← Chapters

အဖေက ဘယ်လိုလုပ်ပြီးမှားနိုင်မှာလဲ?

Vol. 32 Ch. 476

အဖေက ဘယ်လိုလုပ်ပြီးမှားနိုင်မှာလဲ?

Vol. 32 Ch. 476

တန်ဘတ်နိုင်ငံ၏ အခြေစိုက်စခန်းအမှတ်သုံးတွင် အခြေစိုက်စခန်းတစ်ခုလုံးရှိ စစ်သားများမှာ ကိရိယာများအားလုံးကို လက်ခံရန်အတွက် အရုဏ်တက်ချိန်အထိ အလုပ်လုပ်ခဲ့ကြရသည်။

လူတိုင်း၏မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်လေဟန် အရိပ်အယောင်များ ရှိနေကြသော်ငြား စိတ်လှုပ်ရှားမှုအရိပ်အယောင်ကိုလည်း မသဲမကွဲမြင်နိုင်လေသည်။

အဆင့်မြင့်လက်နက်ကိရိယာများကို မည်သူကများ မြင်ဖူးလေသလဲ။ အများဆုံးရှိလှ ထိုလက်နက်များကို PowerPointထဲတွင်သာ မြင်ဖူးပေလိမ့်မည်။

သို့သော် ယနေ့တွင်မူ ထိုပစ္စည်းများမှာ သူတို့ရှေ့သို့ ရောက်လာခဲ့လေပြီ။ ကိရိယာတချို့ဆိုလျှင် PowerPointထဲတွင် မြင်ဖူးထားသောအရာများထက် ပိုအစွမ်းထက်ပေသည်။

ရက်အနည်းငယ်အကြာတွင် အစွမ်းထက်လှသော ဤတိုက်ခိုက်ရေးကိရိယာများကိုသာ မြင်လိုက်ရလျှင် ဘရာမန်နိုင်ငံသားများ ဘယ်လိုအမူအရာမျိုး ဖြစ်လာလေမလဲဆိုသည်ကို သူတို့ မြင်ယောင်မိနေပြီဖြစ်၏။ သူတို့မိဘများ ဆုံးပါးသွားသလို အမူအရာမျိုး ဖြစ်နေချေရော့မည်။ ထိုအကြောင်းကို တွေးမိသောအခါ သူတို့အားလုံး တက်ကြွကုန်ကြသည်။

"ဟားဟားဟားဟား"

ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ထိုကိရိယာများကိုကြည့်ပြီး သွားရည်ပင်ယိုသွားရသည်။

ဤဗိုလ်ချုပ်များမှာ အခြားအရာများကို စိတ်မဝင်စားပေ။ သို့သော် သူတို့ကို အပြင်းအထန်ဆွဲဆောင်နိုင်သော အရာနှစ်ခုရှိသည်။ တိုက်ခိုက်နိုင်စွမ်းရှိသော စစ်သားများနှင့် အဆင့်မြင့်စစ်လက်နက်များပင်။ ဤဥပမာကို လီယွင်လုံက ပေးသွားခြင်းပင်။ ဗိုလ်ချုပ်တစ်ယောက်အနေနှင့် ဗိုလ်ချုပ်အက်ဖ်ဖူလည်း ခြွင်းချက်မရှိပေ။

သူ ရတနာများအဖြစ် တန်ဖိုးထားခဲ့ရသော စတုတ္ထမျိုးဆက်တိုက်လေယာဉ်များမှာ ဘေးပို့ခံလိုက်ရလေပြီ။ ထိုလေယာဉ်များကို သူ ဖျက်သိမ်းပြီး ဖယ်ထုတ်ကာ သံထည်များအနေနှင့် ရောင်းချပစ်တော့မည်ဖြစ်၏။

"မင်း စာရင်းစစ်လို့ပြီးပြီလား"

ဗိုလ်ချုပ်အက်ဖ်ဖူက အော်ဟစ်လိုက်လေသည်။

"တင်ပြပါတယ် ဗိုလ်ချုပ်.. အကုန်ရေတွက်ပြီးပါပြီ"

"မြန်မြန်ပြော!"

ဗိုလ်ချုပ်အက်ဖ်ဖူမှာ စိတ်မရှည်လက်မရှည်ဖြင့် ပြောလုိက်၏။ သူ့မျက်လုံးများကတော့ တောက်ပလင်းလက်နေချေသည်။ ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့်တိုင် ဤမျှအဆင့်မြင့်သော ကိရိယာအများကြီးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။

"တိုက်လေယာဉ်ထဲမှာ F-22တိုက်လေယာဉ်အစင်းငါးဆယ်၊ F-35တိုက်လေယာဉ်လေးဆယ့်ငါးစင်း၊ B-2ဗုံးကြဲလေယာဉ်ဆယ်စီး..စုစုပေါင်းလေယာဉ်အစင်းငါးရာပါ။ အကုန်လုံးက ပဥ္စမမျိုးဆက်တိုက်လေယာဉ်တွေချည်းပါပဲ"

"ဟားဟားဟား ဆက်ပြော! ဆက်ပြော!"

ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ဝမ်းသာလုံးဆို့နေချေသည်။

"တခြားရော"

"T-90တင့်ကားအစင်းနှစ်ဆယ်၊ AMXတင့်ကားအစင်းနှစ်ဆယ်၊ Merkavaတင့်ကားအစင်းသုံးဆယ်၊ Challenger 2တင့်ကား အစင်းသုံးဆယ်..စုစုပေါင်း တင့်ကားအစင်း၆၇၀ပါ။ အကုန်လုံးက ကမ္ဘာ့အဆင့်မီတင့်ကားတွေချည်းပါပဲ။ တင့်ကားတစ်စင်းချင်းစီတိုင်းမှာ ကိရိယာတွေအများကြီးပါပါတယ်"

"အဲဒါတွေအပြင် ဒုံးကျည်အစင်းတစ်ထောင်နဲ့..."

စာရင်းကို ဖတ်ပြနေရသည့် စစ်သားလေးခမျာ အာခေါင်ပင်ခြောက်လာသည်။ ဤလက်နက်များကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက ထောက်ပံ့ထားတယ်ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ နိုင်ငံတစ်နိုင်ငံပင် ဤကိရိယာများကို မထောက်ပံ့ပေးနိုင်ချေ။ ဤပစ္စည်းများ၏ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံနီးနီး ရှိလောက်သည်။

"ဘရာမန်နိုင်ငံက ဘယ်ငတုံးကများ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီဟွာရှားလူမျိုးကို သွားရန်စရဲတာပါလိမ့်။ ဒါက သေကြောင်းကြံစည်မှုကြီးပဲ။ ငါသာ ဘရာမန်နိုင်ငံရဲ့ ဗိုလ်ချုပ်တစ်ယောက်ဆိုရင် အဲဒီလူကို အရင်ပစ်သတ်မှာ"

ယခုလိုအဖြစ်မျိုး သူတို့နိုင်ငံတွင် မဖြစ်ခဲ့သဖြင့် ဗိုလ်ချုပ်အက်ဖ်ဖူခမျာ စိတ်သက်သာရာရမိသည်။ မဟုတ်ပါက ဒုက္ခရောက်ရမည့်သူမှာ သူတို့ပင်။

တကယ်တမ်းတွင် လွန်ခဲ့သည့်ရက်ပိုင်းတုန်းက ဘရာမန်နိုင်ငံက ထိုပုဂ္ဂိုလ်ကို ဘယ်လိုရန်စမှုမျိုး လုပ်ခဲ့သလဲဆိုတာကို သူ့လက်အောက်ငယ်သားများအား စုံစမ်းခိုင်းခဲ့သည်။

သို့သော် စုံစမ်းစစ်ဆေးရေးရလဒ်ကား အရာအားလုံးက ပုံမှန်ပင်ဖြစ်ကြောင်း ပြသခဲ့သည်။ ဟွာရှားနိုင်ငံနှင့်လည်း ဘာအချင်းများမှုမျိုးမှ မရှိပေ။ နိုင်ငံတကာဆက်ဆံရေးကလည်း ပုံမှန်အတိုင်းသာ။

ထို့ပြင် ဤအကြောင်းပြချက်ကို ဖယ်ထုတ်ထား၍ ရနိုင်ပေသည်။ အကြောင်းမှာ တစ်ဖက်လူမှ ပေးပို့လာသော တိုက်လေယာဉ်များထဲတွင် F-22နှင့် F-35များ ပါဝင်လေသည်။ ၎င်းတို့မှာ အလွန်အဆင့်မြင့်လှသော ပဥ္စမမျိုးဆက်တိုက်လေယာဉ်များပင်။ ဤမော်ဒယ်လ်နှစ်ခုစလုံးမှာ အမေရိကန်ပိုင်များဖြစ်ကြောင်း အားလုံးအသိပင်။ ထိုကိရိယာများကို အမေရိကန်များအနေနှင့် အခြားနိုင်ငံကိုသာ ရောင်းချင်ရောင်းပေလိမ့်မည်။ ဟွာရှားနိုင်ငံကိုတော့ ရောင်းမည်မဟုတ်။

အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပင်။ အခြားနိုင်ငံများကသာ ထိုတိုက်လေယာဉ်များကို ဝယ်ယူခဲ့ပါက သူတို့အတွက်တော့ အသုံးချခံကိရိယာတစ်ခုသက်သက်သာ။ သူတို့၏နည်းပညာအဆင့်က ထိုတိုက်လေယာဉ်များ၏ အားနည်းချက်များနှင့် နည်းပညာများကို ဆန်းစစ်နိုင်စွမ်းမရှိပေ။

သို့သော် ဟွာရှားနိုင်ငံကတော့ မတူပေ။ သူတို့ကိုယ်တိုင်ကပင် ပဥ္စမမျိုးဆက်တိုက်လေယာဉ်များကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထိုတိုက်လေယာဉ်များ၏ အားနည်းချက်များကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသည်။ သို့ဖြစ်လေရာ ဘယ်နိုင်ငံ၏ လေကြောင်းကို သိမ်းပိုက်ခံရမလဲဆိုတာကို ဘယ်သူက သိနိုင်မည်နည်း။

ဟွာရှားနိုင်ငံအတွက် ယခုလက်ရှိမှာ ပဥ္စမမျိုးဆက်တိုက်လေယာဉ်ဆိုသည်မှာ ဘာမှမပြောပလောက်တော့ကြောင်းကိုတော့ သူတို့ မသိပေ။ သူတို့မှာ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်များ၏ ပုံကြမ်းနှင့် အခြေခံမူများကိုပင် ရထားပြီဖြစ်၏။ ထို့ပြင် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်၏ အချောသတ်ထုတ်ကုန်မှာ နှစ်ဝက်အတွင်းမှာပင် ထွက်ရှိလာတော့မည်သာ။

F-22, F-35, B-2ဗုံးကြဲလေယာဉ်များကိုသာ သူတို့ကို သွားပေးလိုက်ပါက တစ်ချက်မျှပင် လှည့်ကြည့်မည်မဟုတ်ချေ။ ထိုအရာများကို သံထည်များအဖြစ် သွားရောင်းလျှင်ပင် အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။

ယခုလိုအခြေအနေမျိုး ပေါ်ပေါက်လာသည်ဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိ၏။ ဤကိရိယာများမှာ သူတို့အား လက်ဆောင်အဖြစ် ပေးလိုက်ခြင်းပင်။

"ဗိုလ်ချုပ် ကျွန်တော့်မှာ ရဲတင်းတဲ့အကြံတစ်ခုရှိပါတယ်"

ဗိုလ်ချုပ်အက်ဖ်ဖူ၏လက်ထောက်က ပြောလိုက်၏။

"ပြော"

"ဒီလူက ဟွာရှားနိုင်ငံက ကျန်းမုန့်လောင်ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ပါတယ်"

"ကျန်းမုန့်လောင်? ကမ္ဘာ့အချမ်းသာဆုံးလူလား"

ဗိုလ်ချုပ်အက်ဖ်ဖူက မေးလိုက်၏။

"ဟုတ်ပါတယ်။ ဒီကိရိယာတွေရဲ့တန်ဖိုးက ဒေါ်လာတစ်ရာဘီလီယံနီးပါးရှိပါတယ်။ ဒီကမ္ဘာပေါ်မှာ တခြားဘယ်သူကများ ဒီလောက်ငွေပမာဏအများကြီးကို ထုတ်နိုင်မှာလဲ"

ထိုလက်ထောက်လေးက ဆန်းစစ်လိုက်သည်။

"Forbesစာရင်းထဲက ဒုတိယအချမ်းသာဆုံးလူတောင် လက်ရှိမှာ အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံကျော်ပဲ ရှိပါတယ်။ သူ့ရဲ့ငွေသားပိုင်ဆိုင်မှုကလည်း အများဆုံးမှ ဘီလီယံဆယ်ဂဏန်းလောက်ပဲရှိမှာ။ ကျွန်တော်ကတော့ သူ့အပြင် တခြားလူကို စဉ်းစားမရဘူး"

"ပြီးတော့ ဒေါသကြောင့် ဒီလောက်စစ်လက်နက်အများကြီးကိုဝယ်ဖို့အတွက် ဒေါ်လာတစ်ရာဘီလီယံလောက်သုံးနိုင်တဲ့လူက ဘယ်လောက်တောင်တစ်ဇွတ်ထိုးနိုင်လိုက်မလဲ။ ကမ္ဘာပေါ်မှာ ဒီလူတစ်ယောက်တည်းကသာ အဲဒီလောက်အတိုင်းအတာအထိ ချမ်းသာပြီး တစ်ဇွတ်ထိုးနိုင်ရဲတာပါ"

ထိုလက်ထောက်လေးက ထပ်ဖြည့်ပြောလိုက်၏။

"တချို့မိသားစုတွေကိုတော့ ဖယ်ထုတ်ထားလို့မရမှန်းသိပါတယ်။ ဒါပေမဲ့ သူတို့က ပုံမှန်ဆိုရင် ခပ်လျှိုလျှိုပဲ နေတတ်ကြတာမို့ ဒီလောက်ဇွတ်တရွတ်နိုင်တဲ့ကိစ္စမျိုးကို လုပ်မှာမဟုတ်လောက်ပါဘူး"

"မင်းရဲ့ဆန်းစစ်မှုကို နားထောင်ပြီး ဒီဖြစ်နိုင်ခြေက တော်တော်မြင့်တယ်လို ငါထင်တယ်"

ဗိုလ်ချုပ်အက်ဖ်ဖူမှာ ခေါင်းညိတ်ပြလိုက်သည်။

"ဟွာရှားလူမျိုးကလည်း ဖြစ်တယ်။ ချမ်းလည်းချမ်းသာတယ်။ တစ်ဇွတ်ထိုးလည်းနိုင်တယ်။ ဒီအချက်သုံးခုစလုံးနဲ့ ပြည့်စုံတာဆိုလို့ ကမ္ဘာတစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲရှိတယ်"

"ဗဟိုထိန်းချုပ်ရေးကိုပို့ဖို့ စာရွက်စာတမ်းတစ်ခု ပုံကြမ်းရေးပေးစမ်းပါ"

ဗိုလ်ချုပ်အက်ဖ်ဖူက ပြောလိုက်၏။

"အခုကစပြီး ဟွာရှားလူမျိုးတွေနဲ့ ဘယ်လိုအချင်းများတာမျိုးကိုမဆို တားမြစ်လိုက်ပြီ။ ငါတို့အမှားဆိုရင် တလေးတစားနဲ့ အမြန်ဆုံးတောင်းပန်ရမယ်"

"သူတို့အမှားဆိုရင်ရော"

စစ်သားလေးက မေးလိုက်သည်။ ထိုဟွာရှားလူမျိုးတစ်ယောက်ကြောင့်နှင့် ယခုလိုမူကြမ်းမျိုး ရေးဆွဲရန် လိုအပ်ပါရဲ့လား။ ဤသည်မှာ အလွန်ကျိုးကြောင်းမသင့်ချေ။

"ဖြောင်း!"

ဗိုလ်ချုပ်အက်ဖ်ဖူလည်း ထိုစစ်သားကို ပါးရိုက်ပစ်လိုက်လေသည်။

ထိုစစ်သားလေးခမျာ မှားယွင်းစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ဘာမှားတာမှ မပြောမိဘူးလေ!

"ငါ မင်းကို ဘာလို့ရိုက်လဲဆိုတာသိလား"

ဗိုလ်ချုပ်အက်ဖ်ဖူက မေးလိုက်၏။

ထိုစစ်သားလေးကလည်း ခေါင်းခါယမ်းပြသည်။

"သူတို့အမှားဆိုရင်လည်း အရင်ဆုံး ငါတို့ဘက်က မှားထားလို့ပေါ့။ ဘာလို့လဲဆိုတော့ ငါတို့က သူတို့ကို အမှားလုပ်ခွင့်ပေးခဲ့တာလေ! မှတ်ထား! သူတို့က ဘယ်တော့မှမမှားဘူး! အဖေဆိုတာ ဘယ်တော့မှအမှားမလုပ်ဘူး! ဒီအကြောင်းအရာကို ရာဇဝတ်မှုဥပဒေအဖြစ် တင်သွင်းမယ်"

ဤစည်းမျဉ်းမှာ အဓိပ္ပာယ်မရှိဟန်တူသော်ငြား သေချာစဉ်းစားကြည့်ပါက အကျိုးအကြောင်းမသင့်တာတော့ မဟုတ်ပေ။

ပထမအချက်မှာ ဤတစ်ခေါက်တွင် ဟွာရှားလူမျိုးက သူတို့အား လက်နက်အများကြီး ထောက်ပံ့ပေးထားသည့်အတွက် သူတို့အနေနှင့် သူ့အား ကျေးဇူးတင်မိပြီး အဖေတစ်ယောက်လို ဆက်ဆံပေးဖို့လည်း ဝန်မလေးချေ။

ဟွာရှားလူမျိုးများကို အပြစ်ပြုမိခြင်းနှင့်ပတ်သက်ပြီး ဘရာမန်နိုင်ငံ၏ ကံကြမ္မာကိုပင် ဥပမာယူရမည်။ ဘယ်လိုဦးနှောက်သေနေသာလူကများ ယခုလိုလုပ်ရပ်မျိုးကို လုပ်ခဲ့လေသလဲ။ ဤသည်မှာ သူတို့သင်ယူရမည့် သင်ခန်းစာတစ်ခုပင်။

"ရှေ့တန်းတပ်ဖွဲ့တစ်စိတ်တစ်ပိုင်းကို ဒီနေရာကို ပြောင်းရွှေ့ပြီး ဒီလက်နက်တွေနဲ့ ကိရိယာတွေကို ချက်ချင်းအစားထိုးလိုက်"

အဆုံးမှာတော့ ဗိုလ်ချုပ်အက်ဖ်ဖူလည်း ဗိုလ်ချုပ်တစ်ယောက်၏ ဩဇာအာဏာကို ပြသလာသည်။

"အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲတွေကို တင်ပြလိုက်။ ဒီတစ်ခေါက် ငါတို့ တန်ပြန်တိုက်စစ်ဆင်ကြမယ်!"

"ဒါပေမဲ့ ဗိုလ်ချုပ်..ကျွန်တော်တို့ရဲ့ရှေ့တန်းမှာ အင်အားကြီးတပ်ဖွဲ့သုံးခုပဲ ကျန်ပါတော့တယ်။ စစ်သားတွေကို ပြင်ဆင်နေရာချထားမယ်ဆိုရင် မကြာခင်မှာ ကျွန်တော်တို့ရဲ့ခံတပ်တွေအားလုံး ပါသွားနိုင်ပါတယ်။ ဒီကိစ္စကို ပြန်စဉ်းစားသင့်တယ်ထင်ပါတယ်"

"ဘာကိုပြန်စဉ်းစားရမှာလဲ? နေ့တိုင်းတိုက်ခိုက်နေရတဲ့ အဲဒီစစ်သားတွေအပြင် ဘယ်သူကများ ဒီကိရိယာတွေရဲ့အသုံးပြုနည်းကို အချိန်တိုအတွင်း ရင်းနှီးမှာတဲ့လဲ"

ဗိုလ်ချုပ်အက်ဖ်ဖူက ပြောလိုက်၏။

"အဲဒီအမာခံနယ်မြေတွေထဲက ပထမနှစ်ခုကို စွန့်ပစ်ခဲ့လိုက်။ အကုန်လုံး ခံစစ်ရဲ့နောက်ဆုံးလိုင်းအထိ တပ်ပြန်ဆုပ်ကြ။ ဘာတွေပဲဖြစ်ဖြစ် ငါးရက်လောက်တောင့်ခံထား!"

"ငါးရက်လား? ဗိုလ်ချုပ် ကျွန်တော်တို့.."

"ငါ ဘာဆင်ခြေမှ မကြားချင်ဘူး။ ငါ မင်းကို မေးရုံမေးနေတာနော်။ မင်း ငါးရက်လောက်တောင့်ခံထားနိုင်လား"

"ဟုတ်ကဲ့!"

"ဒါဆို အမိန့်တွေကို ချက်ချင်းသွားပြင်ဆင်တော့"

"ဟုတ်ကဲ့!"

ဗိုလ်ချုပ်အက်ဖ်ဖူခမျာ လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။ ငါးရက်အတွင်းမှာပင် ဤအတောအတွင်း သူတို့ ခံစားခဲ့ရသမျှကို တစ်ဖက်နိုင်ငံအား အတိုးနှင့် ပြန်ပေးဆပ်ခိုင်းနိုင်လေပြီ။

******************

All Chapters