မလုပ်နိုင်ရင်အရှက်ခွဲမယ် ပြီးရင်သတ်ပစ်မယ်
Vol. 32 Ch. 471
"ဒါကို ဘယ်လိုသက်သေပြမလဲ"
ကျန်းမုန့်လောင်၏ကမ်းလှမ်းချက်က လူကာနှင့် အယ်လီဆာတို့ကို မငြင်းနိုင်အောင် ဆွဲဆောင်နိုင်ခဲ့သည်။
ကလေးဘဝကတည်းက သူတို့ကို စစ်လက်နက်အဖြစ် အသုံးချရန် အစမ်းသပ်ခံပစ္စည်းများအဖြစ် အသုံးပြုခဲ့ကြသည်။ ထိုဓာတ်ခွဲခန်းထဲမှာ သာမန်လူများအတွက် စိတ်ကူးကြည့်၍ပင်မရနိုင်သော နာကျင်မှုများကို သူတို့ ခံစားခဲ့ကြရသည်။ ၎င်းမှာ သူတို့၏စိတ်ခံစားမှုများကို တိုက်စားခဲ့သော အတွေ့အကြုံတစ်ခုပင်။
ထရိုင်ဒန့်နှင့် သူတို့၏ဆက်ဆံရေးမှာ မိတ်ဆွေဖွဲ့ထားခြင်းသက်သက်သာ။ တစ်နေ့မှာ ထရိုင်ဒန့်က သူတို့ကို အသက်ကယ်ဆေး မပေးနိုင်တော့ပါက သူတို့ကလည်း သူ့အား တစ်ချက်နောက်ပြန်လှည့်မကြည့်ဘဲ ထားခဲ့မည်သာ။
အခြားရွေးချယ်စရာမရှိလျှင် ထရိုင်ဒန့်၏ဘေးကင်းမှုကို ကာကွယ်ပေးဖို့ အကောင်းဆုံးကြိုးစားမည်။ ဤသည်မှာ စိတ်ခံစားချက်ကင်းမဲ့သော အပေးအယူသက်သက်ပင်။
တစ်စုံတစ်ယောက်က သူတို့၏ဆဲလ်ပြိုလဲမှုကို တားဆီးပေးနိုင်ပြီး သာမန်လူတွေလို ကျန်းမာအောင် လုပ်ပေးနိုင်သည်ဟု ဆိုလာခဲ့လျှင် သူတို့ကလည်း ထရိုင်ဒန့်ကို ချက်ချင်းစွန့်လွှတ်ပစ်မည်သာ။
သို့သော် သူတို့ကိုသိမ်းသွင်းနိုင်မည့် ခိုင်မာသောသက်သေလည်း လိုအပ်ပေသည်။
"ဒါတွေကိုယူလိုက်"
ကျန်းမုန့်လောင်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးနှစ်လုံးကို အသာလေးပစ်ပေးလိုက်သည်။
ရှေးဟောင်းသိုင်းပညာရှင်ပင်ဖြစ်စေ၊ စိတ်စွမ်းအားရှင်ပင်ဖြစ်စေ၊ သို့မဟုတ် သန္ဓေပြောင်းလူသားများပင်ဖြစ်စေ အခြေခံအားဖြင့်တော့ အားလုံးက လူသားဗီဇ၏ တိုးတက်မှုနှင့် ဆင့်ကဲဖြစ်စဉ်တစ်ခုပင်။
ရှေးဟောင်းသိုင်းပညာရှင်များမှာ သူတို့၏မျိုးရိုးဗီဇကို မြှင့်တင်ရင်း နေ့စဉ်လေ့ကျင့်ခြင်းဖြင့် သူတို့၏ခန္ဓာကိုယ်ကို အားဖြည့်ကြသည်။ ဤဖြစ်စဉ်က နှေးကွေးသော်လည်း ဘေးထွက်ဆိုးကျိုး ကင်းစင်ပြီး သိသာလှသော သက်ရောက်မှုများကို မြင်ရဖို့လည်း ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်လေသည်။
စိတ်စွမ်းအားရှင်များမှာ သာမန်လူများထက် ပိုသန်မာသော တက်ကြွလွန်းလှသည့်ဗီဇများဖြင့် မွေးဖွားလာသူများပင်။ ဤသဘာဝခွန်အားက ကြီးထွားမှုဖြစ်စဉ်အတွင်း သူတို့ခန္ဓာကိုယ်ကို မသိမသာအားဖြည့်ပေးပြီး မျိုးရိုးဗီဇဖွံ့ဖြိုးမှုကြောင့် ဖြစ်ပေါ်လာမည့် ကြီးလှစွာသောဖိအားများကို ခံနိုင်ရည်ရှိစေသည်။
သို့သော် သန္ဓေပြောင်းလူသားများက အများအားဖြင့် ပြင်ပသက်ရောက်မှုများကြောင့် ဗီဇပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးမှုများကို ကြုံတွေ့ရသည်။ ဤပြောင်းလဲမှုမတိုင်ခင်တုန်းက သူတို့ထဲမှအများစုက သာမန်လူသားများဖြစ်၏။ ထို့ကြောင့် သူတို့၏ခန္ဓာကိုယ်များမှာ သိသာလှသော အပြောင်းအလဲများကို ခံနိုင်ရည်မရှိဘဲ ပြိုလဲသွားရသည်။
တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး၏ အကျိုးသက်ရောက်မှုက မျိုးရိုးဗီဇဖွံ့ဖြိုးမှုနှုန်းကို အရှိန်မြှင့်ပေးပြီး ၎င်း၏လုပ်ဆောင်နိုင်စွမ်းကလည်း လူသားဆဲလ်များ၏အင်အားကို ပုံသွင်းပေးရာ၌ ကူညီပေးပြီး ပြင်းထန်လှသော အပြောင်းအလဲများကို ခံနိုင်ရည်ရှိသည့် အကန့်အသတ်အတွင်းမှာ ထိန်းညှိပေးထားသည်။
ဤမောင်နှမနှစ်ယောက်၏ စွမ်းအင်ပြင်းအားက ၁၀ယူနစ်အတွင်း၌ ရှိပါက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးတစ်လုံးတည်းကပင် သူတို့၏ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်ပြီး တိုးတက်ဖွံ့ဖြိုးနိုင်ရန်အတွက်လည်း ကူညီပေးနိုင်သည်။ သို့သော် ယခုလောလောဆယ်တော့ သူတို့၏ခန္ဓာကိုယ်များ ပြိုလဲသွားမည့်အရေးကို သက်သာစေရုံမျှသာ ကူညီပေးနိုင်သည်။
တကယ်တော့ ကျန်းမိသားစုထဲရှိ အဂ္ဂိရတ်ဆရာများ၏ ကျွမ်းကျင်မှုကလည်း အကန့်အသတ်ရှိသည်။ သူတို့အနေနှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ ဆရာများ၏ စွမ်းရည်များကို တိုက်ရိုက်မတုပနိုင်ပေ။ ထို့ကြောင့် သူတို့၏အဂ္ဂိရတ်နည်းစနစ်မှာ သာမန်အဆင့်မျှသာ။
သို့သော် ယခုမူ ကျန်းမုန့်လောင်က ဆရာယောင်ချန်း၏ အဂ္ဂိရတ်နည်းပညာကို ဘေးကင်းလုံခြုံစွာ ကူးယူနိုင်ခဲ့သည်။ ကုန်ကြမ်းပစ္စည်းများနှင့် အချိန်ကိုသာ လုံလောက်အောင်ပေးပါက ဘယ်ဆေးဝါးကိုမဆို ဖန်တီးနိုင်သည်။
ယခုအချိန်မှာ အဂ္ဂိရတ်နည်းပညာကို ထုတ်သုံးရမည့်အချိန် မဟုတ်ပါချေ။ လောလောဆယ်မှာ ကျန်းမုန့်လောင်အနေနှင့် သူတို့၏ယုံကြည်မှုကို ရယူရုံသာလိုအပ်သည်ဖြစ်ရာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးနှစ်လုံးဖြင့် လုံလောက်သည်။
"ဒါက ဘာလဲ?"
လူကာနှင့် အယ်လီဆာတို့မှာ ထိုဆေးလုံးနှစ်လုံးကို ဂရုတစိုက်လေ့လာကြသည်။ သူတို့ ဤအရာမျိုးကို တစ်ခါမှမမြင်ဖူးသော်ငြား ဤဆေးများမှထွက်လာသောရနံ့က သူတို့၏စိတ်ဆန္ဒကို လှုံ့ဆော်ပေးနေသည်။
"အဲဒါတွေကိုမစားနဲ့။ အဆိပ်တွေဖြစ်နေနိုင်တယ်နော်"
ထရိုင်ဒန့်က ချက်ချင်းဝင်တားလိုက်သည်။ လူကာနှင့် အယ်လီဆာတို့က သူ၏နောက်ဆုံးအားကိုးရာဖြစ်သောကြောင့် သူ့အနေနှင့် သူတို့ကို ဘာမှဖြစ်ခွင့်မပြုနိုင်ပေ။
ဤနှစ်ပေါင်းများစွာအတွင်း သူသည် ရန်သူအများကြီး ရထားသည်။ သူ့ခမျာ သူတို့ကိုအားကိုးရင်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့သည်။ မဟုတ်ပါက ရွှီလိဒေသထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလားဆိုသည်ကိုပင် မသိနိုင်ပေ။
သို့သော် သူတို့ကတော့ ထရိုင်ဒန့်၏သတိပေးချက်ကို လျစ်လျူရှုထားကြသည်။ သူတို့၏အသိစိတ်က ဤပစ္စည်းများမှာ အန္တရာယ်မရှိရုံတင်မကဘဲ သူတို့အတွက် အကျိုးအမြတ်ရှိနိုင်ကြောင်း ပြောပြနေပေသည်။
"အဲဒါကိုလိမ်လိုက်၊ လျက်လိုက်၊ ငုံလိုက်...အရသာက ပိုကောင်းသွားလိမ့်မယ်"
လူကာနှင့် အယ်လီဆာတို့လည်း တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ကြသည်။
ခဏအကြာ သူတို့၏ခန္ဓာကိုယ်ထဲသို့ အံ့ဖွယ်စွမ်းအားတစ်ရပ် စိမ့်ဝင်လာသည်။
ထရိုင်ဒန့်ပေးသော ဆေးဝါးများမှာ သူတို့၏အသက်ကို ကယ်တင်နိုင်သော်ငြား ဆဲလ်ပြိုကွဲမှုကိုအရှိန်မြှင့်ပြီး ဆဲလ်သေများကို အစားထိုးပေးရုံသာ လုပ်ပေးနိုင်သည်။
သူတို့၏ဆဲလ်များက အမြဲသေနေသောကြောင့် သူတို့၏ခန္ဓာကိုယ်ကလည်း အမြဲနာကျင်ခဲ့ရသည်။ နှစ်ပေါင်းများစွာကြာလာသောအခါ သူတို့၏နာကျင်မှုဆိုင်ရာအာရုံကြောများဟာ ထုံထိုင်းသွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်လေးမှာ သူတို့ခန္ဓာကိုယ်ထဲတွင် မကြုံစဖူး သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ ထိုတဒင်္ဂလေးအတွင်းမှာ ရုပ်ပိုင်းနာကျင်မှုကင်းဝေးသော ကမ္ဘာတစ်ခုက အလွန်အံ့ဖွယ်ကြည်နူးဖွယ်ကောင်းလှကြောင်း သူတို့သဘောပေါက်သွားသည်။
ဤဆေးက သူတို့ခန္ဓာကိုယ်ကို အမြစ်ထိတိုင် ပျောက်ကင်းသွားအောင် ကုသပေးနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ဒီလိုဆေးမျိုး မင်းမှာ ဘယ်နှလုံးလောက်ရှိသေးလဲ"
သူတို့နှစ်ယောက်လည်း စိတ်အားထက်သန်မှုများ တောက်လောင်နေသော မျက်ဝန်းအစုံဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်ကြသည်။
"မင်းတို့လိုအပ်သလောက်ပေါ့!"
ကျန်းမုန့်လောင်ကလည်း အေးအေးလူလူလေသံဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ ဒီဆေးရဲ့အာနိသင်က အရမ်းအားမကောင်းသေးဘူး။ ရောဂါလက္ခဏာတွေကို ကုသပေးနိုင်ပေမဲ့ ရောဂါဇစ်မြစ်ကိုတော့ မကုသပေးနိုင်ဘူး။ မင်းတို့ ဒါကို ရေရှည်သုံးဖို့လိုပေမဲ့ ငါ့မှာ ပိုကောင်းတဲ့ဆေးတစ်ခုရှိတယ်။ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ စဉ်းစားပြီးတဲ့နောက်မှာ ငါ့ဘိုးဘေးတွေကိုဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ငါချလိုက်ပြီ။ မင်းတို့သာ ငါ့ဘက်မှာရှိနေသရွေ့ ငါကလည်း မင်းတို့ကိုကုသပေးနိုင်တဲ့ အရာတစ်ခုပေးမှာပဲ"
ခက်ခဲတဲ့ဆုံးဖြတ်ချက်တဲ့လား...
လူကာနှင့် အယ်လီဆာတို့လည်း ကျန်းမုန့်လောင်၏အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ရွေးချယ်မှုတစ်ခုလုပ်ဖို့ ဘယ်နေရာမှာများ အခက်အခဲရှိခဲ့လို့လဲ?
ဘိုးဘေးတွေကို ဆန့်ကျင်တာတဲ့လား။ ဒီဟွာရှားလူမျိုးက ဘာဒရမ်မာတွေ ခင်းနေတာလဲ။ မင်းရဲ့ဘိုးဘေးတွေက ဘယ်လိုဆုံးဖြတ်ချက်ချခဲ့လဲဆိုတာသာ ပြောပြစမ်းပါ!
"ဘယ်လိုသဘောရလဲ။ စဉ်းစားကြည့်ချင်လား"
ကျန်းမုန့်လောင်က လူကာနှင့် အယ်လီဆာထံသို့ ငြိမ်းချမ်းရေးသံလွင်ခက် ကမ်းလိုက်သည်။
တကယ်တော့ ကျန်းမုန့်လောင်က ဤမောင်နှမနှစ်ယောက်၏ အရည်အချင်းများကို တန်ဖိုးမထားပေ။ သူ့မိသားစု၏ လုံခြုံရေးအဖွဲ့ထဲမှာ သူတို့ထက် အဆပေါင်းများစွာ ပိုသန်မာသူများရှိနေသည်ကို မဆိုထားနှင့်။ သူ့တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိနေသရွေ့ သူတို့ထက် ပိုအားကောင်းသောလူများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်သည်။
သို့သော် ကျန်းမုန့်လောင်က ဤဂေးကောင်ကို စိတ်တိုအောင် ဆွပေးချင်သည်။ ဤသည်မှာ အပျော်သက်သက်လုပ်နေခြင်းပင်။
ဆာထရီနှင့် ထရိုင်ဒန့်တို့၏ မျက်လုံးများမှာ ထိုမောင်နှမနှစ်ယောက်ထံတွင် အာရုံစိုက်ထားကြသည်။ ယခုအချိန်တွင် လူတိုင်းက သူတို့၏ရွေးချယ်မှုကို စောင့်ဆိုင်းနေကြသည်။
ခဏအကြာ သူတို့မောင်နှမနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် ကျန်းမုန့်လောင်၏ဘေးနားကို တိတ်တဆိတ်ရွေ့သွားလေသည်။
"ဘော့စ်!"
"မင်း... မင်းတို့.."
ထိုအခိုက်ဝယ် ထရိုင်ဒန့်ခမျာ ထိတ်လန့်သွားရှာလေသည်။ သူငှားရမ်းထားသော ကြေးစားများကို ကျန်းမုန့်လောင်က ဆွဲဆောင်နိုင်ခဲ့ရုံသာမက အစောပိုင်းတုန်းကလည်း ဆန်ခါပေါက်ဖြစ်သည်အထိ ပစ်သတ်ခဲ့သေးသည်။ အယ်လီဆာနှင့် သူ့အစ်ကိုသာမရှိပါက သူသည် ဤနေရာတွင် ဘာမှမဟုတ်သော ကောင်တစ်ကောင်ပင်။ သူ့ခေါင်းလည်း အချိန်မရွေးရိုက်ခွဲခံရနိုင်သည်။
"တောင်းပန်ပါတယ်။ ခင်ဗျားက ကျုပ်တို့ကို ဆေးတွေထောက်ပံ့ပေးခဲ့တယ်။ ကျုပ်တို့ကလည်း ခင်ဗျားကို ကာကွယ်ပေးခဲ့တယ်။ ဒီတော့ ကျုပ်တို့ဘက်က မျှတတယ်နော်။ ခင်ဗျားရဲ့ငွေတွေကတော့..."
လူကာနှင့် အယ်လီဆာတို့မှာ သူတို့၏ဘဏ်ကတ်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
"ခင်ဗျားပေးခဲ့တဲ့ငွေတွေအားလုံး ဒီထဲမှာရှိတယ်။ တစ်ပြားမှမသုံးထားဘူး"
ထရိုင်ဒန့်ခမျာ ဘဏ်ကတ်နှစ်ခုကို ကြည့်နေမိသည်။ ကတ်တစ်ခုချင်းစီတွင် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီပြီးရှိသော်ငြား သူ့ခမျာ ထိုကတ်များကို မကောက်ရဲပေ။
"ကျန်း.. မစ္စတာကျန်း ခင်ဗျား ကျွန်တော်နဲ့ အရောင်းအဝယ်လုပ်မှာမဟုတ်ဘူးလား"
ထရိုင်ဒန့်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ရွှီလိဒေသထဲက လက်နက်ဝယ်ယူရေးမှာ ကျွန်တော်က ပထမအဆင့်ဆိုရင် ဘယ်သူမှ ဒုတိယနေရာကို မယူရဲဘူး။ ခင်ဗျားလိုချင်တဲ့ ဘယ်လက်နက် ဘယ်ကိရိယာပဲဖြစ်ဖြစ် ကျွန်တော် ဝယ်ပေးနိုင်ပါတယ်"
ထရိုင်ဒန့်က သူ့တန်ဖိုးကို ချက်ချင်း သက်သေပြလေသည်။ ကျန်းမုန့်လောင်ကသာ ကြေးစားစစ်သားများကို ပစ်မိန့်ပေးလိုက်လျှင် ဘာအကာအကွယ်မှမရှိသော သူလည်း ချက်ချင်းပင် သွေးခဲကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
"တကယ်လား။ ဘယ်လိုလက်နက်ပဲဖြစ်ဖြစ် ရအောင်ရှာနိုင်တယ်လား"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"လုံးဝအမှန်အကန်ပါ"
ထရိုင်ဒန့်ကလည်း အာမခံလိုက်သည်။
"ကျွန်တော်သာ ရအောင်လုပ်မပေးနိုင်ဘူးဆိုရင် ရွှီလိဒေသထဲက ဘယ်သူကမှ လုပ်မပေးနိုင်ပါဘူး"
"ဒါဆို ကောင်းပြီလေ"
ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။
"ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေရနိုင်မလား"
"ဟုတ်ကဲ့!"
"နောက်ဆုံးပေါ်စစ်တင့်ကားတွေရောရနိုင်လား"
"ဟုတ်ကဲ့! ဘယ်နိုင်ငံရဲ့မော်ဒယ်လ်ကိုမဆို ကျွန်တော် ရအောင်လုပ်ပေးနိုင်ပါတယ်"
"ဒုံးကျည်တွေရော"
"ဘယ်အမျိုးအစားကို လိုချင်လဲဗျ။ နျူကလီးယားလက်နက်တွေနဲ့ ပြင်းအားမြင့်ဒုံးကျည်တွေကလွဲရင် ကျန်တာတွေအားလုံးကို ရအောင်ယူနိုင်တဲ့ နည်းလမ်းတစ်ခု ရှာပေးနိုင်ပါတယ်"
"အင်း..ကောင်းပြီလေ။ တော်တော်စွမ်းတာပဲ"
ကျန်းမုန့်လောင်က အနည်းငယ်အံ့ဩသွားပြီး ပြောလိုက်၏။
ဒီလူက ဂေးတစ်ယောက်ဆိုပေမဲ့ အဆက်အသွယ်တော့ပေါသားပဲ!
"အပေးအယူကတော့ ဒီလို...အသစ်ဆုံးတိုက်လေယာဉ်နဲ့တင့်ကားအစီးငါးရာ၊ ဒုံးကျည်အမျိုးအစားအစုံက တစ်ထောင်၊ ပိုအစွမ်းထက်လေလေ ပိုကောင်းလေလေပဲ။ ကုန်ကျစရိတ်ကို ဘာမှမပူနဲ့"
"ယူနစ်၅၀၀လား"
မယုံနိုင်စရာကောင်းသောပမာဏကို ကြားလိုက်ရသောအခါ ထရိုင်ဒန့်၏မျက်လုံးများမှာ အဆမတန်ပြူးကျယ်သွားသည်။
သူက တပ်ရင်းတစ်ခုကို လက်နက်တပ်ဆင်ဖို့ စီစဉ်နေတာလား။ ဟွာရှားလူမျိုးတွေက ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ ပြင်ဆင်နေတာများလား?
"မလုပ်နိုင်ဘူးလား"
ကျန်းမုန့်လောင်က ထရိုင်ဒန့်၏အမူအရာကိုကြည့်ပြီး သင်္ကာမကင်းဖြစ်မိသည်။
"မလုပ်နိုင်ရင် အရင်ဆုံး အရှက်ခွဲမယ်။ ပြီးရင် သတ်ပစ်မယ်။ ဘာမှတန်ဖိုးမရှိတဲ့လူတစ်ယောက်က ငါ့အတွက် ဘာအကျိုးရှိမှာလဲ"
***************