သူ့အဖေကို ငါ့အဖေက ဆုံးမခဲ့တာ
Vol. 31 Ch. 454
"မစ္စတာကျန်း ကျေးဇူးပြုပြီး ကြွပါ။ ဒါက ကျန်းနန်မြို့က ကျွန်တော်တို့အိမ်ပါ။ ကျွန်တော့်အဖေလည်း မက်ဂျစ်မြို့ကနေ ညတွင်းချင်းပြန်လာနေပါပြီ။ နာရီဝက်အတွင်း ရောက်လာပါလိမ့်မယ်"
ကျန်းမုန့်လောင်၏ကားကိုလည်း ချက်ချင်းသယ်သွားပြီးနောက် တောင်းပန်မှုကို ပြသသည့်အနေနှင့် ဟွားမိသားစုက ကျန်းမုန့်လောင်ကို ခေါ်ဆောင်ရန်အတွက် ကားတစ်စီး ချက်ချင်းစီစဉ်ပေးခဲ့ပြီးနောက် ကျန်းနန်မြို့ထဲရှိ သူတို့၏ ဇိမ်ခံဗီလာများထဲမှ တစ်လုံးဆီသို့ ခေါ်လာခဲ့သည်။
ယနေ့တွင် ဟွားထျန်းကျယ်မှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံရန်အတွက် မက်ဂျစ်မြို့ကို သွားရန် စီစဉ်ထားသည်။ ဤဖြစ်ရပ်အကြောင်း ကြားသိပြီးနောက် သူ့မှာ ကျန်းနန်မြို့ကို ပြန်ရန် ကိုယ်ပိုင်ဂျက်လေယာဉ်ကို ချက်ချင်းစီးလာခဲ့ရ၏။ ဤကိစ္စကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းမှဖြစ်မည်။ မဟုတ်ပါက သူတို့၏ဆုံးရှုံးနစ်နာမှုမှာ ဒေါ်လာ၁၅၀ဘီလီယံနှင့်ပင် ပြီးလိမ့်မည်မဟုတ်။
"အစ်ကို ပြန်လာပြီလား။ ကျွန်မ ခုနကတင် ဖုန်းဆက်ထားတာလေ။ ဘယ်လိုလုပ်ပြီး…"
ဟွားယွီယန်က ဟွားယဲ့တစ်ယောက်တည်း ပြန်လာသည်ဟု ထင်နေသော်ငြား ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ကိုပါ မြင်လိုက်ရချိန်၌ ချက်ချင်းကြက်သေသေသွားသည်။
ကျန်းမုန့်လောင်ကို သူ(မ) လူကိုယ်တိုင်မကြုံဖူးသော်လည်း မီဒီယာထဲတွင် မကြာခဏပါလာတတ်သော ဤမျက်နှာကိုတော့ ရင်းနှီးနေပြီဖြစ်၏။ လုရီယောင်ကတော့ လွန်ခဲ့သည့်လပိုင်းအတွင်း သူ(မ)၏ပြိုင်ဘက်ဖြစ်ခဲ့သည်သာ။
"လုရီယောင်လား။ နင်က ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ။ အစ်ကို …"
ဟွားယွီဟန်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာရှိနေလေသည်။ ဟွားယဲ့က ဤနှစ်ယောက်နှင့်အတူ ဘာကြောင့်များ ပြန်လာတာလဲ။
"ယွီဟန်.. မိန်းကလေးလုကို နာမည်တပ်ပြီး မခေါ်နဲ့လေ"
ဟွားယဲ့က သူ(မ)ကို ခပ်ကြမ်းကြမ်းမာန်မဲလိုက်သည်။
"မစ္စတာကျန်းနဲ့မိန်းကလေးလုတို့က ငါတို့ဧည့်သည်တော်တွေပဲ။ လက်ဖက်ရည်နှစ်ခွက် မြန်မြန်သွားပြင်ချေ။ ဂုဏ်သရေရှိဧည့်သည်တွေအတွက် အဖေ သေချာသိမ်းထားတဲ့ လက်ဖက်ရွက်တွေကို သုံးခဲ့နော်"
"အစ်ကို? ရူးသွားပြီလား? အစ်ကိုက သူတို့အတွက် လက်ဖက်ရည်ကို ကျွန်မကို ကိုယ်တိုင်ဖျော်ခိုင်းနေတာလား"
ဟွားယွီဟန်၏အဖေသိမ်းထားသော လက်ဖက်ရွက်များမှာ ဂုဏ်သရေရှိဧည့်သည်တော်များကိုသာ တည်ခင်းဧည့်ခံသည့် ရှားပါးလှသော တာ့ဟုန်ပေါင်လက်ဖက်ရွက်များပင်။ ၎င်းမှာ တစ်နှစ်ကို ထုတ်လုပ်မှုပမာဏ အကန့်အသတ်ရှိပြီး ဈေးနှုန်းကလည်း ရွှေဈေးထက်ပင် ပိုများလှသည်။ ဟွားယွီဟန်က ထိုလက်ဖက်ရွက်များကိုသုံးရန် အင်တင်တင်ဖြစ်နေခြင်းမဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ငွေကြေးအင်အားအရာ၌ ဟွားယဲ့ကို အနိုင်ပိုင်းရသည်မှာ ကျန်းမုန့်လောင်အတွက်တော့ ဘာမှမပြောပလောက်ပေ။
သို့သော် ဟွားယဲ့က သူ(မ)ကို လက်ဖက်ရည်ဖျော်ခိုင်းနေသည်။ သူ(မ)က ဟွားမိသားစု၏ မင်းသမီးလေးပင်။ သူ(မ)အနေနှင့် ဘယ်တုန်းကများ သူများအတွက် လက်ဖက်ရည်တောင် ငှဲ့ပေးဖူးသလဲ။ ဤသည်မှာ ဟာသလုပ်နေခြင်းလေလား။
"ငါ နင့်ကို ပြောတဲ့လေသံက ညှိနှိုင်းလို့ရတဲ့ လေသံမျိုးမဟုတ်ဘူးနော်။ အစ်ကိုတစ်ယောက်အနေနဲ့ အမိန့်ပေးနေတာ"
ဟွားယဲ့က လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလာလေသည်။
ထိုအခိုက်ဝယ် ဟွားယွီဟန်လည်း လုံးဝဥဿုံအံ့ဩမှင်တက်သွားလေသည်။ ဤသည်မှာ သူ(မ)ကို ချစ်မြတ်နိုးတန်ဖိုးထားသော သူ(မ)၏အစ်ကိုမှ ဟုတ်ပါလေစ။ သူ(မ) ငယ်ငယ်ကတည်းက ဟွားယဲ့သည် သူ(မ)ကို ဒေါသထွက်ခဲ၏။ ယခု သူစိမ်းနှစ်ယောက်ကြောင့်နှင့် သူ(မ)ကို ခက်ထန်ပြနေလေသလား။
"တောင်းပန်ပါတယ် မစ္စတာကျန်းနဲ့ မိန်းကလေးလု.. ကျွန်တော့်ညီမလေးက တစ်ဇွတ်ထိုးနိုင်ပြီး ဆင်ခြင်ဉာဏ်မရှိဘူး။ ခင်ဗျားတို့နှစ်ယောက် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ဟွားယဲ့ ချက်ချင်းတောင်းပန်လိုက်သည်။
"အဆင်ပြေပါတယ်"
ကျန်းမုန့်လောင်ကတော့ စိတ်ထဲထားဟန် မရှိပေ။
"မစ္စတာဟွား.. ခင်ဗျားကတော့ တအားယဉ်ကျေးလွန်းနေပါပြီ။ အစီအစဉ်မှာတုန်းက မိန်းကလေးယွီဟန်နဲ့ ကျွန်မက ပြိုင်ဘက်တွေလေ။ ဒါပေမဲ့ တကယ်တော့ ကျွန်မတို့ရဲ့ဆက်ဆံရေးက အဲဒီလောက်မဆိုးပါဘူး"
လုရီယောင်ကလည်း ပြုံးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤအစီအစဉ်မှာ တီဗီပေါ်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ရာ သူတို့အနေနှင့် အပြင်ပန်းအရပင်ဖြစ်စေ ဆက်ဆံရေးကောင်းချင်ယောင်ဆောင်ရမည်မဟုတ်လား။
"အဖေက ခဏနေရင် ရောက်မှာဆိုတော့ နင်က လက်ဖက်ရည်ဖျော်ပေးပြီးရင် ကိုယ့်အခန်းထဲကိုယ်ပြန်တော့။ ပေါက်ကရတွေထပ်မပြောနဲ့တော့"
ဟွားယဲ့ အမိန့်ပေးလိုက်လေသည်။
…..
"အစ်ကို..ဘာတွေဖြစ်နေတာလဲ။ သူတို့နှစ်ယောက်ကို အိမ်ကိုဘာလို့ခေါ်လာတာလဲ"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ လက်ဖက်ရည်သောက်နေချိန်မှာ ဟွားယွီဟန်က ဟွားယဲ့ကို အဝေးသို့ဆွဲခေါ်သွားလိုက်သည်။ ယခုချက်ချင်း အဖြေမသိရပါက သူ(မ)လည်း ပေါက်ကွဲမိပေလိမ့်မည်။
"ဒါတွေအကုန် နင့်ရဲ့လုပ်ရပ်တွေကြောင့် ဖြစ်ရတာမဟုတ်ဘူးလား"
ဟွားယဲ့ သက်ပြင်းချလိုက်မိသည်။ တကယ်တော့ ဟွားယွီဟန်ကို အပြစ်ပုံချ၍ မရနိုင်ပေ။ သူတို့၏ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်နေသောကြောင့်သာ ဖြစ်၏။ အစကတည်းက သူတို့ဘက်က ပြိုင်ပွဲစည်းမျဉ်းကို မဖောက်ဖျက်ခဲ့ပါလျှင် ကျန်းမုန့်လောင်ကိုလည်း အပြစ်ပြုမိမည်မဟုတ်ချေ။
"သူတို့ရဲ့နောက်ခံအင်အားက အရမ်းတောင့်တင်းနေလို့လား"
ဟွားယွီဟန်လည်း ဤဖြစ်နိုင်ခြေကို ခန့်မှန်းကြည့်လိုက်နိုင်သည်။
"မသိဘူး"
ဟွားယဲ့က မဲ့တဲ့တဲ့ပြုံး၍ ပြောလိုက်လေသည်။
"အခုလောလောဆယ်တော့ သူ့နောက်ခံအင်အားနဲ့ပတ်သက်ပြီး နည်းနည်းပဲသိရသေးတယ်"
"ဒါဆို အဖေက ဘာတွေပျာယာခတ်နေတာလဲ"
ဟွားထျန်းကျယ်၏ လက်ရှိအဆင့်အတန်းအရဆိုလျှင် ခေါင်းဆောင်ပိုင်းများကပင် သူ့ကိုတွေ့ဖို့ ရက်ချိန်းယူရမည်ဖြစ်ကြောင်း သူ(မ) ကောင်းကောင်းသိသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကိစ္စကို နင်မှတ်မိလား"
ဟွားယဲ့ မေးလိုက်လေသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလား။ သူတို့က လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အဲဒီလူနဲ့ ပတ်သက်နေလို့လား"
ဟွားယွီဟန် မျက်လုံးပြူးသွားရသည်။ ထိုအချိန်တုန်းက သူ(မ)သည် ဆယ်နှစ်ပင် မပြည့်သေးပေ။ သို့သော် ထိုဖြစ်ရပ်က သူ(မ)၏ငယ်ဘဝကို အရိပ်မည်းကြီးတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။
ထိုညတုန်းက သူတို့တစ်မိသားစုလုံး လူတစ်ယောက်ကို ဦးညွှတ်ပြီးတောင်းပန်ခယခဲ့ရစဉ်က အခြေအနေမှာ ညီလာခံသဘင်တွင် ဧကရာဇ်တစ်ပါးကို အရိုအသေပေးနေရသည့် မှူးမတ်အပေါင်းနှင့်ပင် တူလှချေသည်။
"အဲဒီလူက ကျန်းမုန့်လောင်ရဲ့အဖေပဲ"
ဟွားယဲ့၏မျက်နှာထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု နေရာယူထားသည်။
"နောက်ဆုံးဖျော်ဖြေမှုအတွက် လုရီယောင်သုံးခဲ့တဲ့ တူရိယာက ဘာလဲဆိုတာသိလား"
ဟွားယွီဟန် ခေါင်းခါလိုက်သည်။
"အဲဒီတူရိယာက အရမ်းအံ့ဩဖို့ကောင်းတယ်ဆိုတာပဲသိတာ။ အဲဒီအချိန်တုန်းက ညီမလေး အိပ်မက်မက်နေသလို ဖြစ်သွားတာ"
"အဲဒါက ဖူရှီကုချင်ပဲ"
"ဟွားရှားနိုင်ငံထဲက ပျောက်ဆုံးနေတဲ့ နတ်ဘုရားအဆင့်လက်နက်ဆယ်မျိုးထဲက တစ်ခုလား?"
ထိုအချိန်တုန်းက ခံစားခဲ့ရသည့် သက်သောင့်သက်သာခံစားချက်ကို ပြန်အမှတ်ရမိလိုက်သဖြင့် ဟွားယွီဟန် တအံ့တဩရေရွတ်လိုက်မိသည်။
"ညီမလေးရဲ့တူရိယာကလည်း တန်ဖိုးကြီးတယ်ဆိုပေမဲ့ နတ်ဘုရားအဆင့်လက်နက်နဲ့ယှဉ်လိုက်ရင်တော့ ဟာသတစ်ခုလို ဖြစ်နေမှာပဲ။ ညီမရှုံးတာလည်း မျှတပါတယ်လေ"
"ငါတို့ရဲ့ဦးလေးနှစ်ယောက်လေ…အသူရာနဲ့ စစ်နတ်ဘုရားတို့က အဲဒီဖူရှီကုချင်ကို သူ့ဆီက လုယူဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့ဘော်ဒီဂတ်တွေက သူတို့ကို ချက်ချင်းနှိမ်နင်းပစ်လိုက်တာ"
"အဲဒီလိုကိစ္စမျိုးလည်း ရှိတာလား"
ဟွားယွီဟန်က စိတ်စွမ်းအားရှင်တစ်ယောက် မဟုတ်သော်လည်း သူ(မ)၏ဦးလေးနှစ်ယောက်က မည်မျှအစွမ်းထက်ကြောင်းကိုမူ ကောင်းကောင်းသိသည်။
"လုံရှားအဖွဲ့ထဲမှာ သူတို့နဲ့လက်ရည်တူတဲ့လူကို ရှာဖို့ခက်တယ်လေ။ ဒီလိုလူတွေကိုတောင် သူတို့က ချက်ချင်းနှိမ်နင်းလိုက်နိုင်တယ်ပေါ့?"
"ငါတို့ရှုံးခဲ့တာပေါ့။ ဒီတော့ နောက်ပိုင်း ဘာဆက်ဖြစ်လဲဆိုတာ ခန့်မှန်းကြည့်ပေတော့.."
….
"မစ္စတာကျန်း"
ထိုအချိန်မှာပင် အားမာန်အပြည့်ပါသော အသံတစ်သံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဗီလာထဲသို့ သုတ်သုတ်ပျာပျာပြေးဝင်လာသည်။ ကျန်းမုန့်လောင်ကို မြင်လိုက်ရချိန်မှာ သူ့အကြည့်က တဒင်္ဂမျှရပ်တန့်သွားလေသည်။
"သူက အဲဒီလူနဲ့ တော်တော်တူတာပဲ။ အဲဒီမျက်လုံးတွေနဲ့ အဲဒီအမူအရာတွေက တစ်ထေရာတည်းပဲ"
ပထမဆုံးအကြည့်တစ်ချက်မျှဖြင့် ကျန်းမုန့်လောင်က ကျန်းရှောင်ယွင်၏သားဖြစ်ကြောင်း ဟွားထျန်းကျယ် အတည်ပြုနိုင်ခဲ့သည်။
"ခင်ဗျားက ဟွားထျန်းကျယ်လား"
ကျန်းမုန့်လောင် မေးလိုက်၏။
"ဟုတ်ပါတယ် မစ္စတာကျန်း.. ကျွန်တော်က ဟွားထျန်းကျယ်ပါ"
ဟွားထျန်းကျယ်ကလည်း တလေးတစားပြန်ဖြေသည်။
"ကျွန်တော့်သားနဲ့သမီးက ခင်ဗျားတို့နှစ်ယောက်ကို အပြစ်လုပ်ခဲ့ပါတယ်။ ခင်ဗျားတို့ဘက်က ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"
ဟွားထျန်းကျယ်က သူသယ်လာသော လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းအထပ်လိုက်ကြီးကို ချက်ချင်းထုတ်လိုက်သည်။
"မစ္စတာကျန်း.. ကျွန်တော်တို့မိသားစုရဲ့ တောင်းပန်မှုကို ပြသတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့စိတ်ရင်းအစစ်အမှန်ကို ပေးအပ်ချင်ပါတယ်"
"အိုး?"
ကျန်းမုန့်လောင်လည်း ထိုစာရွက်စာတမ်းများကို လှမ်းယူလိုက်သည်။
"စာရင်းဝင်အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်တဲ့ ကျင်းတင်းလုပ်ငန်းစုရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်း.. ဈေးကွက်တန်ဖိုးက ဒေါ်လာ၈၀ဘီလီယံ"
"ဆီမွန်တွန်ဆေးကုမ္ပဏီရဲ့ရှယ်ယာ၆၆ရာခိုင်နှုန်း..ဈေးကွက်တန်ဖိုး ဒေါ်လာ၅၈ဘီလီယံ"
"ပိုင်လင်းနည်းပညာကုမ္ပဏီရဲ့ ရှယ်ယာ၄၇ရာခိုင်နှုန်း..ဈေးကွက်တန်ဖိုး ဒေါ်လာ၁၂၀၀ဘီလီယံ"
….
ဤစာရွက်စာတမ်းများမှာ ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ်များဖြစ်ပြီး ကုမ္ပဏီတစ်ခုချင်းစီတိုင်းက ဈေးကွက်တန်ဖိုး ဒေါ်လာဘီလီယံနှင့်ချီပြီး ရှိကြသည်။ ဤကုမ္ပဏီရှယ်ယာများကို ပေါင်းလိုက်ပါက ဒေါ်လာ၁၅၀၀ဘီလီယံ ကျော်နေပြီဖြစ်၏။
"မစ္စတာကျန်း.. ကျွန်တော်တို့ဆီမှာ ငွေသားများများစားစားတော့မရှိပါဘူး။ ဒါပေမဲ့ ဒီပိုင်ဆိုင်မှုတွေက ခင်ဗျားကို စိတ်ကျေနပ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ဆွစ်ဘဏ်က အကောင့်တစ်ကောင့်ပါ။ ငွေသားကတော့ ဒေါ်လာ၂၀ဘီလီယံ ပါပါတယ်။ ဒါက ကျွန်တော်တို့ဟွားမိသားစုဘက်က ကမ်းလှမ်းနိုင်တဲ့ အများဆုံးပမာဏပါ"
ဘေးနားရှိ ဟွားယဲ့နှင့် ဟွားယွီဟန်တို့ကတော့ ခေါင်းရှုပ်သွားချေသည်။ ဟွားထန်းကျယ်၏ တုံ့ပြန်မှုမှာ ပိုလွန်းလှသည်။ ဒေါ်လာ၁၅၀ဘီလီယံလျော်ကြေးပေးရခြင်းက တစ်ကဏ္ဍပင်။ သို့သော် သူ့မှာရှိသမျှအကုန်လုံးကို ဘာကြောင့်ပေးပစ်လိုက်ရသလဲ?
ဤသည်မှာ အလွန်နာခံလွန်းလှသည်။ ထိုကဲ့သို့သော စိတ်နေသဘောထားမျိုးမှာ ခယခြင်းဟုပင် မခေါ်နိုင်တော့ပေ။ သားရဲတစ်ကောင်ရှေ့တွင် ကိုယ့်ကိုယ်ကိုယ်စတေးနေခြင်းသာ ဖြစ်၏။
"မုန့်လောင်… သူက ဘာလို့ဒီလိုလုပ်နေတာလဲ"
လုရီယောင်လည်း ဟွားထျန်းကျယ်၏ အပြုအမူကြောင့် အတန်ငယ်အံ့အားသင့်သွားရသည်။ သူတို့မိသားစုက ကျန်းမုန့်လောင်ကို စော်ကား၍မရနိုင်သော်ငြား ဤမျှအထိ လုပ်ရန်လည်း မလိုအပ်ပေ။
လာရာလမ်းတွင် ယဲ့ရင်က ယခင်တုန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စအကြောင်း ကျန်းမုန့်လောင်ကို အကျဉ်းချုပ်ပြောပြခဲ့သည်။ ဤဖြစ်ရပ်မှာ ဟွားမိသားစုအနေနှင့် လျော်ကြေးပေးလိုက်ရုံဖြင့် ဖြေရှင်းနိုင်သော ကိစ္စမျိုးမဟုတ်ပေ။ လှုံ့ဆော်သွေးဆောင်သူတစ်ယောက်အနေနှင့် ဟွားထျန်းကျယ်မှာ သူ့မိသားစုထံကသာ အပြစ်ပေးခံရခြင်းမရှိခဲ့ပေ။
နဂါးဘုရင်နှင့် ဟွားမိသားစု၏ စိတ်စွမ်းအားရှင်ကို နှိမ်နင်းပြီးနောက် ဟွားထျန်းကျယ်ကို ကျန်းရှောင်ယွင်က လျှပ်စစ်တိုင်ပေါ်တွင် ဆယ်မိနစ်ခန့် တွဲလောင်းချိတ်ထားခဲ့သည်။ ထိုညတုန်းက အော်ဟစ်သံများကို အဝေးကြီးကပင် ကြားနေရသည်ဟု သိရ၏။
"ငါသိလိုက်ပြီ"
ကျန်းမုန့်လောင်မှာ ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူ့အဖေကို ငါ့အဖေက ဆုံးမခဲ့တယ်လေ။ ဒီတော့ အဲဒါက 'မိအေးနှစ်ခါနာ'ဆိုသလိုဖြစ်သွားတာပေါ့"
***************