ဘယ်လောက်လဲ
Vol. 32 Ch. 472
"သူ့ဘောင်းဘီကိုချွတ်လိုက်"
ကျန်းမုန့်လောင်က ကြေးစားစစ်သားများကို အမိန့်ပေးလိုက်သည်။
ဤမျှကြမ်းတမ်းလှသောအမိန့်မျိုးကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ပြီးတော့ သောက်ကျိုးနည်း? ကျန်းမုန့်လောင်က လူနဲ့တူသောကိစ္စများကို မလုပ်တတ်ပေ။
"နေဦး။ ရအောင်လုပ်ပေးနိုင်ပါတယ်! လုပ်ပေးနိုင်တယ်!"
ကျန်းမုန့်လောင်၏အမိန့်ကိုကြားသောအခါ ထရိုင်ဒန့်လည်း ရုတ်တရက်ထိတ်လန့်သွားသည်။
ဒါက လူသားတစ်ယောက်ရဲ့လုပ်ရပ်လား?
သူသည် ဆီးရီးယားမှာ စစ်ခေါင်းဆောင်တိုင်းကို စော်ကားခဲ့ဖူးသည်။ အခွင့်အရေးသာရလျှင် သူတို့ကလည်း သူ့ကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက လက်တုံ့ပြန်ကြမည်မှာ သေချာ၏။ ထိုအဖြစ်ကို သူ ဘယ်လိုခံနိုင်ရည်ရှိမည်နည်း။
"သေချာလား"
တကယ်တမ်းတွင် ကျန်းမုန့်လောင်က ထိုအစင်းငါးရာကို ပြီးစလွယ်ပြောခဲ့ခြင်းပင်။ တစ်နှစ်အတွင်းမှာ တိုက်လေယာဉ်အစင်းငါးရာနှင့် တင့်ကားကြီးများကို ထုတ်လုပ်ဖို့ မဖြစ်နိုင်ပေ။
ထိုအထဲမှ တစ်စိတ်တစ်ပိုင်းကို နိုင်ငံများနှင့် ဒေသအသီးသီးကို ရောင်းချထားပြီးဖြစ်၏။ သူတို့ကိုရောင်းချဖို့ ဘယ်နေရာကများ သွားရှာနိုင်ဦးမလဲ။
"သေချာပါတယ်!"
ထရိုင်ဒန့်က ပြောလိုက်လေသည်။
"ကျွန်တော့်အရည်အချင်းနဲ့ဆိုရင် အများဆုံးနှစ်ရာကျော်အထိပဲ ရနိုင်ပေမဲ့ တခြားအဆက်အသွယ်တွေတော့ ရှိပါသေးတယ်။ ဈေးသင့်တယ်ဆိုရင် အဲဒီလမ်းကြောင်းတွေကတစ်ဆင့် ပိုရနိုင်တယ်"
"အိုး? ခေါ်ဈေးရောရှိလား"
"ခဏစောင့်ပေးပါဦး"
ထရိုင်ဒန့်လည်း အနီးရှိ စားပွဲဆီသို့ ပြေးသွားပြီးနောက် လှန်လှောရှာဖွေလိုက်၏။ နောက်ဆုံးမှာတော့ ဖန်သားပြင်အပိုင်းပိုင်းအစစကွဲကြေနေသော တက်ဘလက်ကွန်ပျူတာတစ်လုံးကို တွေ့လိုက်ရသည်။
"ကျွန်တော်ရနိုင်တဲ့လက်နက်တွေနဲ့ ပစ္စည်းကိရိယာတွေက ဒီထဲမှာရှိပါတယ်!"
"တိုက်လေယာဉ်တွေ၊ သတိပေးလေယာဉ်တွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ၊ အပျော်စီးသင်္ဘောတွေပဲ"
ကျန်းမုန့်လောင်လည်း ခပ်မြန်မြန်လေး ကြည့်လိုက်၏။ ပင်မစစ်လက်နက်အမျိုးအစားဆယ်ခုကျော်ရှိပြီး အသေးစားလက်နက်များမှာမူ တစ်ရာကျော်အထိရှိသည်။
"အခွင့်အရေးရရင် ခေါင်းဆောင်မာကို သူ့ရဲ့ထျန်းကျူဈေးဝယ်စင်တာမှာ မင်းအတွက် ဆိုင်ခန်းတစ်ခန်းဖွင့်ပေးဖို့ ပြောပေးမယ်။ မင်း ဒီလုပ်ငန်းရဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ ငါအာမခံတယ်"
ကျန်းမုန့်လောင်မှာ တိုက်လေယာဉ်အမျိုးအစားကို နှိပ်၍ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အမျိုးအစားကို ရွေးချယ်လိုက်သည်။
F-22 : ကုန်ကျစရိတ် : ဒေါ်လာသန်း၁၅၀၊ရောင်းဈေး : ဒေါ်လာ၁၇၈သန်း။
F-35 : အမျိုးအစားသုံးမျိုးရှိသည်။ ဆောက်လုပ်ရေးကုန်ကျစရိတ် : F-35Aအတွက် အမေရိကန်ဒေါ်လာသန်း၁၂၀၊ F-35Bအတွက် အမေရိကန်ဒေါ်လာသန်း၁၅၀နဲ့ F-35Cအတွက် အမေရိကန်ဒေါ်လာ၁၃၅သန်း။
ရောင်းဈေး : F-35Aအတွက် အမေရိကန်ဒေါ်လာ ၁၉၃သန်း၊ F-35Bအတွက် အမေရိကန်ဒေါ်လာ၂၃၅သန်းနဲ့ F-35Cအတွက် အမေရိကန်ဒေါ်လာ ၂၁၈သန်း။
Su-57 : ကုန်ကျစရိတ် : အမေရိကန်ဒေါ်လာသန်းလေးဆယ်၊ ရောင်းဈေး : အမေရိကန်ဒေါ်လာ ၇၉.၂သန်း။
X-2 : ဒေါ်လာသန်းရှစ်ဆယ်၊ ရောင်းဈေး : ဒေါ်လာ ၁၃၈သန်း။
ပဉ္စမမျိုးဆက် တိုက်လေယာဉ်နည်းပညာကို ကျွမ်းကျင်သော နိုင်ငံများမှာ များများစားစားမရှိသောကြောင့် စာရင်းထဲတွင် တိုက်လေယာဉ်အမျိုးအစားဆယ်မျိုးပင် မပြည့်ချေ။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် လက်ရှိအသုံးပြုနေသော ပဉ္စမမျိုးဆက်တိုက်လေယာဉ်အားလုံးနီးပါးကို ဝယ်ယူနိုင်သည်။
"ဒီစျေးက စျေးပေါလှချည်ရဲ့တော့ မဟုတ်ဘူးပဲ"
ကျန်းမုန့်လောင် ရေရွတ်လိုက်မိသည်။ ဤသည်မှာ ဆောက်လုပ်ရေးကုန်ကျစရိတ်ထက် နှစ်ဆနီးပါးပိုများပေသည်။
"မစ္စတာကျန်း..ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ။ ကျွန်တော်တို့ တိုက်လေယာဉ်တစ်စင်းကို လိုအပ်တယ်။ ပြီးတော့ လုပ်ငန်းစဉ်ရဲ့အဆင့်တိုင်းကိုလည်း လုပ်ဖို့လိုပါတယ်။ ဒေါ်လာသန်းတစ်ရာတန်တဲ့ တိုက်လေယာဉ်တစ်စင်းဆိုရင် ကျွန်တော်ရတာဆိုလို့ ဒေါ်လာသန်းနှစ်ဆယ်တည်းပါ"
"အမြတ်အစွန်းကလည်း သိပ်မမြင့်ဘူးပဲ"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ ယနေ့ခေတ်တွင် ကုန်ပစ္စည်းရောင်းသော ကြားခံလူများ၏ ကော်မရှင်ခမှာ အခြေခံအားဖြင့် ရောင်းစျေး၏သုံးဆယ်ရာခိုင်နှုန်းကျော်ပင်။ သူတို့နှင့်ယှဉ်ကြည့်လိုက်လျှင် ထရိုင်ဒန့်က အသိတရားရှိသေးသည်။
"လုပ်ဆောင်နည်းက တော်တော်ရှုပ်ထွေးလို့လား"
ဤမျှကြီးမားလှသောအရာကို သူတို့ ဘယ်လိုဖန်တီးနိုင်ခဲ့သလဲဆိုတာကို ကျန်းမုန့်လောင် သိချင်မိသည်။
"လုပ်ဆောင်မှုကတော့ ရိုးရိုးလေးပါ။ တရားဝင်လမ်းကြောင်းကတစ်ဆင့် မှာယူတဲ့အခါမျိုးမှာ အဆက်အသွယ်တွေ တည်ဆောက်ပြီး တိုက်လေယာဉ်အမှာစာတွေ ပိုရအောင်လုပ်ဖို့ပဲလိုတာပါ။ နောက်တော့ သူတို့ကို ကော်မရှင်ခပေးပြီး အဲဒီနိုင်ငံရဲ့ဝယ်ယူရေးဌာနကိုလည်း လာဘ်ထိုးလိုက်တယ်။ အနည်းဆုံးတော့ တစ်ကြိမ်ကို တိုက်လေယာဉ်နှစ်စီးသုံးစီးလောက်တော့ ရနိုင်ပါတယ်"
"အခု မင်းမှာဘယ်လောက်ရှိလဲ"
"စုစုပေါင်းဆိုရင် ပဉ္စမမျိုးဆက်တိုက်လေယာဉ် ၂၆၃စီးရှိပါတယ်။ တကယ်လို့ စတုတ္ထမျိုးဆက်တိုက်လေယာဉ်တွေကိုပဲ လိုချင်တယ်ဆိုရင် အစီးငါးရာလောက်တော့ အသာလေးရနိုင်ပါတယ်"
"ထားလိုက်။ ငါက ဒီလိုအမှိုက်တွေကို မကြိုက်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါတွေအားလုံးကို ငါ့စျေးဝယ်လှည်းထဲကို ထည့်လိုက်"
"စျေးဝယ်လှည်း?"
ထရိုင်ဒန့် နားမလည်နိုင်ဖြစ်သွားရသည်။
"ငါပြောတာက..ဒီတိုက်လေယာဉ်တွေအားလုံးကို လိုချင်တယ်လို့"
ထရိုင်ဒန့် ဝမ်းသာလုံးဆို့သွားရသည်။ တကယ်တမ်းတွင် တိုက်လေယာဉ်ကိုရောင်းထုတ်ရန် အလွန်ခက်ခဲလှသည်။ တစ်ခါတလေ တစ်ဖက်လူက အမှာစာတင်ထားသဖြင့် သူတို့ကလည်း ပျော်ပျော်ကြီးဝယ်လိုက်ကြသော်ငြား ဝယ်သူက ရုတ်တရက်သေဆုံးသွားခဲ့သည်။ ယခုလိုကိစ္စမျိုးမှာ မဆန်းလှပေ။
ဤသို့ဖြင့် သူ့လက်ထဲတွင် လက်နက်များနှင့် ပစ္စည်းကိရိယာအများကြီး ရှိနေခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူ့အနေနှင့် ဘော်ဒီဂတ်အုပ်စုတစ်စုကို ဆုံးရှုံးခဲ့ရသော်လည်း ဤမျှကြီးမားလှသော အမှာစာကြီးတစ်ခုကို ရလိုက်သဖြင့် အဆိုးထဲက အကောင်းပင်။ အကယ်၍ အရောင်းအဝယ်အောင်မြင်ခဲ့ပါက သူလည်း အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံလောက် ရနိုင်သည်။ ဤပမာဏမှာ ဤနေရာတွင် ဆယ်နှစ်လောက် အလုပ်လုပ်မှ ရနိုင်သည်။
ဤသည်မှာ တိုက်လေယာဉ်မျှသာ ရှိသေးသည်။
ထို့နောက် ကျန်းမုန့်လောင်က တင့်ကားစာရင်းကို ဖွင့်လိုက်သည်။ တိုက်လေယာဉ်များနှင့်ယှဉ်လျှင် တင့်ကားအမျိုးအစားက အများကြီးရှိပြီး အရေအတွက်ကလည်း များပြားလှသည်။ ပင်မစစ်သုံးတင့်ကားတိုင်းကို အစင်းလေးဆယ်ငါးဆယ်အထိ ရနိုင်သည်။
"ငါပြောမယ်။ မင်းမှတ်ထားလိုက်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"T-90တင့်ကားကြီးတွေက အစင်းနှစ်ဆယ်။ တစ်ခုချင်းစီတိုင်းအတွက် ထောက်ပံ့ရေးပစ္စည်းကိရိယာဆယ်စုံ"
"AMXတင့်ကားက အစင်းနှစ်ဆယ်"
"ဒါကြီးက မိုက်နေရောပဲ။ Merkavaကို အစင်းသုံးဆယ်လောက်ပေး"
"Challenger 2sကို အစင်းသုံးဆယ်ယူမယ်"
"ဘယ်လောက်လဲဆိုတာ ကြည့်ထား"
"ကားအစင်းတစ်ရာလား။ နည်းသေးတယ်။ ထပ်ဖြည့်လိုက်ဦး"
"K2sသုံးဆယ်!"
"ဒီဘော့စ်က စားသောက်ဆိုင်မှာ စားစရာမှာနေတာလားဟ"
"စားသောက်ဆိုင်မှာ ဟင်းပွဲပေါင်း၂၃၂၃၃၀လောက် မှာတဲ့လူမျိုးကို မြင်ဖူးလို့လား"
"သူက လက်ကားရောင်းဝယ်နေတာလား"
"တင့်ကားတွေကို လက်ကားရောင်းတာမျိုးမြင်ဖူးလား"
"အသက်ရှည်ရှည်နေနိုင်ရင် ဘော့စ်ပေါင်းစုံနဲ့ တွေ့ဆုံနိုင်မယ်ဆိုတာ အမှန်ပါလား"
ကြေးစားစစ်သားတစ်စုဟာ နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ဤတိုက်လေယာဉ်များနှင့် တင့်ကားများမှာ ဆီးရီးယားကို သိမ်းပိုက်ဖို့ပင် လုံလောက်နေချေပြီ။
"မစ္စတာကျန်း.. ခင်ဗျား တင့်ကားအစင်း၆၇၀ကို ရွေးထားပြီးပါပြီ။ ဒါတွေကို လိုချင်သေးတာ သေချာရဲ့လား"
"ကောင်းပြီ။ လောလောဆယ်တော့ ဒီလောက်ပဲ။ မလောက်သေးရင် ထပ်တောင်းမယ်"
"ဒီဒုံးကျည်က မိုက်လိုက်တာ။ သတ်ဖြတ်နိုင်တဲ့အကွာအဝေးကလည်း သြချလောက်တယ်။ အခုငါးဆယ်လောက်ပေးလိုက်"
"သောက်ကျိုးနည်း.. ဉာဏ်ရည်မြင့်စက်ရုပ်မျိုးလည်း ရှိတာပဲလား။ တစ်ခုကို ၁၂သန်းတည်းလား။ ဒါကိုလည်း အခုနှစ်ရာယူမယ်"
မကြာခင်မှာပင် တိုက်လေယာဉ်ကလွဲပြီး ကျန်းမုန့်လောင်လိုချင်သော လက်နက်များနှင့် ကိရိယာအားလုံးနီးပါး အဆင်သင့်ဖြစ်နေလေပြီ။
"မစ္စတာကျန်း.. ခင်ဗျားလိုအပ်နေတဲ့ တခြားတိုက်လေယာဉ်တွေအတွက် ကျွန်တော့်မိတ်ဆွေတွေကိုဆက်သွယ်လိုက်ပါဦးမယ်.."
ထရိုင်ဒန့်က စားပွဲပေါ်ရှိ စူပါစမတ်ဖုန်းကို ကြည့်လိုက်သည်။ ၎င်းမှာ ကွန်ပျူတာနှင့်တူသော လုပ်ဆောင်ချက်များရှိ၏။
"အဆင်ပြေသလိုလုပ်ပါ"
ကျန်းမုန့်လောင်ကလည်း ပေါ့ပေါ့ပါးပါးပြောလိုက်၏။ အကယ်၍ ထရိုင်ဒန့်က အကူအညီတောင်းရန်အတွက် ဖုန်းဆက်ခြင်းဖြစ်လျှင်ပင် သူ့အနေနှင့် ကြောက်စရာမရှိပေ။ သူ လူဘယ်နှယောက်ကိုခေါ်ခေါ် သူတို့လည်း အသတ်ခံရဖို့သာရှိ၏။
"ဒင်း.. ငါပါ ထရိုင်ဒန့်လေ။ မင်းမှာ ပဉ္စမမျိုးဆက်တိုက်လေယာဉ် အစင်း၄၀ကျော်ရှိတယ်လို့ ကြားထားတယ်။ ဟုတ်တယ်။ ငါ့မှာ ဝယ်သူတစ်ယောက်ရှိတယ်။ သူက အစင်းငါးရာလိုချင်တယ်တဲ့။ အကုန်လုံးကို တစ်ပြိုင်တည်းလိုချင်တာ"
"ဘာ့ဂ်.. မင်း ပဥ္စမမျိုးဆက်တိုက်လေယာဉ်တွေ ရောင်းမယ်လို့ ပြောထားတယ်မလား။ အဲဒါတွေအားလုံးကို ငါလိုချင်တယ်"
ထရိုင်ဒန့်မှာ ဖုန်းခေါ်ဆိုမှုများစွာကို လုပ်ဆောင်ခဲ့သည်။ ဤမျှအာဏာရှိလှသော မိတ်ဆွေများကို သူ ဘယ်ကရှာလာသလဲဆိုတာကို ဘယ်သူမှမသိပေ။ သို့သော် သူတို့က သူလိုချင်သော ပဥ္စမမျိုးဆက်တိုက်လေယာဉ်အစင်းငါးရာကိုရအောင် စုပေးခဲ့သည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားမှာ နိုင်ငံငယ်လေးတစ်ခုကို ဖြိုချပစ်ဖို့ပင် လုံလောက်နေလေပြီ။
"မစ္စတာကျန်း..ကျွန်တော့်မိတ်ဆွေတွေဆီက တိုက်လေယာဉ်တွေရနိုင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ကညီအစ်ကိုတွေလေ။ ပိုက်ဆံချေပြီးမှပဲ ပစ္စည်းကိုပို့ပေးတာ"
ထရိုင်ဒန့်က ပြောလိုက်၏။
"ဒါပေမဲ့ ခင်ဗျားကို ၅ရာခိုင်နှုန်းတော့ လျှော့ဈေးပေးလို့ရပါတယ်"
"လျှော့စျေးပေးဖို့မလိုပါဘူး"
ကျန်းမုန့်လောင် ထိုသို့ပြောလိုက်သည်။
"အကြွေလေးနည်းနည်းကို ငါဂရုမစိုက်ဘူး။ သူတို့ရဲ့အကောင့်နံပါတ်သာ ပေးလိုက်။ ငါ ချက်ချင်းငွေလွှဲပေးမယ်"
ထရိုင်ဒန့်လည်း လက်နက်ကုန်သည်များ၏ အကောင့်နံပါတ်များနှင့် သူတို့ကို ဆက်သွယ်ရမည့်အချက်အလက်များကို ကျန်းမုန့်လောင်အား ချက်ချင်းပြောပြလိုက်ပြီး ပစ္စည်းလွှဲပြောင်းမည့်နေရာကို သူ့ဘာသာ ဆွေးနွေးဖို့ ပြောလိုက်၏။
ကျန်းမုန့်လောင်မှာ တိုက်လေယာဉ်အစင်း၂၀၀ကျော်ဝယ်ဖို့ စုစုပေါင်း အမေရိကန်ဒေါ်လာသုံးဆယ်ဘီလီယံကျော် သုံးခဲ့ရသည်။ ခမ်းနားကြီးကျယ်လှသော ဤအရောင်းအဝယ်ကြောင့် ကြေးစားစစ်သားများမှာ အံ့သြသွားရသည်။
ဒီဘော့စ်က တကယ်ချမ်းသာတာပဲ!
"မစ္စတာကျန်း..ကျွန်တော်တို့နှစ်ယောက်ကြားက ငွေစာရင်းကို ရှင်းရပါတော့မယ်"
ထရိုင်ဒန့်က ပြုံးပြုံးကြီး ချဉ်းကပ်လာသည်။
"ကျွန်တော် အခုပဲတွက်ချက်ပြီးပြီ။ စုစုပေါင်း အမေရိကန်ဒေါ်လာ၄၇.၉၃၄ဘီလီယံပါ။ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါ့မယ်။ ခင်ဗျား ကျွန်တော့်ကို အမေရိကန်ဒေါ်လာ ၄၇ဘီလီယံပဲပေးပါ"
"၄၇ဘီလီယံလား။ မင်းပဲ လျှော့ဈေးပေးမယ်လို့ မပြောခဲ့ဘူးလား"
"ဒါက လျှော့စျေးလို့ယူဆလို့မရဘူးလား"
ထရိုင်ဒန့် အံ့သြသွားရသည်။ ဤလျှော့ဈေးမှာ တစ်ဘီလီယံနီးပါးပင်။
ဒါတောင် မလုံလောက်သေးဘူးလား?
"မေ့သွားပြီလား။ အကြွေလောက်ပဲလို့ ငါ ခုနတုန်းက ပြောခဲ့တယ်လေ။ အကြွေက ဘာလဲဆိုတာ မင်းသိလား"
ကျန်းမုန့်လောင်က ထရိုင်ဒန့်၏မျက်နှာကို ပုတ်လိုက်သည်။
"ယူနစ်ကို အမေရိကန်ဒေါ်လာကနေ ယွမ်ငွေကိုပြောင်းလိုက်တာက ပိုသင့်တော်မယ်ထင်တယ်။ မင်း ဘယ်လိုထင်လဲ"
***************