ငါတို့မိသားစုရဲ့ဒဏ္ဍာရီက နေရာအနှံ့မှာရှိတယ်
Vol. 31 Ch. 464
သိုင်းပညာရှင်တစ်ယောက်ဖြစ်သည့် ကျန်းမုန့်လောင်က သတ်ဖြတ်လိုသော အရိပ်အယောင်များကို အာရုံခံနိုင်စွမ်းမြင့်မားလေသည်။ ထိုစစ်သားများမှာ သတ်ဖြတ်လိုသော အရှိန်အဝါများ အစကတည်းက ရှိသည်ဆိုသော်ငြား ၎င်းမှာ သူတို့၏အမူအကျင့်များထဲမှ တစ်ခုပင်။
အစောတုန်းက သူခံစားလိုက်ရသည့် သတ်ဖြတ်လိုသောအရိပ်အယောင်များမှာ ကိုယ်ရေးကိုယ်တာဆန်လှပေသည်။ သေနတ်ဖောက်၍ အလေးပြုချိန်ကျမှသာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းမုန့်လောင်လည်း ဆာထရီကို ကြည့်လိုက်မိသည်။ သူ့နဖူးထက်တွင်မူ ပုတီးစေ့အရွယ်ခန့်ရှိသော ချွေးစေးများ ရွှဲနေသည်။ သူ့မျက်လုံးများက ကျန်းမုန့်လောင်နှင့် အကြည့်ချင်းဆုံသောအခါ ဖျတ်ခနဲလှုပ်ခတ်သွားသည်။ ဤသည်မှာ လူကြီးတစ်ယောက်၏ စစ်ဆေးမေးမြန်းမှုနှင့် ရင်ဆိုင်ရချိန်၌ အပြစ်လုပ်ထားသည့် ကလေးတစ်ယောက်က မျက်လုံးချင်းမဆုံရဲသည့်အလားပင်။
ဆာထရီက သူ့အား လုပ်ကြံချင်နေသည်မှာ သိသာလှသော်ငြား လမ်းတစ်ဝက်ရောက်မှ အဘယ်ကြောင့် စိတ်ပြောင်းသွားရလေသလဲ။
ဆာထရီ၏လက်ထောက်ပင် လုံးဝမှင်တက်သွားချေသည်။ ကျန်းမုန့်လောင်ကို ပြန်ပေးဆွဲပြီး ပြန်ပေးငွေရလျှင် သူ့ကို လက်စဖျောက်လိုက်ကြမည်ဟု သူတို့ သဘောတူထားသည်မဟုတ်လား။ ယခုဆိုလျှင် သူ့တပ်ဖွဲ့များကိုလည်း အမိန့်ပေးထားပြီးဖြစ်၏။
အနားနီးမှ ဆာထရီ စိတ်ပြောင်းသွားခြင်းက တစ်ကဏ္ဍသက်သက်ပင်။
ဒါပေမဲ့ သေနတ်ဖောက်ပြီး အရိုအသေပြုရတာကရော ဘာဖြစ်လို့လဲ?
ဆာထရီက စစ်ခေါင်းဆောင်တစ်ယောက်ပင်။ အခြားစစ်ခေါင်းဆောင်များနှင့် ရင်ဆိုင်ရချိန်မှာပင် သူသည် ကြောက်ရွံ့မှုတစ်စိုးတစ်စဉ်းမှ မပြသခဲ့ဖူးပေ။ တစ်ခါတုန်းက ခေါင်းဆောင်သုံးယောက်က သူ့ကို ဝိုင်းထားသည့်တိုင် သူ့ခွန်အားနှင့် ပကတိတည်ငြိမ်မှုဖြင့် သေမင်းခံတွင်းဝမှ လွတ်မြောက်လာခဲ့ဖူးသေးသည်။
ဆယ်စုနှစ်တစ်ခုနီးနီး ခစားလာခဲ့သည့်တစ်လျှောက်လုံးတွင် ဆာထရီတစ်ယောက် ဤမျှအထိ ထိတ်လန့်သွားပြီး မျက်နှာသာရရန် အသည်းအသန်ကြိုးစားနေပုံကို သူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေလျှင်ပင် သူ့အား ယခုလိုသဘောထားမျိုးနှင့် ဆက်ဆံရန် မဖြစ်နိုင်ပေ။
"နားထောင်ကြ.. အခုကစပြီး မစ္စတာကျန်း ရွှီလိကမပြန်မချင်း ငါတို့တပ်ဖွဲ့ထဲမှာ အထူးဧည့်သည်တစ်ယောက်အနေနဲ့ ဆက်ဆံရမယ်။ မစ္စတာကျန်းကို မကောင်းကြံတဲ့လူသာရှိခဲ့ရင်.. နည်းနည်းလောက်လေး မလေးမစားလုပ်တာပဲဖြစ်ဖြစ် ငါက ဘယ်လိုလူစားမျိုးလဲ သိကြတယ်မလား"
ဆာထရီ၏လေသံထဲတွင် ခြိမ်းခြောက်လိုဟန် အရိပ်အယောင်များအပြည့်ပင်။ ထိုနေရာရှိ စစ်သားများခမျာ ကျောရိုးတစ်လျှောက် သိမ့်သိမ့်တုန်သွားရသည်။
"ငါတို့က သူ့ရဲ့တပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေလို့လား"
ကျန်းမုန့်လောင် ဟုန်းရီကို မေးကြည့်လိုက်သည်။ ဤအချက်ကလွဲ၍ ဆာထရီတစ်ယောက် သူ့အပေါ် ဘာကြောင့်သဘောထားပြောင်းလဲသွားသလဲဆိုသည်ကို သူ မစဉ်းစားတတ်ပေ။
"မစ္စတာကျန်း.. ဒီနေရာမှာ ရှင့်မိသားစုရဲ့လုပ်ငန်းတွေရော ကိုယ်စားလှယ်တွေရော မရှိပါဘူး"
ဟုန်းရီက ဆိုလေသည်။
"ဆယ်စုနှစ်ပေါင်းများစွာစစ်ဖြစ်ပြီးတဲ့နောက် ဒီနေရာက ကျက်တီးမြေတစ်ခုသက်သက်ပဲ ရှိပါတယ်။ ဒီနေရာမှာ လူအင်အား ဒါမှမဟုတ် အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံလို့လည်း ဘာမှအကျိုးမရှိပါဘူး"
"ဒါဆို သူက ရုတ်တရက်ကြီး ဘာလို့စိတ်ပြောင်းသွားတာလဲ။ ခုနတုန်းက မောက်မောက်မာမာနဲ့ အဆင်သင့်ဖြစ်နေတဲ့ပုံပါ"
"မစ္စတာကျန်း..အဲဒီမေးခွန်းကို ကျွန်မ ဖြေနိုင်လိမ့်မယ်ထင်တယ်"
ဟုန်းရီက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"အဲဒါက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဖြစ်ရပ်နဲ့ ပတ်သက်လောက်တယ်"
"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လား။ အဲဒီတုန်းက ငါတောင် မမွေးသေးဘူးမလား"
"ဟုတ်ပါတယ်"
ဟုန်းရီ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မလည်း ဒီကိစ္စကို ကျွန်မအဘိုးဆီက ကြားထားတာ"
လွန်ခဲ့သည့်နှစ်နှစ်ဆယ်တုန်းက စစ်မဖြစ်ခင်မှာ ရွှီလိနယ်မြေထဲတွင် လှပလွန်းသော ပန်းခင်းကြီးတစ်ခုရှိ၏။ ထို့ကြောင့် ဤနေရာကို ကျန်းမုန့်လောင်၏မိဘနှစ်ပါးက ဟန်းနီးမွန်းထွက်လာခဲ့ကြသည်။ ထိုအချိန်မှာပင် ရွှိလိနယ်မြေထဲတွင် ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားခဲ့သောကြောင့် ရုတ်တရက်ဆန်လှသည့် တိုက်ခိုက်မှုကြောင့် ပန်းခင်းကြီးလည်း ပျက်စီးခဲ့ရသည်။
မင်္ဂလာဆောင်ဓာတ်ပုံကို လှလှပပလေးရိုက်ကူးမည်ဟူသော မျှော်လင့်ချက်ဖြင့် ကျန်းရှောင်ယွင်တို့ ဤနေရာသို့ ရောက်လာချိန်မှာမူ ခြစ်ခြစ်တောက်ပူနေသော မြေပြင်ကြီးကိုသာ မြင်လိုက်ရသည်။ ထို့ပြင် သူတို့၏လေယာဉ်များကိုပင် စစ်နယ်ရှင်များက ဝိုင်းထားကြသေးသည်။
ကျန်းရှောင်ယွင်၏ စိတ်နေစိတ်ထားအရ ဤကဲ့သို့သော ကိစ္စမျိုးကို သည်းခံနိုင်မည်တဲ့လား။
ခဏအကြာမှာပင် ကျန်းမိသားစု၏ မိသားစုအမှတ်တံဆိပ်နှင့် ယူနီဖောင်းကို ဝတ်ဆင်ထားသည့် တပ်ဖွဲ့တစ်ရာကျော်က ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား စစ်မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။
ဓားများနှင့် ကျည်ဆန်များမှာ သူတို့အတွက် သက်ရောက်မှုမရှိသလို သေနတ်များနှင့် ဗုံးများကိုလည်း မဖြုံကြချေ။ သူတို့က ပုန်ကန်သောင်းကျန်းနေသော တပ်ဖွဲ့များကို မိနစ်ပိုင်းတွင်း အမြစ်ဖြတ်ချေမှုန်းပြီး တစ်ယောက်ကိုမှ အသက်ရှင်ရက်မထားခဲ့ပေ။
ထိုအချိန်တုန်းက ဆာထရီမှာ ထိုစစ်တပ်ထဲ၌ ရှိနေခါစပင်။
ထိုစဉ်တုန်းက ဆာထရီ၏အသက်က ၁၅နှစ်သာရှိသေးသည်။ သူပုန်စစ်တပ်ထံမှ ဦးနှောက်ဆေးခံထားရသော ကလေးစစ်သားတစ်ယောက်ဖြစ်၏။ သူသည် အသက်ငယ်လွန်းသေးသောကြောင့်သာ ကျန်းရှောင်ယွင်၏လူများက သူ့ကို မသတ်ခဲ့ခြင်းပင်။
သို့သော် ထိုနေ့တုန်းက ဖြစ်ရပ်မှာ သူ့မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာလေဟန်တူသော အနက်ရောင်ဝတ်ပုဂ္ဂိုလ်များမှာ နတ်ဘုရားများအလားပင်။ ဤသည်မှာ သူ့ငယ်ဘဝယုံကြည်ကိုးကွယ်မှုတစ်ခုပင် ဖြစ်လာခဲ့သည်။
သူ့မှာ ထိုလူ့နာမည်ကိုလည်း မမှတ်မိသလို ထိုပုဂ္ဂိုလ်များ၏မျက်နှာကိုလည်း မမှတ်မိချေ။ ကျန်းမိသားစုကို ကိုယ်စားပြုသည့် ထိုအမှတ်တံဆိပ်ကိုသာ သူ မှတ်မိလေသည်။
နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာပြီးနောက် ဆာထရီလည်း သာမန်အောက်ခြေလူတန်းစားတစ်ယောက်မှ တပ်ဖွဲ့ခေါင်းဆောင်အဖြစ်သို့ ရောက်လာခဲ့ပြီး အကြီးမြတ်ဆုံးစစ်ခေါင်းဆောင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူလည်း အတိတ်တုန်းက မေ့မရနိုင်သည့် ဖြစ်ရပ်ကို တဖြည်းဖြည်းမေ့မေ့ပျောက်ပျောက်ဖြစ်လာခဲ့သည်။
သို့သော် ကျန်းမုန့်လောင်၏လေယာဉ်ပေါ်ရှိ အမှတ်တံဆိပ်ကို မြင်လိုက်ရချိန်မှာ သူ့မှတ်ဉာဏ်များအားလုံး တစ်ခဏအတွင်း ပြန်ပေါ်လာခဲ့သည်။
ထို့ကြောင့် ဂိုဏ်းအမှတ်တံဆိပ်ကို မှတ်မိလိုက်သည့်အချိန်မှာပင် သေမင်းအနားမှ ပွတ်ကာသီကာဖြတ်လာမိသလို ခံစားလိုက်ရ၏။
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပြီဖြစ်ရာ လက်နက်ကိရိယာများလည်း လွန်ခဲ့သည့်နှစ်နှစ်ဆယ်တုန်းကထက် ပိုအဆင့်မြင့်နေပြီဖြစ်ကြောင်း သိသော်ငြား သူ့မျက်လုံးထဲမှာတော့ ထိုလူများမှာ လူသားများမဟုတ်ကြပေ။ သူတို့က နတ်ဘုရားများနှင့် နတ်ဆိုးများပင်။ လက်နက်အဆင့်အတန်း၌ နှစ်နှစ်ဆယ်ကျော်လောက် ရှေ့ပြေးနေသော်လည်း သူသာ ကျန်းမုန့်လောင်ကို ဆန့်ကျင်ရဲမည်ဆိုပါက ရလဒ်က ထိုပုံစံအတိုင်းသာ ဖြစ်ရလိမ့်မည်ဟု ယုံကြည်ထားသည်။
"ငါတို့မိသားစုရဲ့ဒဏ္ဍာရီကို ဒီလိုနေရာမျိုးမှာ ထပ်ရှာတွေ့လိမ့်မယ်လို့ ထင်မထားဘူး"
ကျန်းမုန့်လောင်က ထိုဇာတ်လမ်းကိုကြားပြီးနောက် ပြောလာလေသည်။ အကယ်၍ ထိုစဉ်တုန်းက ဆာထရီသည် စစ်ပွဲကြောင့် မိဘမဲ့ဖြစ်ခဲ့ရသည်ဆိုပါက ယခုအချိန်၌ သူ ယခုလိုပြုမူနေခြင်းမှာ အဆန်းတော့မဟုတ်လှပေ။
"ဗိုလ်ချုပ်ဆာထရီ.. ခင်ဗျား ကျုပ်ကိုမှတ်မိတဲ့ပုံပဲနော်"
ကျန်းမုန့်လောင်က တမင်တကာ ထိုသို့ထုတ်ပြောလိုက်ခြင်းပင်။
"မစ္စတာကျန်း.. ကျွန်တော် တစ်ခုလောက်မေးလို့ရမလား"
"မေးလေ"
"အဲဒီတံဆိပ်..."
ဆာထရီက ကျန်းမုန့်လောင်၏လေယာဉ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"အဲဒါက ကျုပ်တို့မိသားစုရဲ့မျိုးနွယ်အမှတ်တံဆိပ်လေ"
"အဲဒီလိုကိုး"
ဆာထရီလည်း နားလည်သဘောပေါက်သွားဟန်ဖြင့် ဆိုလာလေသည်။ စိတ်လိုက်မာန်ပါမလုပ်မိခဲ့သည့်အတွက်လည်း စိတ်သက်သာရာရသွားသည်။ သို့မဟုတ်ပါက ယခုလောက်ဆိုလျှင် သူ့ယခင်တပ်ဖွဲ့ဟောင်းထဲက စစ်သားများလို သေနေလောက်ပြီ။
"ကျွန်တော် ဆယ်ကျော်သက်အရွယ်လောက်တုန်းက မစ္စတာကျန်းရဲ့အကြီးအကဲတွေ သူတို့ရဲ့အစွမ်းအာဏာတွေ ထုတ်ပြတာကို မြင်ခဲ့ရတယ်လေ။ အဲဒီတုန်းက ဒီမျိုးနွယ်စုအမှတ်တံဆိပ်ကို မြင်ဖူးတာပဲ"
ဆာထရီကလည်း အမှန်အတိုင်းသာ ပြောလိုက်၏။
"ခုနတုန်းက ခင်ဗျား ကျုပ်ကိုတိုက်ခိုက်ဖို့ တွေးနေတာလား"
ဆာထရီခမျာ တုန်လှုပ်သွားရပြီးနောက် သူ့လက်အောက်ငယ်သားများရှေ့မှာပင် ဒူးထောက်ချလိုက်လေတော့သည်။
"မစ္စတာကျန်း.. မိုက်မဲမှုကြောင့် ကျွန်တော် ခဏလောက်စုံလုံးကန်းသွားခဲ့တာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ဆာထရီ၏လက်အောက်ငယ်သားများမှာ မယုံကြည်နိုင်မှုများစွာဖြင့် မျက်လုံးပြူးကျယ်သွားလေသည်။
ဘာတွေဖြစ်ကုန်တာလဲ? ဒါက သူတို့သိတဲ့ ဗိုလ်ချုပ်ဆာထရီရော ဟုတ်ရဲ့လား? သူက ဘယ်လိုလုပ်ပြီး နာခံကျိုးနွံတတ်တဲ့လူတစ်ယောက် ဖြစ်သွားရတာလဲ?
အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က သူတို့၏အခြေစိုက်စခန်းမှာ တကယ်ပဲ ပြဿနာရှာနိုင်လေသလား။ ဆာထရီကပဲ အရက်မူးပြီး အသိစိတ်ပျောက်သွားလေသလား။
သို့သော် ဆာထရီလိုမျိုး မကြုံဖူးသူများကတော့ သူ့အတွေးကို နားလည်နိုင်မည်မဟုတ်ချေ။ သူတို့စိတ်ထဲမှာတော့ သူတို့လက်ထဲရှိ သေနတ်များက အရာရာဟု ထင်နေကြသည်။
"ထားလိုက်တော့"
ကျန်းမုန့်လောင်က ဒေါသအလျဉ်းမရှိပါဘဲ ပြောလိုက်လေသည်။ ဆာထရီက သူပုန်တစ်ယောက်ပင်။ ထို့ကြောင့် ချမ်းသာကြွယ်ဝမှုကြောင့် ဆွဲဆောင်ခံလိုက်ရခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။ သို့သော် လက်မလွန်ခင်မှာပင် နောက်ပြန်ဆုတ်နိုင်ခဲ့သည်။
ထို့ပြင် ကျန်းမုန့်လောင်ကလည်း ရွှီလိနယ်မြေနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိပေ။ ထို့ကြောင့် သူ့အကူအညီကို လိုအပ်ကောင်းလိုအပ်နိုင်သည်။
"ခင်ဗျားရဲ့သတိက ခင်ဗျားအသက်ကိုကယ်လိုက်တာပဲ"
ကျန်းမုန့်လောင်က ထိုသို့ပြော၍ ဆာထရီ၏ကားနားသို့ လျှောက်သွားလိုက်၏။
ဆာထရီခမျာ သူ့နဖူးထက်ရှိ ချွေးများကို သုတ်ဖယ်လိုက်လေသည်။ အစောတုန်းက သူသာ တကယ်လုပ်ရဲခဲ့လျှင် လွန်ခဲ့သည့်နှစ်နှစ်ဆယ်တုန်းကလို ဖြစ်ရပ်မျိုးလည်း ပြန်ဖြစ်လာနိုင်ကြောင်း ကျန်းမုန့်လောင်၏ မှတ်ချက်မှတစ်ဆင့် သူ အတပ်သိလိုက်သည်။
ဆာထရီလည်း သူ့အနောက်ကို ချက်ချင်းလိုက်သွားသည်။
"မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားအတွက် အစားအသောက်ပြင်ထားပါတယ်။ ခင်ဗျား အကြိုက်တွေ့ဖို့ မျှော်လင့်ပါတယ်.."
"မလိုပါဘူး"
ကျန်းမုန့်လောင်က ခပ်ပြတ်ပြတ်ငြင်းလိုက်၏။ ဤနေရာတွင် အကြာကြီးနေချင်စိတ်မရှိပေ။
"ကျုပ်က အလုပ်ကိစ္စတစ်ခုကြောင့် ဒီကိုရောက်လာတာ။ ညစာစားဖို့တော့ မလိုပါဘူး"
"တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကို တိုက်ရိုက်ပြောလို့ရပါတယ်။ ကျွန်တော် ဒီမှာနေလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပါပြီ။ ရွှီလိနယ်မြေထဲက ကိစ္စမှန်သမျှကို ကျွန်တော် ရင်းနှီးပြီးသား.."
"ကျုပ် လက်နက်ဝယ်ချင်လို့"
ကျန်းမုန့်လောင် ပွင့်ပွင့်လင်လင်းသာ ပြောလိုက်၏။
"အဆက်အသွယ်ရှိလား"
"ဘယ်လောက်လိုချင်တာလဲဗျ"
ဆာထရီက မေးလိုက်၏။ စစ်နယ်ရှင်တစ်ယောက်အနေနှင့် သူသည် လက်နက်ကုန်သည်များနှင့် အမြဲလိုလိုဆက်ဆံနေရသည်သာ။ သို့မဟုတ်ပါက သူ့တပ်ဖွဲ့ကို မည်သို့ လက်နက်တပ်ဆင်ပေးနိုင်မည်နည်း။
"သိပ်မများပါဘူး"
ကျန်းမုန့်လောင်လည်း ပြန်ဖြေလိုက်၏။
"လေယာဉ်အစင်းတစ်ရာနဲ့ တင့်ကားအစင်းတစ်ရာလောက်ဆိုရင် ရပါပြီ"
******************