← Chapters

ငလျင်လှုပ်တာလား?

Vol. 32 Ch. 477

ငလျင်လှုပ်တာလား?

Vol. 32 Ch. 477

အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးသွားသော ကျန်းမုန့်လောင်က ဘရာမန်နိုင်ငံသို့ ပြန်သွားခဲ့သည်။ မိုဆန်နှင့် သူ(မ)၏တူမကလည်း သူ့အတွက် ယာယီနေအိမ်တစ်ခုကို ပြင်ဆင်ပေးထားသည်။ ထိုနေရာမှာ မဟာလက်စ်မိသားစုစံအိမ်ကြီးလောက် မခမ်းနားသော်ငြား သက်သောင့်သက်သာတော့ ရှိ၏။ ကျန်းမုန့်လောင်ကလည်း ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သက်ပြီး လိုအပ်ချက်များ မမြင့်ပေ။

"သခင်.. တစ်ချိန်လုံး ဘယ်တွေသွားနေတာလဲ။ သခင်တစ်ခုခုဖြစ်ပြီထင်လို့ ကျွန်မတို့ စိတ်ပူနေတာ"

လူကာနှင့် ဆင်းတိုတို့က စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။

သူတို့က ကျန်းမုန့်လောင်၏ဘေးနားရှိ လူကာနှင့် အယ်လီဆာတို့မောင်နှမနှစ်ယောက်ကို ကြည့်လိုက်မိသည်။ သူတို့သခင်က အပြင်ထွက်သွားပြီးနောက် လူငယ်လေးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။

သို့သော် အကြောင်းပြချက်တချို့ကြောင့် သူတို့နှစ်ယောက်မှာ ရှင်းပြရခက်သော ဖိစီးမှုတစ်ခုကို ခံစားမိသည်။

"ဘာမှမဟုတ်ပါဘူး" ငါ ဆီးရီးယားဘက်ကိုသွားတာ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အိုး ဟုတ်သားပဲ။ သူတို့က အယ်လီဆာနဲ့ လူကာတဲ့။ ငါ ဆီးရီးယားမှာနေတုန်းက ငါ့ကိုကာကွယ်ပေးခဲ့တဲ့ ဘော်ဒီဂတ်တွေလေ"

"ဘော်ဒီဂတ်တွေလား? သခင့်လိုလူတစ်ယောက်က ဘော်ဒီဂတ်တွေ လိုသေးတာလား"

ဤစကားကိုကြားသော် လူကာနှင့် အယ်လီဆာတို့မှာ ခါးသက်သက်ပြုံးလိုက်မိသည်။

ကျန်းမုန့်လောင်က သာမန်လူတစ်ယောက်မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိည်။ သူသည် သူတို့နှစ်ယောက်ထက်ပင် ပိုအစွမ်းထက်သေးသည်။ ထို့ပြင် သူ့ငွေကြေးခွန်အားဖြင့်ဆိုပါက ဘော်ဒီဂတ်များကို လုံးဝမလိုအပ်ပေ။

"သခင်က ဆီးရီးယားကိုသွားခဲ့တာလား"

သူတို့၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုနေရာမှာ သည်အတိုင်းသွားလို့ရသည့်နေရာတစ်ခုမို့လို့လား။ ထိုနေရာကား လူတွေကို အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားစေသော နေရာတစ်ခုပင်။ သတိလက်လွတ်သွားပါက အမြောက်တစ်လက်ဖြင့်လည်း အမှုန့်ကြေသွားနိုင်သည်။ ဘယ်သူကမှ သူတို့အလောင်းကို လိုက်ကောက်ပေးနိုင်မည်မဟုတ်။

ထိုကဲ့သို့သောနေရာမျိုးကို သွားလျှင် ဘော်ဒီဂတ်များ ငှားရမ်းရခြင်းကား အခြေခံလုပ်ရိုးလုပ်စဉ်တစ်ခုပင်။ သို့သော် ဤကဲ့သို့သော ဘော်ဒီဂတ်မျိုးကို ဘယ်သူကများ မြင်ဖူးလေသလဲ။ ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးနေတာလဲ?

သို့သော် ကျန်းမုန့်လောင်က ထိုနေရာကို ဘာလို့သွားခဲ့ရတာလဲ။ လုံခြုံသောနေရာတစ်ခုတွင် နေထိုင်ခြင်းမှာ ပိုလုံခြုံသည်မဟုတ်လော။

သို့သော် သူတို့သခင်၏လုပ်ရပ်များကို မေးခွန်းမထုတ်ရဟု ဘိုးဘေးများ၏အဆုံးအမတွင် ထည့်သွင်းထားသည်။ ထို့ကြောင့် သူတို့လည်း သိချင်စိတ်များကို မျိုသိပ်ပြီး ဆီးရီးယားသို့ ကျန်းမုန့်လောင် သွားခဲ့ရခြင်းမှာ မဟာလက်မိသားစု၏ အရေးကိစ္စများနှင့် ပတ်သက်နိုင်ကြောင်း ခန့်မှန်းကြည့်လိုက်သည်။

သူက ထိုနေရာကို ဘာအတွက်သွားခဲ့တာလဲ။ မဟာလက်စ်မိသားစုတစ်ခုလုံးကို ရှင်းထုတ်နိုင်မည့် ကြေးစားစစ်သည်များကို သွားရှာလေသလား။ သို့သော် မဟာလက်စ်မိသားစုကြီးက အလွန်ကြီးမားလှသည်။ သူတို့၏လုပ်ငန်းများထဲတွင် လုံခြုံရေး၊ စစ်ရေးကိရိယာများစသဖြင့် ပါဝင်သည်။ သူတို့သာ ဆန္ဒရှိပါက စစ်တပ်တစ်ခုကို အချိန်မရွေးဖွဲ့စည်းနိုင်သည်။

မဟာလက်စ်မိသားစုဝင်များမှာ တစ်နိုင်ငံလုံးရှိ လုပ်ငန်းပေါင်းစုံတွင် ထိုးဖောက်ထားပြီး နိုင်ငံထဲရှိ အဓိကထိပ်သီးပုဂ္ဂိုလ်များမှာ မဟာလက်စ်မိသားစုနှင့် အတွင်းကျကျဆက်သွယ်မှုများ ရှိထားကြသည်။

ကြေးစားစစ်တပ်တစ်ခုကို ခေါ်လာချင်သတဲ့လား။ သူတို့အနေနှင့် သူတို့၏အကျပ်အတည်းကို အရင်ကျော်လွှားရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက ဘရာမန်နိုင်ငံထဲကိုပင် ဝင်ခွင့်ရမည်မဟုတ်။

ဖောက်ဝင်လာနိုင်ခဲ့လျှင်ပင် သူတို့၏အရင်းအမြစ်များက ထိုကြေးစားစစ်သည်များကို ပျောက်ကွယ်သွားအောင် လုပ်ပစ်နိုင်သည်။ သူတို့ဘက်က ခိုးဝင်လာနိုင်ခဲ့လျှင်ပင် လက်နက်အသေးစားများကိုသာ ယူလာနိုင်ပေလိမ့်မည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်က မည်မျှသန်မာနေပါစေ စုစုပေါင်းခွန်အားကတော့ အကန့်အသတ်ရှိပေလိမ့်မည်။ သူတို့အနေနှင့် စနစ်တကျဖွဲ့စည်းထားသော စစ်တပ်တစ်ခုကို မည်သို့ယှဉ်နိုင်မည်နည်း။

သို့သော် ကျန်းမုန့်လောင် ဆီးရီးယားသို့ ဘာအတွက်သွားခဲ့သလဲဆိုသည်ကို ထိုအကြောင်းပြချက်အပြင် တခြားစဉ်းစားမရပေ။ သူ့ကိုယ်သူ လူသားဗုံးအဖြစ်ပြောင်းလဲပြီး သူတို့နှင့်အတူ အသေခံဖို့တော့ မဖြစ်နိုင်ပေ။ ဤသည်မှာ လုံးဝမလိုအပ်သောအရာတစ်ခုပင်။

"မဟာလက်စ်မိသားစုဘက်က အခုတလော ဘာတွေလုပ်နေလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"သူတို့က အခုလက်ရှိ မိသားစုပိုင်ဆိုင်မှုတွေကို ကိုင်တွယ်နေပါတယ်။ ပိုင်ဆိုင်မှုအများစုကို ကျွန်တော့်ဦးလေးရဲ့မောင်နှမအငယ်တွေဆီကို လွှဲပြောင်းထားပါတယ်။ အစတုန်းက သခင့်ကို သစ္စာစောင့်သိခဲ့တဲ့ တချို့မိသားစုဝင်တွေအားလုံးကိုလည်း အစားထိုးပစ်လိုက်ပြီ။ အဲဒီလူတွေက သူတို့ကို မနှိပ်စက်ရဲပေမဲ့ အာဏာရဲ့အားကိုးနဲ့ ဖယ်ရှားပစ်လိုက်ပါတယ်။ တချို့ဆိုရင် မိသားစုထဲက ထုတ်ပယ်ခံလိုက်ရပြီ"

"ကောင်းတယ်!"

ကျန်းမုန့်လောင် ဒေါသမထွက်မိချေ။ ထိုအစား ပြုံးရုံသာပြုံးမိသည်။

"ဒိုမုတိရဲ့ ရက်လည်ခုနစ်ရက်က မပြီးသေးဘူး။ သူတို့ကတော့ ပိုင်ဆိုင်မှုတွေကိုတောင် ခွဲဝေနေကြပြီ။ တကယ့်ညီအစ်ကိုမောင်နှမအစစ်တွေပါလား"

"ခင်ဗျားတို့မိသားစုနှစ်စုထဲက လူဘယ်နှယောက်လောက် သုံးလို့ရနိုင်လဲ"

ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်၏။

"ကျွန်တော်တို့က မဟာလက်စ်မိသားစုရဲ့ မိသားစုခွဲတစ်ခုအဖြစ်ပဲ သတ်မှတ်ထားတာပါ။ ကျွန်တော်တို့က သာမန်မိသားစုသေးသေးလေးတွေထက်တော့ ပိုသန်မာတယ်ဆိုပေမဲ့ မိသားစုအခွဲဆိုတာက မိသားစုအခွဲအဆင့်လောက်ပဲရှိတာလေ။ စုစုပေါင်း အယောက်၁၈၀လောက်တော့ ရှိပါတယ်"

လူကာက ပြန်ဖြေချေသည်။

"ကောင်းတယ်"

ကျန်းမုန့်လောင်က ဟုန်းရီကို ပြောလိုက်၏။

"ဟုန်းရီ.. လူကာနဲ့ ဆင်းတိုတို့ရဲ့ ဘဏ်အကောင့်ထဲကို ပိုက်ဆံလွှဲလိုက်။ အမေရိကန်ဒေါ်လာတစ်ဘီလီယံနဲ့ အရင်စမယ်"

"အဲဒီလောက်တောင်လား"

ထိုနှစ်ယောက်မှာ လန့်ဖျပ်သွားရသည်။ သခင်ကတော့ ဩချရလောက်ပါပေသည်။ သူက ဘီလီယံဂဏန်းမှမဟုတ်လျှင် ပါးစပ်ပင်ဟမည်မဟုတ်။

"ဒီငွေက မင်းတို့အတွက်မဟုတ်ဘူး"

ကျန်းမုန့်လောင် ညွှန်ကြားလိုက်သည်။

"ခင်ဗျားတို့က မဟာလက်စ်မိသားစုဆီက နှိပ်စက်ပြီး နှင်ထုတ်ခံခဲ့ရတဲ့ လူတွေကို စုစည်းပေးဖို့ တာဝန်ယူရမယ်။ ဒီပိုက်ဆံက သူတို့တွေ အခြေချနေထိုင်နိုင်ဖို့အတွက် ပေးထားတာ။ မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ကျုပ်ပြန်ရတာနဲ့ သူတို့တွေက ဘရာမန်နိုင်ငံထဲက ကျုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအသစ်တွေ ဖြစ်လာမယ်လို့ ပြောလိုက်"

"အိုး ဟုတ်သားပဲ.. အယ်လီဆာနဲ့ လူကာ.. မင်းတို့နှစ်ယောက်လည်း စီစဉ်စရာရှိတာ စီစဉ်ထားလိုက်။ နောက်မှ သူတို့တွေက မင်းတို့ကို မဟာလက်စ်မိသားစုထဲမှာ အခြေချဖို့ ကူညီပေးလိမ့်မယ်"

"ဟုတ်ကဲ့"

သူတို့နှစ်ယောက်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်တို့ အဲဒီလူတွေကို သေချာနေရာချပေးလိုက်ပါ့မယ်"

"သခင် ဒါဆို ကျွန်တော်တို့ သွားစီစဉ်လိုက်ပါဦးမယ်"

"နေဦး!"

ကျန်မုန့်လောင် သူတို့ကို လှမ်းခေါ်လိုက်သည်။

"ခင်ဗျားတို့ကိုသွားလို့ရပြီလို့ ဘယ်သူကပြောလဲ။ ငါနဲ့ ပွဲလိုက်ကြည့်လှည့်"

"ပွဲလား?"

ထိုနှစ်ယောက်ခမျာ အံ့ဩမှင်တက်သွားလေသည်။ အဲဒါက ဘာအဓိပ္ပာယ်လဲ? သူတို့ရဲ့သခင်က ရုပ်ရှင်သွားကြည့်မလို့လား?

သို့သော် သူ ရုပ်ရှင်သွားကြည့်မည်ဆိုလျှင်လည်း ငယ်ငယ်ရွယ်ရွယ်မိန်းမလှလေးများကို ရှာတာက ပိုမကောင်းပေဘူးလား။ အသက်လေးဆယ်ငါးဆယ်အရွယ် လူအိုကြီးနှစ်ယောက်ကို ဘာလို့ခေါ်နေရလေသလဲ။

"ထိုင်လိုက်တာနဲ့ သိရပါလိမ့်မယ်"

ကျန်းမုန့်လောင်က ဟုန်းရီကို ညွှန်ကြားလိုက်သည်။

"ဟုန်းရီ စလို့ရပြီ"

"အင်း!"

ဟုန်းရီက USBတစ်ခုနှင့်တူသော အရာတစ်ခုကိုထုတ်၍ သူတို့ရှေ့ရှိ တီဗီဖန်သားပြင်ကြီးထဲသို့ ပလပ်ထိုးထည့်လိုက်သည်။ ကိရိယာသေးသေးလေးမှာ အနီရောင်အလင်းတန်းများ တောက်ပလာပြီး တစ်ပြိုင်တည်းမှာပင် ဖန်သားပြင်ကြီးလည်း လင်းလက်လာသည်။

"ယဲ့ရင်! လန့်မသွားနဲ့နော်။ တိုက်ရိုက်ထုတ်လွှင့်မှုစတော့!"

ကျန်းမုန့်လောင်က စကားပြောစက်ထဲသို့ အော်ပြောလိုက်သည်။

တီဗီဖန်သားပြင်ကြီးမှာ ရုတ်တရက်လှုပ်ခါသွားသည်။ ဤမြင်ကွင်းကို မှတ်တမ်းတင်နေသည့်လူက တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားခြင်းပင်။

"ဒါ.. ဒါက ရွှီလိနယ်မြေနဲ့တူတယ်နော်"

လူကာက ဗီဒီယိုထဲရှိ နေရာကို ချက်ချင်းမှတ်မိလိုုက်သည်။ ဤသည်မှာ ဘရာမန်နိုင်ငံနှင့် တန်ဘတ်နိုင်ငံတို့ လက်ရှိအချိန်တွင် စစ်ရေးတင်းမာနေသော နယ်မြေပင်။

"မစ္စတာကျန်း..စစ်ရေးသတင်းထောက်ယဲ့ရင်က ရှေ့တန်းအခြေအနေကို တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်"

ယဲ့ရင်၏မျက်နှာက ကင်မရာပေါ်တွင် ပေါ်လာလေသည်။

"ဟုန်းရီ မင်း ငါ့ကိုမြင်ရလား"

"ဘေးဖယ်စမ်းပါ။ ကင်မရာကို ပိတ်မနေနဲ့"

ကျန်းမုန့်လောင်က ကွာစေ့တစ်အိတ်ကို ထုတ်ယူ၍ ခွာစားနေချေသည်။ ဟုန်းရီလည်း ပါးစပ်ကိုအုပ်ကာ၍ ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူတို့၏ဆက်ဆံရေးက ပိုတိုးတက်လာဟန်တူသည်။

"ရှေ့တန်းစစ်မြေပြင်အခြေအနေက ဘယ်လိုရှိလဲ"

"လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက တန်ဘတ်နိုင်ငံနဲ့ ဘရာမန်နိုင်ငံကြားက တိုက်ပွဲက အရမ်းပြင်းထန်နေခဲ့ပါတယ်။ ဘယ်ဘက်ကမှ အလျှော့မပေးကြပါဘူး။ ဒါပေမဲ့ စစ်ရေးအင်အားကွာခြားမှုကြောင့် တန်ဘတ်နိုင်ငံက တစ်ချိန်လုံးအရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက တန်ဘတ်နိုင်ငံက ခံစစ်ကို ရုတ်တရက်ကြီးတင်းကျပ်လိုက်တယ်။ ပြီးတော့ အမာခံနယ်မြေနှစ်ခုကို စွန့်လွှတ်ပစ်လိုက်ပြီး ခံစစ်ရဲ့နောက်ဆုံးလိုင်းအထိ ဆုတ်ခွာသွားပါတယ်"

"ငါထင်ထားတဲ့အတိုင်းပဲ"

ကျန်းမုန့်လောင်မှာ ဗိုလ်ချုပ်အက်ဖ်ဖူ၏ ဆုံးဖြတ်ချက်ကို မချီးကျူးဘဲ မနေနိုင်ချေ။

"နယ်မြေသုံးခုစလုံးကို ခေါင်းမာမာနဲ့ ကာကွယ်နေမယ်ဆိုရင် သူတို့ရဲ့စစ်ရေးအင်အားကို ဖြန့်ကြက်လိုက်သလို ဖြစ်နေမှာ။ ခံစစ်နှစ်လိုင်းကို စွန့်လွှတ်ပြီး တစ်နေရာတည်းမှာပဲ တပ်ဖွဲ့အားလုံးကို စုစည်းထားလိုက်တာ ပိုကောင်းတယ်။ သူတို့သာ ရက်ပိုင်းလောက်တောင့်ခံထားနိုင်ရင် သူ့တပ်ဖွဲ့တွေကလည်း လက်နက်အသစ်တွေကို ကျွမ်းကျင်လာဖို့ အချိန်လုံလုံလောက်လောက်ရလိမ့်မယ်။ ပြီးရင်တော့ တန်ပြန်တိုက်ခိုက်ရမဲ့အချိန်ပဲပေါ့"

ဘရာမန်နိုင်ငံ၏ ရှေ့တန်းစစ်မြေပြင်တွင် ဤစစ်ဆင်ရေး၏ တပ်မှူးပရက်ဒ်က နောက်ဆုံးခံစစ်ကို တပ်ဖြန့်ထားသည်။

မြေပုံပေါ်တွင် ဘရာမန်နိုင်ငံကို ကိုယ်စားပြုသော အပြာရောင်အလံများမှာ ပြည့်သိပ်နေချေသည်။ ၎င်းမှာ သူတို့သိမ်းပိုက်ထားသော နယ်မြေများကို ညွှန်ပြနေခြင်းပင်။ ရွှီလိနယ်မြေတစ်ခုလုံးတွင် နယ်မြေရှစ်ပုံတစ်ပုံလောက်သာ ကျန်တော့သည်။

"ဗိုလ်ချုပ်..သူတို့က ခုခံရုံပဲခုခံနေတာပါ။ ကျွန်တော်တို့ကို လုံးဝမတိုက်ဘူး။ သူတို့က ကုန်ကျစရိတ်များအောင် သက်သက်လုပ်နေတာ။ ကျွန်တော်တို့ဘက်က တိုက်လေယာဉ်တွေ စေလွှတ်လိုက်တိုင်း သူတို့ကလည်း လေယာဉ်ဖျက်လက်နက်တွေကို ထုတ်သုံးတယ်။ တကယ်လို့ ကျွန်တော်တို့ဘက်က အတင်းအကျပ်ဖောက်ဝင်သွားရင် ဆုံးရှုံးနစ်နာမှုတွေက ကြီးမားလိမ့်မယ်"

"ကိစ္စမရှိဘူး"

ပရက်ဒ်က ဤစစ်ပွဲတွင် သေချာပေါက်အောင်နိုင်မည်ဟု ယုံကြည်မှုရှိနေလေသည်။

"သူတို့က အဲဒီနေရာမှာ ငါးရက်လောက် ကျောက်ချထားတာ။ ကုန်ကျစရိတ်စားတဲ့ဒီနည်းလမ်းကို တစ်ချိန်လုံးသုံးနေတယ်။ သူတို့ရဲ့ထောက်ပံ့ပစ္စည်းတွေက အလျင်မမီတော့ဘူး။ သူတို့ဘက်က လက်နက်ခဲယမ်းနဲ့ အစားအသောက်တွေ ပြတ်လပ်သွားတာနဲ့ ငါတို့ ဘာမှတောင် အားစိုက်ထုတ်စရာမလိုတော့ဘူး။ အယောင်ပြတိုက်ခိုက်မှုကို ဆက်သာလုပ်။ တကယ်တိုက်ခိုက်စရာမလိုဘူး"

"ဟုတ်ကဲ့"

"လေတပ်အမှတ်ခုနစ် ထွက်ခွာဖို့အသင့်ပြင်! မှတ်ထားနော်! ဒါက အယောင်ပြတိုက်ခိုက်မှုသက်သက်ပဲ။ လက်နက်ခဲယမ်းနဲ့ ဒုံးကျည်တွေကို ခြွေတာမယ်"

"ဟုတ်ကဲ့!"

"လေတပ်အမှတ်ခုနစ် လေကြောင်း၀၇ အဆင်သင့်ဖြစ်ပါပြီ။ ထွက်ခွာမိန့် တောင်းခံနေပါတယ်"

"လေကြောင်း၀၈ အဆင်သင့်ဖြစ်ပါပြီ။ ထွက်ခွာမိန့် တောင်းခံနေပါတယ်"

"အုန်း!"

ရုတ်ခြည်းဆိုသလို ပြင်းထန်လှသောအသံတစ်သံက မြေပြင်ဆီမှ ထွက်ပေါ်လာလေသည်။ လေကြောင်းထိန်းချုပ်သူတစ်ယောက်က ထွက်ခွာခြင်းကို ရပ်တန့်ရန် လက်ဟန်ပြလာပြီးနောက် မြေပြင်ပေါ်သို့ လှဲချလိုက်သည်။ ထို့နောက် သူ့နားကို မြေကြီးပေါ်သို့ ခပ်တင်းတင်းဖိထားလိုက်၏။

"အုန်း!"

ကျယ်လောင်လှသော အသံကြီးက ထပ်မြည်နေဆဲသာ။

"ဘာတွေဖြစ်နေတာလဲ? ငလျင်လှုပ်တာလား?"

*************

All Chapters