← Chapters

ဗိုလ်ချုပ် လက်နက်ချကြရအောင်

Vol. 32 Ch. 479

ဗိုလ်ချုပ် လက်နက်ချကြရအောင်

Vol. 32 Ch. 479

"ဗိုလ်ချုပ် ကျွန်တော်တို့ အယောင်ပြတိုက်ခိုက်ဖို့ စစ်မြေပြင်ကိုပို့လိုက်တဲ့ တိုက်လေယာဉ်တွေ ရုတ်တရက်ကြီး အဆက်အသွယ်ပြတ်တောက်သွားပါတယ်"

မြေပြင်ဆက်သွယ်ရေးအတွက် တာဝန်ယူထားသော ဆက်သွယ်ရေးအင်ဂျင်နီယာများမှာ ဤသတင်းကို ဘရာမန်နိုင်ငံ၏ တပ်မှူးပရက်ဒ်ထံသို့ ချက်ချင်းတင်ပြလိုက်သည်။ ပုံမှန်ဆိုလျှင် ယခုလိုအဆက်အသွယ်ပြတ်တောက်မှုမျိုးမှာ လေယာဉ်ပစ်ချခံလိုက်ရသောကြောင့်ပင်။ ပျောက်ဆုံးသွားပြီးနောက် အခြေစိုက်စခန်းသို့ ပြန်ရောက်လာနိုင်သူများမှာ နည်းပါးလှသည်။

သို့သော် ဤအခြေအနေကတော့ အလွန်ထူးဆန်းနေသည်။ စစ်ပွဲစတင်ကတည်းက တိုက်ပွဲအကြီးအသေးရာဂဏန်းလောက် ဆင်နွှဲခဲ့သည့်တိုင် အပြင်းထန်ဆုံးထိခိုက်နစ်နာမှုကပင် တိုက်လေယာဉ်ဆယ်စီးကျော် ဖျက်ဆီးခံခဲ့ရဖူးခြင်းမရှိပေ။

ထို့ပြင် တန်ဘတ်နိုင်ငံမှာ ကြံရာမရသောအခြေအနေသို့ ဆိုက်ရောက်နေလေပြီ။ လက်နက်ခဲယမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများလည်း ကုန်ခန်းနေလေပြီ။ သူတို့က ဤတိုက်လေယာဉ်အများကြီးကို ဘယ်လိုလုပ်ပြီး ပစ်ချနိုင်မည်နည်း။

"အချက်ပြပြန်ပို့တာရောရှိလား"

ပရက်ဒ်က မေးလိုက်သည်။

"ကျွန်တော်တို့ ကစဉ့်ကလျားဖြစ်နေတဲ့ အချက်ပြတွေကိုပဲ လက်ခံရရှိထားပါတယ်။ ကြည့်ရတာ ကိရိယာတချို့က ကြားဝင်ဖျက်ထားတာဖြစ်မယ်။ အခုလောလောဆယ်တော့ အဲဒီအသံတွေထဲက တိကျတဲ့သတင်းအချက်အလက်ကို ပြန်ဆယ်လို့မရသေးပါဘူး"

"ဘာတွေဖြစ်နေတာလဲ"

ဗိုလ်ချုပ်ပရက်ဒ်၏မျက်နှာထက်တွင် စိုးရိမ်ပူပန်လေဟန် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့ခံစားချက်များ သိပ်မကောင်းပေ။ စစ်သားတစ်ယောက်အနေနှင့် သူ့မသိစိတ်က အလွန်တိကျသည်။ ဤခံစားချက်ကပင် ယခင်တုန်းက သူ့အား သေရေးရှင်ရေးအခြေအနေများမှာ အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့သည်။

"ဗိုလ်ချုပ် တခြားနိုင်ငံတစ်ခုခုကများ သူတို့ကို စစ်ကူပို့ပေးလိုက်တာလား။ တန်ဘတ်နိုင်ငံက သူတို့နဲ့ ဆက်ဆံရေးကောင်းတယ်မလား"

ထိုအင်ဂျင်နီယာပြောသော "သူတို့"ဆိုသည်မှာ မည်သူဖြစ်ကြောင်း ပရက်ဒ် သိသည်။ ၎င်းမှာ တိုးတက်လာသော နိုင်ငံတစ်နိုင်ငံပင်။ သိပ်မကြာသေးခင်တုန်းက သူတို့၏တိုးတက်မှုနှုန်းက အလွန်မြန်ဆန်လှသည်။ သူတို့ထက် အဆပေါင်းများစွာ ခေတ်ရှေ့ပြေးနေခဲ့သော နိုင်ငံများစွာကိုပင် ကျော်တက်သွားပြီး နယ်ပယ်တော်တော်များများတွင် ထိပ်ဆုံးက‌ နေရာယူထား၏။

သူတို့ဘက်ကသာ တန်ဘတ်နိုင်ငံကို စစ်ရေးထောက်ပံ့မှုပေးခဲ့ခြင်းဆိုပါက သူတို့ဘက်ကလည်း တိုက်ခိုက်ခြင်းမရှိဘဲ လက်နက်ချမိနိုင်လောက်သည်။ အကြောင်းမှာ ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံကမှ သူတို့နှင့် စစ်မက်ဖြစ်ပွားလျှင် သေချာပေါက်အနိုင်ယူနိုင်သည်ဟု ယုံကြည်မှုရှိရှိ မကြေညာရဲပေ။

"မဖြစ်နိုင်တာ"

ပရက်ဒ်မှာ ထိုဖြစ်နိုင်ခြေကို ချက်ချင်းပယ်ချလိုက်သည်။

"သူတို့က သူတို့နိုင်ငံရဲ့လုံခြုံရေးကို မခြိမ်းခြောက်လာသရွေ့ တခြားနိုင်ငံရဲ့အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ အဲဒီလိုကိစ္စမျိုးကို သူတို့ လုံးဝလုပ်မှာမဟုတ်ဘူး။ ကမ္ဘာတစ်ဝှမ်းက မျက်လုံးပေါင်းများစွာ စောင့်ကြည့်နေတဲ့အချိန်မှာဆိုရင် ပိုတောင်ဆိုးသေးတယ်"

"ရှေ့တန်းစစ်မြေပြင်အခြေအနေကို ချက်ချင်းစုံစမ်းလိုက်။ အဲဒီတိုက်လေယာဉ်တွေ ဘာလို့ပျောက်ဆုံးသွားတာလဲဆိုတာ သိရမှဖြစ်မယ်"

"ဟုတ်ကဲ့"

"ဗိုလ်ချုပ်!"

ထိုအင်ဂျင်နီယာ ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ယောက်က ထိန်းချုပ်ခန်းထဲသို့ ပြေးဝင်လာသဖြင့် ဗိုလ်ချုပ်ပရက်ဒ်၏ တံခါးပတ္တာများကို ပြုတ်ထွက်သွားအောင် လုပ်မိမတတ်ပင်။

"ဘာတွေအလျင်လိုနေတာလဲ။ မင်းပုံစံက စစ်သားတစ်ယောက်နဲ့တောင် တူသေးရဲ့လား"

ပရက်ဒ်မှာ သူ့လက်အောက်ငယ်သားတစ်ယောက် ယခုလိုထိတ်လန့်နေတာကို မြင်ရခြင်းအား မကျေနပ်ပေ။ ကောင်းကင်ကြီးပြိုကျလာလျှင်ပင် သူကတော့ မြဲမြဲမြံမြံရပ်တည်နေမည်သာ။

"အခုလေးတင် ကျွန်တော်တို့ရဲ့ရှေ့တန်းတပ်ဖွဲ့တွေဆီက သတင်းစကားတစ်စောင် ရောက်လာပါတယ်..သူတို့ပြောတာတော့.."

"သူတို့က ဘာပြောလို့လဲ"

ပရက်ဒ်ခမျာ နှလုံးခုန်မြန်သွားရသည်။ ထိုစစ်သား၏အမူအရာအရ သတင်းကောင်းတော့မဟုတ်နိုင်ကြောင်း သိသည်။

"ကျွန်တော်တို့တပ်ဖွဲ့တွေ လှည့်ပြေးလာခဲ့ရတယ်တဲ့။ တန်ဘတ်နိုင်ငံရဲ့တပ်ဖွဲ့တွေက ကျွန်တော်တို့ သိမ်းထားတဲ့နယ်မြေတွေကို ပြန်သိမ်းလိုက်ပါပြီ။ သူတို့ဘက်က တန်ပြန်တိုက်စစ်ဆင်နေပါပြီ"

"ဘာ?"

ပရက်ဒ်မှာ ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားခဲ့သော်လည်း သူတို့၏တပ်ဖွဲ့များ လှည့်ပြေးလာခဲ့ရသည့်အဖြစ်ကိုတော့ ကြိုတွေးမထားမိပေ။

ဤသည်မှာ သူတို့နိုင်ငံ၏ ထိပ်တန်းတပ်ဖွဲ့များပင်။ တန်ဘတ်နယ်မြေများကို သိမ်းယူနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် အကြီးအကျယ်စွန့်လွှတ်အနစ်နာခဲ့ကြသည်။

နိုင်ငံထဲရှိ တိုက်လေယာဉ်အစင်း၁၄၀၀၏ ထက်ဝက်နီးပါးကိုလည်း ရှေ့တန်းသို့ စေလွှတ်ခဲ့သည်။ အစွမ်းထက်လှသော လက်နက်များစွာကိုလည်း ထောက်ပံ့ပေးခဲ့ပြီး တန်ဘတ်နိုင်ငံ၏ တပ်ဖွဲ့များကို ဤစစ်ပွဲကာလအတွင်း အစွမ်းအစမဲ့နေအောင် လုပ်ခဲ့သည်။

နှစ်ဖက်စလုံး၏ စစ်ရေးကိရိယာများမှာ နှစ်ဆမျှ ကွာခြားလေသည်။ အချိန်တစ်ခုကြာပြီးနောက် ဤအချိုးမှာ ပိုတိုးလာခဲ့သည်။ တန်ဘတ်နိုင်ငံ၏ တပ်ဖွဲ့များက လက်ရှိအချိန်မှာ နှစ်ဆမျှ ပိုအင်အားကောင်းလာခဲ့သည်ဆိုလျှင်ပင် သူတို့အနေနှင့် ခံစစ်ကိုသာ အားဖြည့်နိုင်ပေလိမ့်မည်။ သူတို့က ဘယ်လိုလုပ်ပြီး တန်ပြန်တိုက်စစ်ဆင်နိုင်မည်နည်း။ သူတို့၏တပ်ဖွဲ့များက မသေမျိုးတွေများလား?

"ရှေ့တန်းမှာ ဘာတွေဖြစ်နေတာလဲ"

"ဗိုလ်ချုပ်.. ရှေ့တန်းမှာရှိတဲ့ လက်ထောက်ဗိုလ်ချုပ်အိုင်းဆက်က ပြောပါတယ်။ တန်ဘတ်နိုင်ငံရဲ့တပ်ဖွဲ့တွေက ရုတ်တရက်ကြီး အဆင့်မြင့်စစ်လက်နက်တွေအများကြီးနဲ့ ပေါ်လာခဲ့တာတဲ့။ ကျွန်တော်တို့တပ်ဖွဲ့တွေက သူတို့ကို ယှဉ်တောင်မယှဉ်နိုင်ဘူး။ မိနစ်နှစ်ဆယ်တောင်မပြည့်သေးခင် ကျွန်တော်တို့ရဲ့ပထမခံစစ်ပြိုလဲသွားပြီး အခုဆိုရင် သူတို့က ဒုတိယခံစစ်ကို ချီတက်လာကြပါပြီ"

"ဘာ? မိနစ်နှစ်ဆယ်တည်းနဲ့လား။ သူတို့က တိုက်လေယာဉ်အစင်းနှစ်ရာကို လွှတ်လိုက်တာလား"

ဗိုလ်ချုပ်ပရက်ဒ်ခမျာ ကြောက်စရာကောင်းလှသော ထိုပမာဏကို တစ်ခါမှမကြားဖူးပေ။ သူတို့၏ပင်မတပ်ဖွဲ့များမှာ အနောက်တန်းတွင်ရှိပြီး ရှေ့တန်းတပ်ဖွဲ့ထဲတွင် တိုက်လေယာဉ်အစင်းတစ်ရာခန့်ရှိ၏။ သို့သော် ထိုသို့ဆိုလျှင်ပင် ၎င်းမှာ အလွန်စွမ်းအားကြီးသောတပ်ဖွဲ့တစ်ခု ဖြစ်နေဆဲပင်။ သူတို့က ဘယ်လိုလုပ်ပြီးတော့များ အလွယ်လေးအနိုင်ယူခံလိုက်ရတာလဲ?

"ဗိုလ်ချုပ်"

သတင်းပို့သမားလေးခမျာ ခါးသက်သက်ပြုံးလိုက်လေသည်။

"ရန်သူဘက်က တိုက်လေယာဉ်အစင်းနှစ်ရာတင် ရှိတာမဟုတ်ပါဘူး။ အနည်းဆုံး အစင်းသုံးရာလေးရာလောက်ရှိပါတယ်။ အကုန်လုံးက ပဥ္စမမျိုးဆက်တိုက်လေယာဉ်တွေချည်းပါပဲ။ အဲဒါက လေကြောင်းတပ်တစ်ခုစာပဲ ရှိပါသေးတယ်။ သူတို့မှာ တင့်ကားအစင်းငါးရာနဲ့ သံချပ်ကာယာဉ်အစင်းသုံးရာလည်းရှိသေးတယ်။ တစ်စင်းချင်းစီမှာ အဆင့်မြင့်ဒုံးကျည်စနစ်တွေ တပ်ဆင်ထားပါတယ်"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဗိုလ်ချုပ်ပရက်ဒ်၏မျက်နှာထက်တွင် ပြင်းထန်လှစွာသော ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်ခြင်းတို့ ပြည့်နှက်နေလေသည်။

"ယုံရောယုံနိုင်ရဲ့လား။ ဒုံးကျည်အစင်းတစ်ထောင်ကို တစ်ပြိုင်တည်းပစ်လိုက်တာတဲ့။ ငါတို့ရဲ့လေကြောင်းကာကွယ်ရေးကွန်ယက်က အများဆုံးမှ သုံးပုံနှစ်ပုံလောက်ပဲ ကြားဖြတ်တိုက်ခိုက်နိုင်တာ။ မိနစ်နှစ်ဆယ်လောက် တောင့်ခံနိုင်ခဲ့တာကတင် အံ့ဩစရာကောင်းနေပြီ"

….

"ဗိုလ်ချုပ်! ရှေ့တန်းကရတဲ့ နောက်ဆုံးရသတင်းကတော့ ကျွန်တော်တို့ရဲ့ဒုတိယအမာခံနယ်မြေကို လက်လွှတ်လိုက်ရပြီတဲ့"

အခြားစစ်သားတစ်ယောက်က အထဲကိုပြေးဝင်လာပြန်သည်။

"ဗုံးကြဲယာဉ်အစင်းနှစ်ဆယ်က ကျွန်တော်တို့ရဲ့စစ်မြေပြင်ထဲကို ချီတက်လာပြီး ကျွန်တော်တို့ရဲ့စစ်သုံးကိရိယာတွေကို တစ်စစီဖျက်ဆီးပစ်လိုက်ပါတယ်။ သူတို့ပြန်သွားတာတောင် အဲဒီဗုံးကြဲလေယာဉ်က ဘာအမျိုးအစားလဲဆိုတာ မသိခဲ့ပါဘူး"

"ဆုံးရှုံးနစ်နာမှုတွေက ဘယ်လောက်အထိဆိုးဝါးလဲ"

"အရမ်းပြင်းထန်ပါတယ်။ အခြေစိုက်စခန်းမှာ ထားထားတဲ့ ကျွန်တော်တို့တိုက်လေယာဉ်တွေနဲ့ တင့်ကားရှစ်ဆယ်ရာခိုင်နှုန်းကျော် ဖျက်ဆီးခံလိုက်ရပါတယ်။ သေဆုံးသူတွေလည်း နည်းနည်းရှိပါတယ်။ ကြည့်ရတာတော့ သူတို့က လူသတ်ဖို့လာတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့စစ်သုံးကိရိယာတွေနဲ့ လက်နက်တွေကို လာဖျက်ဆီးကြပုံပါပဲ"

"အခု တပ်ဖွဲ့တွေက ဘယ်မှာလဲ"

"သူတို့တွေက တတိယအမာခံနယ်မြေကို ဆုတ်ခွာပြီးပါပြီ။ ဒါပေမဲ့ တန်ဘတ်နိုင်ငံရဲ့တိုက်လေယာဉ်တွေနဲ့ တင့်ကားတွေက ဆက်ချီတက်လာနေတုန်းပါ။ တင့်ကားကြီးတွေက တစ်လျှောက်လုံးချီတက်လာပြီး လေယာဉ်တွေက လေကြောင်းအကာအကွယ်ကို ပေးနေပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ သူတို့ ဆုံးရှုံးနစ်နာမှုတွေကို ဂရုမစိုက်ပါဘူး။ ထုတ်သုံးလိုက်သမျှကလည်း ဒုံးကျည်တွေချည်းပါပဲ။ ဒါက စစ်ပွဲမဟုတ်ဘဲ ငွေကြေးဖြုန်းတီးရေးတစ်ခုလိုပဲ"

"သူတို့က ဒီပစ္စည်းတွေကို ဘယ်ကရတာလဲ"

ဗိုလ်ချုပ်ပရက်ဒ်ခမျာ အဖြေရှာမရချေ။ ဆင်းရဲလှသော တန်ဘတ်နိုင်ငံက ဤမျှငွေကြေးအများကြီးကို ဘယ်လိုထုတ်နိုင်ခဲ့လေသလဲ။

ဤစစ်ရေးကိရိယာများ၏အဆင့်မှာ အနည်းဆုံးတော့ အမေရိကန်ဒေါ်လာရှစ်ရာဘီလီယံ ကိုးရာဘီလီယံလောက်တော့ ပေးရနိုင်သည်။ သူတို့တစ်နိုင်ငံလုံး၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံမျှသာ ရှိ၏။

သူတို့က ကိုယ့်နိုင်ငံကိုယ်တိုးတက်အောင်ရော လုပ်နိုင်သေးရဲ့လား?

အရေးအကြီးဆုံးအချက်မှာ အဆင့်မြင့်ပဥ္စမမျိုးဆက်တိုက်လေယာဉ်များနှင့် တင့်ကားများကို သူတို့ ဘယ်လိုရယူနိုင်ခဲ့သလဲ။ ပိုက်ဆံရှိသည်ဆိုလျှင်ပင် ထိုအရာများကို ဝယ်ယူရန်မဖြစ်နိုင်ချေ။

"ဗိုလ်ချုပ်.. အခြေအနေက အခုလိုဖြစ်နေရင် တစ်ပတ်အတွင်း ကျွန်တော်တို့ ရွှီလိနယ်မြေကို လက်လွှတ်လိုက်ရလိမ့်မယ်။ သူတို့ကတော့ မရပ်ဘဲ ဆက်ချီတက်နေမှာ"

ပရက်ဒ်လည်း ဤဖြစ်နိုင်ခြေကို အပြည့်အဝယုံကြည်သည်။ အချိန်အတော်ကြာအောင် အရှက်ခွဲခံထားရသော နိုင်ငံတစ်နိုင်ငံအနေနှင့် ဤမျှအစွမ်းထက်လှသော စစ်ရေးအင်အားမျိုးကို ပိုင်ဆိုင်လိုက်ရချိန်မှာ ဘာမဆိုလုပ်နိုင်ပေသည်။

.......

"ဗိုလ်ချုပ် ကျွန်တော်တို့ရဲ့တတိယအမာခံနယ်မြေ တိုက်ခိုက်ခံနေရပါပြီ"

လက်ရှိအခြေအနေကိုပင် ကောင်းကောင်းလက်မခံနိုင်သေးခင်မှာပင် တတိယအမာခံနယ်မြေမှ သတင်းတစ်ခု ထပ်ရောက်လာပြန်သည်။

"အခြေအနေကို တင်ပြပါ! အခြေအနေကို တင်ပြပါ!"

"တင်ပြပါတယ် ဗိုလ်ချုပ်! ရန်သူဘက်က တိုက်လေယာဉ်အစင်းငါးရာကို တပ်ဖြန့်ထားပါတယ်။ အဲဒီထဲက အစင်းတစ်ရာကတော့ ကျွန်တော်တို့အခြေစိုက်စခန်းကို တိုက်ခိုက်နေပါပြီ"

တစ်ဖက်မှ ပေါက်ကွဲသံများနှင့် လေကြောင်းအချက်ပြသံများမှာ အဆက်မပြတ်ထွက်ပေါ်နေသည်။

"ကျန်တဲ့အစင်းလေးရာကတော့ ကျွန်တော်တို့ရဲ့ခံစစ်လိုင်းကိုကျော်ပြီး နောက်တန်းကို ဦးတည်နေပါတယ်။ ကျေးဇူးပြုပြီး အစီအစဉ်တစ်ခု မြန်မြန်ချပေးပါ"

"အုန်း!"

......

ဖုန်းခေါ်ဆိုမှုကား မပြတ်တောက်သေးပေ။ ဗိုလ်ချုပ်ပရက်ဒ်၏ မျက်နှာကတော့ ဖြူဖပ်ဖြူရော်ဖြစ်သွားလေပြီ။

လက်ထောက်ဗိုလ်ချုပ်မှာ အသက်ပြင်းပြင်းရှူသွင်းပြီး သူကိုယ်တိုင်ပင် ယုံကြည်ရခက်သော စကားတစ်ခွန်းကို ပြောလိုက်၏။

"ဗိုလ်ချုပ် ကျွန်တော်...ကျွန်တော်တို့ လက်နက်ချသင့်တယ်နော်"

***************

All Chapters