မစ္စတာကျန်းအတွက် ကြိုဆိုပွဲတစ်ခု ချက်ချင်းကျင်းပလိုက်
Vol. 31 Ch. 462
"အုန်း! အုန်း!"
"ဒိုင်းဒိုင်းဒိုင်း"
ရေရှည်စစ်မက်ဖြစ်ပွားနေသော နိုင်ငံတစ်နိုင်ငံတွင် သေနတ်ဖောက်သံများနှင့် ဗုံးသံများက ကောင်းကင်ယံ၌ အမြဲမပြတ်ပြည့်နှက်နေလေသည်။ တိုက်လေယာဉ်များကလည်း ခေါင်းပေါ်မှာ ပျံဝဲနေပြီး တစ်ခါတလေ၌ ကိုယ့်အပေါ်ကိုပင် ကျလာတတ်သည်။
"ဘုရားရေ..နှစ်သစ်ကူးမှာ မီးပန်းဖောက်တာကတောင် ဒီလောက်သက်ဝင်တက်ကြွနေမှာမဟုတ်ဘူး"
နားစည်ကွဲဖွယ်ပေါက်ကွဲသံများနှင့် လက်နက်သံများကို အဝေးကပင် ကျန်းမုန့်လောင် ကြားနေရသည်။ ဤသည်မှာ အန္တရာယ်များလှသော နေရာတစ်ခုသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။
တိုက်လေယာဉ်များကလွဲပြီး ဤနယ်မြေထဲသို့ ဘယ်လေယာဉ်မှ ဝင်မလာရဲပေ။ ပစ်ချခံရပါက ဘယ်နေရာမှာမှ သွားတိုင်ကြား၍မရပေ။ သင် ဘယ်သူလဲဆိုတာနှင့် ဘယ်ကလာလဲဆိုတာကို မည်သူကမှ ဂရုစိုက်မည်မဟုတ်။ သူတို့၏လေပိုင်နက်ထဲသို့ ဝင်လာသည်နှင့် အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ခံရမည်သာ။
...
ဤနေရာတွင် အဓိကအားဖြင့် စစ်နယ်ရှင်လေးဦးရှိ၏။ ခေါင်းဆောင်တစ်ယောက်ချင်းစီတိုင်းက ဗိုလ်ချုပ်အဖြစ်လူသိများသည်။ ကျန်းမုန့်လောင် ဖြတ်သန်းလာသော လေပိုင်နက်မှာ ထိုဗိုလ်ချုပ်လေးဦးထဲမှ တစ်ဦး၏ ပိုင်နက်ပင်။
"တီ တီ တီ"
ကင်းလှည့်နေသော တိုက်လေယာဉ်ထဲရှိ ရေဒါပေါ်တွင် ဖြည်းဖြည်းချင်းလှုပ်ရှားနေသော အရာဝတ္တတစ်ခုရှိကြောင်း အချက်ပြနေလေသည်။
"အားလုံးပဲ အာရုံစိုက်ကြပါ။ အတည်မပြုနိုင်တဲ့ ပစ်မှတ်တစ်ခုကို ရှာဖွေတွေ့ရှိထားတယ်။ နယ်မြေa1829ကို အခုချက်ချင်းချီတက်ကြ"
ကျန်းမုန့်လောင်၏လေယာဉ်ကို ရှာတွေ့လိုက်သော လေယာဉ်မှူးက သူ့တပ်ဖွဲ့ကို သတင်းပို့လိုက်သည်။
"ဟုတ်ကဲ့။ သတ်မှတ်နယ်မြေကို အခုချက်ချင်းသွားနေပါပြီ။ ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ပြီး ပစ်မှတ်ရဲ့ယာဉ်ကို ဖျက်ဆီးလိုက်ပါမယ်"
"ဟားဟားဟား.. အရပ်ဘက်ခရီးသည်တင်လေယာဉ်က ဒီနေရာကိုတောင် လာရဲတယ်တဲ့။ ဘယ်ငတုံးနိုင်ငံကပါလိမ့်"
လေယာဉ်မှူးတစ်ယောက်က နှုတ်ခမ်းကိုသပ်၍ အလွန်စိတ်လှုပ်ရှားနေဟန်ပင်။
"ဒီနေရာက လူတိုင်းဝင်ချင်တိုင်းဝင်လို့ရတဲ့နေရာလား"
"ဟားဟားဟား..အဲဒီလေယာဉ်က ရုရှားဘက်ကလား။ သူတို့တွေက ခရီးသည်တင်လေယာဉ်ကို မမောင်းခင် အရက်အရင်သောက်ကြတယ်တဲ့။ ကြည့်ရတာ လေယာဉ်မှူးကတော့ ဒီနေ့ ပြဿနာတက်ပြီပဲ"
လေယာဉ်မှူးများက စကားတပြောပြောနှင့် ရယ်မောနေကြပြီး ပစ်မှတ်ကို အလေးမထားကြချေ။
ကင်းလှည့်လေယာဉ်သုံးစီးမှာ ချက်ချင်းဆိုသလို လမ်းကြောင်းပြောင်းသွားပြီးနောက် ကျန်းမုန့်လောင်ရှိရာဆီသို့ ပျံသန်းသွားကြ၏။
"မစ္စတာကျန်း.. တိုက်လေယာဉ်သုံးစင်း ချဉ်းကပ်လာပါတယ်။ အကုန်လုံးက လေးဆက်မြောက်မျိုးဆက်တွေပါ။ နိုင်ငံအသီးသီးက လာနေတာပါ။ နှစ်မိနစ်အတွင်း ပက်ပင်းတိုးမှာပါ"
"ဖွီး.. လေးဆက်မြောက်တိုက်လေယာဉ်တွေတဲ့"
ကျန်းမုန့်လောင်က စကားပြောစက်တစ်ခုကို ထုတ်လိုက်၏။
"တပ်ဖွဲ့အားလုံး ရေဒါအာရုံခံဖျက်ဆီးရေးကိရိယာတွေကို ပိတ်ထားလိုက်တော့။ ငါ့တည်နေရာကို တပ်ပေါင်းစုံမယ်"
"ပထမလေတပ် ရထား"
"ဒုတိယလေတပ် ရထား"
"တတိယလေတပ် ရထား"
...
တိုက်လေယာဉ်ဆယ်စင််းက တည်နေရာတစ်ခုချင်းစီမှ ကျန်းမုန့်လောင်၏ ကိုယ်ပိုင်လေယာဉ်ရှိရာဆီသို့ ပေါင်းစုံလိုက်ကြပြီးနောက် သံမဏိတံတိုင်းတစ်ခုကို ဖန်တီးကာ သူ့လေယာဉ်ကို အလယ်တွင်ထား၍ ကာကွယ်ပေးထားသည်။
"တီ တီ တီ"
"တီ တီ တီ တီ"
ဗိုလ်ချုပ်ဆာထရီ၏ လေယာဉ်မှူးများမှာ အဆက်မပြတ်အော်မြည်နေသော အချက်ပြသံများကြောင့် ရုတ်ခြည်းဆိုသလို ဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ သူတို့၏ရေဒါမော်နီတာများမှာ တတီတီသတိပေးသံများ ညံစီသွားသည်။
ရေဒါဖန်သားပြင်ပေါ်မှ ဤအလင်းပြောက်များမှာ သူတို့၏ အာရုံခံနယ်မြေအတွင်းရှိနေခြင်းပင်။ အစောတုန်းက မမြင်မိသော်ငြား ယခုမူ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ဤသည်မှာ ထိုလေယာဉ်များတွင် ရေဒါဖုံးကွယ်ရေးကိရိယာများ တပ်ဆင်ထားသည်ဟူသော သဘောပင်။
စတုတ္တမျိုးဆက်တိုက်လေယာဉ်များထံမှ ထောက်လှမ်းမခံရဘူးဆိုခြင်းမှာ ထိုလေယာဉ်များမှာ အနည်းဆုံးတော့ စတုတ္တမျိုးဆက်ဖြစ်ကြောင်း သိသာလှသည်။ သာမန်ခရီးသည်တင်လေယာဉ်ဆိုပါက ထိုကဲ့သို့သောကိရိယာမျိုးကို တပ်ဆင်ထားနိုင်ပါ့မလား။
အစောတုန်းက လှောင်ပြောင်ရယ်မောခဲ့ကြသော လေယာဉ်မှူးများမှာ ယခုတော့ သေးထွက်ကျမတတ် ကြောက်နေကြလေပြီ။
ပစ်မှတ်ကို ဆက်လက်တိုက်ခိုက်မည်ဆိုပါက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံသည့် စစ်ဆင်ရေးတစ်ခု ဖြစ်သွားပေလိမ့်မည်။
"ဌာနချုပ်ကို သတင်းပို့လိုက်! ပစ်မှတ်၅၇ခုက ရုတ်တရက်ပေါ်လာတယ်လို့! အဲဒါတွေက တိုက်လေယာဉ်၅၇စင်းပဲ!"
လေယာဉ်မှူးတစ်ယောက်က ဤသတင်းကို ဌာနချုပ်သို့ ကြောက်လန့်တကြားတင်ပြလိုက်သည်။ ရန်သူနှင့်ရင်ဆိုင်နေချိန် ထွက်ပြေးခြင်းမှာ စစ်သားတိုင်းအတွက် တားမြစ်ထားသောအရာပင်။
"ဘေးလွတ်ရာကိုပြောင်းရွှေ့ကြ! တစ်ဖက်လူက ငါတို့ကို ပစ်မှတ်ထားတာ ဟုတ်ချင်မှဟုတ်မျာ။ ငါတို့က တခြားနိုင်ငံနဲ့ စစ်ဖြစ်နေတာ။ ဒီတော့ တိုက်ခိုက်ရေးအင်အားကို ခြွေတာမှဖြစ်မယ်။ အခြေစိုက်စခန်းကို ချက်ချင်းပြန်ကြ"
စိတ်သက်သာရာရသွားသော လေယာဉ်မှူးသုံးယောက်ခမျာ သူတို့၏အခြေစိုက်စခန်းသို့ ပြန်လာခဲ့လိုက်ကြသည်။
"မစ္စတာကျန်း.. သူတို့ နောက်ဆုတ်သွားပါပြီ"
လေယာဉ်မှူးက အခြေအနေကို တင်ပြလိုက်သည်။
"ခွီး.. ငကြောက်တွေ.. ငါကတော့ ဒီနေရာမှာရှိတဲ့လူတွေကို လူရမ်းကားတွေလို့ ထင်နေတာ"
ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
"ငါတို့ ဘယ်နေရာမှာ ဆင်းမှာလဲ"
"အခုလောလောဆယ်တော့ ရွှီလိမှာ အများသုံးလေဆိပ်မရှိပါဘူး။ ကျွန်တော်တို့ ဆင်းသက်ချင်တယ်ဆိုရင် စစ်နယ်ရှင်တစ်ယောက်ရဲ့ နယ်မြေထဲမှာ ဆင်းမှဖြစ်မယ်"
"ဒီနေရာမှာပဲ ဆင်းလိုက်ရအောင်"
ကျန်းမုန့်လောင် ပြောလိုက်၏။
"သူတို့နောက်ကလိုက်ပြီး သူတို့ရဲ့လေဆိပ်ကို ခဏငှားသုံးလိုက်ကြတာပေါ့"
"ဟုတ်ကဲ့ မစ္စတာကျန်း"
ပဥ္စမမျိုးဆက်တိုက်လေယာဉ်အစင်းငါးဆယ်ကျော်က ကာကွယ်ပေးထားသည့်အတွက် လေယာဉ်မှူးမှာ စိုးရိမ်ပူပန်မှု အလျဉ်းမရှိချေ။ စစ်နယ်ရှင်များအားလုံး၏ တိုက်လေယာဉ်များကို အကုန်ပေါင်းလိုက်လျှင်ပင် နှစ်ဆယ်မပြည့်ပေ။
...
"တီ တီ တီ!"
အချက်ပြသံများက ဗိုလ်ချုပ်ဆာထရီ၏ ထိန်းချုပ်ရေးစင်တာတွင် အရူးအမူးမြည်နေချေသည်။ စစ်သားများအားလုံးလည်း ဝရုန်းသုန်းကားဖြစ်ကုန်သည်။ အခြေစိုက်စခန်းထဲရှိ လက်နက်အားလုံးကိုလည်း ကောင်းကင်ပေါ်သို့ ချိန်ထားလေသည်။ သို့သော် မည်သူမှ တည်တည်ငြိမ်ငြိမ်မနေနိုင်ချေ။ အကြောင်းမှာ သူတို့၏တိုက်ခိုက်ရေးအင်အားက ရန်သူ့အမြီးကိုပင် မယှဉ်နိုင်ကြောင်း ကောင်းကောင်းသိထားသောကြောင့်ပင်။
"ဘာတွေဖြစ်နေတာလဲ"
ကိုယ်ယောင်ဖျောက်ဝတ်စုံကို ဝတ်ဆင်ထားသော မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ထိန်းချုပ်ရေးစင်တာထဲသို့ ဝင်လာသည်။
"သတင်းပို့ပါတယ် ဗိုလ်ချုုပ်.. ကျွန်တော်တို့နယ်မြေထဲကို လေကြောင်းပစ်မှတ်၅၇ခု ဝင်ရောက်လာပါတယ်"
"ဘာ? ၅၇လား?"
ဗိုလ်ချုပ်ဆာထရီ၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ဤသည်မှာ သူတို့၏အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းခြင်းလေလား?
"သူတို့ကိုဆက်သွယ်ပြီးပြီလား"
ဗိုလ်ချုပ်ဆာထရီက ချက်ချင်းမေးလိုက်လေသည်။
"သူတို့ဘက်ကတော့ လေယာဉ်ဆင်းသက်ဖို့အတွက် ကျွန်တော်တို့လေယာဉ်ပြေးလမ်းကို သုံးချင်ရုံသက်သက်လို့ ပြောပါတယ်"
တပ်မှူးက ဆိုလာလေသည်။
"တိုက်လေယာဉ်၅၆စင်းက ဗဟိုအစိုးရရဲ့ ကိုယ်ပိုင်လေယာဉ်တစ်စင်းကို ကာကွယ်စောင့်ကြပ်ရင်း ရောက်လာတာပါ"
"လေယာဉ်ဆင်းသက်ဖို့သက်သက်လား? ဒါပဲလား"
ဗိုလ်ချုပ်ဆာထရီလည်း ခေါင်းရှုပ်သွားရသည်။ အင်အားအလုံးအရင်းကို ထုတ်ဖော်ပြသနိုင်ပြီး လေယာဉ်၅၆စင်းကိုပါ အစောင့်အရှောက်အဖြစ် ခေါ်လာနိုင်သူမှာ မည်သူနည်း။ သူတို့ ဤနေရာသို့ လာရောက်ရခြင်းမှာ မည်သည့်ရည်ရွယ်ချက်ကြောင့်လေလဲ?
ဤနေရာတွင် အခြေအနေမှာ နဂိုကတည်းက ဝရုန်းသုန်းကားဖြစ်နေပြီဖြစ်ရာ ပြင်ပအင်အားစုတစ်ခုကသာ ကြားဝင်စွက်ဖက်လာပါက ပိုဆိုးသွားပေလိမ့်မည်။
"ငါ့ကို သူတို့နဲ့ချိတ်ဆက်ပေး။ သူတို့ကို ငါ စကားပြောချင်တယ်"
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
...
"ကျွန်တော်က ဆာထရီပါ။ ခင်ဗျားက ဘယ်သူလဲဆိုတာနဲ့ ဒီနေရာကို ဘာရည်ရွယ်ချက်ကြောင့် လာရောက်ရတယ်ဆိုတာကို ပြောပြနိုင်မလား"
ဆာထရီခမျာ အက်ကွဲနေသောအသံဖြင့် အတုန်တုန်အယင်ယင်မေးလိုက်သည်။
သူက လူရမ်းကားတစ်ယောက်ဆိုသော်ငြား နှစ်ဦးနှစ်ဖက်ကြားရှိ တိုက်ခိုက်ရေးခွန်အားမှာ သိပ်မကွာလှသောကြောင့်သာ ထိုသို့လုပ်ရဲခဲ့ခြင်းပင်။ သို့သော် ယခုအခြေအနေအရ အချင်းများမှုဖြစ်ပွားခဲ့ပါက တစ်ဖက်သတ်ဖိနှိပ်ခြင်းသာ ဖြစ်ပေရော့မည်။
"ကျုပ်က ကျန်းမုန့်လောင်!"
"ကျန်းမုန့်လောင်?"
ဆာထရီခမျာ ဤနာမည်ကို ယခင်ကလည်း ကြားဖူးနေသလို ခံစားမိသည်။
"ဗိုလ်ချုပ်.. ဒီလူက ကမ္ဘာ့အချမ်းသာဆုံးလူလေ!"
ဆာထရီ၏လက်အောက်ခံတစ်ယောက်က တီးတိုးပြောလာလေသည်။
"အဲဒီဟွာရှားလူငယ်လား"
ဆာထရီလည်း သူ့ကို မှတ်မိသွားသည်။ သို့သော် ဘီလျံနာတစ်ယောက်က သူ့နေ့ရက်များကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းသင့်သည်မဟုတ်ပါလော။ စစ်ပွဲနယ်မြေထဲကို ဘာကြောင့်ရောက်လာရတာလဲ။ ရူးနေတာလား?
"မစ္စတာကျန်း.. ကျွန်တော်တို့ ခင်ဗျားကို စော်ကားမိထားတာမျိုးတော့ မရှိဘူးမလား။ ကျွန်တော်တို့က ခင်ဗျားတို့နိုင်ငံကို အမြဲလေးစားသမှုရှိပါတယ်"
"စိတ်မပူပါနဲ့။ ကျွန်တော်က ပြဿနာရှာဖို့ရောက်လာတာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။
"ကျုပ် ရွှီလိမှာ လုပ်စရာကိစ္စလေးတချို့ရှိလို့။ ဒါပေမဲ့ ဒီနားတစ်ဝိုက်မှာ နည်းနည်းပွက်လောရိုက်နေတာဆိုတော့ ကျွန်တော့်အနေနဲ့လည်း အစောင့်အရှောက်လေးနည်းနည်းမှမပါရင် စိတ်မသက်မသာဖြစ်ရလို့ အခုလို အစောင့်အရှောက်ယာဉ်တန်းနဲ့အတူ ရောက်လာတာလေ။ စိတ်ထဲမထားပါနဲ့။ ကျုပ် ဘေးကင်းကင်းဆင်းသက်ပြီးတာနဲ့ သူတို့လည်း ပြန်မှာပါ"
ဤစကားကိုကြားသော် ဆာထရီလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
"ဒါက လေယာဉ်ဆင်းသက်ခပါ။ အချိန်ကျလာရင် ဗိုလ်ချုပ်ဆာထရီအနေနဲ့ ကျုပ်လေယာဉ်ကို ထိန်းသိမ်းထားပေးဖို့ လူတစ်ယောက်စီစဉ်ပေးမယ်ဆိုရင် ကျုပ် ကျေးဇူးတင်မိမှာပါ"
"လေယာဉ်..ဆင်းသက်ခတဲ့လား"
ကျန်းမုန့်လောင် စကားပြောပြီးပြီးချင်းမှာပင် ဆာထရီ၏နိုင်ငံခြားဘဏ်အကောင့်မှ အသိပေးစာတစ်စောင် ချက်ချင်းဝင်လာသည်။
"သန်းတစ်ရာ...မဟုတ်သေးဘူး! ဒေါ်လာတစ်ဘီလီယံ?"
သုညအတန်းလိုက်ကြီးကိုကြည့်ရင်း ဗိုလ်ချုပ်ဆာထရီ၏မျက်နှာထက်ရှိ စိုးရိမ်ပူပန်လေဟန် အမူအရာများမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ ဘယ်လိုလေယာဉ်ဆင်းသက်ခမျိုးက ဒေါ်လာတစ်ဘီလီယံတန်လို့လဲ။ ကမ္ဘာ့အချမ်းသာဆုံးလူ ပီသပါပေသည်။
ဤဒေါ်လာတစ်ဘီလီယံမှာ လက်နက်အင်အားအမြောက်အများ ဖြည့်စွက်ရန်အတွက် လုံလောက်ပေသည်။
"လေကြောင်းအကာအရံကို အခုချက်ချင်းတင်လိုက်..သူတို့ကို ဝင်ခွင့်ပေးလိုက်"
ဤပိုက်ဆံကိုပေးမလာလျှင်ပင် သူတို့အနေနှင့် ကျန်းမုန့်လောင်ကို မတားရဲပေ။ တစ်ဖက်လူကသာ ဤနေရာတွင် ဆင်းသက်ချင်သည်ဆိုပါက သူတို့ဘက်က တားနိုင်မည်တဲ့လား။
ငွေက အဓိကမဟုတ်ပေ။ ပိုအရေးကြီးတာက အဆက်အသွယ်ဖန်တီးဖို့ပင်။
"ဗိုလ်ချုပ်.. လေကြောင်းအကာအရံကို ဖယ်လိုက်ရင် ကျွန်တော်တို့အခြေစိုက်စခန်းရဲ့လုံခြုံရေး.."
"ဘန်း!"
ထိုစကားကို ဝင်ပြောလာသူကို ဆာထရီ သေနတ်နှင့်ပစ်လိုက်၏။
"ဒါက ငါ့ရဲ့အထူးဧည့်သည်ပဲ။ မင်းတို့ဘက်က အမိန့်နာခံဖို့ပဲလိုတာ။ မင်းတို့အမြင်တွေ လာပြောစရာမလိုဘူး"
"အမလေး"
ဖုန်းတစ်ဖက်ရှိ ကျန်းမုန့်လောင်ကတော့ တုန်ယင်သွားချေသည်။ စစ်နယ်ရှင်ခေါင်းဆောင်ကြီးကတော့ ရာထူးနှင့် ထိုက်တန်ပါပေသည်။ အနည်းငယ်မျှ သဘောတူညီမှုမရခြင်းကိုပင် သေနတ်နှင့်ပစ်၍ အပြစ်ပေးလိုက်သည်။ ယခုလိုစစ်ပွဲနယ်မြေမျိုးတွင် သူ ခြေကုပ်ယူနိုင်ခြင်းမှာ မထူးဆန်းလှပေ။ သူသည် ဝံပုလွေတစ်ကောင်ပင်။
ဆာထရီက သူ့မျက်နှာပေါရှိ သွေးစက်များကို သုတ်ဖယ်လိုက်သည်။
"အခုချက်ချင်း ကြိုဆိုပွဲတစ်ခုပြင်ထားကြ။ ငါ မစ္စတာကျန်းကို ကောင်းကောင်းမွန်မွန်ကြိုဆိုချင်တယ်"
*****************