← Chapters

နဂါးဘုရင်က ငါ့အိမ်မှာ အလုပ်လုပ်နေတာ

Vol. 31 Ch. 451

နဂါးဘုရင်က ငါ့အိမ်မှာ အလုပ်လုပ်နေတာ

Vol. 31 Ch. 451

"မစ္စတာကျန်း.. ဒီလူတွေရဲ့ထူးခြားစွမ်းရည်တွေကို ကျွန်တော် ချိတ်ပိတ်ထားပြီးပါပြီ။ သူတို့တွေ နောက်သုံးနာရီအတွင်း ဘာအစွမ်းမှ ထုတ်သုံးလို့ရမှာမဟုတ်ပါဘူး။ သူတို့ကို ကျွန်တော်ကိုယ်တိုင် ရှင်းလိုက်ရမလား"

ယဲ့ရင်က ကျန်းမုန့်လောင်ဘေးမှ ရက်စက်တော့မည့်ဟန်ဖြင့် မတ်တတ်ထရပ်၍ ပြောလာလေသည်။

ဤမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသောအခါ ဟွားယဲ့လည်း အံ့ဩတုန်လှုပ်မှုကြောင့် အနည်းငယ်တုန်ယင်သွားရသည်။

မည်သို့ပင်ဖြစ်စေ ဤဦးလေးနှစ်ယောက်က အဆင့်ခုနစ်စိတ်စွမ်းအားရှင်များပင်။ ဟွာရှားနိုင်ငံတွင်ဖြစ်စေ တစ်ကမ္ဘာလုံးတွင်ဖြစ်စေ သူတို့၏ခွန်အားက ထိပ်တန်းအဆင့်ဖြစ်၏။ တိုင်းတစ်ပါးရှိ နိုင်ငံများနှင့် အဓိကအဖွဲ့အစည်းများပင် သူတို့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံရသည်။

သို့သော် ယခုမူ သူတို့နှစ်ယောက်က ခွေးသေနှစ်ကောင်အလား မြေပြင်ပေါ်၌ လဲနေချေသည်။ ထို့ကြောင့် သူ့ယုံကြည်မှုများလည်း ချက်ချင်းပြိုလဲသွားရတော့သည်။ သူ့စိတ်ထဲတွင် နတ်ဘုရားနှင့်တူသော လူနှစ်ယောက်က အခြားလူတစ်ယောက်ထံမှ အသာလေးနှိမ်နင်းခံလိုက်ရပေသည်။

ဟွားယဲ့၏အကြည့်က ယဲ့ရင်ဆီသို့ ကျရောက်သွားသည်။ ဤလူငယ်လေးကလည်း သူနှင့် သက်တူရွယ်တူပင်။ သို့သော် သူ ထုတ်လွှတ်နေသော အစွမ်းက ခုခံတိုက်ခိုက်လိုသည့် သူ့စိတ်များကို လွင့်စင်ပျောက်ကွယ်သွားစေသည်။

အဆင့်ခုနစ်စိတ်စွမ်းအားရှင်နှစ်ယောက်ကို လျှပ်တစ်ပြက်အတွင်း အနိုင်ယူပစ်လိုက်ခြင်းပင်။ သူက အဆင့်ကိုးစိတ်စွမ်းအားရှင်လား။ သို့မဟုတ် ကောင်းကင်ဘုံဖျားအဆင့်ရှိသည့် သိုင်းပညာရှင်တစ်ယောက်လေလား။ ကျန်းမုန့်လောင်ဘေးမှာ ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်က ဘာကြောင့်ရှိနေရသလဲ။ ထို့ပြင် ဤလူက ကျန်းမုန့်လောင်ကို အလွန်ရိုသေလေးစားဟန်တူသည်။ သူ့ဘော်ဒီဂတ်ဖြစ်ဟန်တူ၏။

"ကြည့်စမ်းပါဦး။ ဟိတ်ဟန်ကောင်းလိုက်ပုံများတော့.. ငါကတော့ တကယ့်ဆရာကြီးတစ်ယောက်နဲ့ တွေ့ရပြီလို့ထင်နေတာ။ ဒါပေမဲ့ မင်းက အပြောသမားသက်သက်ပါလားကွ"

ကျန်းမုန့်လောင် ခေါင်းတခါခါလုပ်လိုက်မိသည်။

"အပြောပဲရှိပြီး ဘာအနှစ်သာရမှမရှိဘူး"

ကျန်းမုန့်လောင်လည်း တိုက်ခိုက်နိုင်စွမ်းကင်းမဲ့နေပြီဖြစ်သော မြေပြင်ပေါ်ရှိ ထိုလူနှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါယမ်းမိပြန်သည်။

"တစ်ယောက်က အသူရာဖြစ်ပြီး တစ်ယောက် စစ်နတ်ဘုရားလို့ ပြောလိုက်တာမလား"

ကျန်းမုန့်လောင်က ဟွားယဲ့ကို လှမ်းကြည့်လိုက်သည်။

"ခုနတုန်းကတော့ မင်း ယုံကြည်မှုအပြည့်နဲ့ ကြွားနေတာမဟုတ်ဘူးလား။ အခု ဘယ်လိုဖြစ်တာလဲ"

"ငါ…"

ဟွားယဲ့ခမျာ ပြောစရာစကား ရှာမရချေ။ ဤမျှအစွမ်းထက်သော လူငယ်တစ်ယောက်ကို ဟွာရှားနိုင်ငံရှိ စိတ်စွမ်းအားရှင်များထဲမှာရော သိုင်းပညာရှင်များထဲမှာပါ မမြင်ဖူးပေ။

"မုန့်လောင် ဒါက…"

လုရီယောင်ခမျာ ယဲ့ရင်၏ ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် လန့်ဖျပ်သွားချေသည်။ သူ(မ)က စိတ်စွမ်းအားရှင်တစ်ယောက် သို့မဟုတ် သိုင်းပညာရှင်တစ်ယောက် မဟုတ်သော်ငြား ဤလူ့ထံမှ ထူးခြားလှသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကြောင်း မသိစိတ်ထဲမှ ခံစားမိသည်။

"မကြောက်ပါနဲ့။ သူက ယဲ့ရင်တဲ့။ ငါ့အဖေစီစဉ်ပေးထားတဲ့ ငါ့ဘော်ဒီဂတ်လေ။ ငါ့အနားမှာ အချိန်ပြည့်စောင့်ရှောက်ပေးနေတာ"

"အချိန်ပြည့်လား"

လုရီယောင်၏ အသားအရောင်မှာ အနည်းငယ် ပြောင်းလဲသွားလေသည်။ ထူးခြားသော ကိစ္စတစ်ခုကို တွေးမိသွားတာ သိသာလှသည်။

"စိတ်ချပါ"

ကျန်းမုန့်လောင် ပြုံးမိသည်။

"သူက မကြည့်သင့်တဲ့အရာတွေကိုတော့ မကြည့်ရဲပါဘူး"

"ဟုတ်ပါတယ် မိန်းကလေးလု"

ယဲ့ရင်ကလည်း ဝင်ပြောလိုက်၏။

"မိန်းကလေး မစ္စတာကျန်းနဲ့အတူ ရှိနေတဲ့အချိန်ဆိုရင် ကျွန်တော်က မင်းနဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှမှာ အလိုအလျောက်ပိတ်ဆို့ခံထားရတာပါ။ ပြင်ပကာကွယ်ရေးကိစ္စတွေမှာပဲ တာဝန်ယူရပါတယ်"

ဤစကားကိုကြားမှသာ လုရီယောင်လည်း သက်ပြင်းချနိုင်တော့သည်။

"သူက ငါတို့နဲ့အတူ တစ်ချိန်လုံးအတူရှိနေခဲ့တာလား။ ဒါပေမဲ့ ငါ သူ့ကို အရင်က ဘာလို့ တစ်ခါမှမမြင်ဖူးရတာလဲ"

"သူ့မှာ ထူးခြားစွမ်းရည်တွေရှိတယ်"

ကျန်းမုန့်လောင် ပြုံးလိုက်ချေသည်။

"ယဲ့ရင် မင်း အခုသွားလို့ရပြီ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ယဲ့ရင် အနောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီးနောက် သူတို့ရှေ့မှာတင် လေထုထဲသို့ အငွေ့ပျံသွားသည့်အလား ‌ပျောက်ကွယ်သွားလေတော့သည်။

"သူ အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

လုရီယောင်လည်း တအံ့တဩရေရွတ်မိသည်။

"အဲဒါက ငါပြောတဲ့ ထူးခြားစွမ်းရည်ပဲလေ"

ကျန်းမုန့်‌လောင် ရှင်းပြလိုက်၏။

"အိမ်ပြန်ရောက်မှ ပြောပြတော့မယ်။ ဒီကိစ္စကို အရင်ရှင်းလိုက်ဦးမယ်"

ကျန်းမုန့်လောင်၏အကြည့်က ဟွားယဲ့၏မျက်နှာထက်သို့ ကျရောက်သွားသည်။

"ခုနတုန်းက ဖူရှီကုချင်ကို မင်းဆီ လွှဲမပေးရင် ပြဿနာတက်လိမ့်မယ်ဆိုပြီး မင်း ခြိမ်းခြောက်နေတာမလား။ အခု မင်း ငါ့ကို ဘာလုပ်မလဲဆိုတာ ငါ မြင်ချင်လှပြီ"

ဒဏ္ဍာရီလာအဆင့်သုံးကို ရောက်နေပြီဖြစ်သော ကျန်းမုန့်လောင်က တောင်တစ်တောင်ကိုပင် ထွင်းဖောက်နိုင်စွမ်းရှိသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ချေသည်။ သို့ဖြစ်လေရာ ဟွားယဲ့ခမျာ အသက်ရှူကျပ်သွားရပြီး မျက်နှာတစ်ခုလုံး နီမြန်းလာလေသည်။

"မင်းအဖေက ဘာမှမလုပ်ခင် တစ်ဖက်လူရဲ့နောက်ခံကို အရင်စစ်ဆေးဖို့ သင်မပေးထားဘူးလား။ မဟုတ်ရင် သံမဏိပြားကြီးကို ကန်မိပြီး မင်းပဲ ခံရမှာပေါ့"

"မင်းက ဘယ်သူလဲ"

ယခုအချိန်မှာတော့ ကျန်းမုန့်လောင်၏နောက်ခံက သူစုံစမ်းထားသော အချက်အလက်များထက် ပိုကြောက်ဖို့ကောင်းကြောင်း ဟွားယဲ့ အတပ်သိလိုက်လေပြီ။ သူ့စိတ်ထဲတွင် အကြောက်တရားများ ခိုအောင်းနေသော်ငြား သိချင်စိတ်ကလည်း ထက်သန်နေ၏။ ထို့ကြောင့် သတ္တိမွေး၍ ပြောလိုက်သည်။

"ငါ စုံစမ်းထားသလောက်ဆိုရင် လုံရှားအဖွဲ့အစည်းမှာရော ဟွာရှားသိုင်းပညာရှင်လောကမှာပါ မင်းရဲ့ဘော်ဒီဂတ်နဲ့တူတဲ့လူမျိုး မရှိပါဘူး"

"ဒါဆို မင်းရဲ့သတင်းအချက်အလက်က ခေတ်နောက်ကျနေလို့ပေါ့"

ကျန်းမုန့်လောင် ပြောလိုက်သည်။

"မင်းမြင်သမျှအရာတိုင်းကို မှန်တယ်လို့ထင်မနေနဲ့။ တချို့အရာတွေက တခြားလူတွေ မင်းကိုမြင်စေချင်သလောက်ပဲ မင်းမြင်ရတာ။ သိပ်မကြာသေးခင်တုန်းက သိုင်းနတ်ဘုရား ထျန်းယွမ်အဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့တယ်ဆိုတာ မင်းသိလား"

အမှန်ပင်။ ထိုအကြောင်းကို ဟွားယဲ့ ကောင်းကောင်းသိသည်။ ဤသည်မှာ သိုင်းလောကထဲတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သိုင်းနတ်ဘုရား ပိုမိုအင်အားတောင့်တင်းလာလေလေ ဟွာရှားအတွက် ပိုအကျိုးရှိလေလေပင်။

သိုင်းနတ်ဘုရား အဆင့်ထပ်တက်သွားသောကြောင့် ဟွာရှားနိုင်ငံနှင့် တချို့အင်အားစုများက နယ်မြေတချို့နှင့် နိုင်ငံရေးအငြင်းပွားမှုတချို့တွင် အကျိုးအမြတ်များနှင့် အားသာမှုများ ခံစားခဲ့ရသည်။

ဟွာရှားနိုင်ငံကို မျက်စိကျနေခဲ့ကြသော အင်အားစုများမှာ တိတ်ဆိတ်ကုန်ကြပြီး သူတို့၏ရန်လိုမှုကို ရပ်စဲထားလိုက်လေသည်။

သို့သော် လူအများစုက ဤကိစ္စရပ်၏အပေါ်ယံကိုသာ မြင်ကြပြီး အသေးစိတ်ကိုမူ အနည်းစုကသာ သိထားကြသည်။

သူကိုယ်တိုင်လည်း သိုင်းနတ်ဘုရားက သိပ်မကြာခင်တုန်းက ကံကောင်းသွားခဲ့သည်ဟုသာ ကြားထားသည်။ သူ စုံစမ်းစစ်ဆေးထားသလောက်ဆိုလျှင် သိုင်းနတ်ဘုရားက အမတဆေးထက် ပိုတန်ဖိုးကြီးသော ဆေးတစ်မျိုးကို ရရှိခဲ့သောကြောင့် နှစ်ပေါင်းများစွာအတွင်း မည်သူမှမရောက်နိုင်ခဲသည့် အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဟု ကြားသိထားသည်။

"ဒီကိစ္စက မင်းနဲ့ပတ်သက်နေတာလား"

ဟွားယဲ့၏မသိစိတ်ထဲမှာတော့ အလိုလိုသဘောပေါက်သွားသည်။

"သူ ထျန်းယွမ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာ ငါ သူ့ကို ဆုချီးမြှင့်လိုက်တဲ့ ဆေးကြောင့်ပဲ"

ကျန်းမုန့်လောင် ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။

"ဘာ?"

ဟွားယဲ့၏မျက်လုံးအစုံကား အဆမတန်ပြူးကျယ်သွားရသည်။

ထိုမျှအထိ အံ့ဖွယ်ကောင်းသော ပြဒါးရှင်လုံးမျိုးသာ တကယ်ရှိခဲ့ပါက အလွန်အမင်းတန်ဖိုးကြီးပေလိမ့်မည်။ ကျန်းမုန့်လောင်က ထိုဆေးတစ်လုံးကို ပေးပစ်လိုက်သည်ဆိုခြင်းမှာ သူ့အနေနှင့် ထိုကဲ့သို့သော ကိစ္စများကို အလေးအနက်မထားဘူးဟူသော သဘောပင်။

ဒဏ္ဍာရီလာအဆင့်ကိုးမှ ကောင်းကင်ဘုံဖျားအဆင့်သို့ တက်လှမ်းစေနိုင်သည့် ဆေးတစ်မျိုးတဲ့လား။

ဤသတင်းသာ တိုင်းတစ်ပါးနိုင်ငံများသို့ ပေါက်ကြားသွားခဲ့လျှင် ဘယ်လိုသွေးထွက်သံယိုတိုက်ပွဲများ ဖြစ်လေမလဲ။

"ပြီးတော့ မင်းက လုံရှားအဖွဲ့အစည်းကဆိုတော့ သိပ်မကြာခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ SSအဆင့်လျှို့ဝှက်ချက်အကြောင်း သိတယ်မလား"

"မင်းက အဲဒီအကြောင်းကိုသိတယ်ပေါ့"

"ပေါက်ကရတွေ.. အဲဒါက ငါ့လက်ချက်ပဲဟာကို"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"မင်းလား"

သာမန်ဖြစ်ရပ်တစ်ခုက SSအဆင့်အဖြစ် လျှို့ဝှက်ခံရလောက်သည်အထိ အရည်အချင်းမရှိကြောင်း ဟွားယဲ့ ကောင်းကောင်းသိသည်။ ထိုကဲ့သို့သော ကိစ္စမျိုးက တစ်နိုင်ငံလုံးအတွက်သာမက ဒုတိယကမ္ဘာတစ်ခုလုံးကိုပါ ပြင်းထန်လှသော ဂယက်ရိုက်မှုမျိုးကို ဖြစ်စေနိုင်သည်။

"မင်း သိပ်တတ်နေတယ်ဆိုရင် လုံရှားအဖွဲ့ခေါင်းဆောင်ကို ငါ့ပစ္စည်းကိုလာခိုးရဲလားလို့ မေးကြည့်လိုက်လေ"

"နောက်တစ်ခုရှိသေးတယ်"

ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။

"မင်း နဂါးဘုရင်ကိုသိလား"

ထိုစကားနှစ်ခွန်းကိုကြားသောအခါ ဟွားယဲ့တစ်ယောက်တည်းသာမက ယဲ့ရင်ထံမှ ရိုက်နှက်ခံထားရသည့် မြေပြင်ပေါ်ရှိ လူနှစ်ယောက်ကလည်း စိတ်ဝင်တစားနားထောင်နေကြတော့သည်။

"နဂါးဘုရင် ပျောက်သွားတာက မင်းနဲ့ပတ်သက်နေတာလား"

"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မင်းတို့အဘိုးကြီးက ငါ့အဖေကို လာထိပါးခဲ့လို့ ငါ့အဖေက သူ့ကို သင်ခန်းစာပေးလိုက်တာ။ နဂါးဘုရင်ဆိုတဲ့ အဲဒီအဘိုးကြီးရဲ့ ရေစွမ်းအင်က မဆိုးဘူးလို့ ငါ့အဖေက တွေးမိလို့ သူ့ကို ငါတို့လယ်ကွင်းထဲမှာ မိုးအတုရွာပေးရတဲ့အလုပ်ကို လုပ်ခိုင်းထားတယ်"

"မင်းတို့ လူယုတ်မာတွေ… နဂါးဘုရင်က ပါရမီအရည်အချင်းအပြည့်နဲ့ ပုဂ္ဂိုလ်ကွ။ ဟွားမိသားစုထဲမှာ အစွမ်းအထက်ဆုံးနဲ့ ဂုဏ်အယူရဆုံးစိတ်စွမ်းအားရှင်တစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး…"

ဟွားယဲ့ စကားမဆုံးခင်မှာပင် ကျန်းမုန့်လောင်က ဖုန်းထဲက ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။

ဗီဒီယိုထဲတွင် မျက်စိတစ်ဆုံးကျယ်ပြောလှသော လယ်ကွင်းထဲတွင်‌ ကောက်ပဲသီးနှံအစုံကို စိုက်ပျိုးထားသည်။ ဦးထုပ်ဆောင်းထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လယ်ကွင်းအလယ်သို့ လျှောက်သွားလိုက်သောအခါ ကောင်းကင်ထက်၌ ရုတ်တရက်မည်းမှောင်သွားလေသည်။ ထို့နောက် လျှပ်စီးရောင်များ လင်းလက်လာပြီး မိုးကြိုးတဂျိန်းဂျိန်းထစ်ချုန်းညံလာပြီးနောက် ကောင်းကင်ထက်မှ မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။ ထိုအခါ ကောက်ပဲသီးနှံများအားလုံးမှာ သဘာဝရေအရင်းအမြစ်ကို လောဘတကြီးစုပ်ယူကြလေတော့သည်။

"ဒါ… ဒါက တကယ်ကြီး နဂါးဘုရင်လား"

ဟွားယဲ့သည် နဂါးဘုရင်၏ဓာတ်ပုံများကို အိမ်တွင် မြင်ဖူးသည်။ ထိုလူနှင့် ဤဗီဒီယိုထဲရှိလူက ချွတ်စွပ်တူလှချေသည်။

အစွမ်းထက်သော စိတ်စွမ်းအားရှင်တစ်ယောက်က လယ်ကွင်းထဲကို မိုးရွာချပေးဖို့အတွက် သူ့အစွမ်းများကို ထုတ်သုံးနေရသတဲ့လား။

"သူ.. သူက တကယ်ကြီး နဂါးဘုရင်လား"

သူ့အဖေ၏ပြောစကားအရ နဂါးဘုရင်မှာ အထင်ကြီးလေးစားဖွယ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ ဟွားယဲ့ကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက သူရဲကောင်းတစ်ယောက်နှယ် လေးစားခဲ့ရသူပင်။

ယခုမူ နဂါးဘုရင်က ကျန်းမုန့်လောင်တို့မိသားစုအတွက် အလုပ်ကြမ်းလုပ်ကိုင်ပေးနေသတဲ့လား။

ဤသည်မှာ လုံးဝယုတ္တိမရှိချေ။

*************

All Chapters