← Chapters

လက်နက်တွေပြင်ထား

Vol. 31 Ch. 461

လက်နက်တွေပြင်ထား

Vol. 31 Ch. 461

ဤစကားကြောင့် ခွတ်ရှ် လုံးဝကြောင်အသွားသည်။

သူတို့က မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုအကြောင်း ပြောနေသည်မဟုတ်လား။ ဘယ်လိုဖြစ်ပြီး စစ်ပွဲအကြောင်း ရောက်သွားရသလဲ။

ဘရာမန်နိုင်ငံမှာ သမိုင်းမှ အမြစ်တွယ်လာခဲ့သော ပြဿနာများကြောင် အမြဲတမ်း စစ်မက်ဖြစ်ပွားလေ့ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့်ဖြစ်ပွားသော စစ်ပွဲများကလည်း မရပ်မနားပင်။ စစ်ရေးတွင် နှစ်တိုင်း ငွေအမြောက်အများရင်းနှီးမြှုပ်နှံရသည်။

စစ်ရေးတွင် ငွေအမြောက်အများသုံးစွဲနေရသဖြင့် ဘရာမန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အမြဲနောက်ကောက်ကျနေရသည်။ စစ်ရေးမှာ ငွေကြေးအမြောက်အများသုံးစွဲနေရပြီး ပြည်သူများမှာ ဆင်းရဲလွန်းလှသဖြင့် အစုတ်စုတ်အပြတ်ပြတ်ဖြစ်နေရလေပြီ။

ရန်လိုသော နိုင်ငံများအကြား တန်ဘတ်နိုင်ငံက သူတို့ကို ရန်အလိုဆုံးပင်။ နယ်မြေပိုင်ဆိုင်မှုအတွက် နှစ်ပေါင်းများစွာ အချင်းများနေခဲ့ကြရသည်။ ယခုအထိပင် တိုက်ပွဲက မပြီးဆုံးနိုင်သေးပေ။

နှစ်ပေါင်းများစွာကြာအောင် အချင်းများလာပြီးနောက် တန်ဘတ်နိုင်ငံကသာ အမြဲအထိနာခဲ့ရသည်။ ထို့ကြောင့် ထိုနိုင်ငံက ဘရာမန်နိုင်ငံလောက် မချမ်းသာပေ။ နိုင်ငံ၏လူဦးရေကလည်း သူတို့နှင့် မယှဉ်နိုင်ပေ။ စစ်ပွဲကို ဆက်တိုက်နေဦးမည်ဆိုလျှင် ဘရာမန်နိုင်ငံက သူတို့ကို တစ်စစီဖြစ်သွားအောင် နင်းခြေနိုင်သည်။

"မစ္စတာကျန်း.. ခင်ဗျား အခုပြောလိုက်တာက ဘာသဘောလဲ"

ခွတ်ရှ်ခမျာ ရတက်မအေးဖြစ်သွားရသည်။

"ဘာရယ်မဟုတ်ပါဘူး။ ခင်ဗျားတို့အတွက် စိုးရိမ်လို့ပါ"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

"ဒိုမုတိက ဘာသေတမ်းစာမှ ချန်မထားခဲ့ဘူးလို့ ခင်ဗျားတို့ပြောမယ်ဆိုရင်လည်း ဘာသေတမ်းစာမှ ချန်မသွားလို့ပေါ့။ ဒါပေမဲ့ ကျုပ် ဒီတစ်ခုတော့ ပြောရဦးမယ်။ ခင်ဗျားတို့ ဘာပဲလုပ်လုပ် အကျိုးဆက်ကို ထည့်စဉ်းစားတာပိုကောင်းလိမ့်မယ်။ ခင်ဗျားတို့ အဲဒီအကျိုးဆက်ကို ရင်ဆိုင်နိုင်ပါ့မလားပေါ့"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် ဖုန်းချသွားသည်။

"သခင်.. ဒီလူတွေက အခုလောက်ဆိုရင် နှုတ်ပိတ်ထားပြီးလောက်ပြီ။ ကျွန်တော့်ဦးလေးရဲ့သေတမ်းစာကို ကျွန်တော်တို့ကို မြင်ခွင့်ပေးမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်၏ အမူအရာမှတစ်ဆင့် ရလဒ်ကို သိလိုက်ရသောကြောင့် လူကာက ပြောလာလေသည်။

"ကျုပ်သိတယ်"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"သူတို့ဘက်က သေတမ်းစာကို နာနာခံခံနဲ့ ထုတ်ပေးမှာတောင် ကြောက်နေတာ။ သူတို့ဘက်က တအားနာခံနေရင် စိတ်လှုပ်ရှားစရာကိစ္စတွေလည်း ရှိလာမှာမဟုတ်ဘူး"

"စိတ်လှုပ်ရှားစရာလား"

လူကာနှင့် ဆင်းတိုတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ ဘယ်လိုစိတ်လှုပ်ရှားစရာမျိုး ဖြစ်လာမှာလဲ?

"အဲဒီအတွက် ခင်ဗျားတို့ စိတ်ပူစရာမလိုဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ခင်ဗျားတို့မိသားစုထဲမှာ အလားအလာရှိတဲ့ လူငယ်လေးတွေရှိမရှိဆိုတာကိုပဲ အချိန်ယူပြီး ကြည့်ကြည့်လိုက်။ မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက အရမ်းများတယ်။ လူအယောက်တစ်ရာနှစ်ရာလောက်နဲ့တင် ကိုင်တွယ်စီမံလို့ရတဲ့အရာမျိုး မဟုတ်ဘူး"

"ဟင်?"

လူကာနှင့် ဆင်းတိုတို့မှာ ခေါင်းရှုပ်သွားသည်။ ကျန်းမုန့်လောင်၏လေသံအရ မဟာလက်စ်မိသားစု၏ပိုင်ဆိုင်မှုများကို ပြန်ယူမည့်အရေးကား အိတ်တစ်လုံးဝယ်ရသလို လွယ်နေသည့်အလားပင်။

မဟာလက်စ်မိသားစု၏ မိသားစုခွဲနှစ်ခုတည်းကသာ ကျန်းမိသားစုနှင့် အဆက်အသွယ်ဖြတ်ချင်နေခြင်းမဟုတ်ပေ။ ဘရာမန်နိုင်ငံရှိ အရာရှိများကပါ သူတို့ဘက်က ပါနေသည်။ ထိုလုပ်ငန်းများကို ပြန်လည်ရယူရာတွင် ကျန်းမုန့်လောင် ရင်ဆိုင်ရမည့် ခုခံတိုက်ခိုက်မှုကား တွေးကြည့်၍ပင် မရနိုင်ပေ။ စစ်ပွဲဆိုသည်မှာ သူတို့ဘက်က လိုလိုလားလားအရှုံးပေးမည်မဟုတ်ဟု ဆိုလိုခြင်းပင်။

"ခင်ဗျားတို့ နားလည်မှဖြစ်မယ်။ ဒီကမ္ဘာမှာ ငွေက မစွမ်းဆောင်နိုင်တဲ့အရာဆိုတာ မရှိဘူး။ ရှိခဲ့တယ်ဆိုရင်တောင် ပိုက်ဆံက မလုံလောက်သေးလို့ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျန်းမုန့်လောင်မှာ သူတို့ကို အနိုင်ပိုင်းနိုင်မဲ့နည်းလမ်းတွေ တစ်ထောင်လောက်ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ ဘာမှလုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူး"

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အလင်းပြပေးပါ သခင်"

သူတို့နှစ်ယောက်သားလည်း သိချင်စိတ်ပြင်းပြစွာဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ စီးပွားရေးအကြောင်း နားလည်လား"

"ကျွန်တော်တို့ရဲ့မိသားစုလုပ်ငန်းအတွက် နည်းနည်းတော့ သင်ထားပါတယ်။ ကျွမ်းကျင်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေခံလောက်တော့ သိပါတယ်"

"တစ်ခါတုန်းက ချင်းချိုးနိုင်ငံရဲ့စီးပွားရေးစနစ်ကို ကျုပ်တစ်ယောက်တည်းနဲ့ ပြိုလဲအောင်လုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိလား။ အမေရိကနိုင်ငံတစ်ခွင်မှာလည်း ဆန္ဒပြပွဲပေါင်းများစွာ ပေါ်ပေါက်လာအောင် လုပ်ခဲ့တာ"

ထိုနှစ်ယောက်က ခေါင်းညိတ်ပြသည်။ ထိုကဲ့သို့သောကိစ္စမျိုးမှာ ကြုံတောင့်ကြုံခဲဖြစ်၏။ ဤကိစ္စကြောင့်နှင့် ကျန်းမုန့်လောင်က သမိုင်းတွင်သွားခဲ့သည်။

"ဒါပေမဲ့ သခင်...ဘရာမန်နိုင်ငံထဲက ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို မဟာလက်စ်မိသားစုက ထိန်းချုပ်ထားတာပါ။ ဘဏ်အကောင့်တွေကိုလည်း မဟာလက်စ်မိသားစုကပဲ ထိန်းချုပ်ထားတယ်လေ။ လောလောဆယ်တော့ ခင်ဗျား အဲဒါတွေကို ရယူဖို့မဖြစ်နိုင်သေးပါဘူး"

ချင်းချိုးနိုင်ငံတွင် လုပ်ခဲ့ဖူးသည့် စီးပွားရေးပျက်ကပ်ကို ဤနေရာတွင် မလုပ်နိုင်ကြောင်း သဘောပေါက်ထားသဖြင့် လူကာက ဤသို့ပြောလိုက်လေသည်။

"ပြီးတော့ သခင်.. ဘရာမန်နိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းက အမေရိကနှင့် လုံးဝမတူပါဘူး။ ကျွန်တော်တို့နိုင်ငံသားတွေက လူ့အခွင့်အရေးဆိုတာတွေကို သိပ်စိတ်မဝင်စားပါဘူး။ သူတို့ကို အလုပ်ပေးနေသရွေ့တော့ သူတို့ကလည်း အသက်ပဲစွန့်ရစွန့်ရ လုပ်ပေးမှာပါ။ လူတော်တော်များများက အလုပ်ရှာနေကြတာလေ။ ဘယ်သူကမှတော့ ဆန္ဒပြဖို့အတွက်နဲ့ အကြီးအကျယ်စွန့်စားတာမျိုး လုပ်မှာမဟုတ်ပါဘူး"

"အဲဒီနည်းလမ်းကိုသုံးပါ့မယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။

"အမြဲတမ်း နည်းလမ်းတစ်ခုတည်းကိုပဲ သုံးတာက ပျင်းဖို့ကောင်းတယ်။ ယောက်ျားဆိုတာ ဉာဏ်ကိုလွှာသုံးတတ်ဖို့လိုတယ်။ လှည့်ကွက်တွေလည်း အမြဲတမ်း အဆင်သင့်ရှိနေရမှာ"

တခြားဘာများလုပ်နိုင်ဦးမည်နည်း?

သူတို့၏စိတ်ကူးက ကျန်းမုန့်လောင်လောက်တော့ မထက်မြက်ပေ။

"ရှင်းရှင်းလေးပါ။ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးစနစ်ကို ဖျက်ဆီးဖို့အတွက် သူတို့ရဲ့ငွေကြေးကို တန်ဖိုးကျသွားအောင် လုပ်လိုက်ရုံပဲ။ ငွေကြေးဖောင်းပွမှုဖြစ်အောင် လုပ်လိုက်ရုံပဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစနစ်ကို ဖျက်ဆီးဖို့အတွက် အတွင်းရေးတင်မကဘဲ အပြင်ကနေပါ လုပ်လို့ရတယ်"

"ဘရာမန်နိုင်ငံရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကို ခြယ်လှယ်ဖို့ပဲလိုတာ။ ပြီးရင် သူတို့ရဲ့ငွေလဲဈေးကွက်ကို ရှင်းထုတ်ပစ်လို့ရတယ်။ ဒီလိုဆိုရင် သူတို့လည်း နိုင်ငံခြားငွေပမာဏအများကြီးကို ဝယ်မှဖြစ်တော့မှာ။ နောက်ဆုံးကျရင် သူတို့ရဲ့ငွေကြေးလည်း တန်ဖိုးကျဆင်းသွားမှာပဲ"

"ဒါပေမဲ့ ငွေပမာဏက ဘယ်လောက်တောင်လိုအပ်မှာလဲ။ မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေထက်တောင် ပိုများလိမ့်မယ်"

လူကာက တအံ့တဩရေရွတ်လိုက်လေသည်။

ဤသည်မှာ စွန့်စားမှုကြီးမားလှသော စစ်ဆင်ရေးတစ်ခုပင်။ မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ပါက ဘရာမန်နိုင်ငံ၏ နိုင်ငံခြားငွေကြေးဈေးကွက်ကို ခြယ်လှယ်နိုင်ပြီး အမြတ်ငွေအများကြီး ရရှိနိုင်သည်။

သို့သော် သတိလက်လွတ်ဖြစ်သွားပါက နိုင်ငံခြားငွေပမာဏအများကြီး ရင်းနှီးထားရသည်ဖြစ်ရာ ဒေါ်လာထရီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်သည်။ ထိုသို့ဆိုပါက အကုန်အကျများသော အမှားတစ်ခု ဖြစ်သွားပေလိမ့်မည်။

"ခင်ဗျားတို့က ကျုပ်ရဲ့အစွမ်းအစကို သံသယဖြစ်နေတာလား"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။ နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိလာသော မိသားစုတစ်ခုအနေနှင့် သူတို့မှာ အရည်အချင်းပြည့်ဝသူများ မရှားလှပေ။ ဘရာမန်နိုင်ငံသေးသေးလေးထဲတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ မဆိုထားနှင့်။ Wall Streetကိုဝင်ရောက်လိုက်လျှင်ပင် ကြီးမားလှစွာသော ပျက်စီးမှုများကို ဖြစ်ပေါ်လာစေနိုင်သည်အထိ အစွမ်းထက်လှသည်။

မှားယွင်းမယ်တဲ့လား? သတိလက်လွတ်ဖြစ်လျှင် ဆုံးရှုံးနစ်နာရမယ်တဲ့လား? ဤသည်မှာ ပြောနေစရာပင်မလိုသော ကိစ္စများပင်။

သူတို့ဘက်က ခြေလှမ်းပေါင်းတစ်သန်းလောက် နောက်ဆုတ်ပေးထားလျှင်ပင် ဤပိုက်ဆံများကို သုံးပစ်လိုက်ရမည်ဆိုလျှင်ပင် သူတို့ကို သင်ခန်းစာပေးနိုင်သရွေ့တော့ ဒေါ်လာထရီလီယံအနည်းငယ်က ကျန်းမုန့်လောင်အတွက် မပြောပလောက်ချေ။

ပိုက်ဆံရှိလျှင် ထိုအရာမှာ အပျော်သက်သက်သာ သဘောထားနိုင်သည်။

ဘုရားရေ.. ကမ္ဘာ့ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက်ဆိုတာ ဒါမျိုးလား?

လူကာတို့နှစ်ယောက်လည်း ကျန်းမုန့်လောင်ကို နတ်ဘုရားတစ်ပါးအလား ကြည့်လိုက်မိသည်။

ဒေါ်လာထရီလီယံနည်းနည်းလောက်သုံးရလည်း ပြဿနာမရှိဘူးတဲ့လား။ သူ့ဒေါသကို ဖြေဖျောက်ဖို့အတွက်သက်သက်နဲ့လေ?

"ဒါပေမဲ့ ဒီလမ်းကိုရွေးဖို့တော့ မစီစဉ်ထားဘူး"

ကျန်းမုန့်လောင်က ဆက်ပြောလေသည်။

'ဒါတွေက အသေးစားတိုက်ခိုက်မှုတွေပဲ။ သူတို့ကို အထိမနာစေဘူး။ ဒီတစ်ခေါက် ကျုပ် သူတို့ကို ခပ်နာနာလေး ရိုက်ချဖို့ ပြင်ဆင်ထားတယ်။ အဲဒါမှ မှတ်မှာ"

"မစ္စတာကျန်း.. ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မှာလဲ"

ဟုန်းရီက မေးလိုက်၏။

"သူတို့က စစ်ဖြစ်နေတာမလား"

ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။

"ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ။ ပြီးတော့ ငါတို့တွေက တန်ဘတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတယ်မလား။ အဲဒီလိုဆိုမှတော့ အကူအညီလိုအပ်နေတဲ့ မိတ်ဆွေကို ငါတို့ ကူညီပေးရမှာပေါ့"

"စစ်ရေးအရ ကြားဝင်စွက်ဖက်မလို့လား"

ဟုန်းရီ မေးလိုက်သည်။

"နည်းနည်းတော့ ဒုက္ခများပေမဲ့ တကယ်ုလုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ မဖြစ်နိုင်တာ မရှိပါဘူး"

"မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးကို ငါတို့ကိုယ်တိုင် ဘယ်လိုလုပ်နိုင်မှာလဲ"

ကျန်းမုန့်လောင် ရယ်လိုက်ပြန်လေသည်။

"ဘရာမန်နိုင်ငံနဲ့ တန်ဘတ်နိုင်ငံကြားက စစ်ရေးအင်အားကွာခြားမှုက ဘယ်လောက်ရှိလဲ"

"သုံးဆလေးဆနီးပါးရှိပါတယ်"

ဟုန်းရီက ဖြေလိုက်၏။

"လက်ရှိအခြေအနေတွေအရဆိုရင် သုံးလလေးလအပြင် တောင့်မခံနိုင်တော့ဘူးလို့ ထင်ပါတယ်။ တန်ဘတ်နိုင်ငံက တောင့်ခံနိုင်စွမ်းမရှိတော့ပါဘူး။ အဓိကပြဿနာကတော့ လက်နက်အင်အားကွာခြားမှုပါပဲ။ တပ်ဖွဲ့အရေအတွက်နဲ့ အရည်အချင်းကွာခြားမှုက သိပ်မသိသာပါဘူး"

"ဒါဆို သူတို့ဆီကို လက်နက်နည်းနည်းလောက် ပို့လိုက်ကြတောပေါ့"

ကျန်းမုန့်လောင်က ဆိုလိုက်သည်။

"ဘုရားရေ..ငါ အရင်က လက်နက်ကိစ္စကို လုံးဝမကိုင်တွယ်ဖူးဘူး။ လက်နက်ပမာဏအများကြီးကို ဝယ်ချင်တယ်ဆိုရင် ဘယ်ကိုသွားရမလဲ"

"ပုံမှန်ဆိုရင်တော့ တိုက်ပွဲအပြင်းထန်ဆုံးနေရာကို သွားသင့်ပါတယ်"

ဟုန်းရီက ဆို၏။

"အဲဒီလိုနေရာတွေက လက်နက်ကုန်သည်တွေအတွက်တော့ ကောင်းကင်ဘုံပါပဲ။ သူတို့က ငွေကိုပဲစိတ်ဝင်စားတာဆိုတော့ ပိုက်ဆံသာပေးရင် အဆင့်အမြင့်ဆုံးလေယာဉ်နဲ့ တင့်ကားတွေကိုတောင် ရောင်းပေးမှာပါ"

"ငါ့အတွက် လေယာဉ်စီစဉ်လိုက်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ငါတို့ ရွှီလိကို အပျော်ခရီးထွက်ကြမယ်"

***************

All Chapters