အခန်း (၇၇၆)
Vol. 56 Ch. 776
စိတ်ဝိဥာဥ်အစွမ်းများ နေရာစုံသို့ ပျံ့သွားကာ ထွင်းစာများ တမဟုတ်ချင်း အရောင်လက်လာကြသည်။
လောထျန်းမှာ မျက်နှာတည်ဖြင့် လုပ်စရာရှိသည်ကို ဆက်လုပ်နပါ၏။
သူ နောက်ဆုံးထွင်းစာအား ရေးပြီးချိန်တွင်မူ...
ဝီ ...
အလင်းတန်းတစ်ခု လက်သွားပြီး မူလအဆင့် မသေမျိုးအစီအမံတစ်ခု ပေါ်လာတော့သည်။
" နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ "
လောထျန်း သက်ပြင်းချလိုက်သည်။
နည်း ၁၂ မျိုးထဲတွင် ခြောက်မျိုးက အောင်မြင်ခဲ့ပြီး ကျန် ၆ မျိုးကမူ မအောင်မြင်ခဲ့ပါ ။
လောထျန်း ဘိုးဘေးစိတ်ဝိဥာဥ်အရိပ်ဘက် လှည့်၍ ဦးညွှတ်ရင်း ဆိုလိုက်၏။
" ကျုပ် တောင်းပန်ပါတယ်ဗျာ... ဒါ ကျုပ်လုပ်နိုင်တာ အကုန်ပဲဗျ ။ အဲ့လောက်နဲ့... အဆင်ပြေရဲ့လား.. "
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်၏ နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားသော်လည်း ဘာစကားသံမှ ထွက်မလာခဲ့ပါချေ။
ယခင်က တစ်ခါမှ မရှိခဲ့ဖူးသေးသော နည်းလမ်းခြောက်မျိုးဖြင့် အောင်မြင်ခဲ့သည်ကို.. အဆင်ပြေရဲ့လား တဲ့...
ထိုမေးခွန်းကို ပြန်ဖြေရန်ပင် သူ အရည်အချင်း မပြည့်ပါ ။
သို့သော် သူ့ သိက္ခာလည်း ရှိသေးသည့်အတွက် ခေါင်းညိတ်၍သာ ပြောလိုက်ရပါ၏။
" အင်း... ကောင်းတယ် "
ထိုစကားကို ကြားမှသာ လောထျန်း သက်ပြင်းချနိုင်
သွားသည်။
ထိုစဥ် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် အသိပြန်ဝင်လာကာ ချောင်းဟန့်၍ ပြောလိုက်၏။
" အဟမ်း... မင်း အဲ့နည်းတွေကို သုံးဖို့ ဘယ်လိုအကြံရသွားခဲ့တာလဲ "
လောထျန်းက ချက်ချင်းပင် ဦးညွှတ်၍ ပြန်ဖြေသည်။
" ဒါတွေအားလုံးက သခင်ကြီးရဲ့ ကျေးဇူးကြောင့်ပါ "
" ဟင်... ငါ့ကျေးဇူးကြောင့်... ဟုတ်လား ၊ ငါလဲ ဘာမှ မသိရပါလား "
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် တုန်လှုပ်သွားရတော့သည်။
လောထျန်းက အပြုံးဖြင့် ဆက်ပြော၏။
" သခင်ကြီး ချထားခဲ့တဲ့ ကန့်သတ်ချက်တွေက တကယ်တော့ ကောင်းတယ်ဗျ ။ အဲ့အတွက် စိတ်ဝိဥာဥ်အစွမ်း လိုအပ်ချက်က မြင့်လွန်းနေလို့သာ သာမာန်လူတွေအတွက် အခက်တွေ့ကုန်ကြတာ "
" ဒါပေမယ့် ကျုပ်ရဲ့ စိတ်ဝိဥာဥ်အစွမ်းက လုံလောက်အောင် အစွမ်းထက်ထားတော့ မြန်မြန်လေ့လာလိုက်နိုင်တယ်လေ ။ ကျုပ်က သခင်ကြီးရဲ့ နည်းအတိုင်း အဆင့်တစ်ကနေ စပြီးတော့မှ အစီအမံပုံကြမ်းတွေအားလုံးကို သေချာလေ့လာခဲ့တာ "
" အဲ့လို လေ့လာလိုက်တဲ့အချိန်မှာ ကျုပ် အစီအမံပုံကြမ်းတွေကိုတင် မကဘဲ ၊ အဲ့နောက်ကွယ်က သဘောတရားတွေကိုပါ သေချာနားလည်သွားခဲ့တယ်ဗျ "
" ဒါ့ကြောင့်မို့လဲ ခုနတုန်းက ကျုပ် အဖြေကို စဥ်းစားနိုင်ခဲ့တာ ။ ဒါတွေအားလုံးက မူလဖန်တီးခြင်း စာကြည့်တိုက်ရဲ့ ကျေးဇူးတွေကြောင့်ဆိုတော့... သခင်ကြီးရဲ့ကျေးဇူးလို့ ပြောရမှာပေါ့ဗျာ "
သူ့စကား ဆုံးချိိန်တွင်မူ... တိုင်လင်စင်မြင့်၏ ဘိုးဘေး အနည်းငယ် ခေါင်းရှုပ်သွားရတော့သည်။
လောထျန်းပြောသည်မှာ မှန်ပါသည် ။ သူက ထိုရည်ရွယ်ချက်ဖြင့်လည်း မူလဖန်တီးခြင်းစာကြည့်
တိုက်ကို လုပ်ခဲ့ခြင်းဖြစ်၏။
သို့သော်... စာကြည့်တိုက်ကို ဖန်တီးခဲ့သူ၏ အစီအမံအပေါ် နားလည်နိုင်စွမ်းက အဘယ့်ကြောင့် လောထျန်းထက် ပိုအားနည်းနေရပါသနည်း ။
ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ ထိုသို့တွေးပြီး တုန်လှုပ်နေသော်လည်း စက်ရုပ်တစ်ရုပ်အလား ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါသည်။
လောထျန်း ဆက်ပြော၏။
" ဒါတင် မကသေးဘူးဗျ ။ ကျုပ် ခန့်မှန်းတာသာ မှန််မယ်ဆိုရင် ဒီ မူလအဆင့်မသေမျိုးအစီအမံက သခင်ကြီး စမ်းသပ်မှုတစ်ခုအနေနဲ့ ထားထားတာ မဟုတ်လား "
" စမ်း.. စမ်းသပ်မှု... ဟုတ်လား "
ဘိုးဘေးစိတ်ဝိဥာဥ်အရိပ် အနည်းငယ် အံ့သြသွားရတော့သည်။
သူသည်ပင် ၎င်းကို မသိပါချေ။
လောထျန်း ဆက်ပြောသည်။
" သခင်ကြီးက ကျုပ်ကို စမ်းသပ်ဖို့အတွက် တမင်ကို ဒီမပြည့်စုံတဲ့ အစီအမံ ထားထားခဲ့တာ မဟုတ်လား "
ထိုစကားကို ကြားချိန်တွင်မူ ဘိုးဘေးစိတ်ဝိဥာဥ်အရိပ် လုံးဝ နားမလည်နိုင် ဖြစ်သွားတော့၏။
" မပြည့်စုံတဲ့ အစီအမံ.. ဟုတ်လား ၊ ဘယ် မပြည့်စုံတဲ့အစီအမံ လဲ... "
သူ လောထျန်းအား နားမလည်စွာ လှမ်းကြည့်လိုက်သည် ။
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ဟန်ဆောင်မနေပါနဲ့တော့ဗျာ ။ သခင်ကြီးရဲ့ အစီအမံက လုံးဝကြီး ချို့ယွင်းချက်ရှိတာ မဟုတ်ပေမယ့် တချို့ လိုအပ်ချက်တွေနဲ့၊ ပိုကောင်းအောင် လုပ်လို့ရတဲ့နေရာတွေက သိသာလွန်းပါတယ် ။ ကျုပ် အဲ့ဒါတွေကို မမြင်နိုင်ဘူးလို့ သခင်ကြီး ထင်ထားတာလား "
" ဘယ်... ဘယ်နား လိုအပ်နေတာလဲ "
ဘိုးဘေးစိတ်ဝိဥာဥ်အရိပ်မှာ လောထျန်းစကားကို
ကြားပြီးနောက် ချက်ချင်းပင် ဒေါသူပုန်ထသွားတော့သည်။
ထို မူလအဆင့်မသေမျိုးအစီအမံ မှာ သူ့ဘဝတလျှောက်လုံး လေ့လာ၍ ရလာခဲ့သော ရလဒ်ဖြစ်ပါသည်။
၎င်းမှာ အပေါ်ကမ္ဘာ၏ ရှေးခေတ်မှစ၍ ယနေ့ခေတ်ထိတိုင် ရှားပါးစာရင်းဝင် မူလအဆင့်မသေမျိုးအစီအမံများထဲမှ တစ်ခုလည်းဖြစ်ပြီး ထိုအစီအမံအတွက် သူ့ကိုယ်သူ အလွန်ဂုဏ်ယူခဲ့ရပါ၏။
ယခု ထိုသို့သော အစီအမံမျိုးကို လိုအပ်ချက် ရှိသတဲ့လား ။
ထိိုတခဏ၌ သူ လောထျန်းအား အရောင်တလက်လက် တောက်နေသည့် မျက်လူံးများဖြင့် ကြည့်လိုက်သည်။
" ဒီကောင်လေး.. သေချာသာ မရှင်းပြနိုင်လို့ကတော့ သူ့ကို ငါ သတ်ပစ်မှာ "
သူ တွေးလိုက်၏။
လောထျန်းက တည့်တိုးပင် ပြန်ပြောရှာသည်။
" ပထမတစ်ခုက အစီအမံ အခြေခံအုတ်မြစ်က ထွင်းစာပဲဗျ "
လောထျန်းက ပြောပြောဆိုဆိုပင် ထွင်းစာများအား ဘာမှမထူးဆန်းပုံဖြင့် ရေးပြလိုက်သည်။
" ကြည့်ပါဦး ... သခင်ကြီးက ဒီနေရာမှာ အဖျက်အဆီး ထွင်းစာ ၃၆ လုံးကို ရေးထားခဲ့တယ်လေ "
ထို့နောက် ထွင်းစာတစ်နေရာသို့ လက်ညိုးညွှန်ပြကာ ပြော၏။
ဘိုးဘေးစိတ်ဝိဥာဥ်အရိပ် မျက်မှောင်ကြုံ့လျက် ပြန်ပြောလိုက်သည်။
" အဲ့ဒါ ဘာပြဿနာ ရှိလို့လဲ "
လောထျန်း ခေါင်းညိတ်၍ စကားဆက်၏။
" ရှိတာပေါ့ဗျာ ။ ဒီထွင်းစာက သတ်ဖို့အတွက် ဆိုပေမယ့် ဒီတိုင်းကြီး ဖျက်ဆီးရုံနဲ့ဆိုရင် တိုက်ခိုက်မှုကို အကောင်းဆုံးဖြစ်အောင် မလုပ်နိုင်ပေးမယ့်အပြင် ဘေးက ထွင်းစာနှစ်ခုရဲ့ ဖိအားကိုပါ သွားပြီး ထိခိုက်
နေတယ်လေ ။ အဲ့တော့ ဒီထွင်းစာသုံးခု ပေါင်းတဲ့အစွမ်းက ရှိသင့်တာထက် ပိုနည်းသွားတာပေါ့ "
" ဒါပေမယ့် အဲ့ အဖျက်ဆီး ထွင်းစာတစ်ဝက်လောက်ကို ဖယ်ပြီးတော့ အသက်အစွမ်း ထွင်းစာနဲ့ အစားထိုးလိုက်မယ်ဆိုရင်.. အစီအမံ စက်ဝန်းတစ်စု ဖြစ်သွားပြီ ။ အဲ့ကျရင် တခြားထွင်းစာတွေကို မထိခိုက်တော့မယ့်အပြင် စက်ဝန်းတစ်ခါလည်တိုင်းလဲ အစွမ်းက ပိုတိုးလာမှာ ။ အဲ့လိုဆိုရင် အစီအမံရဲ့ အစွမ်းကလဲ အနည်းဆုံး သုံးဆကနေ ငါးဆအထိ တိုးသွားပြီပေါ့ဗျာ "
လောထျန်းက ပြောပြောဆိုဆိုပင် ထွင်းစာများ ပြင်ဆင်လိုက်၏။
သူ နောက်ဆုံးစုတ်ချက်အား ရေးပြီးချိန်တွင်မူ ...
ဝီ ...
ထွင်းစာ၏ ဖိအားက ရုတ်တရက် ပိုတိုးလာတော့သည်။
" ဒါ.... "
တိုင်လင်စင်မြင့်၏ ဘိုးဘေး မှင်သက်သွားပါ၏။
အစောပိုင်းတွင်.. သူ့ထွင်းစာက လိုအပ်ချက်ရှိသည်ဟု လောထျန်း ပြောခဲ့ချိန်၌ သူ မကျေမနပ် ဖြစ်ခဲ့သော်လည်း ...
ယခု အချက်အလက်များအား သေချာရှင်းပြလိုက်ချိန်တွင်မူ... သူ့အနေဖြင့် လက်ခံရုံသာ ရှိပါတော့သည်။
လောထျန်းက ထိုလိုအပ်ချက်ကို ပြင်ပြီးချိန်တွင် သူ့ အစီအမံက အမှန်တကယ်လည်း ပိုအစွမ်းထက်လာခဲ့သည် မဟုတ်ပါလား ...
" ဒုတိယလိုအပ်ချက်က ဒီမှာ... "
လောထျန်းက အခြားထွင်းစာတစ်ခုကို ရေးကာ ပြင်ဆင်လိုက်ပြန်သည်။
ဝီ ...
ထွင်းစာ၏ အရောင်အဝါ ရုတ်တရက် တိုးလာကာ ၎င်း၏ အစွမ်းမှာလည်း သိသိသာသာပင် တိုးလာ၏။
တဖက်မှ ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာကား ၎င်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား ....
" တတိယ လိုအပ်ချက်ကတော့... ဒီ ထွင်းစာနှစ်ခုက နေရာမှားနေကြတယ်ဗျ "
" လေးခုမြောက်ကတော့ ဒီထွင်းစာတွေက ပေါင်းစည်းသွားတဲ့အချိန်မှာ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းကို အသက်မသွင်းနိုင်ကြဘူး.... "
" ငါးခုမြောက်က...... "
" ...... "
" ဆယ့်နှစ်ခုမြောက်က. .... "
" အဲ... အဲ့ဒါတွေကတော့ လောလောဆယ် ကျုပ်မြင်တဲ့ လိုအပ်ချက် ဆယ့်နှစ်ခုပဲဗျ ။ အားလုံးကို ပြင်ပြီးသွားပြီဆိုရင် ရလဒ်က ဒီလိုဖြစ်လာတော့မှာ... "
လောထျန်းက ပြောနေရင်းပင် သူ အစောက ရေးထားခဲ့သော အစီအမံများကို ခေါ်ယူလိုက်သည်။
ထို့နောက် ပြင်ဆင်ထားသော ထွင်းစာများအား သေချာ နေရာပြန်ချပြီး အားလုံးကို စိတ်ဝိဥာဥ်အစွမ်းဖြင့် ပြင်ဆင်လိုက်၏။
တခဏကြာပြီးနောက်တွင်မူ ...
ဝုန်း ...
အစီအမံက ပြည့်စုံသွားတော့သည်။
ထိုအစီအမံ ပေါ်လာသည်နှင့် ကမ္ဘာတုန်စေလောက်သည့် ဖိအကြီးတစ်ခု ရုတ်ချည်းထွက်လာပါ၏။
စာကြည့်တိုက်အပြင်ဘက်တွင် ရှိထားခဲ့သော အစီအမံမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ ချက်ချင်း ပြိုကွဲသွားတော့သည်။
" ဟင်... ဘာတွေ ဖြစ်နေတာလဲ "
တိုင်လင်စင်မြင့် ခန်းမထဲတွင် ရှိနေကြသော အကြီးအကဲရှု နှင့် အခြားသူများ အရောင်အဝါကို အာရုံခံမိကာ အသည်းအသန် ပြေးထွက်လာကြသည်။
သူတို့ မူလဖန်တီးခြင်းစာကြည့်တိုက်ရှေ့ ရောက်ချိန်တွင်မူ... စာကြည့်တိုက်ကို ကာရံထားသော အစီအမံက ယခင်လို လုံးဝမဟုတ်တော့သည်ကို မြင်လိုက်ရပါ၏။
" ဘာ... ဘာတွေ ဖြစ်နေတာလဲ ... "
အားလုံး အံ့သြမှင်သက်နေကြပြီး.. တစ်ယောက်မှ ရှေ့မတိုးရဲကြပါချေ။
အခြားတဖက် ၊ စာကြည့်တိုက်၏ ဆယ်လွှာတွင် ရှိနေသော လောထျန်းက ဘိုးဘေးစိတ်ဝိဥာဥ်အရိပ်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဒါကမှ သခင်ကြီးရဲ့ ပြီးပြည့်စုံတဲ့ မူလအဆင့်မသေမျိုးအစီအမံ မဟုတ်လား "
ထိုစဥ်တွင် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာကား သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း လုံးဝ မှင်သက်နေရှာပါ၏။
၎င်းက မူလအဆင့်မသေမျိုးအစီအမံ တဲ့လား ...
ထိုဖိအား... ထိုထွင်းစာ... ထိုအစွမ်း ....
၎င်းမှာ မူလအဆင့်မသေမျိုးအစီအမံ၏ ကန့်သတ်ချက် ဘောင်များကိုပင် ကျော်လွန်နေလေပြီ ။
၎င်းမှာ သူ့ကိုယ်ပိုင် မူလအဆင့်မသေမျိုးအစီအမံကို ပြောင်းလဲပြုပြင်ပြီး ရခဲ့သည့် ရလဒ်တဲ့လား ...
သူ ခေါင်းတဖြည်းဖြည်း ငုံ့သွားကာ လောထျန်းကို ကြည့်လိုက်ပြီးနောက်... ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်ပါ၏။
" ဟုတ််တယ် ၊ မင်း မှန်တယ် "