အဲဒီဒေါ်လာ၂ထရီလီယံလောက်ကို ငါ ဂရုမစိုက်ဘူး
Vol. 31 Ch. 456
အမှန်အတိုင်းပြောရလျှင် ထိုဒေါ်လာ၂ထရီလီယံကို ကျန်းမုန့်လောင် ဂရုမစိုက်ပေ။ ပိုက်ဆံကို စိတ်မဝင်စားဘူးဟူသော သူ့စကားမှာ သူဌေးမာလိုမျိုး နှိမ့်နှိမ့်ချချကြွားလုံးထုတ်နေခြင်းမျိုး မဟုတ်ပေ။
ဒိုမုတိမှာ အမွေဆက်ခံသူတစ်ယောက်မှ မရှိသော်လည်း ဇနီးတစ်ယောက်ရှိသည်ဟု ယူဆရသည်။ ထိုမိသားစုက ကျန်းမိသားစုကို နှစ်ထောင်ပေါင်းများစွာကြာအောင် စိတ်ပါလက်ပါခစားခဲ့ကြသည်။ ထိုပိုက်ဆံများကို သူ့ဇနီးဆီသို့ လွှဲပြောင်းပေးသွားသည်ဆိုလျှင်ပင် ကျန်းမုန့်လောင် ကန့်ကွက်မည်မဟုတ်ချေ။
ထိုညီအစ်ကိုမောင်နှမများကို ပေးခဲ့မည်ဆိုလျှင်ရော?
ကျန်းမုန့်လောင်က စကားတစ်ခွန်းမျှဖြင့် ဆက်ဆံရေးများကို ဖြတ်တောက်ပစ်မည့် လူစားမျိုးမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုပိုင်ဆိုင်မှုများမှာ ဘရာမန်တွင် ရှိနေပြီး ကျန်းမုန့်လောင်အနေနှင့် ရွှေ့ပြောင်းလိုက်လို့မရချေ။ ထိုအရာများကို ကိုင်တွယ်စီမံမည့်သူူက ဘယ်သူဖြစ်ဖြစ် သိပ်ပြဿနာမရှိပေ။
သို့သော် တစ်စုံတစ်ယောက်က လိုလိုလားလားပေးသွားခြင်းနှင့် တစ်ဖက်လူက မပိုင်ဆိုင်သင့်သောအရာများကို တပ်မက်နေခြင်းမှာ မတူညီသောကိစ္စတစ်ခုပင်။ ကျန်းမုန့်လောင်က သစ္စာရှိသူများကို အလွန်လေးစားပြီး သစ္စာဖောက်များကိုမူ ပြင်းပြင်းထန်ထန်အရေးယူတတ်သည်။
သူတို့က မဟာလက်စ်မိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ဒိုမုတိ၏ဝမ်းကွဲပင်ဖြစ်စေ သူ့အစ်မပင်ဖြစ်စေ သူ့အတွက်တော့ စိမ်းသက်နေမည်မဟုတ်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သူတို့ကသာ မိသားစုပိုင်စည်းစိမ်များကို တပ်မက်ရဲသည်ဆိုပါက သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်မှုများတော့ ရှိထားပေလိမ့်မည်။ သူ့အထင် ဤခရီးမှာ ထောင်ချောက်တစ်ခုဖြစ်နိုင်သည်။
သို့သော် ကြီးစိုးခြယ်လှယ်နိုင်သော အာဏာအောက်ရှိ ထောင်ချောက်တိုင်းမှာ သက်သက်ရေးကြီးခွင်ကျယ်လုပ်နေခြင်းသာ။
လုရီယောင်ကို အသိပေးပြီးနောက် ကျန်းမုန့်လောင်လည်း ဘရာမန်နိုင်ငံရှိ နယူးလယ်ရီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားလေသည်။ ဟုန်းရီကလည်း မဟာလက်စ်မိသားစုဝင်များကို ကြိုတင်အကြောင်းကြားထားပြီးသားပင်။ ထို့ကြောင့် သူ့အား တစ်စုံတစ်ယောက်က လေဆိပ်တွင် လာကြိုမည်ဖြစ်၏။
နာရီပေါင်းများစွာကြာအောင် လေယာဉ်စီးပြီးနောက် သတ်မှတ်ထားသောအချိန်တွင် လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။ ထိုနေရာတွင် ကိုင်ဘွန်နိုင်ငံကို သွားလည်ခဲ့စဉ်ကအတိုင်း အနက်ရောင်ကားအတန်းလိုက်ကြီးက အပြင်ဘက်တွင် စီစီရီရီထိုးရပ်ကာ သူ့ကို စောင့်ဆိုင်းနေကြသည်။
ကျန်းမုန့်လောင်၏လေယာဉ်က မှတ်မိလွယ်သည်။ သူ့ကိုယ်ပိုင်ဂျက်လေယာဉ်တစ်ခုချင်းစီတိုင်းတွင် ကျန်းမိသားစု၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ခတ်နှိပ်ထားသည်။
အရှေ့နားတွင် ရပ်နေသူများမှာ ဆယ်ယောက်ကျော်ရှိပြီး ပူဆွေးကြေကွဲနေလေဟန်အမူအရာဖြင့် တခမ်းတနားဝတ်စားထားသူမှာ ဒိုမုတိ၏ဇနီးသည် ဖြစ်နိုင်သည်။ လူချမ်းသာမိသားစုများက ထင်ရှားပေါ်လွင်မှုရှိသည်ဟု ဆိုရပေမည်။ ဒိုမုတိ၏ဇနီးက အသက်ခုနစ်ဆယ်ရှစ်ဆယ်လောက် ရှိနေသည့်တိုင် အသက်လေးဆယ်ငါးဆယ်မျှသာ ရှိသေးသည်ဟု ထင်ရသည်။
ကျန်နှစ်ယောက်ကမူ ဒိုမုတိ၏ဝမ်းကွဲနှင့် အစ်မပင်ဖြစ်ရမည်။ သူတို့ပတ်ပတ်လည်တွင် ဝိုင်းရံထားသော လူတစ်သိုက်ကတော့ မိသားစုအခွဲရှိ အမွေဆက်ခံသူများ ဖြစ်နိုင်လောက်သည်။
ကျန်းမုန့်လောင်က သူတို့နားသို့ လျှောက်သွားလိုက်ပြီးနောက် သူတို့ကို အကဲခတ်နေချိန်မှာ သူတို့ကလည်း သူ့အား ပြန်အကဲခတ်နေလေသည်။
သူတို့သည် မွေးလာကတည်းက မဟာလက်စ်မိသားစုမှာ လွတ်လပ်သောမိသားစုတစ်ခုမဟုတ်ဘဲ ဟွာရှားနိုင်ငံရှိ ကျန်းမိသားစု၏ အစေခံများဖြစ်ကြောင်း သိခဲ့ရသည်။ ဤသည်မှာ မဟာလက်စ်မိသားစုဝင်တိုင်း၏ ကံကြမ္မာပင်။
ကျန်းမိသားစုက မဟာလက်စ်မိသားစုကို ချမ်းသာကြွယ်ဝမှု၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့ကို အပ်နှင်းထားခဲ့သည်။ အခြားသူများရှေ့မှာတော သူတို့က ကြီးကျယ်မြင့်မြတ်သော်ငြား ကျန်းမုန့်လောင်ရှေ့ကိုရောက်လျှင် သူတို့က ရိုကျိုးခယရမည့် အစေခံများပင်။
မဟာလက်စ်မိသားစု၏ ဘိုးဘေးများ သင်ကြားပြသပေးထားသည့်အတိုင်း ကျန်းမိသားစုဝင်တစ်ယောက်နှင့် တွေ့ဆုံရခဲ့ပါက သူတို့ကို သခင်ဟု ခေါ်ဝေါ်ရမည်။ သို့မဟုတ်ပါက မိသားစုစည်းမျဉ်းအတိုင်း ကြီးလေးစွာ အပြစ်ပေးခံရမည်ဖြစ်၏။
ဟုန်းရီ၏ခန့်မှန်းချက်ကား မှန်ပေသည်။ ဒိုမုတိ၏သေတမ်းစာကို တာဝန်ယူထားသောရှေ့နေ ပျောက်ဆုံးသွားခြင်းမှာ ဒိုမုတိ၏ဝမ်းကွဲနှင့် အစ်မတို့၏ လက်ချက်ပင်။
အစတုန်းကတော့ သူတို့ ယခုလိုလုပ်ဖို့ မစီစဉ်ထားပေ။ ဒိုမုတိဆုံးပါးသွားချိန်တွင် သားသမီးတစ်ယောက်မှ မရှိသည့်အတွက် ဤစည်းစိမ်ဥစ္စာများမှာ ကျန်မိသားစုအခွဲများမှ အမွေဆက်ခံသူများက ဆက်ခံရမည်ဖြစ်၏။
ထိုသို့ဆိုပါက သူတို့လည်း ဘိုးဘေးများ၏ အဆုံးအမကို တလေးတစားလိုက်နာနေဦးမည်ဖြစ်၏။ ကျန်းမိသားစုမှာ သူတို့၏နတ်ဘုရားအလားပင်။ ကျန်းမုန့်လောင်ဘက်က မဟာလက်စ်မိသားစု၏ အာဏာကို လိုအပ်လာချိန်တိုင်း သူတို့ကလည်း စိတ်ပါလက်ပါအလုပ်အကျွေးပြုမည်သာ။
သို့သော် ခေါင်းမာလှသော ဒိုမုတိက သူတို့မိသားစု၏ပိုင်ဆိုင်မှုများကို ကျန်းမုန့်လောင်ထံသို့ ပြန်အပ်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။
ဤမိသားစုအခွဲများမှာ မဟာလက်စ်မိသားစု၏ အရှိန်အဝါကို အသုံးချ၍ လုပ်ငန်းစုများကို တည်ထောင်ထားခြင်းဖြစ်၏။ တန်ဖိုးအားဖြင့် ဒေါ်လာတစ်ရာဘီလီယံကျော်ပင်။ ဤပိုင်ဆိုင်မှုများက မဟာလက်စ်မိသားစု၏ နာမည်အောက်တွင် စာရင်းသွင်းထားခြင်းဖြစ်သော်ငြား သူတို့ကတော့ ယခင်ကတည်းက သူတို့အပိုင်အဖြစ် သတ်မှတ်ထားပြီဖြစ်၏။
ဒိုမုတိ၏သေတမ်းစာထဲတွင် ထိုပိုင်ဆိုင်မှုများအပါအဝင် မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုမှန်သမျှကို ကျန်းမုန့်လောင် ပိုင်ဆိုင်ရမည်ဟု အတိအလင်းရေးသားဖော်ပြထားသည်။
ဤသတင်းကို ကြားလိုက်ရသောအခါ သူတို့ မကျေမနပ်ဖြစ်သွားကြသည်။ သူတို့ ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ကြသော လုပ်ငန်းစုများကို ဘာကြောင့်များ ကျန်းမုန့်လောင်ကို ပြန်ပေးရမလဲ။
သို့သော် ဘိုးဘေးများ၏အဆုံးအမများထဲက ပထမဆုံးစည်းမျဉ်းဖြစ်သည့် အရေးကြီးအချက်တစ်ခုကိုမူ သူတို့ မေ့လျော့နေခဲ့မိသည်။ မဟာလက်စ်မိသားစု၏ပိုင်ဆိုင်မှုမှန်သမျှမှာ ကျန်းမိသားစုထံမှ မြစ်ဖျားခံလာသည်ဟုပင်။ ကျန်းမိသားစုသာ မရှိပါက မဟာလက်စ်မိသားစု၏ ဘိုးဘေးများလည်း လွန်ခဲ့သည့်နှစ်ပေါင်း၁၂၀၀ကတည်းက ငတ်သေနေပြီဖြစ်၏။
"သခင်.. ကျွန်မက ဒိုမုတိရဲ့ဇနီး မိုဆန်ပါ။ သူတို့ကတော့ ကျွန်မရဲ့တူနဲ့တူမလေးပါ"
ဒိုမုတိ၏ဇနီးက ကျန်းမုန့်လောင်ကို အရင်ဦးဆုံးဦးညွှတ်အရိုအသေပေးပြီး တလေးတစားဆိုလာချေသည်။
သူ(မ)ကို ဖေးမပေးထားသော သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်ကလည်း ကျန်းမုန့်လောင်ကို တလေးတစားဦးညွှတ်လေသည်။
"အဒေါ်..အသက်အရွယ်ကိုကြည့်မယ်ဆိုရင် ခင်ဗျားတို့ကမှ ကျွန်တော့်ထက် အကြီးတွေပါ။ ကျွန်တော့်အနေနဲ့ မစ္စတာဒိုမုတိရဲ့ ကိုယ်ကျင့်တရားကို လေးစားပါတယ်။ ဒီတော့ 'သခင်'လို့ ခေါ်နေစရာမလိုပါဘူး။ ခင်ဗျားရော ကျန်တဲ့လူတွေပါ ကျွန်တော့်ကို မစ္စတာကျန်းလို့ ခေါ်နိုင်ပါတယ်"
"သခင်..ဒါက ကျွန်မတို့ဘိုးဘေးတွေရဲ့ အဆုံးအမပါ။ ပြီးတော့ ကျွန်မယောက်ျားရဲ့ နောက်ဆုံးဆန္ဒဆိုလည်း ဟုတ်ပါတယ်။ အသက်ဆိုတာက တစ်ကဏ္ဍသက်သက်..စည်းကမ်းကတော့ စည်းကမ်းပါပဲ"
ထိုအမျိုးသမီးကြီးက အလွန်ခေါင်းမာလှသည်။
"သိပ်ကောင်းတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်ချေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဂုဏ်ပုဒ်တစ်ခုမျှသာ ဖြစ်၏။ လေးစားမှုဆိုသည်မှာ နှလုံးသားထဲတွင် ကိန်းအောင်းနေသော အရာတစ်ခုပင်။ နှုတ်ဖျားမှ ထုတ်ဖော်ပြောဆိုနိုင်သော အရာမဟုတ်ချေ။
"မစ္စတာဒိုမုတိရဲ့ ကမ္ပည်းကျောက်စာတိုင်ကို အရင်သွားကြည့်ချင်ပါတယ်။ မစ္စမိုဆန်.. ခင်ဗျား လမ်းပြပေးနိုင်မလား"
"ဟုတ်ကဲ့.. ဒီအမျိုးသမီးနဲ့အတူ ရှေ့ဆုံးက ကားထဲကို လိုက်ခဲ့ပါ"
"အင်း"
ကျန်းမုန့်လောင်လည်း ငြင်းဆန်မနေဘဲ အရှေ့ဆုံးရှိ အနက်ရောင် Maybachကားပေါ်သို့ တက်လိုက်သည်။
မဟာလက်စ်မိသားစုဝင်များအားလုံးလည်း ကိုယ့်ကားထဲကိုဝင်၍ ယာဉ်အတန်းလိုက်ကြီး စတင်ရွေ့လျားလေတော့သည်။
"ပေါက်ကရတွေ"
ကားတစ်စီးတွင်မူ ဒိုမုတိအစ်မဖြစ်သူ၏ သားနှစ်ယောက်က မကျေနပ်ဟန်အမူအရာကို ချက်ချင်းထုတ်ပြလေတော့သည်။
"ငါတို့က ဘယ်ခေတ်မှာနေနေတာမို့ လူတစ်ယောက်ကို "သခင်"လို့ခေါ်နေရမှာလဲ"
"ဟုတ်တယ်။ ငါတို့ မဟာလက်စ်မိသားစုဆိုတာ ဘရာမန်နိုင်ငံမှာ ရှေးအကျဆုံးမိသားစုတစ်ခုလေ။ အခုကျတော့ သူငယ်နာတောင်မစင်သေးတဲ့ လူငယ်တစ်ယောက်ကို ခစားရမတဲ့လား။ အပြင်လူတွေသာ သိသွားရင် ဘယ်လိုထင်ကြမလဲ။ ငါတို့ ဘရာမန်နိုင်ငံမှာ ဘယ်လိုမျက်နှာပြနိုင်တော့မှာလဲ"
"ငါတို့မိသားစုက အစေခံဘဝနဲ့ နှစ်တစ်ထောင်လောက် နေလာခဲ့ပြီးပြီ။ ငါတို့ရဲ့အကြွေးတွေကလည်း ဟိုးအရင်ကတည်းက ကျေပြီးနေလောက်ပြီမလား။ အဲဒီတော့ ဒီပိုင်ဆိုင်မှုတွေကို ဘာလို့ ပြန်ပေးရမှာလဲ"
"သူ ခယနေတာကို ကြည့်စမ်းပါဦး"
"ဟမ့်.. ခယမှာပေါ့။ သူက ဒိုမုတိရဲ့မိန်းမပဲ။ သူသာ ကျန်းမုန့်လောင်ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင် ဒီပိုင်ဆိုင်မှုတွေက သူ့လက်ထဲကို ရောက်ချင်ရောက်လာမှာလေ"
သူတို့ ခန့်မှန်းပြောဆိုနေကြလေသည်။
"ဘာလို့ သူ့ဆီကို ရောက်ရမှာလဲ? မဟာလက်စ်မိသားစုတင်မဟုတ်တဲ့ အပြင်လူတစ်ယောက်က ပိုင်ဆိုင်မှုတွေကို ဘာလို့ယူရမှာလဲ"
...
အခြားကားတစ်စီးထဲတွင် ဒိုမုတိ၏ဝမ်းကွဲများက ထိုအကြောင်းအရာကို အကြိတ်အနယ်ဆွေးနွေးနေကြသည်။ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ၂ထရီလီယံ၏ ဆွဲဆောင်မှုကို မည်သူမှ မခုခံနိုင်ချေ။
"အစ်ကိုကြီး.. ကျွန်တော် အရာရှိတွေကို ဆက်သွယ်ထားပြီးပြီ။ မဟာလက်စ်လုပ်ငန်းစုတော်တော်များများက နိုင်ံရဲ့စီးပွားရေးအသက်သွေးကြောကို ထိန်းချုပ်ထားတာ။ ဒီတော့ သူတို့ဘက်ကလည်း ဒီပိုင်ဆိုင်မှုတွေကို ဟွာရှားလူမျိုးလက်ထဲကို အရောက်ခံမှာမဟုတ်ဘူး။ ကျွန်တော် အာဏာပိုင်တွေကို ဆက်သွယ်ထားပြီးပြီ။ သူတို့ဘက်က ဒီပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့ဆီ ပြန်ရောက်လာအောင် ကူညီပေးမယ်လို့ ပြောထားတယ်"
"ဟုတ်တယ်။ သေတမ်းစာသာမရှိရင် ဒီပိုင်ဆိုင်မှုတွေရဲ့အမွေဆက်ခံမှုကလည်း နိုင်ငံတော်ဥပဒေအတိုင်း သွားရမှာပဲ။ အပြင်လူတွေဆီကို ရောက်မှာမဟုတ်ဘူး။ အဆုံးကျရင် မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုပဲ ဖြစ်လာမှာ။ အဲဒီစည်းစိမ်တွေကို ငါတို့လက်ထဲကနေ ဘယ်သူမှ ထပ်လုယူသွားလို့မရဘူး"
"ဒါပေမဲ့ ကျန်းမုန့်လောင်ကို အထင်သေးလို့မရဘူးနော်။ မမေ့လိုက်နဲ့ဦး။ အမေရိကနိုင်ငံတောင်မှ သူ့လက်ထဲမှာ ထိခိုက်နစ်နာခဲ့သေးတာ"
"စိတ်မပူပါနဲ့။ ကျန်းမုန့်လောင်က အဲဒီနိုင်ငံတွေမှာ ဩဇာအာဏာလွှမ်းမိုးနိုင်တယ်ဆိုတာ အရင်းအမြစ်တော်တော်များများကို သူ ထိန်းချုပ်နိုင်လို့လေ။ ဘရာမန်နိုင်ငံမှာတော့ အရင်းအမြစ်အားလုံးကို ငါတို့မဟာလက်စ်မိသားစုက ထိန်းချုပ်ထားတာ။ ငါတို့ သဘောမတူရင် သူလည်း ဘာမှလုပ်လို့ရမှာမဟုတ်ဘူး"
"ဟားဟားဟား.. သိပ်တော်တာပဲ။ ဒီတစ်ခေါက် ဒီဟွာရှားလူမျိုး ငါတို့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
****************