ငါ့မှာ ငွေကြေးအင်အားရှိတယ်
Vol. 31 Ch. 465
"လေယာဉ်အစင်းတစ်ရာနဲ့ တင့်ကားအစင်းတစ်ရာလား?"
ထိုစကားကိုကြားလိုက်ရချိန်ဝယ် ဆာထရီမှာ အသက်ထွက်လုနီးပါးပင်။
ထိုအရာမျိုးကို တစ်ရာကျော်ဝယ်ယူသူဟူ၍ ကြားဖူးပါလေစ။ ဤသည်မှာ စစ်သုံးကိရိယာစစ်စစ်များဖြစ်၏။ အစမ်းသုံးမော်ဒယ်လ်များမဟုတ်ပေ။
ဤနေရာတွင် ထိုကဲ့သို့သော စစ်သုံးကိရိယာများကို ဝယ်ယူခြင်းမှာ နေ့ဒဓူဝကိစ္စတစ်ခုပင်။ လေယာဉ်များနှင့် တင့်ကားများကဲ့သို့သော စစ်သုံးယန္တရားများကို ရောင်းဝယ်ဖောက်ကားခြင်းမှာ မထူးဆန်းသော ကိစ္စတစ်ခုပင်။ သို့သော် ဝယ်ယူမှုတစ်ကြိမ်လုပ်တိုင်း အများဆုံးရှိလှ တိုက်လေယာဉ်တစ်စင်းနှစ်စင်း သို့မဟုတ် တင့်ကား တစ်စင်းနှစ်စင်းမျှသာ။
နိုင်ငံများအကြားရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ယှဉ်လိုက်လျှင် ဤဝယ်ယူမှုများမှာ အသေးအဖွဲတစ်ခုမျှသာ။ သို့သော် သူတို့အနေနှင့် စစ်သုံးယန္တရားများကို ဝယ်ယူမည်ဆိုလျှင်ပင် လေယာဉ်နှင့်တင့်ကားဆယ်စီးကျော် ဝယ်လိုက်ရုံဖြင့် သတ်မှတ်ထားသော ငွေပမာဏကို ပြည့်သွားပေလိမ့်မည်။
အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံတစ်နိုင်ငံကတောင် မနှစ်တုန်းက အဓိကစစ်ပွဲတွင် တင့်ကားဝယ်ယူမှုမှာ တစ်ရာကျော်မျှသာ ရှိ၏။ ထို့ပြင် တိုက်လေယာဉ်၏ ကုန်ကျစရိတ်က တင့်ကားထက် ပိုများပေသည်။ တစ်နှစ်ကို လေယာဉ်ဆယ်စီးကျော် ထပ်ဖြည့်ရုံမျှဖြင့် အလွန်ကြောက်စရာကောင်းနေပြီဖြစ်၏။
သို့သော် ကျန်းမုန့်လောင်ကတော့ လေယာဉ်အစင်းတစ်ရာကျော်ကို တစ်ချီတည်းဝယ်ယူချင်နေပေသည်။ ထိုတန်ဖိုးမှာ ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများ၏ နှစ်စဉ်စစ်ရေးရန်ပုံငွေနှင့် ညီမျှသည်။
သူက ထိုစစ်သုံးယန္တရားများကို ဘာအတွက် လိုချင်ရသလဲ? အာရှတိုက်ကို ပြားပြားဝပ်သွားအောင် လုပ်ဖို့လား။ သို့မဟုတ် ကမ္ဘာကြီးကို သိမ်းပိုက်ဖို့လား?
တင့်ကားတစ်စီး၏ ကုန်ကျစရိတ်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာဆယ်သန်းရှိပြီး ပဥ္စမမျိုးဆက်တိုက်လေယာဉ်မှာ ဒေါ်လာသန်းပေါင်းရာဂဏန်းအထိ ရှိ၏။
ကျန်းမုန့်လောင်၏ တောင်းဆိုမှုအရဆိုပါက ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်သည်။ ဤသည်မှာ နိုင်ငံတစ်နိုင်ငံနှုန်းဖြင့်သာ လုပ်ဆောင်နိုင်သော အရောင်းအဝယ်မျိုးပင်။
သို့သော် ကျန်းမုန့်လောင်ကတော့ ထိုပမာဏကို တကယ်တတ်နိုင်ကြောင်း သူတို့ သေချာပေါက်သိသည်။ ဆန္ဒပြအလုပ်သမားများအတွက် သူထုတ်ပေးခဲ့သော ငွေပမာဏမှာ ဤပမာဏထက်ပင် အဆပေါင်းများစွာ ပိုများသေးသည်။
သို့သော် ဤသည်မှာ ပိုက်ဆံရှိရုံဖြင့် ဝယ်ယူနိုင်သော အရာမျိုးမဟုတ်ချေ။ ကိုယ့်မှာ ပိုက်ဆံရှိပေမဲ့ ရောင်းသူဘက်က ကုန်ပစ္စည်းရှိဖို့လည်း လိုသေးသည်မဟုတ်လား။
"မစ္စတာကျန်း.. စစ်သုံးယန္တရားတွေအများကြီးကို ဘာအတွက်လိုအပ်တာလဲ"
ဆာထရီလည်း မမေးဘဲ မနေနိုင်တော့ချေ။ ယခုလက်ရှိ ဟွာရှား၏စစ်သုံးကိရိယာများမှာ ကမ္ဘာ့အဆင့်မီနေပြီဖြစ်၏။ သူတို့၏တိုက်လေယာဉ်များက အခြားနိုင်ငံများထက် အဆင့်မနိမ့်ပေ။ သို့ဖြစ်လေရာ ထပ်ဝယ်နေစရာမလိုတော့ဘူးမဟုတ်လား။
"အိုး..ဘာရယ်မဟုတ်ပါဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ"
ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်၏။
"အဲဒီကိစ္စကို မစ္စတာဆာထရီ စိတ်ပူဖို့လိုမယ်မထင်ဘူး..ဟုတ်တယ်မလား"
ဆာထရီခမျာ ခိုက်ခိုက်တုန်သွားရချေသည်။ အမှန်ပင်တည်း။ သူသည် နိုင်ငံငယ်လေးတစ်ခုမှ အသေးစားစစ်နယ်ရှင်တစ်ယောက်ပင်။ တစ်ဖက်လူက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သူ့တွင် ထိုသို့သောပုဂ္ဂိုလ်တစ်ယောက်ကို မေးခွန်းထုတ်နိုင်စွမ်း မရှိပေ။
"တောင်းပန်ပါတယ် မစ္စတာကျန်း.. ကျွန်တော် ရာရာစစမေးမိသွားတာပါ။ ဒီအတိုင်း နားမလည်နိုင်လို့ပါ။ ခင်ဗျားကို စောင့်ကြပ်ပေးနေတဲ့ တိုက်လေယာဉ်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးအင်အားကလည်း ကြောက်ဖို့ကောင်းပါတယ်။ အဲဒါကို ဘာလို့များ..."
"အဲဒါတွေက ကျုပ်ဟာတွေမဟုတ်ဘူး"
ကျန်းမုန့်လောင်က ငြင်းဆန်လိုဟန်အမူအရာပြု၍ ပြန်ပြောလိုက်သည်။
"ဒီလေယာဉ်တွေက အိမ်နီးချင်းနိုင်ငံတွေက ကျုပ်ရဲ့လုံခြုံရေးအတွက် စေလွှတ်လိုက်တဲ့ လေယာဉ်တွေ။ အဲဒါတွေက သူများပစ္စည်းတွေလေ။ ထပ်ငှားရင်လည်း မသင့်တော်ဘူး။ အဲဒါကြောင့် ကိုယ့်ဘာသာဝယ်ဖို့ နည်းလမ်းရှာနေရတာပေါ့"
ဤစကားများကို ကြားလိုက်ရပြီးနောက် ကျန်းမုန့်လောင်သည် ဆာထရီ၏အမြင်တွင် ပို၍ပင်နားလည်ရခက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။
စစ်သုံးလက်နက်ကိရိယာများကို ငှားရမ်းခြင်းဆိုသည်မှာ မကြားဖူးသောကိစ္စမျိုး မဟုတ်သော်လည်း ထိုသို့ငှားရမ်းခြင်းမျိုးမှာ စစ်ပွဲကာလအတွင်း အလွန်ရင်းနှီးမှုရှိသော မဟာမိတ်နိုင်ငံများအကြားတွင်သာ တွေ့ရလေ့ရှိသည်။ လေယာဉ်များနှင့် တင့်ကားများကို ငှားရမ်းခြင်းမှာ ကားတစ်စီးငှားရမ်းသကဲ့သို့ မရိုးရှင်းပေ။ အကယ်၍ ထိုယာဉ်များသာ ပစ်ခတ်ခံခဲ့ရပါက ပြဿနာအကြီးအကျယ်တက်ရပေလိမ့်မည်။
သို့သော် ကျန်းမုန့်လောင်၏ အလည်အပတ်ခရီးတစ်ခုအတွက်နှင့် နိုင်ငံပေါင်းများစွာက တိုက်လေယာဉ်အစုံအလင်ဖြင့် လုံခြုံရေးပေးခဲ့ကြသည်။ အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ သမ္မတတစ်ယောက်ကတောင် ဤကဲ့သို့သော ဂုဏ်သရေမျိုးကို ခံယူရမည်မဟုတ်။ သူက အာရှတိုက်၏ အုပ်ချုပ်သူလား။ သို့တည်းမဟုတ် ကမ္ဘာကြီး၏ အုပ်စိုးသူလေလား။
"စကားမစပ်..ခင်ဗျားက ဒီဒေသမှာ အဆက်အသွယ်ပေါတယ်လို့ ပြောလိုက်တယ်မလား"
ကျန်းမုန့်လောင် မေးလိုက်သည်။
"ကျုပ်ကို လက်နက်ကုန်သည်တွေနဲ့ မိတ်ဆက်ပေးပါဦး။ အကြီးဆုံးလက်နက်ကုန်သည်ကိုပဲ လိုချင်တယ်"
"မစ္စတာကျန်း..ဒီနေရာမှာ လက်နက်ကုန်သည် အယောက်ခုနစ်ဆယ်ရှစ်ဆယ်လောက် ရှိပါတယ်။ ဒါပေမဲ့ လေယာဉ်နဲ့ တင့်ကားတို့လို ပစ္စည်းတွေကို ရှာပေးနိုင်စွမ်းရှိတဲ့လူကတော့ ဆယ်ယောက်တောင်မပြည့်ပါဘူး။ တကယ်လို့ ခင်ဗျားအနေနဲ့ နောက်ဆုံးပေါ်ကိရိယာအသစ်တွေကို အများကြီးဝယ်ချင်တယ်ဆိုရင် ထရိုင်ဒန့်ကို သွားရှာဖို့ အကြံပေးချင်ပါတယ်"
ဆာထရီက အကြံပြုလိုက်သည်။
"ထရိုင်ဒန့်လား"
"ဒါက သူ့ရဲ့လျှို့ဝှက်ကုတ်နာမည်ပါ။ ဒီလုပ်ငန်းလောကထဲမှာ သူ့ကို အဲဒီလိုပဲခေါ်ကြတယ်လေ"
ဆာထရီက ရှင်းပြလိုက်သည်။
"ကမ္ဘာ့အကြီးဆုံးလက်နက်ထောက်ပံ့သူက ဟီရော့ကုမ္ပဏီပါပဲ။ သူတို့က တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ၊ ထောက်လှမ်းရေးလေယာဉ်တွေကို ထုတ်လုပ်ရုံတင်မကဘူး။ ဒုံးကျည်တွေ၊ ဂြိုဟ်တုတွေနဲ့ ဒုံးပျံတွေကိုလည်း ထုတ်လုပ်ပါတယ်။ သူတို့ရဲ့ ကိုယ်စားပြုထုတ်ကုန်တွေထဲမှာ F-22၊ F-35နဲ့ 'ထရိုင်ဒန့်'ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်ရဲ့ ကာကွယ်ရေးလက်နက်အားလုံးနီးပါးကို သူတို့ကပဲ ထောက်ပံ့ပေးနေတာလေ"
"ဒီလူက ဟီရော့ကုမ္ပဏီနဲ့ ပတ်သက်မှုတစ်ခုခုရှိနေတာလား"
ကျန်းမုန့်လောင်လည်း ဆာထရီ၏ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။
"ဟုတ်ပါတယ်"
ဆာထရီက ပြောလေသည်။
"သူက ဟီရော့ကုမ္ပဏီက အကြီးဆုံးရှယ်ယာရှင်ရဲ့သားလေ။ မွေးရာပါရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဓာတ်မျိုးရှိပြီး သာမန်ဘဝမျိုးကို သဘောမကျတဲ့ လူတစ်ယောက်ပေါ့။ တကယ်တော့ သူ့ရဲ့နောက်ခံအင်အားနဲ့ဆိုရင် နိုင်ငံပေါင်းများစွာကို လက်နက်တွေရောင်းချရုံနဲ့တင် တစ်သက်လုံး ချမ်းချမ်းသာသာနေနိုင်နေပြီ။ ဒါပေမဲ့ သူကတော့ ဒီလိုအန္တရာယ်များတဲ့နေရာမျိုးမှာ စီးပွားရေးလုပ်ဖို့ ရွေးချယ်ခဲ့တယ်လေ"
"အမြတ်အစွန်းပိုများလို့လား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"အမှန်ပါပဲ"
ဆာထရီက ခွန်းတုံ့ပြန်လိုက်သည်။
"ဒီဒေသတွေထဲမှာ ကိရိယာတော်တော်များများက လူမြင်ခံလို့မဖြစ်ပါဘူး။ အဲဒါကြောင့် ဝယ်ယူဖို့အတွက် အထူးလမ်းကြောင်းတွေကို လိုအပ်တယ်လေ။ သဘောကတော့ ဈေးနှုန်းတွေက တရားဝင်လမ်းကြောင်းတွေထက် အနည်းဆုံး ၄၀ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်းအထိ ပိုများနေတတ်ပါတယ်"
"ပြီးတော့ သိထားရမှာက စစ်ဖြစ်နေတဲ့ဒေသက ကျွန်တော်တို့ ရွှီလိတစ်နေရာတည်းမဟုတ်ပါဘူး။ တရားမဝင်ရောင်းဝယ်နေတဲ့ ဒီလက်နက်တွေက ကမ္ဘာတစ်ဝှမ်းမှာ ဝယ်လိုအားများလွန်းပါတယ်။ ဟီရော့လို ကုမ္ပဏီကြီးတစ်ခုကတောင် ဒီဧရာမဈေးကွက်ကြီးကို အလုံးစုံထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး"
"ဒီလူက တော်တော်လုပ်နိုင်စွမ်းရှိပုံရတယ်"
ကျန်းမုန့်လောင်မှာ ထရိုင်ဒန့်ကို စိတ်ဝင်စားမိသည်။ ကြည့်ရပုံထောက်တော့ ထိုလူမှာ သူလိုက်ရှာနေသူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
"ဟုတ်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ လမ်းကြောင်းတွေကလည်း ပိုကျယ်ပြန့်လာခဲ့တယ်လေ။ ဟီရော့ကုမ္ပဏီကလွဲရင် သူက ကမ္ဘာ့ထိပ်တန်းလက်နက်ကုန်သည်ငါးယောက်နဲ့ အတွင်းကျကျပတ်သက်မှုမျိုး ရှိတာမို့ ခင်ဗျား လက်နက်ဝယ်ချင်တယ်ဆိုရင် သူ့ဆီကိုသွားလိုက်တာ ပိုကောင်းပါတယ်"
"ခင်ဗျား သူ့ကို ဆက်သွယ်နိုင်လား"
ကျန်းမုန့်လောင် မေးလိုက်သည်။
"ဆက်သွယ်နိုင်ပါတယ်"
ဆာထရီကလည်း ပြန်ဖြေသည်။
"ကျွန်တော် သူနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အရောင်းအဝယ်တွေကို နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးတယ်။ ကျွန်တော်က သူ့ရဲ့ အဓိကဖောက်သည်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတယ်လေ။ ဒါပေမဲ့ အဲဒီလူက ပေါင်းရသင်းရခက်ပြီး အရမ်းလည်း သတိကြီးတယ်။ ကျွန်တော် သူနဲ့ ပထမဆုံးအကြိမ် အရောင်းအဝယ်လုပ်ခဲ့တုန်းက နည်းနည်းတောင်နစ်နာခဲ့ရသေးတယ်"
"အိုး?"
ကျန်းမုန့်လောင် မျက်ခုံးပင့်လိုက်မိသည်။ ဆာထရီက သူ့ရှေ့မှာတော့ ရိုကျိုးနာခံတတ်သော ကြောင်လေးတစ်ကောင်လို ဖြစ်နေသော်ငြား ဤနေရာတွင် စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာရန်အတွက်မူ ရက်စက်ကြမ်းကြုတ်မှုရှိမှသာ ဖြစ်နိုင်ပေမည်။ ပြဿနာအရိပ်အယောင် ပေါ်ပေါက်လာသည်နှင့် သူ့လက်အောက်ငယ်သားများကို စီရင်ပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေခြင်းမှာ ထိုအချက်ကို ဖော်ပြနေသည်။
ဆာထရီ၏ လက်အောက်တွင် လူအင်အား ထောင်ဂဏန်းခန့်ရှိပြီး လက်နက်ကိရိယာအပြည့်အစုံ တပ်ဆင်ထားသဖြင့် ရွှီလိဒေသတွင် သူသည် အကြွင်းမဲ့အာဏာရှင်တစ်ယောက်ပင်။ သူ့ကိုတောင် နစ်နာအောင်လုပ်နိုင်သူတစ်ယောက်ရှိနေသေးသည်မှာ အံ့ဩစရာပင်ကောင်းလှသည်။
"တွေးကြည့်လိုက်ပါ။ တရားမဝင်လက်နက်ကုန်သည်တစ်ယောက်က စစ်သုံးယန္တရားတွေကို ဖြန့်ဝေတဲ့အခါ ဒေသတစ်ခု၏ ဟန်ချက်ညီမှုကို နှောင့်ယှက်ရာရောက်ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ သူ့ကို ထိန်းချုပ်နိုင်တယ်ဆိုရင် သူ့လမ်းကြောင်းကတစ်ဆင့် ပိုများတဲ့ အရင်းအမြစ်တွေကို ရယူနိုင်မှာပါ။ အပေါ်ယံမှာတော့ လူတိုင်းက သူ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံကြပေမဲ့ နောက်ကွယ်မှာတော့ တရားဝင်စစ်တပ်က သူ့ကိုသတ်ချင်နေတာ။ စစ်နယ်ရှင်ကလည်း သူ့ကိုအနိုင်ယူပြီး ထိန်းချုပ်ချင်နေတာမို့ သူ့အခြေအနေက အရမ်းအန္တရာယ်များတယ်"
"အဓိပ္ပာယ်ရှိသားပဲ"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ စစ်ပွဲမှတစ်ဆင့် အကျိုးအမြတ်ရယူသူများမှာ အမြတ်အစွန်းကြီးကြီးမားမားရနိုင်သော်ငြား အန္တရာယ်လည်း များလှသည်။ ခြေလှမ်းတစ်ချက်မှားသည်နှင့် အသေဆိုးနှင့် သေရနိုင်သည်။ လက်ရှိ၌ ရွှီလိဒေသရှိ ပင်မအင်အားစုလေးခုကို ဥပမာထားကြည့်ပါက ယခင် စစ်ခေါင်းဆောင်ဟောင်းအားလုံးလည်း ဆိုးဆိုးဝါးဝါးသေဆုံးသွားရသည်မဟုတ်လော။
"သူ့လက်အောက်မှာ လူအင်အားများလို့လား"
"မများပါဘူး"
ဆာထရီ ခေါင်းခါယမ်းလိုက်၏။
"သူ့နေ့စဉ်ဘဝအတွက် တာဝန်ယူထားတဲ့ အဖွဲ့တစ်ဖွဲ့ကလွဲရင် မောင်နှမနှစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော် သူနဲ့ ပထမဆုံးအကြိမ် အရောင်းအဝယ်လုပ်တုန်းက လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်သားအယောက်နှစ်ဆယ်ကို ခေါ်သွားခဲ့တယ်။ ဘာဖြစ်သွားတယ်ထင်လဲ"
"သူတို့ ရှင်းထုတ်ခံလိုက်ရတာလား"
ဆာထရီလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်က လက်နက်ချဖို့ ငြင်းဆန်ခဲ့လို့ အဲဒီမောင်နှမနှစ်ယောက်ဘက်က လှုပ်ရှားလာပြီး ကျွန်တော့်ရဲ့တပ်ဖွဲ့ဝင်အားလုံးကို သတ်ပစ်လိုက်တယ်လေ။ ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုက အရမ်းထက်မြက်တယ်ဗျ။ သူတို့ကိုင်ထားတဲ့ လက်နက်ကတောင် အလှဆင်ပစ္စည်းသက်သက်လိုပဲ။ ဟွာရှားနိုင်ငံရဲ့ ကွန်ဖူးသိုင်းက သိပ်အံ့သြဖို့ကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အနီးကပ်တိုက်ပွဲမှာဆိုရင် သိုင်းပညာက ဓားနဲ့သေနတ်တွေထက်တောင် ပိုအစွမ်းထက်သေးတယ်လေ။ သူတို့မောင်နှမက ဟွာရှားရဲ့ ကွန်ဖူးသိုင်းကိုသင်ထားတာ ဒါမှမဟုတ် စူပါပါဝါတွေရှိနေတာဖြစ်နိုင်တယ်လို့တောင် သံသယဖြစ်မိတယ်"
ကျန်းမုန့်လောင် ချက်ချင်းပင် ရယ်မောလိုက်မိသည်။ ဤနိုင်ငံခြားသားများမှာ ဟွာရှားနိုင်ငံ၏ သိုင်းပညာနှင့်ပတ်သက်ပြီး စိတ်ကူးယဉ်လွန်းကြသည်။ ဟွာရှားနိုင်ငံ၏ ကွန်ဖူးသိုင်းမှာ ဆယ်မီတာအကွာအဝေးအတွင်းမှာ အမှန်တကယ်ထက်မြက်သော်လည်း၊ သိုင်းပညာရှင်များမှာ သေနတ်များထက် သာလွန်နိုင်သော်လည်း၊ ၎င်းမှာ တစ်ဦးချင်းရင်ဆိုင်ရသည့် အခြေအနေမျိုးတွင်သာ ဖြစ်နိုင်ပေသည်။ သို့ဖြစ်လေရာ ထိုမောင်နှမက သာမန်လူများ မဟုတ်သည်မှာ သိသာလှ၏။
"တကယ်တော့ ကျုပ်မှာလည်း စူပါပါဝါရှိတယ်"
ကျန်းမုန့်လောင်က ပြုံးရယ်ကာ ပြောလိုက်သည်။
ဆာထရီ၏မျက်လုံးများမှာ တောက်ပသွားလေတော့သည်။ ကျန်းမုန့်လောင်အဖေ၏ လူယုံများလည်း ထိုမောင်နှမကဲ့သို့ စူပါပါဝါများရှိကြသည်ဟု အစောကတည်းက သူ သံသယဖြစ်နေခဲ့သည်။ မဟုတ်ပါက လွန်ခဲ့သောနှစ်နှစ်ဆယ်တုန်းက သူ့ခေါင်းဆောင်ဟောင်းကို မည်သို့ဖြုတ်ချနိုင်ခဲ့မည်နည်း။
"မစ္စတာကျန်း.. ကျွန်တော်က ဟွာရှားနိုင်ငံရဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို အမြဲစိတ်ဝင်စားခဲ့ရတာ။ ခင်ဗျားရဲ့စူပါပါဝါက ဘာလဲဆိုတာ မေးလို့ရမလား"
"ကျုပ်က ကျိကျိတက်ချမ်းသာတယ်လေ!"
**************