အခန်း (၇၇၅)
Vol. 56 Ch. 775
" ခဏနေဦး... ငါ ကြည့်ဦးမယ် "
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်က ပြောပြောဆိုဆိုပင် လောထျန်းရှေ့မှ ထွင်းစာဆီသို့ လျှောက်လာပြီး ဆယ်ကြိမ်ထက်မနည်း သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက်မှသာ သူ့ မျက်စိရှေ့ ရှိနေသည့်အရာကို ယုံရဲသွားပါသည်။
" ဒီကောင်လေးက.. တကယ်ကြီးကို ရေးပြီးသွားတာပဲ ။ အဲ့လိုရေးဖို့လဲ ခဏလေးပဲ ကြာလိုက်တာလား.. "
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် တုန်လှုပ်သွားတော့သည်။
၎င်းမှာ မူလအဆင့် မသေမျိုးအစီအမံတစ်ခုဖြစ်ပြီး... အလွန် အစွမ်းထက်လှပါ၏။
ထို့ထက်ပို အရေးကြီးသည်မှာ ၎င်းအစီအမံကို ပြုလုပ်ရန် အလွန်ခက်ခဲခြင်းပင် ။
သူ့လို အဆင့်မျိုးရှိသည့် မသေမျိုး အစီအမံပညာရှင် တစ်ယောက်အတွက်ပင် ထွင်းစာများကို ရေးရန် အချိန်များစွာ ယူရပါသည်။
သို့သော်... လောထျန်းမှာကား ...
ခဏလေးဖြင့် ထွင်းစာကို ရေးပြီးသွားခဲ့ပါ၏။
ထိုစဥ် လောထျန်းက ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်ကိုကြည့်ကာ မေးလာသည်။
" သခင်ကြီး ၊ ခုနတုန်းက ကျုပ်ကို ဘာသင်ပေးမယ်လို့ ပြောလိုက်တာလဲဗျ "
လောထျန်းအသွင်မှာ အမှန်တကယ် နားမလည်သည့် ပုံပါပင်...
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် တုန်လှုပ်သွားပါတော့၏။
သူ ပြောချင်နေခဲ့သော စကားများကို ယခု ဘယ်လိုပြောရပါတော့မည်နည်း ။
" မဟုတ်သေးဘူး... ဒီတိုင်းဆို ငါ့ရဲ့ ဆရာဆိုတဲ့ သိက္ခာက ဘယ်နားသွားရှာရတော့မှာလဲ "
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် ဆုံးဖြတ်လိုက်ပြီးနောက် မုတ်ဆိတ်ကိုကိုင်ကာ ပြောလိုက်သည်။
" အင်း... မင်းလုပ်တာ ကောင်းတယ် ။ ဒါပေမယ့်.. အဲ့ဒါ အစပဲရှိသေးတာနော် ။ အခု အဲ့ထွင်းစာကို အခြေခံအဖြစ် ထားပြီးတော့ ထောင်လိုက် ထွင်းစာ ၃၀၀ နဲ့ အလျားလိုက် ၃၀၀ ရေးပြီးတော့ အစီအမံ အခြေခံအုတ်မြစ် လုပ်လိုက် "
အစီအမံတစ်ခုတွင် အခြေခံအုတ်မြစ်ကို ဖန်တီးရခြင်းမှာ အခက်ခဲဆုံးအပိုင်း ဖြစ်ပါသည်။
အထူးသဖြင့် ထူးခြားပစ္စည်းများ၏ အကူအညီမပါဘဲ ထွင်းစာသက်သက်ကိုသာ အခြေခံသော ယခုလို အခြေအနေမျိုးတွင် ခက်ခဲမှုက ပြော၍ပင်မရပါ ။
အမှန်တွင်မူ.. သူ လောထျန်းအား ရှုံ့နိမ့်စေချင်ပြီး ..ထို့နောက်မှ သူ့ကို သင်ခန်းစာပေးမည်ဟု တွေးထားပါ၏။
သို့သော် လောထျန်းမှာကား တဖက်လူ၏ အတွေးကို လုံးဝ မသိရှာပါ ။
" ကောင်းပါပြီ "
သူ ပြန်ပြောလိုက်ပြီး စိတ်ဝိဥာဥ်အစွမ်းဖြင့် ထွင်းစာများကို ရေးလိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်က ဘေးမှရပ်ကာ သေချာပင် ကြည့်နေပါ၏။
လောထျန်းက ထွင်းစာများအား မည်သို့ရေးသည်ကို သူ အမှန်ပင် စိတ်ဝင်စားနေပါသည်။
အစပိုင်းတွင်... သူ့စိတ်ထဲ၌ လက်မခံနိုင် ဖြစ်နေခဲ့သေးသော်လည်း လောထျန်းက ထွင်းစာများအား ရေးနေသည်ကို အမှန်တကယ် မြင်လိုက်ရပြီးချိန်တွင်မူ... ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် တုန်လှုပ်သွားပါတော့၏။
" ဒါ... မဖြစ်နိုင်ဘူးလေ... ၊ ထွင်းစာတွေကို အဲ့လိုကြီး ရေးလို့ရတယ်လား "
ထိုစဥ်တွင် လောထျန်းမှာ သူ့စိတ်ဝိဥာဥ်အစွမ်းကို အပိုင်းများ ခွဲထုတ်ပြီး ထွင်းစာများအား တစ်ပြိုင်နက်တည်း ရေးနေပါသည်။
ထို့အပြင် သူ့ရှေ့ပေါ်လာသော ထွင်းစာများကိုလည်း ကြည့်နေပါသေး၏။
ထို့ထက်ပို အရေးကြီးသည်မှာ သူက ထိုသို့ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်နေသည့်တိုင် အာရုံစူးစိုက်မှု ကောင်းလွန်းလှပြီး သူ လုပ်လိုက်သမျှ အရာတိုင်းက ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်ထက် ပိုကောင်းနေခြင်းပါပင် ။
ထွင်းစာများ ရေးသားခြင်း တစ်ခုထဲတွင်ပင် လောထျန်းက ဘိုးဘေးထက် အဆတစ်ထောင်ခန့် ပိုအစွမ်းထက်ပါသည်။
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ ချက်ချင်း တုန်လှုပ်သွားပြီး လောထျန်းအား သင်ခန်းစာပေးမည့် စိတ်ကူးမှာလည်း ပျောက်သွားတော့သည်။
ထိုစဥ်မှာပင်..
ဝီ ...
လောထျန်းရှေ့၌ ထွင်းစာတစ်လုံး အရောက်လက်လာပြီး ဝုန်းခနဲ အသံမြည်လာသည်။
" ဟင်.. ပြိုကွဲသွားတာလား "
လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် သက်ပြင်းချလိုက်ပြီး လောထျန်းအား အခက်တွေ့အောင် လုပ်နေသူမှာ သူသာဖြစ်ကြောင်း ပြောမည့်ဟန် ပြင်လိုက်၏။
ထိုနည်းဖြင့် ထွင်းစာများကို ရေးသားခြင်းမှာ အောင်မြင်ရန် မဖြစ်နိုင်ပါချေ ။
သို့သော်... ထိုစဥ် ထင်မထားစွာပင် တဖက်မှ လောထျန်းက အကျ်ီလက်ကို ပင့်တင်၍ မကျေမနပ် ပြောလာသည်။
" မယုံဘူးကွာ... ငါ ဒီနေ့ အောင်ကိုအောင်မြင်ရမယ် "
လောထျန်းက မရမချင်း လုပ်မည့်ပုံပေါ်သဖြင့် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် မြန်မြန်ပင် ဝင်ပြောလိုက်ရသည်။
" ဒါ.... "
လောထျန်းက သူ့စကားကို ကြားကြားချင်း လှည့်ကြည့်လာ၏။
" ကျုပ်ကို နည်းနည်းလေးပဲ အချိန်ထပ်ပေးပါဗျာ ။ ကျုပ် စမ်းသပ်မှုကို သေချာပေါက်အောင်မှာ "
ဘိုးဘေးစိတ်ဝိဥာဥ်အရိပ် ခေတ္တမျှ မှင်သက်နေပြီးမှ ပြန်ပြောလိုက်သည် ။
" ငါဆိုလိုတာ.. အဲ့သဘော မဟုတ်ဘူးကွ "
သို့သော် တဖက်မှ လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို ထပ်ထုတ်လွှတ်ပြီးနေလေပြီ ။
" ဒီ စမ်းသပ်မှုက တကယ်ခက်တာပဲ ။ ငါ ဒီတစ်ကြိမ်တော့ အောင်မြင်မှဖြစ်မယ်။ ဒါပေမယ့် ငါ့ရဲ့ အရင်အတွေ့အကြုံတွေကို အခြေခံလိုက်ရင်... အဖြေ ၁၂ မျိုးတော့ စဥ်းစားမိတယ် ။ ဒါပေမယ့်... ဒါက
စာမေးပွဲစစ်နေတာဆိုတော့ နောက်တစ်ကြိမ် ထပ်ပြီး ကျရှုံးလို့မဖြစ်ဘူး "
" အဲ့တော့ ၁၂ နည်းလုံးကို တစ်ပြိုင်တည်း ကြိုးစားကြည့်လိုက်မယ်ကွာ "
လောထျန်း တွေးပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို ထပ်ခွဲလိုက်ပြန်၏။
ထို့နောက် သူ့ဘေးပတ်လည်တွင် နည်း ၁၂ မျိုးဖြင့် ရေးလိုက်တော့သည်။
ဝီ ...
တဖက်မှ ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာကား တစ်လုံးပြီးတစ်လုံး အရောင်လက်လာသော ထွင်းစာများကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် မှင်သက်မိနေပါတော့၏။
" ဒါ... သူက တစ်ပြိုင်တည်းနဲ့ ၁၂ မျိုး ရေးနေတာလား ။ ခုနက.. သူ့ရဲ့ ထွင်းစာရေးတဲ့ အစွမ်းက ငါ့ထက် အဆတစ်ထောင် ပိုသာတယ်လို့ ပြောခဲ့တာ ၊
တကယ်တော့ ငါ့ကိုယ်ငါ အထင်ကြီးသွားခဲ့မိတာပဲ ။ သူက.. ငါ့ထက် အနည်းဆုံး အဆ တစ်သိန်းနှစ်သောင်းလောက် ပိုသာတာ "
" မဟုတ်ဘူး ၊ ဒါ သူလုပ်နိုင်တဲ့ အစွမ်းကုန်တောင် မဟုတ်လောက်သေးဘူး ။ သူ့အစွမ်းက ငါထင်ထားတာထက်တောင် ပိုသာဦးမှာ "
" ဒီကောင်က ဘယ်လိုဘီလူးကြီးလဲကွာ "
တိုင်လင်စင်မြင့်၏ ဘိုးဘေးမှာ သူ့စိတ်ဝိဥာဥ် တုန်ခါသွားသည်ကို ခံစားမိလိုက်ပြီး.. စိတ်လည်း လှုပ်ရှားသွား၏။
တဖက်မှ လောထျန်းမှာမူ ထွင်းစာများစွာကို တစ်ပြိုင်နက်တည်း ရေးကာ အလုပ်ရှုပ်နေရှာပါသည်။
ဝုန်း..
ထိုစဥ်မှာပင် သူ့နောက်မှ ထွင်းစာတစ်လုံးက ရုတ်တရက် ပြိုကွဲသွား၏။
" အင်း.. အဲ့နည်းက အလုပ်မဖြစ်ဘူးပဲ "
လောထျန်း ထိုနည်းအား ချက်ချင်းစွန့်လွတ်ကာ အခြားထွင်းစာများဘက် အာရုံပိုစိုက်လိုက်သည်။
ဝုန်း...
ထို့နောက်တွင် အခြားထွင်းစာတစ်လုံး ထပ်ပြိုကွဲသွား၏။
" နောက်တစ်ခု ထပ်ကွဲသွားပြန်ပြီ ။ ထားပါလေ... အနည်းဆုံးတော့ အတွေ့အကြုံ ရတာပေါ့ "
လောထျန်း သက်ပြင်းချလိုက်သည်။
ထို့နောက်တွင်..
ဝုန်း ... ဝုန်း... ဝုန်း ...
အခြားထွင်းစာသုံးလုံးက တစ်ခုပြီးတစ်ခု ထပ်ပြိုကွဲသွားပြန်၏။
လောထျန်း မျက်မှောင်ပိုကြုံ့သွားသည်။
" ငါးခုတောင် မအောင်မြင်ဘူး "
သူ့ ရင်ထဲတွင်လည်း စိုးရိမ်စိတ် ပိုတိုးလာသည်။
ကံကောင်းစွာပင်.. ထိုအချိန်၌..
ဝီ ...
အလင်းတန်းတစ်ခု အရောင်လက်လာပြီး သူ့ခေါင်းပေါ်တွင် ထွင်းစာတစ်လုံး ပုံပေါ်လာပါ၏။
" နောက်ဆုံးတော့ တစ်ခု အောင်မြင်သွားပြီ "
၎င်းကို မြင်မှသာ လောထျန်း ပြုံးနိုင်သွားတော့သည်။
သူ မူလအဆင့် မသေမျိုးအစီအမံ၏ အခြေခံအုတ်မြစ်အား အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့လေပြီ ။
တဖက်မှ ဘိုးဘေးစိတ်ဝိဥာဥ်အရိပ်မှာလည်း ၎င်းကိုမြင်ပြီး ... လဲကျတော့မလိုပင် ဖြစ်သွားသည်။
" အဲ့နည်းက.. တကယ်ကြီး အလုပ်ဖြစ်တာလား "
သူ နားမလည်နိုင်တော့ပါ ။
အမှန်တွင်မူ.. ထို အစီအမံ အခြေခံအုတ်မြစ်အား လောထျန်းတစ်ယောက် အခက်တွေ့ရန်အတွက် သူ တမင်လျှောက်ပြောခဲ့ခြင်း ဖြစ်ပါသည်။
သူတို့ အပေါ်ကမ္ဘာ၏ ရှေးခေတ်မှစ၍ ယနေ့ခေတ်အထိ အပြင်ပစ္စည်းများ၏ အကူအညီမပါဘဲ ထွင်းစာချည်းသက်သက်ဖြင့် မူလအဆင့် မသေမျိုးအစီအမံကို လုပ်နိုင်သူ မည်သူမှပင် မရှိခဲ့ပေရာ...
လောထျန်းသည်လည်း လုပ်နိုင်စရာ အကြောင်းမရှိဟုသာ သူ့စိတ်ထဲ ထင်ခဲ့ပါ၏။
သို့သော်... လောထျန်းက အမှန်တကယ် အောင်မြင်သွားခဲ့လေပြီ ။
သူ တုန်လှုပ်၍ မပြီးသေးခင်မှာပင်..
ဝီ ...
လောထျန်းဘေး၌ အခြား အလင်းတန်းတစ်ခု ထပ်ပေါ်လာပြန်သည်။
" ဒီနည်းကလဲ အလုပ်ဖြစ်တာပဲ "
လောထျန်း ပျော်ရွှင်စွာ ဆိုလိုက်သည်။
ထိုစဥ် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသလိုပါပင် ..
လောထျန်း ထပ်ပြီး အောင်မြင်သွားသည်ကို သူ သေချာပင် မြင်နေရပါ၏။
သို့သော်.. ထိုသို့ အောင်မြင်ရုံ တစ်ခုတည်းကြောင့် သူ ဤမျှ တုန်လှုပ်နေရခြင်း မဟုတ်ပါ ။
သူ့ကို ယခုလို ဖြစ်သွားစေသည့် အချက်မှာ လောထျန်း အောင်မြင်သွားသော အစီအမံ အခြေခံအုတ်မြစ်နှစ်ခုက မတူညီသော နည်းနှစ်ခုကို သုံးသွားခဲ့သောကြောင့် ဖြစ်ပါသည်။
ထိုသို့သော အစီအမံ အခြေခံအုတ်မြစ်မျိုးကို နည်းတစ်နည်းတည်းသုံးပြီး အောင်မြင်အောင် လုပ်နိုင်သူ
ပင် သမိုင်း၌ မရှိခဲ့သေးပါချေ။
သို့သော်.. လောထျန်းကမူ နည်းလမ်းနှစ်ခုဖြင့် အောင်မြင်သွားခဲ့ပါသည်။
သို့သော်... ထို့ထက်ပို တုန်လှုပ်စရာကောင်းသည့် အရာများ ထပ်ဖြစ်လာပါ၏။
ဝီ ...
ထိုစဥ်မှာပင် လောထျန်း၏ တတိယမြောက် အစီအမံ အခြေခံအုတ်မြစ်က ပြီးသွားပြန်သည်။
" ဒါလဲ အောင်မြင်သွားတာလား.. ။ အဲ့ဒါလဲ နည်းအသစ်တစ်ခုပဲ "
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ ထိုတခဏ၌ သူ့ရှေ့ ရပ်နေသူသည် လောထျန်း မဟုတ်တော့ဘဲ ....
ကောင်းကင်ဘုံ၏ ဆန္ဒကို ဆန့်ကျင်သူတစ်ယောက်ဟုသာ ခံစားလိုက်ရပါတော့၏။
ဝီ .... ဝီ ....
ထို့နောက်တွင်... အလင်းတန်းနှစ်ခု ထပ်ပေါ်လာပြီး ... လောထျန်းက နည်းသစ်နှစ်ခုဖြင့် အောင်မြင်သွားပြန်ပါသည်။
သို့သော်... ထိုအချိန်တွင် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ ထုံနေခဲ့လေပြီ ။
ဝုန်း ....
ထိုစဥ် ခပ်အုပ်အုပ် အသံတစ်သံ ထွက်လာကာ အခြား အစီအမံအခြေခံအုတ်မြစ် နှစ်ခု ပြိုကွဲသွား၏။
" ချီး .... မအောင်မြင်တာ ခြောက်ခုတောင် ဖြစ်သွားပြီ ။ ဒီတစ်ခေါက် မအောင်မြင်လို့ လုံးဝမဖြစ်ဘူး "
လောထျန်း အံကြိတ်လိုက်ပြီးနောက် သူ့အစွမ်းကုန် သုံး၍ နောက်ဆုံး အစီအမံအခြေခံအုတ်မြစ်အား လုပ်လိုက်တော့သည်။