← Chapters

အခန်း (၇၈၃)

Vol. 56 Ch. 783

အခန်း (၇၈၃)

Vol. 56 Ch. 783

နာရီဝက်ခန့် ကြာသွားပြီးနောက် ...

" သခင်ကြီး ၊ သွေးနီလမင်းဂိုဏ်းရဲ့ သဘာဝအရင်းမြစ်တွေအားလုံး ဒီမှာပါ "

လီချင်းယွမ် နှင့် ထျန်းလင်ဂိုဏ်းသားများက လောထျန်းအား တုန်တုန်ယင်ယင် ပြောလိုက်ကြသည်။

တဖက်မှ လောထျန်းမှာ ထျန့်ကျီတောင်သခင်ကြီး ဖြစ်ပြီး ... ကမ္ဘာပေါ်တွင် အရက်စက်အယုတ်မာဆုံးများထဲမှ တစ်ယောက် မဟုတ်ပါလား ...

ထို့ကြောင့် သူနှင့် ပြောဆိုဆက်ဆံရာတွင် သူတို့ ကြောက်ရွံ့ပြီး သတိကြီးကြီးထားကြသည်မှာ မဆန်းပေ ။

တဖက်မှ လောထျန်း မျက်ခုံးပင့်သွား၏။

" ဒါ အကုန်ပဲလား "

သူ မေးလိုက်သည်။

လီချင်းယွမ်မှာ လောထျန်းကိုကြည့်ရင်း ကျောရိုးထဲမှပင် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။

လောထျန်းက သူ့အား အပြစ်တင်စကား ဆိုလာမည်ကိုလည်း စိုးရိမ်မိသွား၏။

" သခင်ကြီး ၊ ကျုပ်တို့ သူတို့ရဲ့ သိုင်းကျမ်းစာကြည့်တိုက်ကိုရော ၊ ဆေးပင်ဥယျာဥ်ကိုရော ၊ ဆေးချက်ခန်းကိုရော ၊ ရတနာတိုက်ကိုရော အပြောင်ရှင်းခဲ့ပါပြီ ။ ဘာမှ မကျန်တော့ဘူးဗျ "

လီချင်းယွမ် တုန်လှုပ်စွာ ပြောလိုက်သည်။

လောထျန်း သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်လိုက်၏။

" ဘာမှ မကျန်တော့ဘူး... ဟုတ်လား ၊ လာ.. ကျုပ်နဲ့ လိုက်ခဲ့ "

လီချင်းယွမ်တစ်ယောက် လောထျန်းနောက်မျ တုန်တုန်ယင်ယင် လိုက်သွားလိုက်ရတော့သည်။

လောထျန်းက တောင်ဂိတ် တံခါးဝသို့ ရောက်သည်နှင့်...

" ဒီမှာကြည့်.. ဒီ ဂိတ်တံခါးကို လုပ်ထားတဲ့ ပစ္စည်းတွေက မသေမျိုးအဆင့် ပစ္စည်းတွေပဲ ။ ဒါတွေကို ဘာလို့ မသယ်တာလဲ "

သူ မေးခွန်းထုတ်လိုက်သည်။

" ဟင်... "

လီချင်းယွမ် မှင်သက်သွား၏။

ဂိတ်တံခါးကိုပါ သယ်သွားရမယ်တဲ့လား...

ပြီးခဲ့သောနှစ်များအတွင်း အပေါ်ကမ္ဘာတွင် ထိုလုပ်ရပ်မျိုး လုပ်သူ တစ်ယောက်မှပင် မရှိခဲ့ဖူးပါ ။

" ဒါကို ဖျက်ကြဟေ့... အခုချက်ချင်း လုပ်ကြ "

လီချင်းယွမ် အားလုံးဘက်လှည့်၍ အမိန့်ပေးလိုက်သည်။

ဤသို့ဖြင့် မကြာခင်မှာပင်... တောင်ဂိတ်တံခါးကြီး တစစီဖြစ်သွားပါတော့သည်။

" ရပါပြီ သခင်ကြီး "

လီချင်းယွမ် တုန်တုန်ယင်ယင် ပြောလိုက်သည်။

ထိုစဥ် လောထျန်းက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြော၏။

" အဲ့ ကျောက်ပြားတွေကိုရော ကြည့်ပါဦး... ဘာလုပ်မလဲ နားမလည်ဘူးလား "

လီချင်းယွမ် ခဏတာမျှ မှင်သက်သွားပြီးမှ သူ့လူများဘက် ချက်ချင်း အမိန့်ပေးလိုက်သည်။

" ကျောက်ပြားတွေကိုပါ ယူကြဟေ့ "

ထို့နောက်.. သူ စကားဆက်မပြောနိုင်ခင်မှာပင် လောထျန်းက တောင်ပေါ်သို့ လက်ညိုးညွှန်ပြ၍ ဆက်ပြောသည်။

" အဲ့က ခန်းမဆောင်တွေ ၊ တံခါးတွေ ၊ ဆေးပင်ဥယျာဥ်ထဲက စိတ်စွမ်းအင်ဆေးပင်အမြစ်တွေ အားလုံးကိုရော တူးပြီးသွားကြပြီလား "

" တောင်အနောက်ဘက်က တားမြစ်နယ်မြေထဲမှာရော ရတနာတွေမရှိတာ သေချာပြီလား "

" ဂိုဏ်းရဲ့ ဘိုးဘေးခန်းမထဲမှာရော ထူးခြားတဲ့

အမွေအနှစ်တွေ ရှိ၊မရှိ ကြည့်ပြီးပြီလား "

" ဂိုဏ်းထဲက ကြွက်တွင်းတွေထဲမှာရော နတ်ဘုရားသားရဲ ဥတွေ ၊ ဒါမှမဟုတ် တစ်ခုခု ဖွက်ထားတာတွေ ရှိလားဆိုတာ ကြည့်ပြီးပြီလား "

" အဲ့ဒါတွေတောင် ဘာမှ မလုပ်ကြဘဲနဲ့... ဂိုဏ်းကို ဖျက်ဆီးတယ်ခေါ်တာလား အသုံးမကျလိုက်ကြတာ"

လောထျန်းမှာ ပြောနေရင်း ဒေါသပိုထွက်လာဟန် တူပါ၏။

ပျောင်ပိုင်မြို့တွင်သာဆိုပါက သူ ထိုကိစ္စများအား စိတ်ပူနေစရာ လိုမည်မဟုတ်ပါ ။

ထိုကောင်များက အပေါ်ကမ္ဘာက ဖြစ်ပြီးတော့ အဆင့်က ဒီလောက်ပဲ ရှိတာလား...

ယခုတိုင်းဆိုလျှင် သူ ကောင်းကင်ဘုံစင်မြင့်ကို မြန်မြန်ဆောက်ပြီး ... ဖျက်ဆီးရေးအဖွဲ့အား ခေါ်ရမည့်ပုံ ပေါ်ပါသည်။

တဖက်.. ထျန်းလင်ဂိုဏ်းမှ လူများမှာကား လောထျန်းစကားကို နားထောင်ပြီး ဆွံ့အမှင်သက်လျက် ...

သူတို့ အပေါ်ကမ္ဘာတွင် နေလာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ထိုသို့သော ဖြစ်ရပ်မျိုး တစ်ခါမှပင် မကြားဖူးခဲ့ပါချေ။

" ဟုတ်ကဲ့.. အခု လုပ်လိုက်ပါ့မယ် သခင်ကြီး "

လီချင်းယွမ် ပြောပြီး သူ့လူများကို ချက်ချင်းခေါ်ကာ လောထျန်းညွှန်ကြားသည့်အတိုင်း သေချာဖျက်ဆီးလိုက်တော့သည်။

ထိုသို့ လုပ်ပြီးနောက်မှလည်း သူ အစောပိုင်းမှ လွတ်သွားခဲ့သည့်အရာများ များစွာပင်ရှိကြောင်း သိလိုက်ရပါ။

" သခင်ကြီး ၊ ဒါက ကျောက်ပြားအောက်မှာ ထွင်းထားတဲ့ ဓားကျင့်စဥ်ပါ ။ ကြည့်ရတာ တော်တော်အဆင့်မြင့်တယ်နဲ့တူတယ် "

" သခင်ကြီး ၊ ဒါကတော့ သူတို့ဂိုဏ်းရဲ့ ဘိုးဘေးခန်းမဆောင်ထဲက ထိုင်ခုံအောက်မှာ ဖွက်ထားတဲ့

စိတ်ဝိဥာဥ်အစွမ်းကျင့်စဥ်ပါ "

" သခင်ကြီး.. ကျုပ်တို့ ကြွက်တွင်းတစ်ခုကို တူးနေတဲ့အချိန် ၊ အထဲမှာ နတ်ဘုရားအဆင့်နီးပါး ရတနာတူးကြွက်ရဲ့ ဥသုံးလုံး တွေ့ခဲ့ရတယ်ဗျ... "

" အိမ်သာတွင်းထဲမှာတော့ ဘာမှမရှိပါဘူး ဂိုဏ်းချုပ်ကြီး ... "

အားလုံး ပြန်လာပြောကြသော သတင်းစုံကို နားထောင်ရင်း ... လီချင်းယွမ် တစ်ခုကို နားလည်သွားပါတော့သည်။

ထို့နောက် သူ လောထျန်းဘက် တလေးတစား လှည့်ကြည့်လိုက်၏။

" သခင်ကြီးက တကယ်ကို အမြော်အမြင်ကြီးတာပဲ ။ ဘယ်လိုလုပ်ပြီးတော့ ဒီနည်းကို စဥ်းစားမိတာလဲ မသိဘူး ။ သူ အရင်ကရော တခြားဂိုဏ်းတွေကို အဲ့လိုဖျက်ဆီးခဲ့ဖူးတယ်ထင်တယ် ။ ဒါပေမယ့်... သူ့ရာထူးဂုဏ်ပုဒ်နဲ့.. အဲ့လို မလုပ်လောက်ပါဘူးလေ "

သူ့ခေါင်းထဲ အတွေးများစွာပင် ဖြတ်ပြေးသွားသည်။

ဤသို့ဖြင့် အချိန်တရွေ့ရွေ့ ကုန်သွားခဲ့ပြီး နောက်တစ်နေ့ နေ့လည်ခင်းမှသာ သူတို့လူစု ဖျက်ဆီးခြင်းများအားလုံး လုပ်၍ပြီးသွားတော့သည်။

ရှေ့မှ အပျက်စီးများကို ကြည့်နေသော လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" အင်း စိတ်ဝင်စားစရာတော့ ကောင်းပေမယ့်... နှေးလွန်းတယ် "

လောထျန်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ပျောင်ပိုင်မြို့မှ သူ့ ဖျက်ဆီးရေးအဖွဲ့ကို မြန်မြန်ခေါ်ရန်လည်း ဆုံးဖြတ်ချက် ချလိုက်ပါ၏။

" သခင်ကြီး.. သွားကြတော့မလားဗျ "

ထိုစဥ် လီချင်းယွမ်က ထူးဆန်းသော မျက်နှာထားဖြင့် ပြောလာသည်။

ယခုလို ဖျက်ဆီးခြင်းက သူ့အား တုန်လှုပ်သွားစေခဲ့သည်မှာ အသိသာပါပင် ။

၎င်းမှာ သူ့ရင်ထဲ၌ ကမ္ဘာသစ်တစ်ခုသို့ သွားသည့် တံခါးတစ်ချပ် ပွင့်သွားသလိုဟု ပြောရလေမလား...

မြက်ပင်တစ်ပင်မှ ချန်မထားနဲ့ ဆိုသောစကားကိုလည်း သူ နောက်ဆုံး နားလည်သွားခဲ့ရလေပြီ ။

သို့သော်.. လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။

" မသွားသေးဘူး ၊ ကျုပ် မယူရသေးတဲ့ အရေးကြီးဆုံးဟာတစ်ခု ကျန်သေးတယ် "

" ဟင်... ဘာကျန်တာလဲ "

လီချင်းယွမ် နားမလည်နိုင် ဖြစ်သွားသည်။

သူ တောင်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်လည်း တောင်တစ်ခုလုံး ပြောင်ရှင်းနေပြီး ဘာမှ ယူစရာမကျန်တော့ပါချေ။

သို့သော် ထိုစဥ်မှာပင်.. လောထျန်းက လက်ဖြင့်

အစီအမံအချို့လုပ်၍ မျက်လုံးမှိတ် ကျင့်ကြံလိုက်ပါသည်။

" ထွက်လာခဲ့ ... "

သူ့စကား ဆုံးချိန်မှာပင် ...

ဝုန်း....

မြေပြင်တစ်ခုလုံး တုန်ခါလာကာ... ရှည်လျားသော သွေးနီရောင် မြွေကြီးတစ်ကောင် မြေပြင်မှ တဖြည်းဖြည်း ထွက်လာ၏။

" အသွင်ပြောင်း မသေမျိုးစွမ်းအင်သွေးကြော ပဲ "

လီချင်းယွမ် တုန်လှုပ်သွားရပြန်တော့သည်။

လောထျန်းက ထိုအရာကိုပါ ယူသွားဦးမှာတဲ့လား...

သို့သော်... ထိုအဆင့်မျိုးရှိသည့် မသေမျိုးစွမ်းအင်သွေးကြောကို မည်သို့ ဖမ်းယူရပါမည်နည်း ...

ထိုစဥ်မှာပင် လောထျန်းက လက်တစ်ဖက်ဆန့်ထုတ်

လိုက်ပါသည်။

ဝုန်း ....

မြည်သံကျယ် တစ်သံနှင့်အတူ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများမှ အသွင်ပြောင်းထားသော ဓားရှည်တစ်လက် သူ့လက်ထဲ ပေါ်လာ၏။

တဖက်မှ သွေးနီမြွေကြီး၏ မျက်လုံးများမှာ စစချင်းတွင် ရန်လိုသည့်အရိပ်အယောင် ရှိနေခဲ့သော်လည်း ...

လောထျန်းလက်ထဲမှ ဓားကို မြင်ပြီးချိန်တွင်မူ .... ထိုရန်လိုမှုများ တမဟုတ်ချင်း ပျောက်သွားတော့သည်။

" ငါနဲ့လိုက်ခဲ့ရင် ဒါမျိုးတွေရမယ် "

လောထျန်း ပြောလိုက်သည်။

သွေးနီမြွေကြီး ခဏလေးသာ တွန့်ဆုတ်နေပြီးနောက်... လောထျန်းရှေ့ ရောက်လာကာ ဦးညွှတ်အရိုအသေ ပေးလိုက်တော့၏။

" ဘယ်လိုဖြစ်ပြီး... "

လီချင်းယွမ် ပို၍ တုန်လှုပ်သွားရပြန်တော့သည်။

စကားတစ်ခွန်းတည်းနှင့် မသေမျိုးစွမ်းအင်သွေးကြောကို အောင်နိုင်သွားခဲ့သတဲ့လား ...

မလွန်လွန်းဘူးလား ....

ထိုစဥ် လောထျန်းက အပြုံးဖြင့် ဆို၏။

" ကောင်းပြီ ၊ သွားကြစို့ "

သူ ပြောပြောဆိုဆိုပင် လေထဲပျံတက်၍ မြွေကြီး၏ ခေါင်းပေါ်သို့ ခြေချလိုက်သည်။

၎င်းကို မြင်သောအခါ အခြားသူများလည်း မြွေကြီး၏ကိုယ်ပေါ် တက်ရန် ပြင်လိုက်ကြသည်။

သို့သော်.. မြွေကြီး၏ သွေးနီရောင် မျက်လုံးများ၌ လူသတ်အရိပ်အငွေ့များ ရုတ်ချည်း ပေါ်လာပါ၏။

သူသည် သွေးနီလမင်းဂိုဏ်း၏ ဘိုးဘေးသဖွယ်

ကိုးကွယ်မှုကို နှစ်ပေါင်းများစွာကြာ ခံလာခဲ့ရသော မသေမျိုးတစ်ယောက် မဟုတ်ပါလား...

သူ့ကို ဘာမဟုတ်သည့် လူများက တက်စီး၍ ရပါမည်လား ...

သို့သော်...

ဘုန်း ...

ထိုစဥ် လောထျန်းက ခြေထောက်ကို အသာဆောင့်လိုက်ရာ .. မြွေကြီး တစ်ကိုယ်လုံး တုန်သွားပြီးနောက်.. သူ့ လူသတ်အရိပ်အငွေ့ကို ချုပ်တည်း၍ လူများအား ကိုယ်ပေါ်တက်ခွင့် ပေးလိုက်တော့၏။

ထို့နောက်တွင်မူ... မြွေကြီးမှာ လောထျန်း၏ အမိန့်အတိုင်း ... တောင်တန်းများနှင့် မြစ်များစွာကို ဖြတ်၍ လျင်မြန်စွာ ပျံသန်းနေတော့သည်။

သူ့ အမြန်နှုန်းမှာ ယုံနိုင်စရာ မကောင်းလောက်အောင်ပါပင် ...

ဤသို့ဖြင့် မိုင်ပေါင်းသောင်းချီ ဝေးသောခရီးက တခဏလေးသာ ကြာလိုက်ပြီး သူတို့ ဦးတည်ရာနေရာသို့ ရောက်လာခဲ့ကြ၏။

သို့သော် ထျန့်ကျီတောင်အနီး ရောက်လာချိန်တွင်မူ.. သွေးနီမြွေကြီးက သိသိသာသာပင် တွန့်ဆုတ်သွားသည်။

သို့သော် လောထျန်းက သူ့အား ဖိနှိပ်လာသဖြင့် မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းသာငုံ့သွားပြီး ရှေ့ဆက်တိုးသွားလိုက်ရ၏။

ထို သွေးနီမြွေကြီး ရောက်လာသည်နှင့် ထျန့်ကျီတောင်ရှိ မသေမျိုးစွမ်းအင် သိပ်သည်းမှုလည်း ရုတ်ချည်းပင် တိုးလာတော့သည်။

ထိုစဥ် လောထျန်းက လီချင်းယွမ်ဘက် လှည့်၍ ပြော၏။

" လောလောဆယ်.. ယာယီနေဖို့ တစ်နေရာ ရှာလိုက်ကြဦး ။ အားလုံး စီစဥ်ပြီးသွားပြီဆိုရင် တောက်ပေါ်တက်ပြီး ကျုပ်ဆီလာခဲ့ "

လောထျန်း ပြောပြီးသည်နှင့် သွေးနီမြွေကြီးနှင့်အတူ ထျန့်ကျီတောင် အတွင်းပိုင်းထဲ ဆက်ဝင်သွားတော့သည်။

" သခင်ကြီး ... ဒါ... ဒါက... "

ထိုစဥ် ထျန်းလင်ဂိုဏ်းသားတစ်ယောက်က သူတို့ ဘယ်ရောက်နေသည်ကို သတိထားမိသွားပြီး တုန်တုန်ယင်ယင် ပြောလာ၏။

လီချင်းယွမ် နောက်လှည့်ကြည့်လိုက်ရာ.. အခြားဂိုဏ်းသားများလည်း ကြောက်ရွံ့တုန်လှုပ်နေကြသည်ကို တွေ့လိုက်ရသည်။

သူ သက်ပြင်းချလိုက်၏။

ဤနေရာသည် သက်ရှိများအတွက် တားမြစ်နယ်မြေ တစ်ခုဖြစ်သော ထျန့်ကျီတောင် မဟုတ်ပါလား ...

သူတို့ အပေါ်ကမ္ဘာအတွက်မူ... ဤနေရာသည် မိစ္ဆာနှင့် သေခြင်းကို ကိုယ်စားပြုသည့် နေရာတစ်ခုပင်...

ထို့ကြောင့် သူတို့အားလုံးရင်ထဲမှ ကြောက်ရွံ့မှုက သဘာဝကျပါ၏။

လီချင်းယွမ် သက်ပြင်းချလိုက်ပြီးနောက်မှ အားလုံးကိုကြည့်၍ ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။

" အားလုံး... ငါတို့ ထျန်းလင်ဂိုဏ်းက ကောင်းကင်ဘုံသားတော်ကို ရန်စစော်ကားခဲ့မိပြီကွ ။ ဒီ ထျန်းကျီတောင်ကနေ ထွက်သွားရင် ချင်းယွမ်ဒေသထဲမှာ ငါတို့ကို ကာကွယ်ပေးမယ့်သူ ရှိမယ်လို့ ထင်လား "

All Chapters