သူ ဘယ်သူ့ကိုစော်ကားမိထားတာလဲ
Vol. 30 Ch. 437
"ဟင်း... ဒီတစ်ယောက်က မဆိုးဘူး။ ရုပ်လည်းချောတယ်။ ခြေတံလည်း လှတယ်။ ဟုန်းရီ...သူ့ကို မဲတစ်သန်းပေးလိုက်"
"အမလေး... ဒီဂျီမွန်သီချင်းကိုဆိုတာလား။ အဲဒါ ငါ အရမ်းကြိုက်တဲ့သီချင်းပဲ။ ဝမ်ယွီဖေး... ဒီနာမည်ကို မှတ်ထားရမယ်။ ဒီလူက သေချာပေါက်တိုးတက်ရမဲ့လူတစ်ယောက်။ ဟုန်းရီ.. ဒီတစ်ယောက်ကိုလည်း မဲတစ်သန်းပေးလိုက်"
"သူ့ကို ဘာလို့အရမ်းရင်းနှီးနေရတာလဲ။ ငါ သူ့ကို ဘယ်မှာမြင်ဖူးတာပါလိမ့်"
ကျန်းမုန့်လောင်က သူနှင့်သက်တူရွယ်တူ မိန်းကလေးတစ်ယောက်၏ ဖျော်ဖြေမှုကို ပြန်ကြည့်နေသည်။
"မစ္စတာကျန်း...ဒီပြိုင်ပွဲဝင်ရဲ့နာမည်က လော့ချင်းပါ။ သူက မစ္စတာကျန်းရဲ့ အလယ်တန်းကျောင်းတုန်းက အတန်းဖော်တစ်ယောက်လေ။ ကျွန်မတို့ သူ့ကို ကိုင်ဘွန်ခရီးစဉ်ကိုလိုက်ခဲ့ဖို့ ဖိတ်ကြားခဲ့ပေမဲ့ သူကတော့ ဒီအစီအစဉ်မှာ ပါဝင်ချင်တဲ့အတွက် ငြင်းခဲ့ပါတယ်"
"ဪ... ဒီလိုကိုး"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
"သူ့ကိုရင်းနှီးနေပါတယ်လို့ တွေးနေတာ။ သူ ပွဲဦးထွက်ရမှဖြစ်မယ်။ သူ့ကို ဒုတိယနေရာရောက်အောင် တင်ပေးလိုက်။ ဒီလောက်ဆိုရင် အဆင်ပြေပြီ"
"ဒီအကကဘာလဲဟ။ မသန်စွမ်းသူတွေအတွက် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလား။ ကိစ္စမရှိပါဘူး... သူ့ကို ဒုတိယနောက်ဆုံးနေရာရောက်အောင် လုပ်ပေးလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ပွဲဦးထွက်နိုင်မှာမဟုတ်ဘူး"
မဲဝယ်ယူရေးကိစ္စနှင့် ပတ်သက်လာလျှင် ကျန်းမုန့်လောင်က သူ့စိတ်ကြိုက်နည်းလမ်းကိုသာ သုံးတတ်သည်။
သူကိုယ်တိုင်က နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ရခြင်းကို နှစ်သက်သူမဟုတ်သော်လည်း အခြားလူများက ညစ်ပတ်သည့်နည်းလမ်းများကို ထုတ်သုံးလာပါက ကျန်းမုန့်လောင်ကလည်း အဆုံးအထိ လိုက်ကစားပေးနိုင်သည်။
သူသဘောကျမိသော လော့ချင်းနှင့် အခြားလူတချို့၏ ဖျော်ဖြေမှုကလွဲလျှင် ကျန်းမုန့်လောင်သည် မဲဝယ်ယူရာတွင် ကနဦးအဆင့်သတ်မှတ်ချက်အတိုင်း လိုက်နာခဲ့သည်။ သို့သော် ဟွားယွီဟန်ကိုမူ နောက်ဆုံးနေရာမှာသာ ဖိနှိပ်ထားခဲ့သည်။
...
"ဒေါက် ဒေါက် ဒေါက်"
"အနာဂတ်ရဲ့ရောင်နီဦး"အစီအစဉ်၏ ပြိုင်ပွဲဝင်များအတွက် ကျန်းမုန့်လောင် ငှားပေးထားသော အိမ်တော်ထဲတွင် မိန်းကလေးတစ်ယောက်က အခြားအခန်းတစ်ခန်းကို အပြေးသွားပြီး အလောတကြီး တံခါးခေါက်လိုက်သည်။
"လော့ချင်း... ဘာကိစ္စလဲ။ ငါ ရေချိုးနေတုန်းရှိသေးတာ"
ဆံပင်အခြောက်ခံနေသော မိန်းကလေးတစ်ယောက်က အခန်းထဲမှ ခေါင်းပြူထုတ်လိုက်သည်။
"ဘာတွေဒီလောက်လောနေတာလဲ"
ထိုမိန်းကလေးနှစ်ယောက်စလုံးက ယခုတစ်ခေါက် "အနာဂတ်ရဲ့ရောင်နီဦး"အစီအစဉ်မှ ပြိုင်ပွဲဝင်များဖြစ်ပြီး အေဂျင်စီကလည်း အတူတူပင်။ နှစ်နှစ်ခွဲကြာအောင် လေ့ကျင့်ပြီးနောက် "အနာဂတ်ရဲ့ရောင်နီဦး"အစီအစဉ်၏ စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
သို့ရာတွင် ပါရမီရှင်များ ပေါများလှသော ဤစင်မြင့်ပေါ်တွင် သူတို့၏ဖျော်ဖြေမှုများက သိပ်မထင်ရှားလှပေ။ ထို့ပြင် ပရိသတ်များကိုလည်း မဆွဲဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ပြိုင်ပွဲဝင်အယောက်တစ်ရာအနက် အလယ်အလတ်အဆင့်တွင်သာ ရှိနေရရှာပြီး လူသိရှင်ကြားဖျော်ဖြေပွဲအဆင့်အထိ ရောက်လာအောင် မနည်းရုန်းကန်ခဲ့ရသည်။
"ဖေးဖေး... မဲအဆင့်သတ်မှတ်ချက်တွေကို ကြည့်ပြီးပြီလား"
လော့ချင်းက မေးလိုက်၏။
"ဘာကြည့်စရာရှိလဲ။ ငါတို့ရဲ့အဆင့်က အသိသာချည်းလေ။ လူသိရှင်ကြားဖျော်ဖြေပွဲအထိ ရောက်လာနိုင်တာနဲ့တင် ကံကောင်းလှပြီ။ လူသိရှင်ကြားဖျော်ဖြေပွဲမှာ ဘယ်သူ့ကိုမှ မထုတ်ပယ်ဘူးဆိုတော့ ဘယ်အဆင့်ရောက်ရောက် အဆင်ပြေပါတယ်။ အကောင်းဆုံးကြိုးစားရုံပေါ့"
ဖေးဖေးဟုခေါ်သော မိန်းကလေးက ထိုကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်စိတ်ရှိ၏။
တကယ်တော့ သူ(မ) ရေမချိုးခင်ကပင် အသစ်ထုတ်ပြန်ထားသော ဖျော်ဖြေပွဲအဆင့်သတ်မှတ်ချက်များကို ကြည့်ခဲ့သေးသည်။ ပြိုင်ပွဲဝင်အယောက်ခြောက်ဆယ်အနက် သူ(မ)က မဲအရေအတွက် ၁၃၀၀၀၀ကျော်ဖြင့် အဆင့်၄၇တွင် ရှိနေပြီး သူ(မ)၏သူငယ်ချင်းလော့ချင်းကတော့ မဲအရေအတွက်၁၄၀၀၀၀ကျော်ဖြင့် အဆင့်၄၅နေရာတွင် ရှိနေ၏။
လာမည့်လေ့ကျင့်ရေးများတွင် သူတို့ သိသိသာသာမတိုးတက်လာပါက နောက်လာမည့် ထုတ်ပယ်ရေးအဆင့်တွင် ထုတ်ပယ်ခံရနိုင်ခြေရှိသည်။
သူတို့က သာမန်အေဂျင်စီမှ ဖြစ်သောကြောင့် အရင်းအမြစ်များကလည်း အတိုင်းအတာတစ်ခုအထိသာ ရှိ၏။ ရရှိထားသော မဲအရေအတွက်တစ်ရာ သို့မဟုတ် တစ်ထောင်ကျော်ကလည်း ပရိသတ်အများအပြားကို စုစည်းရာမှ ရရှိထားခြင်းဖြစ်၏။ ကုမ္ပဏီဘက်ကလည်း သေချာရေရာမှုမရှိသေးသော အနုပညာရှင်နှစ်ယောက်အတွက် အပိုရန်ပုံငွေထုတ်သုံးပေးရန် မလွယ်ကူပေ။
"အခု ထပ်ကြည့်လိုက်ဦး"
"ကြည့်တော့ရော ဘာထူးမှာလဲ။ အများဆုံးရှိလှ မဲအရေအတွက် တစ်သောင်းနှစ်သောင်းလောက်ပဲ တိုးလာမှာပဲဟာ။ ဘာများထူးသွားမှာမို့လို့လဲ"
"ကြည့်ကြည့်လိုက်စမ်းပါ"
ဖေးဖေးကလည်း သင်္ကာမကင်းဟန်ဖြင့် ဖုန်းဖွင့်ကာ မဲစာရင်းကို နှိပ်လိုက်သည်။ သူ(မ)၏နာမည်ဘေးရှိ ကိန်းဂဏန်းများကို မြင်လိုက်ရချိန်မှာတော့ မျက်လုံးပြူးသွားရသည်။
မဲအရေအတွက် ၁.၂၇သန်း?
ဤသို့ဖြစ်နေသည်မှာ သူ(မ)တစ်ယောက်တည်းမဟုတ်။ လော့ချင်း၏ မဲအရေအတွက်ကလည်း ၁.၃သန်းအထိ တက်လာခဲ့သည်။ သူတို့၏ အဆင့်သတ်မှတ်ချက်များမှာ ရုတ်တရက်ကြီး ထိပ်ဆုံးဆယ်ယောက်ထဲသို့ ရောက်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
မိန်းကလေးနှစ်ယောက်ခမျာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်နှာထက်တွင်လည်း အံ့အားသင့်မှုနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
"ငါလည်း မသိဘူး။ ငါ ညစာစားပြီး အဆင့်သတ်မှတ်ချက်ကို ဖွင့်ကြည့်လိုက်တော့ ဒီလိုဖြစ်နေတာပဲ"
"ငါ ကုမ္ပဏီကို ဖုန်းဆက်ကြည့်လိုက်မယ်"
ဖေးဖေးက သူ(မ)၏အခြေအနေကို ရှင်းရှင်းလင်းလင်းသိထားသည်။ သူ(မ)မှာ လေ့ကျင့်ရေးပရိုဂရမ်ကို ပြီးထားခါစဖြစ်သောကြောင့် ပရိသတ်အနည်းငယ်သာ ရထားသေးသည်။ သူ(မ)ကို မဲပေးရန်အတွက် ငွေကြေးအကုန်အကျခံပေးမည့် လူချမ်းသာတစ်ယောက်ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ယခုလိုမျိုး မဲအရေအတွက်များ ရုတ်တရက်မြင့်တက်လာခြင်းမှာ ကုမ္ပဏီ၏လက်ချက်သာ ဖြစ်ရမည်။
"ဥက္ကဋ္ဌလျို... ကျွန်မ ဖေးဖေးပါ။ ကုမ္ပဏီဘက်က ကျွန်မတို့အတွက် မဲဝယ်ပေးထားလားလို့ မေးချင်လို့"
"ဝမ်ယွီဖေး... မင်း အိပ်ချင်မူးတူးဖြစ်နေတာလား။ မင်းစင်ပေါ်မှာ ဘယ်လိုဖျော်ဖြေခဲ့တယ်ဆိုတာရော သိရဲ့လား။ တခြားလူတွေက နာမည်ကြီးသီချင်းတွေ ရွေးထားကြတာ။ မင်းကရော ဘာသီချင်းကိုရွေးခဲ့လဲ။ ဒီဂျီမွန်သီချင်းတဲ့။ မင်းကိုယ််မင်း ကလေးတွေအတွက် ဆိုပြနေတယ်လို့ထင်နေတာလား။ မင်းရဲ့မဲအရေအတွက်ကိုလည်း ကိုယ်တိုင်ပြန်ကြည့်ဦး... မင်းအတွက် မဲဝယ်ပေးဖို့ ကုမ္ပဏီဘက်က ငွေကုန်ကြေးကျခံမယ်များ ထင်နေတာလား။ မင်း..."
ဖုန်းတစ်ဖက်ရှိ အသံက ရုတ်တရက် ရပ်တန့်သွားသည်။ ဝမ်ယွီဖေး၏ ကုမ္ပဏီပိုင်ရှင်မှာ မဲစာရင်းထိပ်ဆုံးရှိ အံ့အားသင့်ဖွယ်ကောင်းသော မဲအရေအတွက်နှစ်ခုကို မြင်လိုက်ရသည်။ ဝမ်ယွီဖေး၏ "Butterfly"သီချင်းက အဆင့်ငါးနေရာတွင် ရှိပြီး လော့ချင်း၏ "Darwin" သီချင်းကတော့ အဆင့်ခုနစ်နေရာတွင် ရှိ၏။
အဆင့်များ ရုတ်တရက်မြင့်တက်လာခြင်းကြောင့် နာရီပိုင်းအတွင်း သူတို့နှစ်ယောက်ကို နာမည်ကြီးလာစေခဲ့သည်။
"ဟားဟား... မင်းတို့နှစ်ယောက် သိပ်တော်တယ်။ အခုကစပြီး ပြိုင်ပွဲကိုသာ စိတ်နှစ်ထားကြ။ ငါ ကုမ္ပဏီတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကိုသုံးပြီး မင်းတို့နှစ်ယောက်ကို နာမည်ကြီးလာအောင် လုပ်ပေးမယ်"
သူတို့၏ အဆင့်သတ်မှတ်ချက်ကို မြင်လိုက်ရသည့်အခါ ဘော့စ်၏ သဘောထားကလည်း လုံးဝပြောင်းလဲသွားခဲ့သည်။ သူတို့က အလားအလာကောင်းသော တက်သစ်စအနုပညာရှင်နှစ်ယောက်ပင်။ အကယ်၍ သူတို့သာ ပွဲဦးထွက်နိုင်ခဲ့ပါက ကုမ္ပဏီ၏ငွေထုတ်စက်များ ဖြစ်လာနိုင်သည်။
ဖုန်းချလိုက်ပြီးနောက် ဝမ်ယွီဖေးနှင့် လော့ချင်းတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ဘော့စ်၏တုံ့ပြန်ပုံအရ ဤမဲများမှာ ကုမ္ပဏီ၏လက်ချက်မဟုတ်ကြောင်း သိသာလှသည်။ သူတို့၏ပရိသတ်များထဲတွင် အလွန့်အလွန်ချမ်းသာသော ပရိသတ်တစ်ယောက်များ ရှိနေတာလား?
သူတို့၏အရည်အချင်းကြောင့် ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ခြင်းကတော့ လုံးဝမဖြစ်နိုင်ပေ။ သူတို့၏အရည်အချင်းကို သူတို့ကိုယ်တိုင် ကောင်းကောင်းသိထားကြသည်။
အနုပညာရှင်များအနေဖြင့် မဲဝယ်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး အလွန်ရင်းနှီးကျွမ်းဝင်ကြသည်။ အကယ်၍ ထိုမဲများကသာ မဲအစစ််များဖြစ်နေပါက မဲအရေအတွက်နှစ်သန်းကျော်အတွက် ကုန်ကျမည့်ငွေကြေးပမာဏမှာ ဆယ်သန်းကျော်သွားနိုင်သည်။ သူတို့၏လက်ရှိဈေးကွက်တန်ဖိုးက ထိုအဆင့်သို့ ရောက်နေပြီဟုတော့ မယုံကြည်နိုင်ပေ။
"ဘယ်သူများလဲ"
ဝမ်ယွီဖေး လေးလေးနက်နက်တွေးကြည့်မိသည်။
"လော့ချင်း... နင့်ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ရှူးဂါးဒယ်ဒီတစ်ယောက် ရှိလား"
"ဟားဟား... ငါ့မှာသာ ရှူးဂါးဒယ်ဒီတစ်ယောက်ရှိခဲ့ရင် ငါ့အတွက်ပဲ မဲပေးမှာပေါ့။ နင့်အတွက် ဘယ်ပေးပါ့မလဲ"
"နင့်မှာ ချမ်းသာတဲ့ဆွေမျိုးတွေများ ရှိနေတာလား"
ဝမ်ယွီဖေးက ဆိုသည်။
"ကဲပါ... ငါ့အဖေက ကျွန်းငယ်လေးတစ်ခုက ငါးဖမ်းသမားတစ်ယောက်လေ။ ငါ့ဆွေမျိုးတွေအားလုံးနီးပါးကလည်း တံငါလုပ်ငန်းနဲ့ပဲ အသက်မွေးကြတာ။ ငါ့မှာ ဘယ်လိုလုပ်ပြီး ချမ်းသာတဲ့ဆွေမျိုး ရှိရမှာလဲ"
လော့ချင်းက ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ပြောရမယ်ဆိုရင် အလယ်တန်းတုန်းက ငါ့မှာ အရမ်းချမ်းသာတဲ့ အတန်းဖော်ဟောင်းတစ်ယောက်တော့ ရှိတယ်"
"ဟုတ်လား... ဘယ်သူလဲ"
"ကျန်းမုန့်လောင်"
"ကျန်းမုန့်လောင်? ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်လား"
ဝမ်ယွီဖေး၏အသံက ကျယ်လောင်လာသည်။
ဒါက အရမ်းချမ်းသာရုံပဲလား။ ပြိုင်ဘက်ကင်းအောင် ချမ်းသာတာမဟုတ်ဘူးလား?
"ဒါပေမဲ့ ငါတို့ မဆက်သွယ်ဖြစ်တာ ကြာပြီ"
လော့ချင်းက ပြောပြလိုက်သည်။
"လွန်ခဲ့တဲ့လဝက်လောက်တုန်းက ကိုင်ဘွန်နိုင်ငံကို လူစုပြီးခရီးထွက်မဲ့အကြောင်း ငါ့ကို လူလွှတ်ပြီး အကြောင်းကြားခဲ့သေးတယ်။ ဒါပေမယ့် ဒီအစီအစဉ်မှာ ပါဝင်ရမှာမို့ ငါငြင်းလိုက်ရတယ်။ အဲဒီကတည်းက ငါတို့ အဆက်အသွယ်ပြတ်သွားတာပဲ"
"သူက နင့်ကို မဲပေးထားတာလား"
ဝမ်ယွီဖေး ခန့်မှန်းကြည့်လိုက်သည်။
"ဒါပေမဲ့ သူနဲ့ ငါက ဆက်ဆံရေးသိပ်မကောင်းဘူး။ အရင်တုန်းက ငါ သူ့ကို ရိုက်ဖူးတယ်"
လော့ချင်း ရယ်မောလိုက်မိသည်။
"ပြီးတော့ နင့်မဲတွေကရော။ နင့်မှာရော ချမ်းသာတဲ့သူငယ်ချင်းတစ်ယောက် ရှိတာလား"
"နေဦး... ကြည့်လိုက်။ တခြားလူတွေရဲ့မဲအရေအတွက်တွေလည်း တက်နေတယ်"
ဝမ်ယွီဖေးက မဲအရေအတွက်များကို သေချာစောင့်ကြည့်နေသည်။ ပေ့ချ်ကို ပြန်ဖွင့်လိုက်ချိန်မှာပင် ပြိုင်ပွဲဝင်တော်တော်များများ၏ အဆင့်သတ်မှတ်ချက်များလည်း သိသိသာသာ ခုန်တက်လာသည်။ အနည်းဆုံး မဲအရေအတွက်ခုနစ်သိန်း သို့မဟုတ် ရှစ်သိန်းအထိ တက်လာခဲ့သည်။
"လုရီယောင် ပထမနေရာကို ရောက်သွားပြီ"
"လော့ချင်း... အခု နင်က ဒုတိယနေရာကို ရောက်သွားပြီ။ ငါက အဆင့်ငါး"
"ဘာ? ဟွားယွီဟန်ကရော။ သူက ဒုတိယနေရာမှာ မရှိတော့ဘူးလား"
"တခြားလူတွေရဲ့မဲအရေအတွက်က တက်လာတာ တော်တော်မြန်တယ်။ သူကျတော့ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲကတောင် ပြုတ်ကျသွားပြီ"
"အဆင့်သတ်မှတ်ချက်တွေက ဘာလို့ ရုတ်တရက်ကြီး ဒီလိုရှုပ်ထွေးသွားရတာလဲ"
"နောက်ကွယ်ကနေ တစ်ယောက်ယောက်က ကြိုးကိုင်နေတာများလား"
"ငါနားလည်ပြီ။ တစ်ယောက်ယောက်က ဟွားယွီဟန်ကို ပစ်မှတ်ထားနေတာပဲ"
လော့ချင်းက ထက်မြက်လှသော သူ(မ)၏ထိုးထွင်းဉာဏ်ဖြင့် အခြေအနေကို ခပ်မြန်မြန်ရိပ်စားမိလိုက်သည်။
"သူက ဘယ်သူ့ကို စော်ကားမိထားတာလဲ"
**************