင်က သူ့ခန္ဓာကိုယ်ကို ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်အတွင်း ဝှက်ထားနိုင်စွမ်းရှိ၏။ သူဟာ မွေးရာပါလုပ်ကြံရေးသမားနှင့် လူသတ်သမားတစ်ယောက်ပင်။ သူသည် စိတ်စွမ်းအားရှင်များအကြားတွင် နာမည်ဆိုးနှင့်ကျော်ကြားသော လူသတ်သမားအသူရာအဖြစ် လူသိများလေသည်။
အလတ်ကောင်ဟွားချိုးဖုန်းက စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရှိ၏။ သူသည် ဓားများနှင့် လှံတံများပင် မထိုးဖောက်နိုင်သော သံချပ်ကာတစ်ခုကို သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဖန်ဆင်းနိုင်ပြီး ဤစွမ်းအင်ကို ဆယ်မီတာအမြင့်ရှိသော ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းလည်း ရှိ၏။ ထိုဘီလူးကလည်း စိတ်စွမ်းအားရှင်များအကြား အသူရာဟူသောဂုဏ်ပုဒ်ကို ကိုင်စွဲထားသည်။
အငယ်ဆုံးဟွားချိုးယွီကတော့ ရေကိုထိန်းချုပ်နိုင်သော စိတ်စွမ်းအားရှင်တစ်ယောက်ပင်။ သူသည် လေထုထဲရှိ ရေငွေ့များကို ရေခဲလှံတံများအဖြစ် အသွင်ပြောင်းပြီး ရန်သူများကို ထိုးဖောက်နိုင်သည်။
သို့သော် လွန်ခဲ့သည့်ဆယ်နှစ်တုန်းက အငယ်ဆုံးဦးလေးဟွားချိုးယွီက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သောကြောင့် သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ဟွားမိသားစု၏ လက်ရှိအဆင့်အတန်းမှာ သူတို့နှစ်ယောက်၏ကျေးဇူးများကြောင့် ရထားခဲ့ခြင်းပင်။
"ကျန်းမုန့်လောင်! လုံရှားအဖွဲ့ခေါင်းဆောင်ကလွဲရင် ငါ့ဦးလေးနှစ်ယောက်ကို ရင်ဆိုင်နိုင်တဲ့လူ မရှိဘူး။ အားကုန်ခံမနေနဲ့။ မင်းက ထက်မြက်ပြီးသားပါ။ ခွန်အားကွာခြားချက်က ဘယ်လောက်ရှိလဲဆိုတာ သိပြီးသားပဲ။ ခုခံတိုက်ခိုက်တာမျိုးမလုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်"
ဟွားယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
"ယဲ့ရင်.. ဒီနှစ်ယောက်ကို ငါ့မျက်စိရှေ့က ရှင်းပစ်လိုက်"
ကျန်းမုန့်လောင် အမိန့်ပေးလိုက်ချေသည်။ သူတို့နှစ်ယောက်ကို သူကတော့ မမြင်ရသော်ငြား ယဲ့ရင်ကတော့ မြင်ရပေသည်။
"အား!"
"အာ့!"
အော်ဟစ်သံနှစ်သံက ရုတ်တရက်ပဲ့တင်ထပ်လာသည်။ ထို့နောက် ပုံရိပ်နှစ်ခုက ကျန်းမုန့်လောင်ရှေ့သို့ ဝက်သေများအလား ပြုတ်ကျလာသည်။
"ဟာသပဲ!"
ကျန်းမုန့်လောင်က စက်ဆုပ်ရွံရှာဟန် အကြည့်တစ်ချက်ကို ထုတ်ပြလိုက်သည်။
"ဟွိုက်ကျဲတို့အဖွဲ့နဲ့ယှဉ်ရင် သူတို့က အဆင့်တောင်နိမ့်နေသေးတယ်။ အလကားအပြောသက်သက်ပဲ.. ဘာအနှစ်သာရမှမရှိဘူး"
***************