← Chapters

သေလမ်းမရှာဘူးဆိုရင် သေရမှာမဟုတ်ဘူး

Vol. 31 Ch. 457

သေလမ်းမရှာဘူးဆိုရင် သေရမှာမဟုတ်ဘူး

Vol. 31 Ch. 457

အနောက်ရှိ ကားနှစ်စီးထဲတွင် မိသားစုအခွဲရှိ ဒိုမုတိ၏ဝမ်းကွဲနှင့် အစ်မတို့က အကြိတ်အနယ်ဆွေးနွေးနေကြသည်။ သူတို့၏စပိုင်များက ယာဉ်တန်းများထဲတွင် နေရာယူထားသည်ဖြစ်ရာ ထုတ်ဖော်ခံရမည့်အရေးကိုလည်း စိတ်မပူကြပေ။ ထုတ်ဖော်ခံခဲ့လျှင်ပင် ဘာများပြောင်းလဲသွားမည်နည်း။

မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို မဟာလက်စ်မိသားစုက ပိုင်သည်သာ။ ဒိုမုတိ၏သေတမ်းစာ မရှိလျှင် ထိုအရာများမှာ တရားဥပဒေအရ သူတို့အပိုင်များ ဖြစ်လာပေလိမ့်မည်။ မည်သည့်နိုင်ငံ၏ မည်သည့်အမွေဆက်ခံသူဥပဒေနှင့်မဆို ထိုပိုင်ဆိုင်မှုများမှာ မဟာလက်စ်မိသားစုဝင်များအကြား အညီအမျှခွဲဝေယူရမည်သာ။

တရားရုံးသွားချင်သလား? သူတို့ဘက်ကလည်း တရားသူကြီးကို အသာလေးလာဘ်ထိုးနိုင်သည်။ ဆယ်သန်းဆိုလျှင် လောက်ပြီမဟုတ်လား။ ဆယ်သန်းနှင့် မရလျှင် သန်းတစ်ရာပေးလိုက်မည်။ သန်းတစ်ရာနှင့် မရပါက တစ်ဘီလီယံပေးလိုက်မည်။

အမေရိကန်ဒေါ်လာ၂ထရီလီယံနှင့် ယှဉ်ကြည့်ပါက ဘီလီယံအနည်းငယ်လောက်က မပြောပလောက်ပေ။ သူတို့သာ ဤစည်းစိမ်ကို အရယူနိုင်ပါက ဘီလီယံအနည်းငယ်မျှ သုံးလိုက်လည်း ဘာမှမဖြစ်ချေ။

ထိုစည်းစိမ်များမှာ ဆယ်ဘဝတိတိရှာနိုင်လောက်သည့် ငွေကြေးပမာဏထက် ပိုများလေသည်။ သို့ဖြစ်လေရာ ထိုသို့သော သွေးဆောင်မှုမျိုးကို သူတို့က အဘယ်မှာ ခုခံနိုင်မည်နည်း။

ထို့ပြင် ဘရာမန်နိုင်ငံ၏ အာဏာပိုင်များကလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည်။ ဤကိစ္စများကို သူတို့ကိုယ်တိုင် စိတ်ပူနေစရာပင် မလိုပေ။

သို့သော် ရှေ့ဆုံးကားပေါ်ရှိ ကျန်းမုန့်လောင်က ဤစကားများကို ပြတ်ပြတ်သားသားကြားထားပြီးဖြစ်ကြောင်းကိုမူ သူတို့ မသိကြပေ။ ဤမျှနီးကပ်လှသော အကွာအဝေးတစ်ခုတွင် ကျန်းမုန့်လောင်မှာ ယဲ့ရင်၏အစွမ်းကိုပင် အားကိုးနေစရာမလိုဘဲ အကုန်ကြားနိုင်သည်။ သူ့နားများမှာ လေဖိအားဒဏ်ိကို ခံနိုင်ရည်ရှိသည့် အသံသွင်းကိရိယာတစ်ခုနှင့် မခြားပေ။

"မစ္စတာကျန်း..ရှင့်အမူအရာက နည်းနည်းထူးဆန်းနေသလိုပဲ"

ဟုန်းရီက ဆို၏။

"ဘာမှမဟုတ်ပါဘူး။ စိတ်ပူစရာကောင်းတဲ့ကိစ္စတချို့ကို ကြားလိုက်ရလို့ပါ"

ကျန်းမုန့်လောင် ပြန်ဖြေလိုက်၏။

"မင်းပဲပြောစမ်းပါဦး။ ဒီပိုင်ဆိုင်မှု၂ထရီလီယံလေးက ဘာလို့များ ဒီလောက်ဝရုန်းသုန်းကားဖြစ်စေတာပါလိမ့်။ သူတို့က သူတို့မိသားစု ဒီနေရာအထိ ဘယ်လိုရောက်လာခဲ့လဲဆိုတာကိုတောင် မေ့သွားကြပြီ။ ဒီစည်းစိမ်ဥစ္စာတွေကို သူတို့အပိုင်လို့ ထင်နေကြတယ်"

ကျန်းမုန့်လောင်၏စကားကို ဟုန်းရီလည်း နားလည်သည်။

"မစ္စတာကျန်း.. ကျွန်မရဲ့ခန့်မှန်းချက်တွေကို အတည်ပြုပြီးပြီလား"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"မဟာလက်စ်မိသားစုတင်မကဘူး။ ဘရာမန်နိုင်ငံရဲ့ အာဏာပိုင်တွေကလည်း ဒီစည်းစိမ်ဥစ္စာတွေကို သူတို့တွေရနိုင်အောင် ကူညီပေးနေတယ်။ နိုင်ငံတစ်နိုင်ငံက ဒေါ်လာ၂ထရီလီယံအတွက်နဲ့ ဒီလောက်အထိ အရှက်မဲ့နိုင်တာ ယုံရောယုံနိုင်ရဲ့လား"

"ဟားဟားဟား မစ္စတာကျန်း..ဘရာမန်နိုင်ငံက နိုင်ငံကြီးတစ်ခုဆိုပေမဲ့ တကယ်တော့ အရမ်းဆင်းရဲပါတယ်"

ဟုန်းရီက ရယ်လိုက်၏။

"ဘရာမန်နိုင်ငံက ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးနိုင်ငံတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။ သူတို့ရဲ့လူဦးရေက ကျွန်မတို့နိုင်ငံနဲ့ ယှဉ်နိုင်ပေမဲ့ သူတို့ရဲ့တစ်နှစ်ဝင်ငွေကတော့ ကျွန်မတို့နဲ့ မယှဉ်နိုင်ပါဘူး"

"မနှစ်တုန်းက စံနှုန်းအတိုင်းဆိုရင် ဘရာမန်နိုင်ငံရဲ့ စုစုပေါင်းနှစ်စဉ်ဝင်ငွေက အမေရိကန်ဒေါ်လာ၂ထရီလီယံပဲ ရှိပါတယ်။ ကမ္ဘာ့ကပ်ဘေးရဲ့သက်ရောက်မှုနဲ့ ဆေးပညာအဆင့်အတန်း ဆုတ်ယုတ်မှုကြောင့် ဒီနှစ်က ပိုတောင်ဆိုးဦးမှာပါ။ ဒေါ်လာ၂ထရီလီယံက သူတို့အတွက်တော့ တစ်နှစ်စာဝင်ငွေနဲ့ ညီမျှတယ်လေ"

"အမှန်ပဲ"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်၏။

"ဒီနိုင်ငံက တော်တော်ဆင်းရဲတာပဲ။ သူတို့ရဲ့မြစ်ကိုပဲ ကြည့်လိုက်ဦး။ သူတို့မှာ ဒီမြစ်ကို စီမံခန့်ခွဲဖို့တောင် ပိုက်ဆံမရှိမှန်း အသိသာကြီး"

"ဘရာမန်နိုင်ငံရဲ့ အစိုးရက သူတို့ရဲ့မိခင်မြစ်ကြီးကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ဒေါ်လာ၃ဘီလီယံသုံးဖို့ စီစဉ်ထားခဲ့တယ်"

ဟုန်းရီက ဆိုလာလေသည်။

"ဒါပေမဲ့ ငါးနှစ်ကျော်လာတာတောင် အဲဒီပိုက်ဆံကို ထုတ်မသုံးနိုင်ခဲ့ဘူး။ အထူးသဖြင့် ကပ်ရောဂါဆိုက်တဲ့ ဒီနှစ်မှာ သူတို့ရဲ့ဆေးကုသရေးစနစ်က ပြိုလဲသွားခဲ့တယ်။ ကျွန်မတို့ဟွာရှားနိုင်ငံက ဝင်ကူညီပေးလို့သာမဟုတ်ရင် သူတို့နိုင်ငံလည်း ပြိုလဲနေလောက်ပြီ"

"မစ္စတာကျန်း.. မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက ဘယ်လိုဖွဲ့စည်းထားလဲဆိုတာသိလား"

ဟုန်းရီက မေးကြည့်လိုက်ပြန်သည်။

ကျန်းမုန့်လောင်ကတော့ ခေါင်းခါပြသည်။

"မဟာလက်စ်မိသားစုရဲ့ လက်ရှိပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ၂.၇၈ထရီလီယံဒေါ်လာရှိပါတယ်။ အဲဒီအထဲက ၂.၇ထရီလီယံက ငွေသားပိုင်ဆိုင်မှုမဟုတ်ဘူးလေ။ ဒီ၂.၇ထရီလီယံထဲကမှ ၂.၅ထရီလီယံက ကော်ပိုရေးရှင်းတွေအနေနဲ့ ရှိနေတာပါ။ ပိုင်ဆိုင်မှုတန်ဖိုး၂.၅ထရီလီယံက တစ်နှစ်ကို အတိုးနှုန်းဘယ်လောက်ပေးရလဲဆိုတာသိလား"

"ငါ့ကိုလာမမေးနဲ့။ ငါ ဘာမှရှာဖွေထားတာမရှိဘူး"

ကျန်းမုန့်လောင် မျက်ဆန်လည်ပြလိုက်သည်။

"ယှဉ်ကြည့်ဖို့အတွက် ကျွန်မတို့နိုင်ငံရဲ့ အခွန်နှုန်းထားနဲ့ တွက်ကြည့်ရအောင်"

ဟုန်းရီက ဤသို့ အကြံပြုလိုက်၏။

"အလီဘာဘာရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ၆၀၀ဘီလီယံကျော်ပါတယ်။ သူ့ရဲ့အခွန်နှုန်းထားက တစ်နှစ်ကို ဒေါ်လာ၁၀ဘီလီယံနီးပါးရှိတဲ့အတွက် ဒီပမာဏက ဂင်္ဂါမြစ်ကို သုံးခါလောက်တောင် ပြုပြင်ထိန်းသိမ်းနိုင်တဲ့ ပမာဏပါပဲ"

"ဒေါ်လာ၂.၅ထရီလီယံတန်ဖိုးရှိတဲ့ လုပ်ငန်းစုတွေအနေနဲ့ ဟွာရှားနိုင်ငံမှာဆိုရင် အခွန်နှုန်းထား အနည်းဆုံးတော့ ဒေါ်လာငါးရာဘီလီယံတော့ ပေးဆောင်ရမှာပါ။ ဘရာမန်နိုင်ငံရဲ့ အခွန်နှုန်းထားက ဟွာရှားနိုင်ငံထက် နည်းတယ်ဆိုပေမဲ့ ဒေါ်လာ၄၀၀ဘီလီယံလောက်တော့ ရှိမှာပါ"

ဟုန်းရီက ဆက်တွက်ပြလိုက်သည်။

"ဘရာမန်နိုင်ငံရဲ့ နိုင်ငံတော်အခွန်ငွေက ဘယ်လောက်လဲဆိုတာသိလား"

"မသိဘူး.."

"မနှစ်တုန်းက သူတို့ရဲ့နိုင်ငံတော်အခွန်ငွေက ဒေါ်လာ၄၁၀ဘီလီယံရှိတဲ့အတွက် သူတို့နိုင်ငံ နှစ်စဉ်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံနီးနီးရှိပါတယ်။

"အမလေး.. ငါက သူတို့တွေ ဆင်းရဲတယ်ဆိုတာပဲ သိထားတာ။ ဒါပေမဲ့ ဒီလောက်အထိ ဆင်းရဲလိမ့်မယ်လို့တော့ ထင်မထားဘူး"

ကျန်းမုန့်လောင်လည်း ထိုသို့မရေရွတ်ဘဲ မနေနိုင်ချေ။

"နိုင်ငံရဲ့ဝင်ငွေဆယ်ပုံတစ်ပုံကို အားဖြည့်ပေးနိုင်တဲ့ မိသားစုတစ်ခုဆိုတာကတော့ တော်တော်လွန်သွားပြီ"

"သူတို့ရဲ့နှစ်စဉ်ဝင်ငွေက နှစ်စဉ်အသုံးစရိတ်ကိုတောင် မကာမိပါဘူး။ အမြတ်ငွေကလည်း နှစ်တိုင်းလိုလို အနှုတ်ပြနေတာ။ အဲဒါကြောင့် ဒီလိုပိုင်ဆိုင်မှုမျိုးကို သူတို့ဘက်က ဘယ်လိုလုပ်ပြီး တခြားနိုင်ငံကို လွှဲပြောင်းပေးနိုင်မှာတဲ့လဲ"

"ဒီနိုင်ငံက တော်တော်သနားဖို့ကောင်းတာပဲ။ ငါ သူတို့ကို အလှူငွေထည့်ပေးချင်စိတ်တောင် ပေါက်လာပြီ..."

...

မကြာခင်မှာပင် ထိုယာဉ်တန်းက အိမ်ရာတစ်ခုထဲသို့ မောင်းဝင်လာခဲ့သည်။ ထိုနေရာကား မြို့ငယ်လေးတစ်ခုနီးနီး ကြီးမားကျယ်ဝန်းပေသည်။ ဤမြေကွက်ကို ကျန်းမုန့်လောင်၏ဘိုးဘေးများက ဟိုးယခင်ကတည်းက ဝယ်ယူထားခြင်းဖြစ်၏။ ထို့ကြောင့် ဤနေရာမှာ သူတို့၏ရာသက်ပန်ပိုင်ဆိုင်မှုတစ်ခုပင်။

ဤနေရာကား ခေတ်သစ်မြို့ပြခံစားချက်မျိုးကို ရရှိသော်ငြား ခြံဝင်းကြီးထဲတွင် အလွန်ရိုးရာဆန်သော လယ်လုပ်ငန်းများ ရှိနေဆဲပင်။ ဤသည်မှာ မဟာလက်စ်မိသားစုက ရိုးရာအစဉ်အလာတချို့ကို ထိန်းသိမ်းစောင့်ရှောက်နေဆဲဖြစ်ကြောင်း ဖော်ပြနေပေသည်။

မဟာလက်စ်မိသားစု၏ အိမ်ရာဝင်းကြီးမှာ အနက်ရောင်နှင့် အဖြူရောင်ကိုသာ အသုံးပြုထားပြီး မဟာလက်စ်မိသားစုသက်တမ်းတစ်လျှောက်လုံး ခံ့ညားဂုဏ်ရှိန်သော လေထုကို ထုတ်လွှတ်နေချေသည်။ မိသားစုတစ်ခုလုံးတွင် ဒိုမုတိ၏အဆင့်အတန်းမှာ ဧကရာဇ်တစ်ပါးနှင့်ပင် ဆင်တူလှသည်။ မိသားစုထဲရှိ လူတိုင်းကလည်း သူ့အတွက် တစ်လတိတိ ဝမ်းနည်းပူဆွေးခဲ့ကြသည်။

"သခင်.. ဒီဘက်ကိုကြွပါ"

တူနှစ်ယောက်က တွဲထူထားရရှာသည့် မိုဆန်က ဈာပနပွဲခန်းမထဲသို့ ကျန်းမုန့်လောင်ကို ခေါ်သွားလေသည်။

"သခင်"

ဈာပနပွဲခန်းမထဲရှိ လူတိုင်းကလည်း ကျန်းမုန့်လောင်ကို လှိုက်လှိုက်လှဲလှဲဒူးထောက်၍ အရိုအသေပေးကြသည်။ မိသားစုထဲရှိ ကလေးအမြောက်အများကမူ သူ့အား ခိုးကြည့်နေကြ၏။ မဟာလက်စ်မိသားစုထဲတွင်မူ ဤလူကြီးမင်းက နတ်ဘုရားတစ်ပါးအလားပင်။ ဘရာမန်နိုင်ငံတစ်နိုင်ငံလုံးမှာ နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ကြသော နိုင်ငံပင်။

ဒိုမုတိက အလွန်ပိန်ပါးလှသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ယခုတော့ ခေါင်းတလားထဲတွင် ငြိမ်းချမ်းစွာလဲလျောင်းနေပေသည်။ သူ့မျက်နှာကား တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းလှသည်။

ကျန်းမုန့်လောင်က အရှေ့ကိုတိုး၍ သူ့အတွက် အမွှေးနံ့သာထွန်းညှိပေးလိုက်သည်။ ဤသည်မှာ ကျန်းမိသားစုအတွက် နှစ်ပေါင်းများစွာခစားလာခဲ့သော သူ့ကို ကျေးဇူးတင်လိုက်ခြင်းပင်။

"သခင်.. ဒါက ကျွန်မယောက်ျား မဆုံးခင်တုန်းက ချန်ထားခဲ့တဲ့ စာတစ်စောင်ပါ"

မိုဆန်က စာတစ်စောင်ကို သူ့အား ပေးလာသည်။

ကျန်းမုန့်လောင်မှာ ထိုစာကိုဖွင့်ကြည့်လိုက်ပြီးနောက် အမူအရာပြောင်းလဲသွားချေသည်။ ဤစာကို အခြားတစ်ယောက်က ဖွင့်ဖတ်ထားပြီး နောက်မှ သေချာပြန်ပိတ်ထားခြင်းဖြစ်ကြောင်း အတပ်သိနိုင်သည်။ သို့သော် ဤလက်ချက်မှာ ကျန်းမုန့်လောင်၏ အသေးစိတ်စုံစမ်းစစ်ဆေးမှုကိုတော့ မကျော်လွှားနိုင်ခဲ့ပေ။

ခန်းမထဲရှိ လူအားလုံးကို သူ တစ်ချက်ဝေ့ကြည့်လိုက်၏။ မိုဆန်၏မျိုးဆက်များက စိတ်ရင်းစစ်မှန်ပြီး လေးစားမှုရှိဟန်တူသော်ငြား ဒိုမုတိညီအစ်ကိုမောင်နှမများ၏ မိသားစုများကတော့ ခေါင်းငိုက်စိုက်ချထားပြီး သူနှင့် အကြည့်ချင်းမဆုံရဲကြပေ။

"ဟမ့်"

ကျန်းမုန့်လောင် ဟွန့်ခနဲနှာမှုတ်၍ စာကို ဖွင့်ဖတ်လိုက်ချေသည်။

"လေးစားရပါတဲ့ သခင်.. ကျွန်တော် သခင့်ရဲ့ပိုင်ဆိုင်မှုတွေကို ဆက်လက်စီမံပေးနိုင်စွမ်းမရှိတော့ပါဘူး။ ကျွန်တော် ဒိုမုတိ.. သစ္စာဖောက်ခြင်းမရှိဘဲ ကျန်းမိသားစုကို ဘဝတစ်သက်တာလုံး အလုပ်အကျွေးပြုခဲ့ပါတယ်။ အခု ကျွန်တော် လိပ်ပြာသန့်သန်နဲ့ မဟာလက်စ်မိသားစုရဲ့ဘိုးဘေးတွေကို သွားတွေ့နိုင်ပါပြီ.."

စာထဲရှိ အကြောင်းအရာကား ရိုးရှင်းလှသည်။ မဟာလက်စ်မိသားစုကို အစစအရာရာအပ်နှင်းခဲ့သည့်အတွက် ကျန်းမုန့်လောင်၏ ဘိုးဘေးများကို ကျေးဇူးတင်ထားသည်။ ထို့ပြင် သူ့အုတ်ဂူ၌ ကြီးမြတ်မှု၏အမှတ်သညာဖြစ်သော ကျန်းမိသားစု၏ မိသားစုအမှတ်တံဆိပ်ကို ခတ်နှိပ်ပေးရန်လည်း တောင်းဆိုထားသည်။

"ဒီကမ္ဘာပေါ်မှာ ဒီလောက်အထိ သစ္စာရှိတဲ့လူတွေရှိနေဦးမယ်ဆိုတာ ဘယ်သူက ထင််ထားမှာလဲ"

ကျန်းမုန့်လောင်မှာ ဤစာကိုဖတ်ရင်း ကျူးကောလျန်၏ "တပ်ဖွဲ့များကို စေလွှတ်ခြင်းအမှတ်တရ"ကိုပင် သတိရလိုက်မိသည်။ ကျန်လူများအားလုံးကို သူ ကြည့်လိုက်မိပြန်သည်။ ဤလူများမှာ မျိုးရိုတစ်ခုတည်းက ဆင်းသက်လာကြသော်လည်း စရိုက်လက္ခဏာကွာခြားမှုကတော့ သိသာလှပေသည်။

"ဟုန်းရီ.. မိသားစုထဲက လက်မှုပညာသည်တစ်ယောက်ကိုရှာပြီး ဒိုမုတိအတွက် အုတ်ဂူတစ်ခုဆောက်ခိုင်းလိုက်။ ပြီးရင် ငါတို့မိသားစုရဲ့မိသားစုအမှတ်တံဆိပ်ကိုပါ ထွင်းထုပေးလိုက်ပါ"

ကျန်းမုန့်လောင်က ထိုစာကို ဟုန်းရီ၏လက်ထဲသို့ ထည့်ပေးလိုက်၏။

"အဲဒါက သူ့ရဲ့နောက်ဆုံးဆန္ဒပဲ။ သူက ငါတို့ရဲ့ကျန်းမိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်ပေးဖို့ ထိုက်တန်ပါတယ်"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း..ကျွန်မ သေချာစီစဉ်လိုက်ပါ့မယ်"

ကျန်းမုန့်လောင်အနေနှင့် ဤအိမ်ထဲရှိ ကိစ္စများကို ရှင်းလင်းချိန်တန်လေပြီ။ ထို့ကြောင့် ဤနေရာတွင် စုဝေးနေကြသော မဟာလက်စ်မိသားစုဝင်များကို ခေါ်လိုက်၏။

"စကားမစပ်..မစ္စတာဒိုမုတိက သေတမ်းစာတစ်စောင် ချန်သွားတယ်မလား။ ကျုပ် အဲဒါကိုကြည့်ချင်တယ်"

ဝှစ်!

ဈာပနပွဲခန်းမထဲရှိ လူတော်တော်များများမှာ ရုတ်တရက် မျက်နှာပျက်သွားကြ၏။

************

All Chapters