ခင်ဗျားတို့ စစ်ဖြစ်နေတယ်လို့ကြားတယ်
Vol. 31 Ch. 460
"သခင်!"
မိုဆန်နှင့် သူ(မ)၏တူနှစ်ယောက်က ကျန်းမုန့်လောင်အနောက်မှ လိုက်လာကြသည်။
"သခင်.. ဘယ်သွားမလို့ပါလဲ"
မိုဆန်၏တူ လူကာက မေးလိုက်လေသည်။
"ကျွန်တော်တို့တွေက မဟာလက်စ်မိသားစုရဲ့ မျိုးဆက်တွေနဲ့တော့ မယှဉ်နိုင်ပေမဲ့ ဘရာမန်နိုင်ငံမှာ ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတချို့ရှိပါတယ်"
"အမှန်ပဲ"
ကျန်းမုန့်လောင် ပြန်ဖြေလိုက်၏။ သူ့စိတ်ထဲတွင် ခံပြင်းမိသည်။ ဘရာမန်နိုင်ငံက ဆင်းရဲလှသော နိုင်ငံလေးတစ်နိုင်ငံပင်။ ကျန်းမိသားစုကလည်း ဤနေရာတွင် များများစားစားရင်းနှီးမြှုပ်နှံထားခြင်းမရှိပေ။ ထို့ကြောင့် သူတို့၏အဆက်အသွယ်များနှင့် အရင်းအမြစ်များအားလုံးကလည်း မဟာလက်စ်မိသားစုအတွင်းသာ ရှိ၏။
သူသာ ယခု လှည့်ပြန်လိုက်မည်ဆိုပါက မှတ်ပုံတင်ရုံးသို့သွားရန် တက္ကစီငှားရပေလိမ့်မည်။
ကမ္ဘာ့အချမ်းသာဆုံးလူက နိုင်ငံတစ်ခုတွင် သွားလာရေးအတွက် တက္ကစီကို အသုံးပြုနေရသည်ဟု တွေးကြည့်လိုက်ပါက ရယ်စရာကောင်းလှသည်။
"ခင်ဗျားတို့နှစ်ယောက်ကတော့ သူတို့နဲ့မတူဘူးပဲ"
မဟာလက်စ်မိသားစုထဲတွင် လူယုတ်မာများသာရှိခြင်းမဟုတ်ကြောင်း သိလိုက်ရသဖြင့် ကျန်းမုန့်လောင် အမှန်တကယ်စိတ်ကျေနပ်သွားသည်။
"ခင်ဗျားတို့နှစ်ယောက်ရဲ့နာမည်က ဘာလဲ"
"သခင် ကျွန်တော့်နာမည်က လူကာချိုပရာပါ"
"သခင် ကျွန်တော့်နာမည်ကတော့ ဆင်းတိုဂန်ဒီပါ"
"ဘုရားရေ..အထက်တန်းဆန်လိုက်တဲ့ မျိုးရိုးနာမည်တွေပါလား"
ဘရာမန်နိုင်ငံထဲရှိ မျိုးရိုးနာမည်များမှာ အဆင့်အတန်းအလိုက် ကွာခြားကြောင်း ကျန်းမုန့်လောင် သိသည်။ ဤနာမည်များမှာ အဆင့်အတန်းအမြင့်ဆုံးမျိုးရိုးနာမည်များထဲ တစ်ခုပင်။
သို့သော် ဤသည်မှာ အဓိပ္ပာယ်ရှိလှပေသည်။ မည်သို့ပင်ဖြစ်စေ မဟာလက်စ်မိသားစုကဲ့သို့ ထင်ရှားကျော်ကြားသော မိသားစုတစ်ခုက အဆင့်နိမ့်မျိုးရိုးများနှင့် လက်ထပ်လိမ့််မည်မဟုတ်။
"ခင်ဗျားတို့နှစ်ယောက်က တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်လည်း သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့က အသက်လေးဆယ်ငါးဆယ်အရွယ် သက်လတ်ပိုင်းအမျိုးသားများ ဖြစ်ကြသော်ငြား သူ့အား တလေးတစားဆက်ဆံကြသည်။ သူတို့၏သစ္စာရှိမှုက ရင်ထဲမှ အစစ်အမှန်ဆင်းသက်လာခြင်းပင်။
"ခင်ဗျားတို့ရော မဟာလက်စ်မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်ခုခုကိုများ ရထားသေးလား"
ကျန်းမုန့်လောင် မေးကြည့်လိုက်မိသည်။
ထိုအမျိုးသားနှစ်ယောက်စလုံးကလည်း ခေါင်းညိတ်၍ ခွန်းတုံ့ပြန်လေသည်။
"ဟုတ်ကဲ့။ ဒါပေမဲ့ သိပ်တော့မများပါဘူး။ ပိုင်ဆိုင်မှုတွေအကုန်လုံးက ဒေါ်လာသန်းတစ်ရာကျော်လောက်ပဲ ရှိပါတယ်"
မဟာလက်စ်မိသားစု၏ မျိုးဆက်စစ်စစ်များ မဟုတ်ကြသော်ငြား သူတို့လည်း ရှယ်ယာတစ်စိတ်တစ်ပိုင်းတော့ ရခဲ့သည်။ အခြားသူများက အသားစားနေရချိန်မှာ သူတို့ကတော့ စွပ်ပြုတ်သာ သောက်နိုင်ခဲ့ခြင်းပင်။
"ပြင်ဆင်ထားကြ"
"ပြင်ဆင်ထားရမှာလား"
သူတို့က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ဘာကိုပြင်ဆင်ထားရမှာလဲ"
"မဟာလက်စ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှဲယူဖို့ ပြင်ဆင်ထားကြတော့"
လူကာနှင့် ဆင်းတိုတို့ခမျာ ထိတ်လန့်ကုန်ကြသည်။ ဤမျှများပြားလှသော စည်းစိမ်များက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ရောက်ချလာရသလဲ။ သူတို့လို မိန်းမဘက်က ဆွေမျိုးတွေက မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုများကို လက်လွှဲယူဖို့ ဖြစ်နိုင်ပါ့မလား။
ယခုလိုဖြစ်ရပ်မျိုးကို မြင်ရဖို့အတွက် သူတို့အနေနှင့် ဘယ်လိုအိပ်မက်မျိုးကို မက်ရလိမ့်မလဲ။
သို့သော် ယခုအချိန်တွင် ဒိုမုတိ၏သေတမ်းစာအစစ်က ဖျက်ဆီးခံခဲ့ရပြီး အရာရှိများကိုလည်း လာဘ်ထိုးထားသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် ထိုပိုင်ဆိုင်မှုများကို မည်သို့ ပြန်ယူနိုင်မည်နည်း။ စာရင်းအင်းအရဆိုပါက အရာအားလုံးက မဟာလက်စ်မိသားစု၏ နာမည်အောက်တွင် ရှိနေပေသည်။
"ကျုပ်ပုံစံက ယုံကြည်မှုမရှိတဲ့ပုံပေါက်နေလို့လား"
ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်သည်။
ထိုအမျိုးသားနှစ်ယောက်ကတော့ နှုတ်ဆိတ်နေကြသည်။ သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့နေပေသည်။
"ကျုပ်တို့မိသားစုက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်တုန်းက မဟာလက်စ်မိသားစုကို ထောက်ပံ့ပေးနိုင်ခဲ့တယ်ဆိုရင် အခုလည်း သူတို့ကို ပြန်ဖြုတ်ချရတာ သိပ်လွယ်တယ်ဆိုတာ သိထားလိုက်"
ကျန်းမုန့်လောင် ပြောလိုက်၏။
"ခင်ဗျားတို့ဘက်က အဆင်သင့်ပြင်ထားရုံပဲ။ နောင်အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်လာမှာကို မလိုချင်ဘူး"
သူတို့၏မျက်ဝန်းထဲဝယ် စိတ်ပိုင်းဖြတ်လိုက်လေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် အကြည့်ချင်းဖလှယ်လိုက်ပြီး ကျန်းမုန့်လောင်ရှေ့၌ ဒူးထောက်ချလိုက်၏။
"ကျွန်တော်တို့ရဲ့သခင်အတွက် ကျွန်တော်တို့ အရာအားလုံးကို အပ်နှံလိုစိတ်ရှိပါတယ်"
"ထပါ"
ကျန်းမုန့်လောင်ကလည်း ပြောလိုက်၏။
"ကားတစ်စီးစီစဉ်လိုက်။ ကျုပ် ရှေ့နေရုံးကို သွားရမယ်"
"ဟုတ်ကဲ့"
လူကာနှင့် ဆင်းတိုတို့လည်း ပြိုင်တူပြောလိုက်ကြသည်။
...
သူတို့၏လုပ်ပုံကိုင်ပုံက မြန်ဆန်လှပေသည်။ ငါးမိနစ်မပြည့်သေးခင်မှာပင် ကားတစ်စီးက မဟာလက်စ်မိသားစုပိုင် စံအိမ်တော်ကြီး၏ရှေ့၌ အသင့်စောင့်ဆိုင်းနေပေသည်။ ကျန်းမုန့်လောင်လည်း အနောက်ကို တစ်ချက်မျှလှည့်ကြည့်လိုက်ပြီးနောက် သုန်မှုန်နေသော အမူအရာဖြင့် ကားထဲသို့ ဝင်သွားလိုက်သည်။
ကျန်းမုန့်လောင်၊ ဟုန်းရီနှင့် ကျန်လူများ ရှေ့နေရုံးထဲသို့ ဝင်သွားလိုက်ချိန်ဝယ် အထဲရှိ ဝန်ထမ်းတစ်ယောက်က သူတို့ကို ချက်ချင်းကြိုဆိုလေသည်။
"ရှင်တို့တွေ စာချုပ်စာတမ်းဝန်ဆောင်မှုတစ်ခုခုများ လိုအပ်လို့လား"
"ကျုပ်တို့က သေတမ်းစာတစ်ခုအကြောင်း မေးချင်လို့ပါ"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"သေဆုံးသူရဲ့ ဆွေမျိုးတစ်ယောက်ယောက်များပါလားရှင့်"
"ကျွန်မပါ"
မိုဆန်က မတ်တတ်ထရပ်လိုက်၏။
"ကျွန်မ ဒိုမုတိမဟာလက်စ်ရဲ့သေတမ်းစာကို စစ်ဆေးချင်ပါတယ်"
ထိုဝန်ထမ်းလေး၏ မျက်လုံးအိမ်မှာ ရုတ်တရက်လှုပ်ခါသွားလေသည်။
အထက်လူကြီးများက သူ(မ)အား ဤသို့မှာထားသည်။ ဒိုမုတိ၏သေတမ်းစာအကြောင်း လာရောက်မေးမြန်းသူမှန်သမျှကို အကြောင်းပြချက်တစ်ခုခုရှာပြီး ငြင်းထားရန်ပင်။
"ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ"
ထိုဝန်ထမ်းလေးက သူတို့အား ကွန်ပျူတာခန်းတစ်ခုသို့ ခေါ်လာခဲ့လိုက်သည်။
"မူလာ... ဒိုမုတိမဟာလက်စ်လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့သေတမ်းစာရှိလားလို့ ကြည့်လိုက်ပါဦး"
ကွန်ပျူတာခန်းထဲရှိ ထိုဝန်ထမ်းလေး၏အမူအရာလည်း ချက်ချင်းပြောင်းလဲသွားသည်။ ထို့နောက် သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ကွန်ပျူတာကို ဖွင့်လိုက်လေတော့သည်။
"တောင်းပန်ပါတယ်။ ဒိုမုတိမဟာလက်စ်ဆိုတဲ့နာမည်အောက်မှာ ဘာသေတမ်းစာမှ ရှာမတွေ့ပါဘူး။ ရှေ့နေရုံးမှာ သေတမ်းစာတင်သွင်းသွားတာမျိုး မရှိဘူးထင်ပါရဲ့"
"အိုး? အဲဒီလိုလား"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"ဒါပေမဲ့ ကျုပ်သိထားသလောက်ဆိုရင် ဟာမီးရ်ဆိုတဲ့ လူတစ်ယောက်က မဟာလက်စ်မိသားစုဆီကို သေတမ်းစာတစ်စောင် စာရင်းသွင်းဖို့အတွက် သွားခဲ့တယ်တဲ့"
"ဆရာ..ဟာမီးရ်က သိပ်မကြာခင်တုန်းကပဲ ရေနစ်ပြီး ဆုံးသွားပါပြီ။ ဒါပေမဲ့ သေတမ်းစာတွေအကုန်လုံးကိုတော့ ကျွန်တော်တို့ဒေတာဘေ့စ်ထဲမှာ သိမ်းထားပါတယ်။ ဒီဒေတာဘေ့စ်ထဲမှာ ဘာအချက်အလက်မှမရှိပါဘူး။ လူကြိီးမင်း တစ်ခုခုလွဲနေတာဖြစ်ပါလိမ့်မယ်"
"မင်းတို့တွေက ဒီနေရာမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဆိုတာ ငါသိတယ်"
ကျန်းမုန့်လောင် ပြောလိုက်၏။
"ငါ မင်းတို့ကို အခက်တွေ့အောင်မလုပ်ချင်ဘူး။ အဲဒါကြောင့် မင်းတို့ရဲ့ဒါရိုက်တာကိုသာ ခေါ်ပေး"
"ဆရာ ကြိုချိန်းထားလားရှင့်"
"ဟင့်အင်း"
"ဒါဆို တောင်းပန်ပါတယ်။ ကျွန်မတို့ဒါရိုက်တာက အရမ်းအလုပ်များတဲ့အတွက် အရေးမပါတဲ့လူတစ်ယောက်ကိုတွေ့ဖို့ အချိန်မရှိပါဘူး"
ထိုဝန်ထမ်းလေးက ပြောင်ပြောင်တင်းတင်းပြောလာလေသည်။
"ဒါဆို ငါကိုယ်တိုင်ဆက်သွယ်ရမှာပေါ့။ သူ ဘယ်လောက်အလုပ်များလဲဆိုတာ ကြည့်ချင်သေးတယ်"
ကျန်းမုန့်လောင်လည်း ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
...
"ဘာတွေပဲဖြစ်ဖြစ် အဲဒီဟွာရှားလူမျိုးကို မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ယူသွားခွင့်ပေးလို့မဖြစ်ဘူးနော်။ နားလည်လား"
"ဟုတ်ကဲ့။ ကျွန်တော်တို့ဘက်ကလည်း အပြည့်အဝပူးပေါင်းပေးမှာပါ"
စာချုပ်စာတမ်းရုံးရှိ ဒါရိုက်တာခွတ်ရှ်က ဖုန်းချလိုက်လေသည်။
သာမန်သေတမ်းစာစာရင်းသွင်းမှုလေးတစ်ခုက ဘရာမန်နိုင်ငံ၏ ပင်မခေါင်းဆောင်များကိုပင် လှုပ်ရှားလာစေလိမ့်မည်ဟု သူ ထင်မထားပေ။ သို့သော် မဟာလက်စ်မိသားစု၏ များပြားလှစွာသော ပိုင်ဆိုင်မှုများအကြောင်း သိလိုက်ရချိန်မှာတော့ သူ နားလည်သွားသည်။
ဤပိုင်ဆိုင်မှုများကို ဟွာရှားလူမျိုးတစ်ယောက်ကသာ သိမ်းပိုက်သွားပါက ဘရာမန်နိုင်ငံအတွက်တော့ လက်မောင်းတစ်ဖက် အဖြတ်ခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။ ဤသည်မှာ အစကတည်းက ချမ်းသာကြွယ်ဝခြင်းမရှိသော သူတို့နိုင်ငံအတွက် အနာကို ဆားသိပ်လိုက်သည့်အလားပင်။
သူ ဖုန်းချပြီးပြီးချင်းမှာပင် သူ့ကိုယ်ပိုင်ဖုန်းက ထမြည်လာသည်။
"ခွတ်ရှ် ပြောနေပါတယ်"
ခွတ်ရှ်က ဖုန်းနံပါတ်ကိုမကြည့်ဘဲ ကိုင်လိုက်၏။
"အခုပြောနေတာ ကျန်းမုန့်လောင်ပဲ"
ကျန်းမုန့်လောင်က ဘရာမန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောလိုက်၏။
"ကျန်းမုန့်လောင်? ကျန်းမုန့်လောင်တဲ့လား?"
ခွတ်ရှ်၏ဦးနှောက်လုပ်ဆောင်မှုကား တဒင်္ဂမျှရပ်တန့်သွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာသည်။
"ကြည့်ရတာတော့ ခင်ဗျား ကျုပ်ကို သိတဲ့ပုံပါပဲ"
ကျန်းမုန့်လောင် တဟားဟားရယ်လိုက်လေသည်။
"ခင်ဗျား အမိန့်တစ်ခုခုများရထားသေးလား။ ကျုပ်ကို ပြောပြစမ်းပါဦး"
"မစ္စတာကျန်းကတော့ နောက်နေတာပဲ။ ဘာအမိန့်လဲဗျ"
ခွတ်ရှ်ခမျာ ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။
"ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံးလူလေ။ ကမ္ဘာပေါ်မှာ ခင်ဗျားကိုမသိတဲ့လူရယ်လို့ ရှိမှာတဲ့လား"
"ကောင်းပြီလေ။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့တော့။ ကျုပ် ဒိုမုတိရဲ့သေတမ်းစာကို ကြည့်ချင်တယ်။ အဲဒါကို မြန်မြန်ယူလာခဲ့။ ကျုပ်အချိန်တွေကို လာမဖြုန်းနဲ့"
ကျန်းမုန့်လောင်က လိုရင်းကိုသာ တည့်ပြောလိုက်၏။
"ဘာသေတမ်းစာလဲ"
ခွတ်ရှ်က မသိချင်ယောင်ဆောင်နေသည်။
"ကျေးဇူးပြုပြီး တိတိကျကျပြောပေးပါ။ ကျွန်တော် ကူညီနိုင်တာရှိရင်လည်း ကူညီပေးမှာပါ"
"ရူးချင်ယောင်ဆောင်နေတာလား"
ဤတုံ့ပြန်မှုမျှဖြင့် ကျန်းမုန့်လောင် ဖုနးချပစ်လိုက်ဖို့ လုံလောက်နေလေပြီ။
"ခင်ဗျား အကုန်သိထားပြီးသားဆိုတာ ကျုပ်သိတယ်။ အမိန့်ပေးထားတဲ့ အဲဒီလူကိုပြောလိုက်။ ဒီညမှ သေတမ်းစာကို မမြင်ရဘူးဆိုရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်လို့"
"မစ္စတာကျန်း.. ခင်ဗျားပြောတာ ကျွန်တော်နားမလည်.."
ခွတ်ရှ်၏စကား မဆုံးသေးခင်မှာပင် ကျန်းမုန့်လောင်က ကြားဖြတ်ပြောလိုက်သည်။
"ကျုပ် ခင်ဗျားတို့ကို ဘာမှလုပ်လို့မရဘူးလို့ တွေးထားပုံပဲ"
"မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ"
ခွတ်ရှ်က စိတ်ထဲမှ ယုံကြည်မှုအပြည့်ဖြင့် ခပ်ကျိတ်ကျိတ်ရေရွတ်လိုက်၏။
သူတို့ စစ်ဆေးပြီးသွားလေပြီ။ ဘရာမန်နိုင်ငံထဲရှိ ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုအားလုံးကို မဟာလက်စ်မိသားစုက ထိန်းချူပ်ထားသည်။ ထို့ကြောင့် ဘဏ်ထဲရှိ ငွေသားများကို အသုံးချ၍ နိုင်ငံတော်၏စီးပွားရေးကို မနှောင့်ယှက်နိုင်သလို လုပ်ငန်းများမှတစ်ဆင့် သူတို့ကို သဘောတူလာအောင်လည်း မလုပ်နိုင်ပေ။
သို့သော် သူ့စိတ်ထဲ ရတက်မအေးဖြစ်နေမိသည်။
"စကားမစပ်"
ကျန်းမုန့်လောင်က ရုတ်တရက်ကြီး ပြောလာသည်။
"ခင်ဗျားတို့ စစ်ဖြစ်နေကြတယ်လို့ ကျုပ်ကြားထားတယ်"
*****************