ဒီပိုက်ဆံက နည်းနေသေးသလိုပဲ
Vol. 31 Ch. 453
"မင်း ဘာပြောလိုက်တယ်?"
ဖုန်းတစ်ဖက်ရှိ ဟွားထျန်းကျယ်ခမျာ လုံးဝကြက်သေသေသွားရသည်။ သူ့မျက်လုံးထဲတွင် လွန်ခဲ့သည့်ဆယ်နှစ်တုန်းက ဖြစ်ရပ်ကို ပြတ်ပြတ်သားသားမြင်နေရ၏။
ထိုအချိန်မှာ သူသည် သူ့အဖေထံမှ ဟွားမိသားစု၏ အမွေကို ဆက်ခံပြီးခါစအချိန်ပင်။ ဤသည်မှာ သူ့ဘဝ၏အထွတ်အထိပ်ကို ရောက်နေချိန်ဖြစ်သောကြောင့် မည်သူ့ကိုမှလည်း အရေးမထားဘဲ ဘာကိုမှလည်း ဂရုမစိုက်ခဲ့ပေ။
သူ့စိတ်ထဲတွင် ဟွားမိသားစုဝင်များ မလုပ်နိုင်သောကိစ္စနှင့် အပြစ်မပြုသင့်သောလူဟူ၍ မရှိဘူးဟုသာ မှတ်ယူထားခဲ့သည်။ ထို့ကြောင့်လည်း မောက်မာစွာနေထိုင်ခဲ့ပြီး လူကျင့်ဝတ်၏ အောက်ခြေစည်းကို မထိသရွေ့ သူ့စိတ်ကြိုက်သာ လုပ်ခဲ့သည်။ သူလုပ်ချင်တာ တစ်ခုခုရှိခဲ့လျှင်လည်း မည်သူကမှ လာတား၍မရနိုင်ချေ။ သူ သဘောမကျသောလူတစ်ယောက်ယောက်ရှိခဲ့လျှင်လည်း ကံဆိုးမိုးမှောင်ကျရသည်သာ။
ထိုတွေ့ဆုံမှုကား ပွဲအခမ်းအနားတွင်ဖြစ်၏။ ထိုပွဲနေ့တွင် ဟွာရှားနိုင်ငံရှိ သြဇာအာဏာကြီးမားပြီး ချမ်းသာသော အထက်တန်းလွှာများအားလုံး စုဝေးခဲ့ကြသည်။ ဖြစ်ပုံကား အလွန်ရိုးရှင်းလှသည်။ ကျန်းရှောင်ယွင်က ဝိုင်နီတစ်ခွက်ကိုင်ထားရင်း ထောင့်တစ်နေရာအရောက်တွင် ဟွားထျန်းကျယ်ကို ဝင်တိုက်မိသွားသည်။
တကယ်တော့ ဟွားထျန်းကျယ်၏ အဝတ်အစားများပေါ်ကို ဝိုင်နီများ ဖိတ်ကျမသွားခဲ့ချေ။ သို့သော် သားရေရှူးဖိနပ်ပေါ်သို့ တစ်စက်နှစ်စက်ကျသွားခဲ့သည်။ ကျန်းရှောင်ယွင်ကလည်း ချက်ချင်းဆိုသလို တောင်းပန်လိုက်၏။
ပုံမှန်ဆိုလျှင် သေလမ်းမရှာတတ်သူက သေရမည်မဟုတ်။ ထိုအချိန်တုန်းက သူသည် ကြွယ်ဝချမ်းသာသော အရင်းအမြစ်များကြောင့် စုံလုံးကန်း၍ အထက်တန်းလွှာများရှေ့မှာပင် ကျန်းရှောင်ယွင်ကို ပြန်ခံပြောလိုက်သည်။
"ငါ့ဖိနပ်ကို ပြောင်သွားအောင် လျက်ပေးလေ။ ဒါဆို ဘာမှမဖြစ်သလို ဟန်ဆောင်ပေးမယ်"
ဟွားထျန်းကျယ် အာဏာကိုင်စွဲထားသည်မှာ တစ်နှစ်ကြာသွားခဲ့ပြီဖြစ်၏။ ထိုတစ်နှစ်အတွင်း လူပေါင်းများစွာက သူ့အား ရိုကျိုးခဲ့ကြရသော်ငြား သူကတော့ အကောင်းအတိုင်းရှိနေဆဲပင်။ ထို့ပြင် သူအားကိုးအားထားပြုနိုင်သော နောက်ခံအသိုင်းအဝိုင်းကလည်း အလွန်တောင့်တင်းလှသည်။
နိုင်ငံရေးတွင်ဖြစ်စေ စစ်ရေးတွင်ဖြစ်စေ ဟွားမိသားစု၏ သြဇာလွှမ်းမိုးမှုက ထင်ရှားလှ၏။ ကြောက်စရာအကောင်းဆုံးမှာ ဟွားထျန်းကျယ်တွင် သူ့ကို အနီးကပ်စောင့်ရှောက်ပေးနေသော အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်ရှိသည်။
ဤအမျိုးသားက သိပ်မသန်မာဘဲ ပိန်ပါးသော်ငြား သူ့ကိုပေါ်တင်ရော မသိမသာရော ပစ်မှတ်ထားတတ်သူများကို ခြေရာလက်ရာပင်မကျန်သည်အထိ ပျောက်ကွယ်သွားအောင် လုပ်နိုင်လေသည်။
တစ်ခါတုန်းက စီးပွားရေးကိစ္စကြောင့် စစ်ပွဲနယ်မြေဖြစ်သော တောင်အာဖရိကသို့ သူသွားခဲ့သည်။ ထိုနေရာတွင်အစိုးရတွေ့ဆုံပွဲတစ်ခုရှိပြီး တည်နေရာကလည်း စစ်တပ်သုံးခုကြားရှိ နေရာပင်။
ထိုညတုန်းက ရန်သူသုံးဖွဲ့စလုံးက ထိုနယ်မြေကို ရုတ်တရက်တိုက်စစ်ဆင်ခဲ့သည်။ လူအယောက်နှစ်ထောင်ကျော်လောက်ထဲတွင် ဒဏ်ရာရသူက ရပြီး သေသူက သေသွားကြသည်။ ထိုနယ်မြေတစ်ခုလုံးတွင် အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည့်တိုင် ဟွားထျန်းကျယ်ကတော့ ထိုသေမင်းနယ်မြေမှ ဘေးမသီရန်မခ ပြန်ထွက်လာခဲ့သည်။
သူ ထိုနေရာမှ ထွက်လာခဲ့ချိန်တွင် ထိုနေရာတစ်ခုလုံး မိုးသည်းလေထန်ခဲ့ပြီးနောက် သွေးစက်များအားလုံးကို မိုးရေက ဆေးကြောပစ်ခဲ့သည်ဟု သိရသည်။
နောက်ပိုင်း၌ ထိုကဲ့သို့သော နေရာတစ်ခုတွင် ဘေးကင်းလုံခြုံစွာ လှည့်ပတ်သွားလာနိုင်ခြင်းမှာ သူ့ဘော်ဒီဂတ်ကြောင့်ဖြစ်သည်ဟု ကောလာဟလထွက်ခဲ့သည်။
ထို့ကြောင့် ဟွားထျန်းကျယ်၏လုပ်ရပ်များက မည်မျှအထိ ယုတ္တိမဲ့နေသည်ဖြစ်စေ မည်သူကမှ သူလုပ်သမျှကို မေးခွန်းမထုတ်ရဲခဲ့ပေ။ စော်ကားမော်ကားပြုသော သူ့လုပ်ရပ်များကို လူမသိသူမသိကိစ္စများမဟုတ်ချေ။ အခြားသူများက သူ့လုပ်ရပ်များကို အရှုံးပေးထားခြင်းဖြစ်၏။
ကျန်းမုန့်လောင်၏အဖေ ကျန်းရှောင်ယွင်ကိုတော့ ဤအခမ်းအနားရှိ မည်သူကမှ မသိကြပေ။ ထို့ကြောင့် သူသည် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်၌ လူတစ်သိုက်ကလည်း သူ့ကို အာရုံစိုက်မိလာကြသည်။
နောက်ခံအင်အားမရှိသော လူတစ်ယောက်က ဟွားထျန်းကျယ်ကဲ့သို့သော လူတစ်ယောက်ကို ရန်စရဲသတဲ့လား?
အဆုံးမှာတော့ ကံဆိုးရှာသူ ဤအမျိုးသားလည်း သေချာပေါက်အရှုံးပေးပြီး ဟွားထျန်းကျယ်၏ဖိနပ်ကို လျက်ပေးရတော့မည်ဟု ထင်ခဲ့ကြသည်။
သို့သော် သူတို့အားလုံး အံ့ဩသွားရသည်မှာ ထိုအမျိုးသားက ပြုံးရုံသာပြုံးပြီးနောက် အမှိုက်တစ်စကို မောင်းထုတ်လိုက်သည့်အလား စကားတစ်ခွန်းသာ ဆိုချေသည်။
"လစ်စမ်း"
ဟွားထျန်းကျယ်ကိုယ်တိုင်လည်း မွေးပြီးကတည်းက မည်သူကမှ သူ့အား ထိုသို့သောစကားမျိုးကို မပြောခဲ့ဖူးပေ။ ဟွားမိသားစုကို သူ လက်လွှဲတာဝန်ယူပြီးကတည်းက သူနှင့်တွေ့သမျှလူတိုင်း သူ့အား တလေးတစားပြောဆိုဆက်ဆံကြရသည်ဖြစ်ရာ ဤစကားလုံးကား သူ့အဘိဓာန်ထဲတွင် မရှိပေ။
ထိုနေရာရှိ လေထုအခြေအနေကား အလွန်အမင်းပြင်းထန်လာခဲ့သည်။
သို့သော် ဤသည်မှာ ကော်ဇောနီအခမ်းအနားတစ်ခုဖြစ်၏။ အစီအစဉ်တင်ဆက်သူ၏ အဆင့်အတန်းက ဟွားထျန်းကျယ်ကို မယှဉ်နိုင်သော်လည်း ဟွာရှားနိုင်ငံရှိ အထက်တန်းလွှာလူတန်းစားတစ်ယောက် ဖြစ်နေဆဲပင်။ ဤနေရာမျိုးတွင် ပြဿနာရှာခြင်းမှာ ပွဲစီစဉ်သူကို မလေးစားရာရောက်ပေသည်။
ဟွားထျန်းကျယ်လည်း ဤပြဿနာကို သီးသန့်နေရာတစ်ခုတွင် ဖြေရှင်းရဲသလားဟု မေးလိုက်လေရာ ထင်မှတ်မထားပါဘဲ ထိုအမျိုးသားက သဘောတူလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက် အခမ်းအနားထဲမှ ထွက်လာခဲ့ကြသည်။
သူတို့နှစ်ယောက် လူခြေတိတ်ရာနေရာသို့ ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုမူ မည်သူမှမသိခဲ့ပေ။ သို့သော် ဟွားထျန်းကျယ်အတွက်တော့ ထိုအရာမှာ အိပ်မက်ဆိုးတစ်ခုအလားပင်။
ဟွားထျန်းကျယ် ပထမဆုံးလုပ်သောအရာမှာ မောက်မာလှသော ဤလူကို သင်ခန်းစာပေးဖို့အတွက် နဂါးဘုရင်ကို ခေါ်ယူရန်ပင်။ သို့သော် သူ့ဘဝတစ်သက် ကြောက်စရာအကောင်းဆုံး အိပ်မက်ဆိုးတစ်ခုကို မြင်တွေ့လိုက်ရသည်။
နဂါးဘုရင်ခမျာ လက်သီးတစ်ချက်တည်းနှင့် အမှိုက်ပုံလေးအလား မြေကြီးပေါ်ကို လဲကျသွားပြီးနောက် ထိုအမျိုးသား၏ အရှိန်အဝါက အလွန်ပြင်းထန်လွန်းလှသောကြောင့် သူ့မှာ ခေါင်းပင်မထောင်နိုင်ခဲ့ပေ။ ထိုအချိန်မှသာ ထိုလူက အလွန်အစွမ်းထက်သော စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း ဟွားထျန်းကျယ် သဘောပေါက်လိုက်သည်။
ဟွားထျန်းကျယ်အနေနှင့် ဟွားမိသားစု၏အာဏာဖြင့် မိသားစုတစ်ခုလုံး၏ အရင်းအမြစ်များကို ထုတ်သုံးနိုင်သည်။ ထိုအချိန်တုန်းက ဟွားမိသားစုတွင် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင် အယောက်တစ်ရာကျော်ရှိ၏။ ထိုနတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များထဲတွင် အဆင့်ငါးနှင့်အထက်ရှိသူ ဆယ်ယောက်ကျော်ပင် ရှိသည်။
အာရှတစ်ခွင် မည်သူကမှ မယှဉ်နိုင်သည့် ထိုကဲ့သို့သော အင်အားစုတစ်ခုမှာ အာရှတစ်ခွင်ရှိ ဒုတိယကမ္ဘာတစ်ခုလုံးကို တုန်လှုပ်အောင် လုပ်နိုင်စွမ်းရှိ၏။
သူလည်း မိသားစု၏ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များကို ချက်ချင်းစုစည်းလိုက်သည်။ အာရှတစ်ခွင်ရှိ ပထဝီဝင်မြေမျက်နှာသွင်ပြင်ကိုပင် လှုပ်ခါစေနိုင်သော အင်အားစုတစ်ခုပင်။
သို့သော် ထိုလူကတော့ သူ့အရှိန်အဝါတစ်ခုတည်းကိုသုံး၍ သူ့မိသားစုထဲရှိ အထက်တန်းလွှာစိတ်စွမ်းအားရှင်တစ်ရာကျော်ကို မြေပြင်ပေါ်မှာ ဒူးထောက်သွားအောင် လုပ်နိုင်ခဲ့သည်။ အားနည်းသူများဆိုလျှင် ဤအစွမ်းကြောင့် စိစိညက်ညက်ကြေသွားရပြီး စိတ်စွမ်းအားရှင်အဆင့်တစ်ဝက်လောက်ကို ဆုံးရှုံးခဲ့ကြရသည်။
ထို့နောက် ထိုအမျိုးသားက ပြောလိုက်၏။
"ဒီလူရဲ့ရေစွမ်းအားက မဆိုးဘူးပဲ။ သူ့ကို ငါ့လယ်ကွင်းထဲ ခေါ်လာခဲ့လိုက်"
ထို့နောက် သူသည် နဂါးဘုရင်ကို ကြက်ပေါက်လေးတစ်ကောင်အလား သယ်ဆောင်၍ ပျောက်ကွယ်သွားခဲ့သည်။
နောက်ပိုင်းကာလတွင်မူ အာရှတစ်ခွင်၌ စီးပွားရေးပျက်ကပ်မုန်တိုင်းကြီးတစ်ခု ပြင်းထန်ခဲ့လေသည်။ ထိုအဖြစ်မှာ သူတို့၏ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေဟန်တူပြီး ဟွားမိသားစုပိုင် စက်မှုလုပ်ငန်းများလည်း အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် မိသားစုပိုင်ဆိုင်မှုများမှာ သုံးပုံတစ်ပုံလောက် လျော့ပါးကုန်သည်။
ပိုဆိုးသည်မှာ နိုင်ငံရေးအသိုင်းအဝိုင်းထဲရှိ သူတို့၏ ပင်မမိသားစုဝင်များလည်း အပြင်းအထန်ထိခိုက်ခဲ့ရသည်။ အောင်မြင်လုနီးပါးဖြစ်နေသော ရွေးကောက်ပွဲကို ရှုံးနိမ့်ခဲ့ရပြီးနောက် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တော်တော်များများလည်း ရာထူးကဆင်းပေးဖို့ ဖိအားပေးခံခဲ့ရသည်။
ထိုအချိန်မှာ သူ့အရှေ့ရှိ အမျိုးသား၏အာဏာက သူထင်ထားသည်ထက် ပိုကြီးမားကြောင်း ဟွားထျန်းကျယ် သဘောပေါက်ခဲ့သည်။
ထိုညတုန်းက ဟွားမိသားစုတစ်ခုလုံး တန်ပြန်အစီအစဉ်များကို ဆွေးနွေးနေကြစဉ် ထိုအမျိုးသားက လုံခြုံရေးတင်းကျပ်ထားသည့်ကြားက အတင်းဝင်ရောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ဟွားထျန်းကျယ်လည်း လုံးဝပြိုလဲသွားရလေတော့သည်။
ဟွားမိသားစုဘက်က တောင်းပန်ရန်အတွက် အဖိုးအခအနေနှင့် သူတို့၏ပိုင်ဆိုင်မှုအမြောက်အများကို ပေးအပ်ခဲ့ရပြီးနောက် ရှေ့လျှောက် မထင်မပေါ်သာနေတော့မည်ဟု ကတိပေးခဲ့သည်။ ထိုအခါမှသာ ကျန်းရှောင်ယွင်က ရပ်တန့်ခဲ့ခြင်းပင်။
ထိုဖြစ်ရပ်အပြီးတွင် ကျန်းရှောင်ယွင်ကလည်း ကမ္ဘာကြီးထဲမှ လုံးဝပျောက်ကွယ်သွားသည့်အလား ပျောက်သွားလေတော့သည်။ ဟွားမိသားစုဘက်က မည်မျှစုံစမ်းပါစေ သူနှင့်ပတ်သက်သော ဘာအချက်အလက်ကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော် ထိုအချိန်ကစ၍ သူတို့တစ်မိသားစုလုံးလည်း သတိကြီးကြီးထား၍ နေထိုင်ခဲ့ရသည်။ု
….
"သေချာလား"
လွန်ခဲ့သည့်ဆယ်နှစ်တုန်းက အဖြစ်အပျက်ကို ပြန်တွေးမိပြီးနောက် ဟွားထျန်းကျယ် ကြောက်ဒူးတုန်သွားရသည်။
လွန်ခဲ့သည့်ဆယ်နှစ်တုန်းက ထိုလူ့ကို သူ ရန်စခဲ့ဖူးသည်။ ယခုလည်း သူ့သားက ထိုလူ၏သားကို ရန်စလိုက်ပေသည်။
ကမ္ဘာကြီးက ဒီလောက်တောင်ကျဉ်းသလား?
"ကျွန်တော် နဂါးဘုရင်ကိုတွေ့ခဲ့တယ်"
ဟွားယဲ့က စိတ်ပျက်အားလျော့နေဟန်ဖြင့် ပြောလာလေသည်။
"သူက ကျန်းမုန့်လောင်ရဲ့လယ်ကွင်းတစ်ခုထဲမှာ မိုးအတုရွာပေးနေရတာ။ ပြီးတော့ ကောင်းကောင်းမလုပ်ရင် ကျာပွတ်နဲ့အရိုက်ခံရသေးတာ…အဖေ.. ကျွန်တော်…"
"မင်းကို အပြစ်တင်လို့မရပါဘူး"
ဟွားထျန်းကျယ် ပြောလိုက်လေသည်။
"ငါ့ခွင့်ပြုချက်ကြောင့် မင်းလုပ်ခဲ့တာလေ။ ဒီတော့ ငါလည်း တာဝန်ယူရမှာပေါ့"
"အဖေ.. သူက လျော်ကြေးငွေဒေါ်လာ၁၅၀ဘီလီယံပေးရမယ်တဲ့ ကျွန်တော်…"
"သဘောတူလိုက်"
ဟွားထျန်းကျယ် ပြန်ပြောလိုက်သည်။
"မင်းဆိုတာ အသာထားလိုက်ဦး။ အဲဒီအဆင့်ခုနစ်စိတ်စွမ်းအားရှင်နှစ်ယောက်က ဒေါ်လာ၁၅၀ဘီလီယံနဲ့ လဲလို့မရဘူး"
အရေးအကြီးဆုံးမှာ ဒေါ်လာ၁၅၀ဘီလီယံဆိုသည်မှာ အလွန်နည်းလွန်းလှသည်ဟု သူ တွေးမိသည်။
လွန်ခဲ့သည့်ဆယ်နှစ်တုန်းက သူ ကျန်းရှောင်ယွင်ကို အပြစ်ပြုခဲ့မိစဉ်က သူတို့မိသားစု၏ပိုင်ဆိုင်မှုထဲမှ သုံးပုံတစ်ပုံလောက် ပါသွားခဲ့ပြီး ကျန်သုံးပုံနှစ်ပုံကိုတော့ ပုံသေပိုင်ဆိုင်မှုထဲမှ တစ်ဝက်လောက်ထုတ်ယူပြီး ငွေသားအဖြစ် လျော်ကြေးပေးခဲ့ရသေးသည်။
သို့ဖြစ်လေရာ သူတို့၏ဆုံးရှုံးနစ်နာမှုမှာ ဒေါ်လာထရီလီယံပေါင်းများစွာ ကျသင့်ခဲ့သည်။
ဤဒေါ်လာ၁၅၀ဘီလီယံဆိုသည်မှာ များပြားလှသော ပမာဏတစ်ခုဖြစ်သော်လည်း ညှိနှိုင်း၍ရနိုင်သေးသည်။
….
"မုန့်လောင်.. နင်လုပ်တာ တအားမပြင်းထန်လွန်းဘူးလား"
လုရီယောင်က ဘေးနားမှ ဝင်ပြောလာသည်။ ဒေါ်လာ၁၅၀ဘီလီယံဆိုသည်မှာ ကမ္ဘာပေါ်ရှိ ဒုတိယအချမ်းသာဆုံးလူ၏ ပိုင်ဆိုင်မှုနီးနီးရှိ၏။ ဟွားမိသားစုတစ်ခုလုံးပေါင်းလျှင်ပင် ဒေါ်လာ၁၅၀ဘီလီယံကို မထုတ်နိုင်ပေ။
"ပြဿနာမရှိပါဘူး။ သူတို့မထုတ်နိုင်ရင်လည်း ငါတို့ ဈေးဆစ်လို့ရပါတယ်"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်လေသည်။ တကယ်တမ်းတွင် ဒေါ်လာ၁၅၀ဘီလီယံဆိုသည်မှာ သူ ပေါ့ပေါ့ပါးပါးပြောလိုက်သေုာ ပမာဏတစ်ခုမျှသာ ဖြစ်၏။
"မစ္စတာကျန်း"
ဟွားယဲ့က ကျန်းမုန့်လောင်က တရိုတသေဦးညွှတ်လိုက်သည်။
"ကျွန်တော့်အဖေက ခင်ဗျားကို သူကိုယ်တိုင်တောင်းပန်ဖို့အတွက် ဧည့်သည်တော်တစ်ဦးအနေနဲ့ အိမ်ကို ဖိတ်ကြားချင်လို့ပါတဲ့"
"ငါ့ကို ပေါက်ကရတွေလာမပြောနဲ့နော်။ လျော်ကြေးငွေ တစ်ပြားလောက်လျော့ရင်တောင် လက်မခံဘူး"
ကျန်းမုန့်လောင်ကတော့ ခက်ထန်ပြလိုက်သည်။
"လျော်ကြေးငွေက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော့်အဖေက ပြောတယ်။ အဲဒီငွေကို လက်နှစ်ဖက်နဲ့ တရိုတသေပေးရမယ်တဲ့လေ"
"အာ?"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ခမျာ ကိစ္စများက အဆင်ပြေချောမွေ့လွန်းသဖြင့် အံ့အားသင့်သွားရပြီး အကြည့်ချင်းဖလှယ်လိုက်မိကြသည်။
"ရီရီ"
ကျန်းမုန့်လောင်မှာ ရုတ်တရက်ကြီး နောင်တရသွားသည်။
"ငါတောင်းတဲ့ပမာဏက နည်းသွားတယ်လို့ ဘာလို့ခံစားမိနေပါလိမ့်"
********************.