← Chapters

သူတို့ ဘယ်လောက်သတ္တိရှိလဲဆိုတာ ကြည့်ကြတာပေါ့

Vol. 31 Ch. 455

သူတို့ ဘယ်လောက်သတ္တိရှိလဲဆိုတာ ကြည့်ကြတာပေါ့

Vol. 31 Ch. 455

"မစ္စတာကျန်း.. ဂရုစိုက်သွားပါ။ အခုကစပြီး ခင်ဗျားက ကျွန်တော်တို့ဟွားမိသားစုရဲ့ ထာဝရဧည့်သည်တော်တစ်ယောက်ပါပဲ။ အကူအညီတစ်ခုခုလိုအပ်လာခဲ့ရင် ကျွန်တော့်ကို အချိန်မရွေးခေါ်လိုက်ပါ"

ဟွားထျန်းကျယ်က တလေးတစားပြောလိုက်၏။ ထို့နောက် ဟွားမိသားစုစံအိမ်တော်ထဲမှ ကျန်းမုန့်လောင် ထွက်ခွာသွားတာကိုကြည့်နေလိုက်သည်။

"အဖေ.. ကျွန်တော် နားမလည်တာတစ်ခုရှိတယ်"

ကျန်းမုန့်လောင် ထွက်ခွာသွားသောအခါ ဟွားယဲ့လည်း သူ့သိချင်စိတ်ကို မျိုသိပ်မထားတော့ပေ။

"ကျန်းမုန့်လောင်ရဲ့အဖေက ကျွန်တော်တို့ဟွားမိသားစုကို အကြီးအကျယ်ထိခိုက်နစ်နာအောင် လုပ်ခဲ့ဖူးတယ်ဆိုပေမဲ့ ဆယ်နှစ်ကျော်လောက် ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျွန်တော်တို့မိသားစုလည်း အများကြီးပြောင်းလဲသွားပါပြီ။ နှစ်နည်းနည်းလောက်ကြာလာတော့ လုံရှားအဖွဲ့အစည်းနဲ့ သိုင်းလောကကလည်း အာဏာရှိလာပြီမလား။ ကျွန်တော်တို့ သိုင်းနတ်ဘုရားနဲ့ အင်အားပူးပေါင်းပြီး.."

"မင်း ဘာမှမသိပါဘူး"

ဟွားထျန်းကျယ်က သူ့စကားကို ချက်ချင်းဖြတ်ချလိုက်သည်။

"သိုင်းနတ်ဘုရားက အဲဒီလောက်အထိ အစွမ်းထက်တယ်လို့များ မင်းထင်နေတာလား"

ဟွားယဲ့ ကြက်သေသေသွားချေသည်။ ဟွားနတ်ဘုရားက အစွမ်းမထက်ဘူးတဲ့လား။ သူသည် ယနေ့ခေတ်တွင် သိုင်းလောက၌ နံပါတ်တစ်ဟုပင် မှတ်ယူရသူဖြစ်၏။ လုံရှားအဖွဲ့ခေါင်းဆောင်ပင် သူနှင့်ယှဉ်လိုက်ပါက နည်းနည်းညံ့နေသေးသည်။ သူသည် ဟွာရှားနိုင်ငံ၏ ဝှက်ဖဲတစ်ခု ဖြစ်နေလေပြီ။

"သိပ်မကြာခင်တုန်းက လုံရှားအဖွဲ့အစည်းဘက်က SSအဆင့်လျှို့ဝှက်ချက်တစ်ခု သတ်မှတ်ခဲ့တာကို သိလား"

ဟွားထျန်းကျယ်က လုံရှားအဖွဲ့အစည်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ်သိထားသူဖြစ်သဖြင့် ဟွားယဲ့ မသိနိုင်လောက်သော ကိစ္စများကိုပါ သူသိသည်။

"အဖေ အဲဒါက ဘာမို့လို့လဲ။ အခုအချိန်အထိ လုံရှားအဖွဲ့အစည်းရဲ့ လျှို့ဝှက်မှုအဆင့်က 'Sအဆင့်'ပဲ ရှိခဲ့တာလေ။ ဒီလောက်လုံခြုံရေးမြင့်မြင့်မားမားထားရလောက်တဲ့အထိ ဘာတွေများဖြစ်ခဲ့လို့လဲ"

"လွန်ခဲ့တဲ့လပိုင်းလောက်တုန်းက ကိုင်ဘွန်နင်ဂျာတစ်စုက ဟွာရှားနယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာခဲ့တယ်"

"ဘာ? အဲဒီလိုကိစ္စမျိုး ဖြစ်ခဲ့သေးတာလား"

ဟွားယဲ့ ထိတ်လန့်သွားလေသည်။

"ဒါပေမဲ့ ဘာမှမဖြစ်လိုက်ဘူးမလား"

"အဲဒီကျူးကျော်သူတွေက အရမ်းအစွမ်းထက်တယ်။ အစွမ်းထက်လွန်းလို့ နယ်စပ်ကို စောင့်ကြပ်နေတဲ့ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်တွေတောင် သူတို့ကို သတိမထားမိခဲ့ဘူး။ သူတို့က ငါတို့လုံရှားအဖွဲ့အစည်းရဲ့ တပ်ဖွဲ့လေးတစ်ခုကိုတောင် ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်"

"ဘာ?"

ဟွားယဲ့က လူပေါ်ကြော့တစ်ယောက်ဆိုသော်ငြား ဟွာရှားလူမျိုးတစ်ယောက်လည်း ဖြစ်နေဆဲပင်။ ထို့ကြောင့် ဤအကြောင်းကိုသိလိုက်ရချိန်၌ လက်သီးတင်းတင်းမဆုပ်ဘဲ မနေနိုင်ပေ။

"ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေနဲ့ စစ်မြေပြင်အနားက စွမ်းအင်ပြင်းထန်မှုအဆင့်ကို ဆန်းစစ်ထားတဲ့ရလဒ်အရ အဲဒီကိုင်ဘွန်လူမျိုးတွေရဲ့ စွမ်းအင်အဆင့်က အနည်းဆုံး ၂၀ကျော်တယ်တဲ့"

"အနည်းဆုံးတဲ့လား။ ဒါက နတ်ဘုရားဆင့်စိတ်စွမ်းအားရှင်အဆင့်ကိုတောင် ကျော်နေပြီလေ"

ဤတစ်ခေါက်မှာတော့ ဟွားယဲ့လည်း အံ့အားသင့်သွားရသည်။

"အဲဒါက နင်ဂျာဧကရာဇ်လား။ သူ ကျူးကျော်ဝင်ရောက်လာတာလား"

"မဟုတ်ဘူး။ အမည်မသိတပ်ဖွဲ့တစ်ခုပဲ"

ဟွားထျန်းကျယ် ပြန်ဖြေလိုက်၏။

"အဲဒါက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား"

ဟွားယဲ့ သေချာပေါက်သိသည်။ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တစ်ယောက်က နိုင်ငံတစ်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာခြင်းမှာ ထိုနိုင်ငံထဲတွင် နျူကလီးယားဗုံးတစ်လုံး ထောင်ထားလိုက်သလိုပင်။

အစွမ်းထက်စိတ်စွမ်းအားရှင်တစ်ယောက်က အက်တမ်ဗုံးတစ်လုံးထက်ပင် ပိုကြောက်ဖို့ကောင်းသည်။ နတ်ဘုရားအဆင့်ကို ကျော်သော စိတ်စွမ်းအားရှင်တစ်ယောက်ဆိုလျှင်မူ…

ဟွားယဲ့ ဆက်မတွေးရဲတော့ပေ။

ယခုလက်ရှိတွင်မူ ဟွာရှားနိုင်ငံတွင် ထိုကဲ့သို့သော လူတစ်ယောက်သာရှိ၏။ ထိုလူမှာ ထျန်းယွမ်အဆင့်ကို ကျော်ဖြတ်ထားသော သိုင်းနတ်ဘုရားပင်။ တစ်ဖက်လူကသာ ထိုအဆင့်ရှိသော လူတစ်သိုက်နှင့် ဟွာရှားနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်လာသည်ဆိုပါက အကျိုးဆက်ကား ကပ်ဘေးတစ်ခုအလား ဆိုးဝါးနိုင်သည်။

"ပြောရဦးမယ်။ တစ်ဖက်အဖွဲ့က လူရှစ်ယောက်ရှိတာ။ အဲဒီရှစ်ယောက်စလုံးကလည်း ခွန်အားအဆင့်ချင်း အတူတူပဲ"

"ဘာ? ရှစ်ယောက်တောင်လား"

ဟွားယဲ့ခမျာ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးသွားရသည်။ ထိုအဆင့်ရှိသော လူတစ်ယောက်ဆိုလျှင်ပင် ကိုင်တွယ်ရခက်နေလေပြီ။ ကျူးကျော်သူရှစ်ယောက်ဆိုပါက သူတို့ဘက်က ဟွာရှားနိုင်ငံကို ဖျက်ဆီးဖို့ ရည်ရွယ်ထားလေသလား။ ထို့ပြင် ကိုင်ဘွန်နိုင်ငံသေးသေးလေးက ဤမျှအစွမ်းထက်သော နင်ဂျာအများကြီးကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားလေသလဲ။

"ကျန်းမုန့်လောင်က ဒီကိစ္စနဲ့ ဘယ်လိုပတ်သက်နေလို့လဲ"

ဟွားယဲ့လည်း ချက်ချင်းတွေးလိုက်မိသည်။

"ကျန်းမုန့်လောင်က လုံရှားအဖွဲ့အစည်းအတွက် ဒီကိစ္စကို တာဝန်ယူခဲ့တယ်။ နင်ဂျာခုနစ်ယောက်ကို အရှင်လတ်လတ်ဖမ်းမိခဲ့တယ်။ ထွက်ပြေးသွားတဲ့တစ်ယောက်ကိုလည်း ဆုငွေထုတ်ထားလိုက်သေးတယ်"

ဟွားထျန်းကျယ် ရှင်းပြလိုက်သည်။

"ဟွိုက်ကျဲဆိုတဲ့လူလား"

ဟွားထျန်းကျယ်လည်း ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီခုနစ်ယောက်.."

"သူတို့က မင်းရဲ့ဦးလေး နဂါးဘုရင်ထက်တောင် ပိုအဖြစ်ဆိုးသေးတယ်။ သူတို့က ဟွာရှားလူမျိုးတွေကို သတ်ခဲ့တဲ့အတွက် ကျန်းမုန့်လောင်က သူတို့ကို သေတာထက်ပိုဆိုးတဲ့ ဘဝမျိုးကိုပို့ပစ်မှာ ကျိန်းသေတယ်"

"အဖေ သူ့ကို တော်တော်လေးစားပြနေတာလည်း မဆန်းတော့ပါဘူး"

ဟွားယဲ့ခမျာ နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

ထျန်းယွမ်အဆင့်နှင့် ယှဉ်နိုင်လောက်သော နင်ဂျာရှစ်ယောက်ကို ကျန်းမုန့်လောင်က အရှင်လတ်လတ်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လွတ်မြောက်သွားသော လူတစ်ယောက်ကို တစ်ကမ္ဘာလုံးအနှံ့ ဆုကြေးငွေထုတ်ထားလိုက်သေးသည်။ ထိုရှစ်ယောက်က သူ့အတွက်တော့ လေလည်သလောက်တောင် အားမထုတ်လိုက်ရကြောင်း ပြနေပေသည်။

ဟွားမိသားစုအတွက်ဆိုလျှင် အဆင့်ကိုးစိတ်စွမ်းအားရှင်တစ်ယောက်ကတင် သူတို့မိသားစုတစ်ခုလုံးကို ပျက်စီးသွားအောင် လုပ်နိုင်သည်။ သို့ဖြစ်လေရာ သူတို့က ကျန်းမုန့်လောင်လို လူတစ်ယောက်ကို မည်သို့ရန်စနိုင်မည်နည်း။

"ဒီတော့ အခုလောလောဆယ်တော့ ငါ့နည်းလမ်းက အသင့်တော်ဆုံးပဲ။ သူ့လိုလူတစ်ယောက်ကို ငါတို့ ချွေးသိပ်ရုံတင်မကဘဲ ပျော်အောင်ပါ ထားပေးရမှာ"

ဟွားထျန်းကျယ် သက်ပြင်းချလိုက်မိသည်။ ထိုရှယ်ယာများကို သူ့ဘက်က လိုလိုလားလားဖြင့် ပေးလိုက်လေဟန်တူသော်ငြား တကယ်တမ်းတွင်မူ သူ့ရင်ထဲ သွေးအလိမ်းလိမ်းထွက်နေပေသည်။ ဒေါ်လာ၁၅၀ဘီလီယံတန်ဖိုးရှိသော လုပ်ငန်းတစ်ခုဆိုသည်မှာ သူတို့အတွက်တော့ သူတို့၏အသွေးအသားကို လှီးဖြတ်ပေးလိုက်ရသလိုပင်။

…..

"ဟွားမိသားစုက အရမ်းရိုကျိူးတာပဲ"

ကျန်းမုန့်လောင်က ဟွားမိသားစုထံမှ ရလာခဲ့သော ပစ္စည်းတချို့ကို ဟုန်ရီအား စီမံခိုင်းလိုက်သည်။ ထိုရှယ်ယာများ၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ၂၀၀ဘီလီယံနီးနီးရှိသည်။ ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက်၏ စည်းစိမ်နီးနီးရှိသည်။

"မစ္စတာကျန်း..ဟွားမိသားစုက ရှင်တို့မိသားစုကို ကြောက်နေတာပါ"

ဟုန်းရီက ပြုံးရယ်ရင်း ပြောလိုက်၏။

"မစ္စတာကျန်းရှောင်ယွင်က အရင်တုန်းက သူတို့တစ်မိသားစုလုံးကို နှိပ်ကွပ်ခဲ့တာလေ"

"သူတို့က အဲဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်နှိမ့်ချနေမှတော့ ဒီကိစ္စကို စိတ်ထဲထားနေစရာမလိုတော့ဘူးပေါ့"

ကျန်းမုန့်‌လောင်က ဤသို့ဆိုသည်။

"ပြီးတော့ ဟွားမိသားစုအပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်မဲ့ကိစ္စကိုလည်း ပယ်ဖျက်လိုက်တော့။ ဒီလောက်ဆိုရင် သူတို့ သင်ခန်းစာရလောက်ပါပြီ"

"မစ္စတာကျန်း.. ဒီနေ့လယ်တုန်းက သတင်းတစ်ခုရထားတယ်။ ရှင်သိသင့်တယ်ထင်လို့"

"ဘာသတင်းလဲ"

ကျန်းမုန့်လောင်လည်း ပြန်မေးလိုက်သည်။

"အဲဒါက ဘရာမန်က မဟာလက်စ်မိသားစုအကြောင်းပါ။ သူတို့က အဲဒီနယ်မြေဘက်က ရှင့်မိသားစုပိုင်လုပ်ငန်းတွေကို စီမံပေးနေရတာလေ"

ဟုန်းရီ ရှင်းပြလိုက်၏။

"မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုက အကြမ်းဖျင်းအားဖြင့် ဒေါ်လာ၂ထရီလီယံလောက်ရှိပါတယ်။ ဒါပေမဲ့ မိသားစုခေါင်းဆောင်ဒိုမုတိက မနေ့ညကပဲ ဆုံးပါးသွားပါတယ်"

"မဟာလက်စ်မိသားစုက ရှင့်မိသားစုကို နှစ်ပေါင်း၁၂၀၀လောက် အလုပ်အကျွေးပြုခဲ့ပြီး အဆုံးမဲ့သစ္စာရှိမှုကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒိုမုတိကတော့ ကိုယ်ကျိုးကိုတောင်မငဲ့ဘဲ ရှင့်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို တစ်သက်လုံးစီမံပေးခဲ့တာကြောင့် သားသမီးတစ်ယောက်မှမရှိဘဲ သေသွားရတာ အရမ်းသနားဖို့ကောင်းပါတယ်"

"အိုး?"

ကျန်းမုန့်လောင်မှာ နိုင်ငံတစ်နိုင်ငံချင်းစီရှိ ထိုမိသားစုများအကြောင်း အာရုံစိုက်လေ့မရှိပေ။ အကြောင်းမှာ အရေအတွက်များလွန်းလှသောကြောင့် သူ့စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ခဲ့ခြင်းပင်။

သိုသော် ဒိုမုတိကတော့ အသက်ကြီးရင့်သည့်တိုင် သားသမီးမရှိဘဲ သေဆုံးသွားရှာသဖြင့် ကျန်းမုန့်လောင်၏စိတ်ထဲ အပြစ်ရှိသလို ခံစားမိသည်။

သူ့ရောဂါက ကျန်းမုန့်လောင်နှင့် မသက်ဆို်ငသော်ငြား အကယ်၍များ ဒိုမုတိသာ သူ့ကိုယ်ပိုင်ဘဝကို ကောင်းကောင်းဖြတ်သန်းခဲ့ရပါက ဤကဲ့သို့ အထီးကျန်စွာ သေဆုံးသွားရမည်မဟုတ်ပေ။

"ဒီလိုလုပ်လိုက်။ မနက်ဖြန် ငါ့အတွက် လေယာဉ်စီစဉ်ပေးထား။ ငါကိုယ်တိုင် လေးစားသမှုကို ပြသဖို့အတွက် ဘရာမန်ကိုသွားမယ်"

ကျန်းမုန့်လောင် ပြောလိုက်၏။

"ဟုတ်ကဲ့ပါ မစ္စတာကျန်း.. ကျွန်မ ချက်ချင်းစီစဉ်လိုက်ပါ့မယ်"

ဟုန်းရီ ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်"

"ကြိုတင်ပြင်ဆင်ရမှာလား? ဘာသဘောလဲ"

ကျန်းမုန့်လောင်လည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

မဟာလက်စ်မိသားစု၏ အမွေဆက်ခံသူက ပင်မမိသားစုထဲမှ လူကိုသာ ရွေးချယ်ရသည်။ သို့သော် ဒိုမုတိက သားသမီးမရှိသောကြောင့် အမွေဆက်ခံမှုနှင့်ပတ်သက်ပြီး အရှုပ်အထွေးတချို့ ဖြစ်လာခဲ့သည်။

"သူ့မှာ ညီအစ်ကိုမောင်နှမတွေမရှိဘူးလား"

ကျန်းမုန့်လောင်လည်း မေးလိုက်ပြန်သည်။

"သူ့မှာ ဝမ်းကွဲတစ်ယောက်နဲ့ အစ်မတစ်ယောက်တော့ရှိပါတယ်။ နှစ်ယောက်စလုံးက မဟာလက်စ်မိသားစုရဲ့အရင်းအမြစ်တွေကြောင့် ကြွယ်ဝချမ်းသာတဲ့မိသားစုထဲမှာ နေထိုင်ခဲ့ကြတဲ့လူတွေပါ။ ဒီမိသားစုနှစ်ခုက မဟာလက်စ်မိသားစုနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုပေမဲ့ သူတို့ရဲ့သစ္စာရှိမှုက ဒိုမုတိလောက် မပြည့်ဝတဲ့အတွက် သူတို့မှာ အတိုင်းအတာတစ်ခုအထိတော့ တခြားအကြံအစည်တချို့ ရှိနေနိုင်လောက်ပါတယ်"

"သူတို့က မဟာလက်စ်မိသားစုရဲ့အရင်းအမြစ်တွေအတွက် တိုက်ခိုက်နေကြတယ်လို့ ပြောချင်တာလား"

"အဲဒါတင်မကပါဘူး"

ဟုန်းရီက ဆက်ပြောလိုက်သည်။

"မဟာလက်စ်မိသားစုကို အုပ်စိုးနိုင်တဲ့လူက ဘရာမန်ကိုပါ ထိန်းချုပ်ခွင့်ရသွားမှာပါ။ ဒီလိုအာဏာမျိုးရဲ့ဆွဲဆောင်မှုကို ဘယ်သူမှ ခုခံနိုင်မှာမဟုတ်ဘူး။ သူတို့က ဒီအခွင့်အရေးကိုအသုံးချပြီး မဟာလက်စ်မိသားစုကို ကျန်းမိသားစုထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားမှာစိုးမိပါတယ်"

"သေချာလား"

ကျန်းမုန့်လောင် သေချာမေးကြည့်လိုက်ပြန်၏။

"တိကျတဲ့သက်သေတော့ မရှိသေးပါဘူး"

ဟုန်းရီကလည်း ပြန်ဖြေသည်။

"ဒါပေမဲ့ ထုံးစံအရတော့ မဟာလက်စ်မိသားစုရဲ့အမွေဆက်ခံသူက မသေခင် သေတမ်းစာပြင်ဆင်ရပါတယ်။ ဒိုမုတိလည်း ခြွင်းချက်မရှိပါဘူး။ သူ့အခြေအနေကို ကြိုသိထားတဲ့အတွက် လွန်ခဲ့တဲ့လတုန်းကပဲ သေတမ်းစာတစ်ခု ပြင်ဆင်သွားပါတယ်။ သေတမ်းစာထဲမှာ ပိုင်ဆိုင်မှုအားလုံးကို ရှင့်ဆီ လွှဲပြောင်းပေးသွားပါတယ်။ ဒါပေမဲ့ သေတမ်းစာကို တာဝန်ယူထားတဲ့ ရှေ့နေက လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ထူးထူးဆန်းဆန်းပျောက်နေပါတယ်"

"ဘာ"

ကျန်းမုန့်လောင်၏ရင်ထဲ ဒေါသများ အလိပ်လိုက်တက်လာချေသည်။ ထို့နောက်တွင်မူ အေးတိအေးစက်လှောင်ရယ်လိုက်၏။

"ငါ့ကို ဒီလိုအကွက်မျိုးလာဆင်ဖို့ သူတို့မှာ သတ္တိဘယ်လောက်ရှိလဲဆိုတာ ကြည့်ချင်သေးတယ်"

***************

All Chapters