နိုင်ငံတကာအဆင့် အရှက်ကွဲခြင်း
Vol. 32 Ch. 480
"ဘာ? ထပ်ပြောစမ်းပါ?"
ပရက်ဒ်၏မျက်လုံးများမှာ ချက်ချင်းနီမြန်းသွားလေသည်။ သူတို့က နာရီပိုင်းမျှသာ တိုက်ခိုက်ရသေးသော်လည်း ယခုမူ လက်နက်ချဖို့ အကြံပေးလာလေသည်။
"ဗိုလ်ချုပ် ကျွန်တော် သေရမှာမကြောက်ပါဘူး။ စစ်သားတစ်ယောက်အနေနဲ့သေခြင်းတရားက ရှောင်လွှဲလို့မရဘူးဆိုတာ အရင်ကတည်းက လက်ခံထားပါတယ်။ အောင်မြင်နိုင်ခြေနည်းနည်းရှိတယ်ဆိုရင် ကျွန်တော့်အသက်ကိုရင်းပြီး တိုက်ခိုက်မှာပါ။ ဒါပေမဲ့ ဒီစစ်ပွဲက အောင်မြင်နိုင်ခြေမရှိပါဘူး"
လက်ထောက်ဗိုလ်ချုပ်၏မျက်နှာထက်တွင် ကြံရာမရဖြစ်နေသော အရိပ်အယောင်များက အထင်းသားပင်။
"ဗိုလ်ချုပ် ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ကိရိယာတွေက ဘယ်လိုအခြေအနေရှိလဲဆိုတာကို အသာထားလိုက်ဦး။ ကျွန်တော်တို့နိုင်ငံထဲက စစ်ရေးအင်အားအကုန်လုံးကို ထုတ်သုံးမယ်ဆိုရင်တောင် နိုင်နိုင်ပါ့မလား"
ခေါင်းဆောင်တစ်ယောက်အနေနှင့် လက်ထောက်ဗိုလ်ချုပ်မှာ သူတို့နိုင်ငံ၏စစ်ရေးအင်အားကို ကောင်းကောင်းသိသည်။
နှစ်ပေါင်းများစွာကြာအောင် တစ်စပြီးတစ်စဆုတ်ယုတ်လာပြီးနောက် သူတို့၏နိုင်ငံတော်အင်အားစုများမှာ တိုက်လေယာဉ်အစင်းတစ်ထောင်ကျော်သာ ကျန်တော့သည်။ သို့သော် ထိုအထဲမှ တစ်ဝက်က တတိယမျိုးဆက်တိုက်လေယာဉ်များပင်။ ကျန်တစ်ဝက်ကမူ စတုတ္တမျိုးဆက်တိုက်လေယာဉ်များဖြစ်သည်။ တန်ဘတ်နိုင်ငံဘက်က အစင်းငါးရာတည်းသာ ပိုင်ဆိုင်ထားသော်ငြား ထိုအရာများမှာ ပဥ္စမမျိုးဆက်တိုက်လေယာဉ်များဖြစ်၏။
ပဥ္စမမျိုးဆက်တိုက်လေယာဉ်တစ်စီးက တတိယမျိုးဆက်တိုက်လေယာဉ်ငါးစီးနှင့် တိုက်ခိုက်ရခြင်းမှာ ကလေးကစားနေရသလိုပင်။ သူတို့အနေနှင့် နိုင်ငံတော်၏ စစ်ရေးအင်အားအကုန်လုံးကို ထုတ်သုံးမည်ဆိုလျှင်ပင် အောင်မြင်နိုင်မည်မဟုတ်။ ထို့ပြင် ဤသည်မှာ လေကြောင်းအင်အားမျှသာ ရှိသေးသည်။
ထိုကဲ့သို့သောတိုက်ပွဲတစ်ခုမှာ မလိုအပ်သောသေဆုံးသူများကို တိုးပွားလာစေနိုင်ပြီး နိုင်ငံတော်အရင်းအမြစ်များကို ဖြုန်းတီးခြင်းသက်သက်သာ။ ပြင်ပစစ်ကူများကို မခေါ်ယူနိုင်ပါက သူတို့၏အရှုံးကား မရှောင်လွှဲနိုင်ပေ။
ဤအဆိုပြုချက်ကြောင့် ပရက်ဒ်လည်း လုံးဝပြိုလဲသွားရသည်။
သူတို့ နိုင်ပါ့မလား?
သူ့အနေနှင့် ထိုအချက်ကို ဝန်မခံချင်သော်လည်း အဖြေကိုတော့ စိတ်ထဲတွင် ကြိုသိထားပြီးသားပင်။ တင်ပြထားသည့်အတိုင်းသာ အမှန်တကယ်ဖြစ်ခဲ့မည်ဆိုပါက သူတို့ထံတွင် အောင်မြင်နိုင်ခြေကား သုညဖြစ်၏။
"ရုပ်ပုံဒေတာတွေနဲ့ အစီရင်ခံစာဖိုင်တွေကို ပို့လိုက်။ ငါ အထက်လူကြီးတွေကို ဆက်သွယ်ရဦးမယ်"
…
"ဘာ? တန်ဘတ်နိုင်ငံက စစ်ကူရထားတယ် ဟုတ်လား"
ဤသတင်းက ဘရာမန်နိုင်ငံအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး အကြီးအကျယ်ထိတ်လန့်နေကြသည်။ု
"F22နဲ့ F35တိုက်လေယာဉ်တွေတဲ့လား။ အမေရိကန်က ကြားဝင်စွက်ဖက်တာလား"
"ငါတို့ ကန့်ကွက်တယ်။ ငါတို့နဲ့ တန်ဘတ်နိုင်ငံကြားက တိုက်ပွဲမှာ သူတို့က ဝင်စွက်ဖက်ပိုင်ခွင့်ရှိလို့လား"
ဘရာမန်ပြည်သူများမှာ နိုင်ငံတကာတိုင်ချက်တစ်ခုကို ဖွင့်လိုက်ကြသည်။
"လစ်စမ်းပါ။ ငါတို့ကို ဆွဲမထည့်နဲ့"
အမေရိကန်ဘက်ကလည်း ဤကိစ္စက သူတို့နှင့်မသက်ဆိုင်ကြောင်း အခိုင်အမာငြင်းချက်ထုတ်လိုက်သည်။
ပါဝင်ပတ်သက်ထားသော ကိရိယာအမြောက်အများမှာ အမေရိကန်ထုတ်ကိရိယာများ ဖြစ်သော်လည်း ဤပစ္စည်းများကို သူတို့တစ်ဦးတည်း သုံးနေခြင်းမဟုတ်ပေ။ နိုင်ငံတကာက သုံးနေခြင်းပင်။
များပြားလှသော လက်နက်ရောင်းချမှုက ပြဿနာတချို့ကို ဖြစ်စေခဲ့သောကြောင့် သူတို့၏အကြီးဆုံးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီများအတွင်း အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ကြသည်။
စုံစမ်းစစ်ဆေးပြီး သက်သေများကို စုဆောင်းပြီးနောက် ဤကိစ္စမှာ အမေရိကန်နှင့် ဘာမှမသက်ဆိုင်ကြောင်း ရှင်းချက်ထုတ်ခဲ့ကြသည်။ သူတို့၏ တာဝန်ထမ်းဆောင်ဆဲလေယာဉ်အားလုံးမှာ သူတို့ထံတွင်သာ ရှိနေပြီး လတ်တလောအတွင်းမှာလည်း ထိုမျှများပြားသော လက်နက်ပမာဏများကို ရောင်းချထားသည့် တရားဝင်လမ်းကြောင်းများ မရှိပေ။ ဤသည်မှာ သာမန်အခြေအနေတစ်ခုတော့ မဟုတ်ပေ။
"ငါတို့ ကန့်ကွက်တယ်။ တိုက်ခိုက်ရေးနိုင်ငံအနေနဲ့ ငါတို့နိုင်ငံအရေးကို ဝင်မစွက်ဖက်သင့်ဘူး"
အမေရိကန်ဘက်က ဘာသတင်းအချက်အလက်မှ မရသဖြင့် သူတို့ကလည်း တိုက်ခိုက်ရေးနိုင်ငံတစ်ခုကို အပြစ်ပုံချကြလေတော့သည်။
"အဲဒါ ငါတို့ပဲ! ပြဿနာရှိလား? လက်သီးနဲ့ရှင်းကြတာပေါ့"
တိုက်ခိုက်ရေးသမားများဟူသော သူတို့၏ဂုဏ်သတင်းနှင့် ကိုက်ညီပါပေသည်။ သူတို့က ရှင်းပြဖို့အထိ စိတ်မရှည်ကြဘဲ တိုက်ရိုက်စိန်ခေါ်ပစ်လိုက်သည်။
ဤတုံ့ပြန်ချက်ကြောင့် ဘရာမန်ပြည်သူများမှာ ထိတ်လန့်သွားခဲ့ရသည်။ သူတို့အနေနှင့် ထိုလူများနှင့် မတိုက်ခိုက်ရဲပေ။ ဤသည်မှာ ပြဿနာကို မီးခွက်ထွန်းပြီးရှာနေခြင်းပင် မဟုတ်လော။
ရက်ပေါင်းများစွာစုံစမ်းစစ်ဆေးပြီး ဆန္ဒပြပြီးနောက်တွင် ရှေ့တန်းအခြေအနေက ပိုမိုဆိုးဝါးလာသည်။ ဘရာမန်နိုင်ငံ၏ စစ်တပ်မှာ ကစဉ့်ကလျားဖြစ်ကုန်လေပြီ။ တန်ဘတ်နိုင်ငံ၏တပ်ဖွဲ့များကတော့ အလွန်တက်ကြွနေကြသည်။ သူတို့အနေနှင့် သိမ်းပိုက်ခံထားရသော နယ်မြေများကို ပြန်သိမ်းနိုင်ရုံသာမက နယ်မြေတစ်ခုလုံး၏ ၉၅ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်လုနီးပါးပင်။
ရက်အနည်းငယ်အတွင်းမှာပင် ဘရာမန်နိုင်ငံ၏ စစ်တပ်က တိုက်လေယာဉ်အစင်းသုံးရာကျော်နှင့် တင့်ကားအစင်းငါးရာကို ဆုံးရှုံးလိုက်ရပြီဖြစ်၏။ သူတို့ဘက်က အဝေးပစ်ဒုံးကျည်များကို အသုံးပြုပြီး ဤတင့်ကားတပ်စုကြီးနှင့် တိုက်လေယာဉ်စစ်ကြောင်းကြီးကို ဖျက်ဆီးရန်ပင် ကြိုးစားခဲ့သေးသည်။
သို့သော် တန်ဘတ်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးစနစ်က သူတို့၏ဒုံးကျည်များကို ကြားဖြတ်ယူနိုင်ခဲ့ပြီး အဝေးပစ်ဒုံးကျည်အစင်းငါးရာကို ပြန်ပစ်လိုက်လေရာ နယ်မြေတစ်ခုလုံး အထက်အောက်ပြောင်းပြန်လှန်တော့မတတ်ပင်။
ကိရိယာအမြောက်အများ ဆုံးရှုံးခဲ့ရခြင်းသာမက ဘရာမန်နိုင်ငံ၏ လူအင်အားဆုံးရှုံးမှုကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ များများစားစား သေဆုံးခြင်းမရှိသော်လည်း တန်ဘတ်နိုင်ငံက စစ်သုံ့ပန်းအယောက်ရာဂဏန်းလောက် ဖမ်းဆီးသွားပြီး သူတို့၏စစ်စခန်းများထဲတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။
နောက်ဆုံးအမာခံနယ်မြေကို မခွဲနိုင်မခွာရက်ဖြစ်နေခဲ့သော ဘရာမန်တပ်ဖွဲ့များမှာ အပြင်ဘက်တွင် သူတို့ကိုစောင့်ဆိုင်းနေသော အဆုံးမဲ့လက်နက်များကြောင့် သူတို့၏အမာခံနယ်မြေများကို စွန့်လွှတ်ခဲ့ရသည်။
တကယ်တမ်းတွင် တန်ဘတ်နိုင်ငံ၏ စစ်သားများက ထိုနယ်မြေသေးသေးလေးကို မထိုးဖောက်နိုင်ခြင်းမဟုတ်ပေ။ မြေပြင်အနေအထားအရ ခံစစ်က အသာစီးရနေသော်ငြား စစ်ရေးအင်အားအသာစီးရထားသဖြင့် ဤအချက်များမှာ မပြောပလောက်သောအရာများပင်။
ထိုနယ်မြေ၏အဆုံးတွင် ဘရာမန်နိုင်ငံ၏ ပိုင်နက်နယ်မြေပင်။ သူတို့၏လက်နက်များက အလွန်အစွမ်းထက်လွန်းလှသဖြင့် ရန်သူ့နယ်စပ်ဒေသများကို မတော်တဆသက်ရောက်မှုဖြစ်စေနိုင်သည်။
အငြင်းပွားနယ်မြေအတွင်း တိုက်ခိုက်ခြင်းမှာ တရားဝင်သော်ငြား ဆက်ချီတက်လျှင်မူ ကျူးကျော်မှု ဖြစ်သွားလေပြီ။ ဤသည်မှာ မတူညီသောကိစ္စတစ်ရပ်ပင်။ ထို့ကြောင့် တန်ဘတ်နိုင်ငံ၏ တပ်ဖွဲ့များမှာ အတန်ငယ်တွေဝေတုံ့ဆိုင်းနေကြခြင်းဖြစ်၏။
သူတို့လည်း ဤအခွင့်အရေးကို အမိအရယူပြီး ပြင်ပကမ္ဘာမှ စစ်ရေးအရင်းအမြစ်များကို အရူးအမူးတောင်းဆိုခဲ့ကြသည်။ များပြားလှသော ဆုကြေးများကိုပင် ထုတ်ခဲ့ပါသော်ငြား ဘယ်နိုင်ငံကမှ သူတို့ကို အရေးမလုပ်ပေ။
ယခုအချိန်တွင် တန်ဘတ်နိုင်ငံမှာ ယခင်တုန်းကနှင့် မတူတော့ပေ။ ပဥ္စမမျိုးဆက်တိုက်လေယာဉ်အစင်းငါးရာနှင့်ဆိုပါက သူတို့၏စစ်ရေးအင်အားက ကမ္ဘာ့ထိပ်ဆုံးဆယ်နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်သည်။
အကယ်၍ သူတို့ကို ထောက်ပံ့ပေးရမည်ဆိုလျှင် ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော စစ်ရေးအင်အားမျိုးကို အသုံးပြုရမည်ဟူသော သဘောပင်။
သို့သော် တစ်ကမ္ဘာလုံးတွင် ပဥ္စမမျိုးဆက်တိုက်လေယာဉ်အစင်းငါးရာကို ဘယ်နိုင်ငံကများ အသုံးချနိုင်မည်နည်း။ လက်ဆုပ်စာမျှသာ ရှိသည်။ သို့သော် ထိုကဲ့သို့သော စစ်ရေးထောက်ပံ့မှုမျိုးမှာ လူအင်အားနှင့် အရင်းအမြစ်များ ဘယ်လောက်များများ ထုတ်သုံးရန် လိုအပ်လေသလဲ။ အနည်းဆုံးတော့ အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံတော့ ကုန်ကျမည်ဖြစ်၏။ ဘရာမန်နိုင်ငံမှ အဆိုပြုထားသည့် အကျိုးအမြတ်များနှင့် ယှဉ်ကြည့်လိုက်ပါက အရှုံးပေါ်နေလေပြီ။
ကူညီပေးချင်သူများမှာ အစွမ်းအစကင်းမဲ့ကြပြီး အစွမ်းအစရှိသူများမှာမူ ရန်ပုံငွေလုံလုံလောက်လောက်မရှိကြပေ။ ထို့ကြောင့် သူတို့အနေနှင့် ကူကယ်ရာမဲ့သော အခြေအနေတစ်ခုသို့ ဆိုက်ရောက်လာခဲ့သည်။
သို့သော် ဤအခြေအနေကြောင့် တန်ဘတ်နိုင်ငံ၏ စစ်တပ်ထဲတွင်လည်း အတိုင်းအတာတစ်ခုအထိ မငြိမ်မသက်ဖြစ်နေပေသည်။ ကျန်းမုန့်လောင်က သူတို့အား အရင်းအမြစ်များစွာ ထောက်ပံ့ပေးထားသော်လည်း သူတို့ကိုယ်တိုင် သိမ်းပိုက်ထားသော နယ်မြေများကို ချဲ့ထွင်လိုစိတ် ပြင်းပြနေကြသည်။
ဘရာမန်နိုင်ငံသားများဘက်က အလျှော့မပေးဘဲ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးခင်ကာလပတ်လုံး ဤဒေသမှာ ငြိမ်းချမ်းရေးနှင့် ဝေးကွာနေဦးမည်ဖြစ်ပြီး စစ်ပွဲများကလည်း အချိန်မရွေး ပြန်လည်စတင်လာနိုင်သည်။ အကယ်၍ လုံးဝမတတ်သာသည့် အခြေအနေသို့ မရောက်ခဲ့ပါက တန်ဘတ်လူမျိုးများကလည်း စစ်ပွဲကို အမှန်တကယ်ရွံမုန်းပေသည်။
"ဗိုလ်ချုပ်! သူတို့ဘက်က လက်နက်ချဖို့ ငြင်းဆန်နေပါတယ်"
သိမ်းသွင်းဖျောင့်ဖျရေးတာဝန်ကို ယူထားရသော ကိုယ်စားလှယ်တစ်ဦးက ဗိုလ်ချုပ်အက်ဖ်ဖူထံသို့ အစီရင်ခံတင်ပြလိုက်သည်။
"ဗိုလ်ချုပ်.. သူတို့တွေက တကယ့်ကို အရှက်မရှိတာပါလား။ မနိုင်တာသိသိကြီးနဲ့ အညံ့မခံသေးဘူး။ အခုဆိုရင် ပုန်းအောင်းနေကြတော့ ကျွန်တော်တို့လည်း ဘာမှမလုပ်နိုင်ဘူးဖြစ်နေတယ်"
"စိတ်ငြိမ်ငြိမ်ထား"
ဗိုလ်ချုပ်အက်ဖ်ဖူက သူ့စားပွဲတွင် စာအုပ်ဖတ်နေလေသည်။
ကျန်းမုန့်လောင်နှင့် ပတ်သက်ဆက်ဆံပြီးနောက် သူလည်း ဟွာရှားနိုင်ငံမှ အရာများကို လေ့လာရန် ကြိုးစားခဲ့သည်။ တစ်ပတ်ကြာအောင် လေ့လာပြီးနောက်မှာတော့ သိသိသာသာ ဉာဏ်ပွင့်လာခဲ့သည်။ သူသည် တန်ဘတ်ဘာသာစကားဖြင့် ဘာသာပြန်ထားသော စွန်းဇု၏ 'စစ်ရေးဗျူဟာ'စာအုပ်ကို ဖြည်းညင်းစွာချလိုက်ပြီးနောက် စကားဆိုလိုက်လေသည်။
"ဟွာရှားနိုင်ငံမှာ 'မြို့ကိုတိုက်ချင်ရင် စိတ်ကိုအရင်တိုက်ရမယ်'ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိတယ်"
"ဗိုလ်ချုပ်! အဲဒါက ဘာကိုဆိုလိုချင်တာပါလဲ"
"အခု စစ်အင်အားအရ ငါတို့ဘက်က အသာစီးရနေပေမဲ့ သူတို့က လက်နက်ချမယ်လို့ မကြေညာသေးဘူး။ ဘာလို့လဲဆိုတာသိလား"
ကိုယ်စားလှယ်ကလည်း ခေါင်းခါပြလိုက်သည်။ သူသာသိခဲ့ပါက ဘရာမန်နိုင်ငံမှာ အစောကတည်းက လက်နက်ချပြီးဖြစ်၏။
"ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ မျှော်လင့်ချက်တွေနဲ့ ယုံကြည်မှုနည်းနည်း ကျန်နေသေးလို့ပဲ။ သူတို့ကို အညံ့ခံစေချင်ရင် သူတို့ရဲ့ယုံကြည်မှုကို ချေမှုန်းပစ်ရမယ်။ သူတို့ရဲ့စိတ်ဝိညာဉ်ကို ရိုက်ချိုးပစ်ရမယ်"
"ဒါကို ဘယ်လိုလုပ်ရမှာလဲ"
သူတို့သည် ကြမ်းတမ်းလှသော တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးကြ၏။ ရန်သူကို ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူရန် လွယ်ကူသော်လည်း လူတစ်ဦး၏ ယုံကြည်ချက်ကို ရိုက်ချိုးရန်မှာမူ ရိုးရှင်းလှသော ကိစ္စတစ်ခုမဟုတ်ပေ။
"ရိုးရိုးလေးပါ။ သူတို့ကို စော်ကားလိုက်။ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို ရိုက်ချိုးပစ်လိုက်။ နိုင်ငံတကာအဆင့် အရှက်ကွဲခြင်းမျိုးကို ခံစားခိုင်းလိုက်။ အဲဒါဆိုရင် သူတို့လည်း ဒီစစ်ပွဲကိုဆက်တိုက်ခိုက်ဖို့ သတ္တိရော အရှက်ပါ ရှိတော့မှာမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ်အက်ဖ်ဖူက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထိုစာရွက်မှာ မင်ပင် မခြောက်သေးပေ။
"ဒီ'အရှက်ခွဲနည်းသုံးဆယ့်ရှစ်မျိုး'ကို ဟွာရှားနိုင်ငံက ရက်ရောတဲ့ပုဂ္ဂိုလ်တစ်ယောက်က ငါတို့ကို ပေးထားတာ။ ဒါက ဒီစိတ်ဓာတ်တိုက်ပွဲမှာ ငါတို့ရဲ့အစွမ်းအထက်ဆုံးလက်နက်ဖြစ်လာလိမ့်မယ်"
************