ခင်ဗျားတို့နဲ့တန်လို့လား
Vol. 31 Ch. 458
"သခင်.. ကျွန်မမောင်က ရောဂါက ဆုံးသွားတာပါ။ အဲဒီနေ့တွေတုန်က ဆေးရုံမှာပဲ တစ်ချိန်လုံးလဲနေခဲ့တာ။ အပြင်လည်း မထွက်ခဲ့ရဘူး။ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေကလွဲရင် အပြင်လူတွေနဲ့ လုံးဝမတွေ့ခဲ့ရဘူး။ သူ ဘာသေတမ်းစာမှ ချန်မထားခဲ့ဘူးထင်တယ်"
ဒိုမုတိ၏အစ်မဖြစ်သူ အသက်ခုနစ်ဆယ်နီးပါးရှိသော အမျိုးသမီးကြီးတစ်ယောက်က ချက်ချင်ဝင်ပြောလာလေသည်။
အသက်ခုနစ်ဆယ်နီးပါးရှိသူတစ်ယောက်က ရုပ်ရည်အားဖြင့် ဒိုမုတိ၏ဇနီး မိုဆန်ထက်ပင် ပိုငယ်ပုံပေါက်နေပြီး လူငယ်လေးတစ်ယောက်၏ အသားအရေကို ပိုင်ဆိုင်ထားသည်။ သူ(မ) ရေဓာတ်ဖြည့်ပေးပြီး အရေးအကြောင်းဖယ်ရှားပေးသည့် ထိုးဆေးများကို ဘယ်နှကြိမ်လောက်ထိုးထားသလဲဆိုတာကို ဘုရားသခင်သာ သိနိင်ပေသည်။
"အိုး? အဲဒီလိုလား"
ကျန်းမုန့်လောင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဟုတ်ပါတယ် သခင်"
ဒိုမုတိဝမ်းကွဲ၏ သားနှစ်ယောက်ကလည်း အလျင်အမြန်ဝင်ပြောလိုက်၏။
"ဘရာမန်နိုင်ငံမှာရှိတဲ့ ရှေ့နေရုံးခန်းက ဝန်ထမ်းတွေကို အချိန်မရွေးဆက်သွယ်ကြည့်လို့ရပါတယ်"
ဘရာမန်နိုင်ငံတွင် စာချုပ်စာတမ်းမထားရှိသော သေတမ်းစာများမှာ ဥပဒေအရ သက်ရောက်မှုမရှိပေ။ သို့သော် အမွေခွဲဝေရေးကာလအတွင်းမှာမူ တရားသူကြီးများအနေနှင့် သေတမ်းစာကိုပါ ထည့်သွင်းစဉ်းစားပြီး လိုက်လျောညီထွေစွာ ဆုံးဖြတ်ချက်ချပေးလိမ့်မည်သာ။
ထို့ကြောင့်လည်း ဒိုမုတိ ချန်ရစ်သွားခဲ့သော သေတမ်းစာကို သူတို့ စုံစမ်းစစ်ဆေးခဲ့ကြခြင်းပင်။ သို့သော် သေတမ်းစာထဲတွင် ဒိုမုတိက မိသားစုပိုင်စည်းစိမ်များကို မိသားစုဝင်များအတွက် ချန်ရစ်ခဲ့မည့်အကြောင်း ထည့်သွင်းပြောကြားသွားခြင်းမရှိသဖြင့် သူတို့ အံ့အားသင့်ခဲ့ရသည်။ တုံးအလှသော ထိုသစ္စာရှိမှုကိုပင် သူတို့ ရွံရှာခဲ့ကြသည်။
သို့သော် သူတို့ စုံစမ်းစစ်ဆေးကြည့်ပြီးနောက် ဒိုမုတိက သူယုံကြည်ရသောတစ်စုံတစ်ယောက်မှတစ်ဆင့် ရှေ့နေတစ်ယောက်ကို ခေါ်ယူကာ သေတမ်းစာတစ်စောင် ပြင်ဆင်ခဲ့သည်။ ဤကိစ္စကို အသေးစိတ်စုံစမ်းကြည့်ပြီးနောက် သူတို့လည်း ထိုယုံကြည်ရသူနှင့် ရှေ့နေကို တိတ်တဆိတ်ဆက်သွယ်ခဲ့ပြီး ရှေ့နေရုံးခန်းရှိ လူတိုင်းကိုလည်း လာဘ်ထိုးကာ သူတို့ကို ခြိမ်းခြောက်ဖို့အတွက် အာဏာကိုပါ ထုတ်သုံးခဲ့သည်။ သို့ဖြစ်လေရာ မည်သူကမှ စကားဟရဲမည်မဟုတ်ချေ။
"ဒီလိုဆိုရင် မလိုအပ်တော့ပါဘူး"
ကျန်းမုန့်လောင်ကတော့ ယုံကြည်စိတ်ချရခြင်းမရှိသော စစ်ဆေးမေးမြန်းမှုများကို မလုပ်ချင်ပေ။ သူသာဆိုလျှင် သတင်းပေါက်ကြားစေနိုင်သော မည်သူ့ကိုမဆို လာဘ်ထိုးထားလိုက်မည်သာ။
ကျန်းမုန့်လောင်က မိုဆန်ကို တစ်ဖန်လှမ်းကြည့်လိုက်ပြန်သည်။ သူ(မ)မှာ ဤကိစ္စနှင့်ပတ်သက်ပြီး သိထားဟန်မတူပေ။ သူ(မ)ယောက်ျား၏ဆုံးပါးမှုကိုသာ ဝမ်းနည်းကြေကွဲနေရှာသည်။
"သခင်.. ဒိုမုတိက ဘာသေတမ်းစာမှ ချန်မသွားပေမဲ့ တစ်ခါတုန်းကတော့ ကျွန်မကို ဒီလိုပြောဖူးပါတယ်။ တစ်နေ့နေ့ သူဆုံးပါးသွားခဲ့ရင် မိသားစုပိုင်ပစ္စည်းတွေအားလုံးကို ရှင့်ဆီကိုပဲ ပြန်အပ်နှင်းမယ်တဲ့"
မိုဆန်က ပြောလာလေသည်။
လူတော်တော်များများလည်း ထိုစကားကြောင့် မျက်နှာပျက်ကုန်ကြသည်။
"ယောင်းမ.. ငါ့မောင်က ဘယ်တုန်းက ဒီလိုစကားမျိုးပြောဖူးလို့လဲ။ ငါတို့လည်းမသိရပါလား"
"ဟုတ်တယ်။ ဒိလိုကိစ္စမျိုးဆိုတာ လက်လွတ်စပယ်ပြောလို့မရဘူး။ သခင့်ကို ပိုင်ဆိုင်မှုတွေအကုန်လုံး ပြန်ပေးလိုက်မယ်ဆိုရင် သခင့်အတွက်လည်း ပြဿနာများသွားမှာပေါ့။ မဟာလက်စ်မိသားစုဝင်တွေအနေနဲ့ ငါတို့ကပဲ သခင့်အတွက် ဒီလိုကိစ္စမျိုးကို စီမံခန့်ခွဲပေးရမှာ။ ဒါက ငါတို့မိသားစုရဲ့တာဝန်ပဲ"
ဒိုမုတိညီအစ်ကိုမောင်နှမများဘက်ရှိ မိသားစုဝင်များမှာ ကျန်းမုန့်လောင်အတွက် တွေးပေးနေဟန်တူသော်ငြား သူတို့၏ရည်ရွယ်ချက်အစစ်ကတော့ ထိုသို့မဟုတ်ကြောင်း သိသာလှသည်။
"ဒါက ဒိုမုတိရဲ့ဆုံးဖြတ်ချက်ပဲ"
မိုဆန်က ဩဇာအာဏာပြင်းရှလေဟန်ဖြင့် ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ(မ)ကလည်း မဟာလက်စ်မိသားစု၏ ဘုရင်မပင်။
မိုဆန်က ဒိုမုတိ၏ခေါင်းတလားရှေ့၌ ဒူးထောက်ချလိုက်သည်။
"သခင်.. ကျွန်မတို့မဟာလက်စ်မိသားစုရဲ့ ရိုးရာထုံးတမ်းအရ မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ပင်မမိသားစုဝင်တွေကပဲ အမွေဆက်ခံရမှာပါ။ ဒါပေမဲ့ ဒိုမုတိနဲ့ကျွန်မမှာ ဒီနှစ်တွေတစ်လျှောက်လုံး သားသမီးမထွန်းကားတဲ့အတွက် သခင်တို့ဘိုးဘေးတွေရဲ့ ယုံကြည်မှုနဲ့ မထိုက်တန်တော့ပါဘူး။ ကျေးဇူးပြုပြီး ဒီပိုင်ဆိုင်မှုတွေကို သခင်တို့ပဲ ပြန်သိမ်းလိုက်ပါတော့"
"ဒီလိုဆိုမှတော့ ခင်ဗျားပဲ ယူထားလိုက်ပါတော့လား"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
"ဘာရယ်?"
ဒိုမုတိ၏ညီအစ်ကိုမောင်နှမများမှာ ချက်ချင်း မျက်နှာပျက်ယွင်းကုန်ကြသည်။ မိုဆန်က ဒိုမုတိနှင့် လက်ထပ်ထားသော်ငြား သူ(မ)မှာ မဟာလက်စ်မိသားစု၏ သွေးတစ်စက်မှ မရောပေ။ သူ(မ)က ဤပိုင်ဆိုင်မှုများကို ဘာကြောင့်များ လက်လွှဲယူရမည်နည်း။
သူတို့ ကန့်ကွက်မည့်ဆဲဆဲမှာပင် မိုဆန်က ရယ်လိုက်၏။
"သခင်.. ကျွန်မကိုကြည့်ပါဦး။ ကျွန်မက အသက်ကြီးနေပါပြီ။ ဒီပိုင်ဆိုင်မှုတွေကို ဘယ်လိုလုပ်ပြီး စီမံနိုင်စွမ်းရှိတော့မှာလဲ"
မိုဆန်က ရယ်လိုက်လေသည်။
"ကျွန်မက မိသားစုအတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲဖို့လောက်ပဲ အသုံးဝင်တာပါ။ စီးပွားရေးအကြောင်း ဘာမှမသိပါဘူး။ ကျွန်မက ယုံကြည်ထိုက်တဲ့လူတစ်ယောက် မဟုတ်ပါဘူး"
"သခင်.. ကျွန်တော်တို့မှာ တောင်းဆိုစရာတစ်ခုရှိပါဝယ်။ ပြောသင့်ရဲ့လားတော့ မသိပါဘူး"
ထိုအချိန်မှာ မိုဆန်၏တူတစ်ယောက်က ဝင်ပြောလာသည်။
"ပွင့်ပွင့်လင်းလင်းပြောမိတဲ့အတွက် ကျွန်တော့်ကိုခွင့်လွှတ်ပါ"
"ပြောပါ"
မိုဆန်၏တူက ဒိုမုတိနှင့် စရိုက်ချင်းတူသောကြောင့် ကျန်းမုန့်လောင်အနေနှင့် သူ့အပေါ် အမြင်ကောင်းတစ်ခုရှိထားသည်။
"ကျွန်တော့်အဒေါ်က သူ့တစ်သက်လုံး မဟာလက်စ်မိသားစုမှာပဲ မြှုပ်နှံခဲ့တာပါ။ အခု ကျွန်တော့်ဦးလေးက ဆုံးပါးသွားပြီဆိုတော့ သူ့နောက်ဆုံးဆန္ဒအတိုင်း ဒီပိုင်ဆိုင်မှုတွေကို ခင်ဗျားဆီကို ပြန်အပ်သင့်တယ်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဒေါ်အနေနဲ့ တခြားလူတွေကို မှီခိုစရာမလိုဘဲ သက်သောင့်သက်သာနေနိုင်ဖို့အတွက်လည်း ငွေနည်းနည်းလောက်ချန်ထားပေးခဲ့စေချင်ပါတယ်"
"သင့်တော်ပါတယ်"
ကျန်းမုန့်လောင်အနေနှင့် ဤပိုင်ဆိုင်မှုများကို ပြန်သိမ်းရန် ဆန္ဒမရှိပေ။ သူ့စိတ်ထဲမှာတော့ ဤပိုင်ဆိုင်မှုများကို မိုဆန်ထံ၌ အပ်နှံခဲ့ရန် ယုံကြည်ချက်ရှိသည်။ သို့သော် မိုဆန်က တာဝန်မယူချင်သောကြောင့် ကျန်းမုန့်လောင်ဘက်ကလည်း အတင်းတိုက်တွန်း၍ မဖြစ်နိုင်ချေ။
"ဒီလိုလုပ်ကြတာပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"မစ္စမိုဆန်.. ခင်ဗျားနဲ့ ခင်ဗျားရဲ့တူတွေတူမတွေက ဒေါ်လာ၁ဘီလီယံကို ယူထားနိုင်တယ်။ အဲဒီငွေကို ခင်ဗျားတို့ဘာသာ ဘယ်မှာပဲ ရင်းနှီးမြှုပ်နှံပါစေ၊ လုပ်ငန်းတစ်ခုထောင်လိုက်တာပဲဖြစ်စေ ခင်ဗျားတို့သဘောပဲ။ ဒီပိုင်ဆိုင်မှုတွေက ကျုပ်နဲ့ ဘာမှမသက်ဆိုင်တော့သလို မဟာလက်စ်မိသားစုနဲ့လည်း ဘာမှမပတ်သက်တော့ဘူး။ အဲဒီိပိုက်ဆံတွေက ခင်ဗျားအပိုင်ဖြစ်သွားပြီ"
"ကျေးဇူးတင်ပါတယ် သခင်"
မိုဆန်၏တူက ရက်ရောလှသော သူ့စေတနာအတွက် ကျေးဇူးတင်သည့်အနေနှင့် ကျန်းမုန့်လောင်ရှေ့၌ ဒူးထောက်လိုက်၏။ အမေရိကန်ဒေါ်လာ၁ဘီလီယံဆိုသည်မှာ ကောင်းကောင်းစီမံခန့်ခွဲနိုင်ပါက ယခင်က မဟာလက်စ်မိသားစု၏ ဂုဏ်အရှိန်အဝါကိုတော့ လိုက်မမီသော်ငြား ဘရာမန်နိုင်ငံတွင်မူ ထိပ်တန်းအဆင့်၌ ရှိနေဦးမည်ဖြစ်၏။
"သခင်.. ကျွန်တော်တို့မှာလည်း တောင်းဆိုစရာတစ်ခုရှိပါတယ်"
ကျန်းမုန့်လောင်က ပြောရဆိုရလွယ်ကူကြောင်း မြင်လိုက်ရသဖြင့် ဒိုမုတိ၏ ညီအစ်ကိုမောင်နှမများကပါ ယုံကြည်မှုများ ယိုဖိတ်လာသည်။
"ပြောပါ"
ကျန်းမုန့်လောင်က သဘောထားကြီးစွာ ဆိုလိုက်၏။
"ကျုပ်ရဲ့လုပ်ပိုင်ခွင့်အာဏာအတွင်း ရှိနေသရွေ့တော့ ဒိုမုတိအတွက် သေချာပေါက်လုပ်ပေးမှာပေါ့"
"သခင်.. ဒီလိုပါ"
ဒိုမုတိ၏ဝမ်းကွဲက ချက်ချင်းပြောလာလေသည်။
"မြင်တဲ့အတိုင်း ကျွန်တော့်အစ်ကိုမှာ သားသမီးမရှိတဲ့အပြင် မစ္စမိုဆန်ကလည်း ဒီပိုင်ဆိုင်မှုတွေကို မယူချင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်တို့ကို ပေးလိုက်လို့လည်းရတာပဲ"
"ခင်ဗျားတို့ကို ပေးရမှာလား"
ကျန်းမုန့်လောင် မျက်ခုံးပင့်လိုက်ချေသည်။
အမလေး..အရှက်မရှိလိုက်တာ!
အစတုန်းကတော့ သူတို့က လိမ်လည်လှည့်ဖြားပြီး ယူချင်ခဲ့ကြတယ်။ ဒါပေမဲ့ သူက ပြောရဆိုရလွယ်မှန်းသိတော့ တည့်တိုးတောင်းရဲနေပြီပဲ..
"ဟုတ်ပါတယ်။ မိသားစုပိုင်စည်းစိမ်တွေကို ကျွန်တော့်အစ်ကိုက စီမံခန့်ခွဲနေတယ်ဆိုပေမဲ့ တချို့အပိုင်းတွေကိုတော့ ကျွန်တော်တို့က စီမံခန့်ခွဲပေးရတာပါ။ ကျွန်တော်တို့အနေနဲ့လည်း ဒီပိုင်ဆိုင်မှုတွေနဲ့ ရင်းနှီးနေပြီးသားပါ။ ဒီတော့ တာဝန်လွှဲပြောင်းရတာ မြန်မှာပါ။ ပိုအရေးကြီးတာက ကျွန်တော်တို့အားလုံးမှာ သားသမီးတွေရှိပါတယ်။ တစ်နေ့နေ့ ကျွန်တော်တို့ ဆုံးပါးသွားခဲ့ရင် ဒီပိုင်ဆိုင်မှုတွေကို သူတို့ ဆက်ပြီးတာဝန်ယူနိုင်ပါတယ်။ ဒါက ပိုပြည့်စုံတဲ့ ဖြေရှင်းနည်းတစ်ခု မဟုတ်ဘူးလား"
"ဒါက ကျိုးကြောင်းသင့်သားပဲ"
ကျန်းမုန့်လောင်၏ မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာချေသည်။
"ဟုတ်ပါတယ်"
ဒိုမုတိ၏ညီအစ်ကိုမောင်နှမများမှာ အလျင်အမြန်တောင်းပန်ခယလိုက်ကြသည်။
"ကျွန်တော်တို့က မဟာလက်စ်မိသားစုရဲ့ ပင်မမိသားစုဝင်တွေ မဟုတ်ကြပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်က မဟာလက်စ်မိသားစုဝင်တွေဆိုတာကိုတော့ ဘယ်တုန်းကမှ မမေ့လျော့ခဲ့ပါဘူး။ လူကြီးမင်းရဲ့ဘိုဘေးတွေက မဟာလက်စ်မိသားစုကို တည်ထောင်ပေးခဲ့တယ်ဆိုတာကိုလည်း အမြဲမှတ်ထားမှာပါ"
"ဟုတ်ပါတယ်။ ကျွန်မမောင် လုပ်နိုင်တာမှန်သမျှ ကျွန်မတို့လည်း ကောင်းကောင်းလုပ်နိုင်မှာပါ"
"ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ကို ပြောပြချင်တဲ့ကိစ္စလေးတစ်ခုရှိတယ်။ ခင်ဗျားတို့လည်း သိချင်လောက်မှာပါ"
ကျန်းမုန့်လောင်က ဖုန်းဖွင့်လိုက်လေသည်။
"၂၀၀၁ခုနစ်တုန်းက ဘာမြူထရာလုပ်ငန်းစုထဲမှာ ဒေါ်လာ၂၀၀ဘီလီယံ စာရင်းလိုနေခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်။ နောက်ဆုံးကျတော့ စာရင်းကိုင်ကို အလွဲသုံးစားလုပ်မှုနဲ့ အရေးယူခဲ့တယ်။ အဲဒီနှစ်မှာပဲ ခင်ဗျားရဲ့နာမည်အောက်မှာ တန်ဖိုးကြီးအိမ်နှစ်လုံး ရောက်လာခဲ့တယ်နော် ဝေါလ်ကို.. စုစုပေါင်းတန်ဖိုးက ဒေါ်လာသန်း၂၀၀လောက်ရှိတယ်"
"၂၀၀၂ခုနစ်တုန်းက Higgsလုပ်ငန်းစု ကြားဖြတ်လုခံခဲ့ရတယ်။ ဒေါ်လာ၁ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ စက်ရုံကုန်ပစ္စည်းတွေလည်း အခိုးခံခဲ့ရတယ်။ ဒါပေမဲ့ မူရင်းဖောက်သည်ကုမ္ပဏီဘက်က ကုန်ပစ္စည်းတွေကို ရခဲ့တယ်တဲ့။ အဲဒါကြောင့် ခိုးမှုက ဘာအရေးယူမှုမှမရှိဘဲ ပြီးဆုံးသွားခဲ့တယ်"
"၂၀၀၃ခုနစ်မှာ.."
ကျန်းမုန့်လောင်က လွန်ခဲ့သည့်နှစ်နှစ်ဆယ်တုန်းက မဟာလက်စ်မိသားစုပိုင်ပစ္စည်းများ ပျောက်ဆုံးခဲ့ရသည့် အဖြစ်အပျက်တစ်ခုချင်းစီတိုင်းကို အသေးစိတ်ထောက်ပြသွားသည်မှာ စုစုပေါင်းဒေါ်လာ၁၀ဘီလီယံကျော် ရှိ၏။
ထို့ပြင် ထိုဖြစ်ရပ်အားလုံးမှာ သတင်းဖုံးခံခဲ့ရသည်။
ထိုလုပ်ငန်းစုများမှာ ဒိုမုတိ၏ညီအစ်ကိုမောင်နှမများ ဦးစီးနေသောလုပ်ငန်းစုများပင်။
"အဲဒီပိုင်ဆိုင်မှုတွေကို ခင်ဗျားတို့ စီမံခန့်ခွဲခဲ့တာလား"
ကျန်းမုန့်လောင် လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
"ငါပြောလိုက်ရ... ဒိုမုတိ ကြိုးကြိုးစားစားရှာဖွေခဲ့ရတဲ့ စည်းစိမ်တွေကို ခင်ဗျားတို့က လုယက်ဖျက်ဆီးပစ်ခဲ့တာလေ။ အဲဒါတောင် ခင်ဗျားတို့က အမွေဆက်ခံချင်နေသေးတယ်ပေါ့။ ခင်ဗျားတို့နဲ့ တန်လို့လား"
**************