အဲဒီအမှိုက်ကိုသိမ်းထားတော့ရော ဘာအကျိုးရှိမှာလဲ?
Vol. 32 Ch. 475
"ဗိုလ်ချုပ်.. ကျွန်တော်တို့ သူတို့ကို ကြားဖြတ်တိုက်လိုက်ရမလား။ ရန်သူဘက်က ကျွန်တော်တို့ရဲ့ခံစစ်နယ်မြေနဲ့ နီးလာပါပြီ။ ကျွန်တော်တို့သာ အခု ကြားဖြတ်မတိုက်ဘူးဆိုရင် သူတို့ဘက်က တိုက်စစ်ဆင်လိုက်တာနဲ့ ကျွန်တော်တို့တွေအကုန်လုံး အပြတ်ရှင်းခံရလိမ့်မယ်"
ဗိုလ်ချုပ်အက်ဖ်ဖူ၏ အမူအရာကား ဤသတင်းကို ကြားလိုက်ရချိန်ဝယ် သိသိသာသာပြောင်းလဲသွားချေသည်။ အန္တရာယ်ကား အလွန်ကြီးလှ၏။ ဤသည်မှာ အယောင်ဆောင်ထားသော တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါက သူ့အနေနှင့် ရန်သူများကို ဝင်ခွင့်ပေးမိသည့်အတွက် နိုင်ငံတစ်နိုင်ငံလုံး၏ အပြစ်သားတစ်ယောက် ဖြစ်ရပေတော့မည်။
"ငါတို့ဘက်က တစ်ဖက်လူကို ကြေးနန်းပို့ထားပြီးပြီလား"
"သူတို့ဘက်က အကြောင်းမပြန်သေးပါဘူး"
"ဒါက.."
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ချီတုံချတုံဖြစ်သွားလေသည်။ အကယ်၍ တစ်ဖက်လူကသာ စစ်လက်နက်များကို အမှန်တကယ်ပေးပို့လာခြင်းဖြစ်ပါက သည်အတိုင်းပြောလိုက်ရုံသာ လိုပေသည်။ ဤအဖြစ်ကြောင့် သူတို့၏ဇစ်မြစ်နှင့် ရည်ရွယ်ချက်ကို သံသယဖြစ်မိသည်။
"ဗိုလ်ချုပ်.. သူတို့ရဲ့ကြိမ်နှုန်းက ထပ်ရောက်လာပြန်ပြီ"
"မြန်မြန်! ချိတ်ဆက်လိုက်!"
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ စိတ်သက်သာရာရသွားလေသည်။
"ဗိုလ်ချုပ်အက်ဖ်ဖူ.. ကျုပ်ပါ။ ကျုပ်လူတွေက အခုလောက်ဆိုရင် ပစ္စည်းတွေကို လာပို့နေလောက်ပြီ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒါက.. မစ္စတာကျန်း တိုက်လေယာဉ်အစင်းငါးရာနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်အစင်းရှစ်ရာက ခင်ဗျားပို့လိုက်တာလား"
"ဟုတ်တယ်။ ဟုတ်တယ်။ ကျုပ်ပို့လိုက်တာ"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။
"ခင်ဗျား နေရာပြင်ဆင်ထားပြီးပြီလား။ ပစ္စည်းတွေက အများကြီးနော်။ မဆံ့မှာစိုးမိတယ်"
"အဲဒါတွေက တကယ်ပဲ ခင်ဗျားဟာတွေလား"
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ဝမ်းသာပျော်ရွှင်သွားချေသည်။ ဤတစ်ခေါက်တွင်မူ အကျိုးတော်ဆောင်တစ်ယောက်နှင့် သူ ကြုံလိုက်ရလေပြီ။
"ဒါပေမဲ့ ကျုပ်တို့ရဲ့ဆက်သွယ်ရေးတောင်းဆိုမှုကို ဘာလို့အကြောင်းမပြန်တာလဲ။ ကျွန်တော်တို့က ရန်သူ့တပ်တွေလို့ ထင်လိုက်တာ.."
"ဒါကတော့ လျှို့ဝှက်ဆန်းကြယ်သွားအောင်လို့လေ။ ဟားဟားဟား.. ခင်ဗျား လန့်သွားလား"
ကျန်းမုန့်လောင်ကတော့ ဖုန်းတစ်ဖက်တွင် ရယ်မောနေချေသည်။
လန့်သွားတယ်တဲ့လား? လန့်တာထက်တောင် ပိုသေးတယ်! သူ့မှာ သေမတတ်ကြောက်သွားတာ ဟုတ်ပြီလား?
နှစ်မိနစ်လောက်သာ နောက်ကျနေပါက ဗိုလ်ချုပ်အက်ဖ်ဖူလည်း ဘယ်လိုအမိန့်မျိုးကို ပေးရမလဲဆိုသည်ကို သိမည်မဟုတ်ချေ။
ဤလူက ဘယ်လောက်တောင် ပျင်းနေလို့ပါလိမ့်? ဒီလောက်နဲ့တင် လျှို့ဝှက်ဆန်းကြယ်နေတာက မလုံလောက်သေးဘူးလား? သူတို့ကို ဒီလောက်အထိ ကြောက်လန့်သွားအောင် လုပ်ရမှဖြစ်မှာလား?
"ကျုပ် ခင်ဗျားဆီကို ပစ္စည်းတွေ ပို့ပြီးပြီနော်။ ကျန်တာကတော့ ခင်ဗျားသဘောပဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"အိုး.. စကားမစပ် ခင်ဗျားမှာ လေယာဉ်မှူးတွေရဲ့ တင့်ကားမောင်းသူတွေရာ လုံလုံလောက်လောက်ရှိရဲ့လား"
"လောက်ပါတယ်! လောက်ပါတယ်!"
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ အမြန်ပြောလိုက်ရသည်။
တကယ်တမ်းတွင် သူတို့၏တန်ဘတ်နိုင်ငံမှာ အလွန်လျှို့ဝှက်လှသော အထူးတပ်ဖွဲ့တစ်ခုရှိ၏။ ဤတပ်ဖွဲ့ထဲရှိ လူအရေအတွက်မှာ သိပ်မများလှပေ။ စုစုပေါင်းတစ်ထောင်မျှသာ။ သို့သော် ဤလူများ ခံယူထားသည့် စစ်ရေးလေ့ကျင့်မှုများကို သာမန်စစ်သားများ လိုက်မမီနိုင်ပေ။
သူတို့က စစ်မြေပြင်သုံးလက်နက်များနှင့် ကိရိယာများ၏ အသုံးပြုနည်းများနှင့် ရင်းနှီးထားပြီးသားပင်။ ထို့ပြင် ဆယ်ယောက်တစ်ယောက်တိုက်ခိုက်မှုတွင်လည်း အထူးကျွမ်းကျင်ကြသည်။
တန်ဘတ်နိုင်ငံတွင် လက်နက်အင်အား အများကြီးမရှိသော်လည်း ဤသည်မှာ သူတို့အနေနှင့် စစ်ရေးအင်အား၌ ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံထားခြင်းမရှိဟု မဆိုလိုပေ။ နှစ်စဉ်ဘက်ဂျက်ငွေတစ်ဝက်နီးနီးမှာ ဤလူများထံတွင် သုံးစွဲထားသည်။ ထိပ်တန်းအဆင့်စစ်သားတစ်ယောက်ချင်းစီအတွက် သုံးစွဲထားသော ဘဏ္ဍာရေးအရင်းအမြစ်မှာ အမေရိကန်ဒေါ်လာသန်းတစ်ရာရှိသည်။
ယခုမူ သူတို့ စစ်ချီထွက်ရန် အချိန်တန်လေပြီ။
"လုံလောက်တယ်ဆိုတော့လည်း ကျုပ် စိတ်အေးသွားပါပြီ။ မဟုတ်ရင် ခင်ဗျားတို့အတွက် လူတစ်စုရှာပေးရဦးမှာ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒါပေမဲ့ ကျုပ်ဘက်က တောင်းဆိုစရာတစ်ခုရှိတယ်"
"ကျေးဇူးပြုပြီး ပြောပါ"
ဗိုလ်ချုပ်အက်ဖ်ဖူ လုံးဝမအံ့ဩမိပေ။ ဤစစ်လက်နက်များ၏ အရည်အသွေးကို သူ အတပ်မသိသော်ငြား အရေအတွက်အားဖြင့်မူ အလွန်ရက်ရောလှပေသည်။ တစ်ဖက်လူ၏ တောင်းဆိုမှုကသာ မများလွန်းပါက သူလည်း လက်ခံနိုင်သည်။
"သူတို့ကို ခပ်ကြမ်းကြမ်းလေးသာ ချပစ်။ ကျုပ်ကို မျက်နှာမပျက်စေနဲ့။ အရှင်ဖမ်းမိတဲ့လူတိုင်းကို သုံးရက်သုံးညတိတိအရှက်ခွဲပြီးမှ လွှတ်ပေးလိုက်"
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ကြိုတင်ပြင်ဆင်ထားသော စကားများကိုပင် မေ့လျော့သွားရသည်။ ဤသည်မှာ ဘယ်လိုတောင်းဆိုမှုမျိုးလေလဲ။ သူ့ဘက်က ထိုသို့မပြောလျှင်ပင် သူတို့ကလည်း ရန်သူကို အနိုင်တိုက်မည်သာ။ သူတို့အနေနှင့် အရှက်ကွဲမှုများနှင့် ဒေါသများကို နှစ်ပေါင်းများစွာကြာအောင် ခံစားခဲ့ရသည်။ သူတို့လည်း ထွက်ပေါက်တစ်ခု လိုအပ်သည်သာ။
ဤလူများကို အရှက်ခွဲရန်အတွက်မူ စစ်ပွဲတွင် အကျဉ်းသားများကို အရှက်ခွဲခြင်းမှာ အလွန်ဂုဏ်သရေညှိုးနွမ်းလှသော အရာတစ်ခုပင်။ သို့သော် စော်ကားမှုမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရပါ ဖြစ်နိုင်သည်။ သူတို့ဘက်က ထိုလူတို့ကို စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နိုင်သည်။ ထိုသို့ဆိုပါက ဘာသက်သေမှလည်း ကျန်ရစ်ခဲ့မည်မဟုတ်ချေ။
"စိတ်မပူပါနဲ့။ ကျုပ်တို့ သူတို့ကို ခပ်ကြမ်းကြမ်းပြန်ချမှာပါ"
"အိုး..စကားမစပ် ကျုပ်မှာ သူတို့ကို ဘယ်လိုစော်ကားရမလဲဆိုတာနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတစ်ခုရှိတယ်။ အဲဒါကို ခင်ဗျားတို့စနစ်ဆီ ပို့ထားပြီးပြီ။ အချိန်ကျလာရင် အဲဒီအတိုင်းသာ လိုက်လုပ်ပါ။ ကျုပ် အခု ဂိမ်းသွားကစားလိုက်ဦးမယ်။ ဘိုင့်ဘိုင်"
"အာ? ခင်ဗျား.."
ဗိုလ်ချုပ်အက်ဖ်ဖူဘက်က ဘာမှမပြောနိုင်ခင်မှာပင် ကျန်းမုန့်လောင်က ဖုန်းချသွားလေသည်။
"ငါတို့စနစ်လား"
ဗိုလ်ချုပ်အက်ဖ်ဖူက တဒင်္ဂမျှ ကြက်သေသေသွားသည်။ ဤဟွာရှားလူမျိုးက ဘယ်စနစ်ကို ဆိုလိုချင်တာလဲ? သူတို့ရဲ့ကာကွယ်ရေးစနစ်လား?
သို့သော် သူတို့၏နိုင်ငံတော်ကာကွယ်ရေးစနစ်ထဲကို ပြင်ပဖိုင်များကို မည်သို့ပေးပို့နိုင်မည်နည်း။
သူသာ ထိုသို့လုပ်နိုင်ခဲ့လျှင် သူတို့၏ကွန်ယက်လုံခြုံရေးက သူ့ရှေ့မှာ ဘာလျှို့ဝှက်ချက်မှမရှိဘူးဟု ဆိုလိုခြင်းလေလား။
ဤသို့တွေးမိသောအခါ ဗိုလ်ချုပ်အက်ဖ်ဖူမှာ အနည်းငယ်ကြောက်ရွံ့သွားရသည်။ သို့သော် သူ ပြန်တွေးကြည့်မိသည်။ တစ်စုံတစ်ယောက်က သူတို့၏စစ်တပ်တစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်သော စစ်လက်နက်များကို ပေးပို့နိုင်သည်ဆိုပါက သူတို့၏အချက်အလက်များမှာ ထိုလူ့အတွက် ဘာတန်ဖိုးရှိနိုင်မည်နည်း။
သူလည်း သူရထားသော အခွင့်အာဏာဖြင့် နိုင်ငံတော်ကာကွယ်ရေးစနစ်ထဲသို့ ဝင်လိုက်သည်။ အမှန်ပင်။ စနစ်ထဲရှိ ဖိုင်တွဲတစ်ခုတွင် စာဖိုင်အသစ်တစ်စောင်ကို သူ တွေ့လိုက်ရသည်။ တင်ထားသောအချိန်မှာ လွန်ခဲ့သည့်တစ်မိနစ်ခန့်ကပင်။ တင်ထားသောချန်နယ်ကလည်း သူတို့၏ဗဟိုကွန်ယက်ပင် ဖြစ်ချေသည်။
"ဒီဟွာရှားလူမျိုးက မကောင်းဆိုးဝါးတစ်ကောင်ပဲ!"
ဗိုလ်ချုပ်အက်ဖ်ဖာခမျာ ထိုသို့မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။ ထို့နောက် ဖိုင်ကို နှိပ်ကြည့်လိုက်သည်။ ဖိုင်ထဲတွင် သူတို့၏တန်ဘတ်ဘာသာစကားဖြင့် ရေးထားသည်။ ခေါင်းစဉ်ကား "ဝက်များကိုနှိပ်စက်နည်းသုံးဆယ်"ဖြစ်၏။
"ပထမနည်း - ဇောက်ထိုးခေါင်းလျှော်ခြင်း၊ ဒုတိယနည်း - ဂန္ဓမာပန်းထဲသို့ ရေနွေးပူလောင်းချခြင်း၊ တတိယနည်း - အဆင့်သုံးလျှပ်စစ်ပန်ကာသုံးခြင်း၊ စတုတ္ထနည်း - သံဖတ်ဖြင့် ပွတ်တိုက်ခြင်း..."
ရက်စက်ခြင်းမရှိသော်ငြား ခေါင်းထဲကို ပြတ်သားသောပုံရိပ်များဖြင့် ပြည့်နှက်သွားစေသည်ံ ဤဖိုင်များကိုကြည့်ပြီး ဗိုလ်ချုပ်အက်ဖ်ဖူ၏အမူအရာကား ပျက်ယွင်းသွားချေသည်။
ဤဟွာရှားလူမျိုးအနေနှင့် သူတို့ကို ဤနည်းလမ်းများဖြင့် လက်တုံ့ပြန်လာစေသည်အထိ ဖြစ်ရခြင်းမှာ ဘယ်လိုရန်ငြိုးမျိုးကြောင့်လေလဲ။
ဗိုလ်ချုပ်အက်ဖ်ဖူလည်း သူတို့၏ပြိုင်ဘက်ဟောင်းများ၏ တည်နေရာဘက်သို့ မျှော်ကြည့်၍ ခေါင်းတခါခါလုပ်လိုက်မိသည်။
"ဒါက အရှေ့တိုင်းရဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားများလား"
"လေယာဉ်ချက်ချင်းပြင်ထား! ငါတို့ အခြေစိုက်စခန်းအမှတ်သုံးကို သွားမယ်"
အခြေစိုက်စခန်းအမှတ်သုံးမှာ ကျန်းမုန့်လောင်၏ စစ်လက်နက်များ ဆင်းသက်မည့်နေရာပင်။ ထိုနေရာကား ရှေ့တန်းစစ်မြေပြင်နှင့် ၁၂၀ကီလိုမီတာအကွာတွင် ရှိ၏။ စစ်လေယာဉ်များ၏ အရှိန်ဖြင့်သာဆိုပါက ထိုနေရာသို့ရောက်ရန် မိနစ်ပိုင်းမျှသာ လိုအပ်သည်။
"လမ်းကြောင်းရှင်းထား! အရံအတားကို ဖယ်ထား!"
"ပြေးလမ်းကို ရှင်းထား!"
ထိုလေယာဉ်အစုအဝေးကြီးက တန်ဘတ်နိုင်ငံထဲသို့ ဝင်လာပြီးနောက် မူရင်းအရှိန်နှင့် လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားလေရာ တိုက်ခိုက်လိုဟန်လည်း မရှိပေ။
သူတို့မှာ မီးစိမ်းပြ၍ အခြေစိုက်စခန်းအမှတ်သုံး၏ လေဆိပ်သို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ပြေးလမ်းပေါ်ရှိ လေယာဉ်အမြောက်အများကို ရှင်းလင်းထားပြီးဖြစ်၏။ ပထမအသုတ်တိုက်လေယာဉ်အစင်းနှစ်ဆယ်ကတော့ ဆင်းသက်ပြီးလေပြီ။
"အဲဒီတိုက်လေယာဉ်ကို မင်းမြင်လိုက်လား။ အရမ်းအစွမ်းထက်တာပဲ"
"ငတုံး အဲဒါက Su-57ကွ။ ပဥ္စမမျိုးဆက်တိုက်လေယာဉ်ကြီး!"
"ဘာ? ပဥ္စမျိုးဆက်တိုက်လေယာဉ်လား? ဒါဆို အဲဒီတိုက်လေယာဉ်အစင်းနှစ်ဆယ်တည်းနဲ့တင် ငါတို့ရဲ့အခြေစိုက်စခန်းအမှတ်သုံးက လေယာဉ်အဟောင်းကြိးတွေကို ဖောက်ခွဲပစ်လို့ရတယ်"
"ထပ်ရောက်လာပြီ! အဲဒါက F-22ပဲ! သူတို့ဆီမှာ အမေရိကန်ရဲ့ ပဥ္စမမြောက်တိုက်လေယာဉ်တွေတောင်ရှိတယ်"
"အမလေး..ပဥ္စမမျိုးဆက်တိုက်လေယာဉ်တွေချည်းပဲလား"
"ကိုယ့်လူ.. မင်း ဒါကိုမောင်းတတ်လား"
လေယာဉ်မှူးနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"ဒါကတော့ ငါ့ရဲ့ဗဟုသုတနယ်ပယ်ကို ကျော်သွားပြီ! ငါမောင်းဖူးတဲ့ အဆင့်အမြင့်ဆုံးလေယာဉ်က စတုတ္ထမျိုးဆက်တိုက်လေယာဉ်ပဲ"
"ကြည့်လိုက်ဦး။ ထပ်ရှိသေးတယ်ဟ! အဲဒါက F-35ကြီး! B-2ဗုံးကြဲလေယာဉ်တွေလည်းပါတယ်!"
"အဲဒါက ဂျပန်ရဲ့X-2ကြီး.. အဲဒါလည်း ပဥ္စမမြောက်တိုက်လေယာဉ်မလား"
"ဒါက ဘယ်လောက်တောင်ပေးရတာလဲ"
"အနည်းဆုံးတော့ အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းလောက်ရှိတယ်"
လေယာဉ်တစ်စင်းပြီးတစ်စင်း ဆင်းသက်လာသည်။ အသေးစိတ်ရှင်းလင်းထားသော လေဆိပ်ကြီးမှာ တစ်ဖန်ပြည့်ကျပ်သွားပြန်လေသည်။ သို့သော် လေယာဉ်အစင်းလေးရာကတော့ မဆင်းသက်ရသေးပေ။ သူတို့ထံတွင်မူ နေရာက မလောက်တော့ပေ။
ထိုအချိန်မှာပင် ဗိုလ်ချုပ်အက်ဖ်ဖူတစ်ယောက် အခြေစိုက်စခန်းအမှတ်သုံးသို့ ရောက်လာခဲ့သည်။ သူက ထိုတိုက်လေယာဉ်များကို မျက်ရည်အဝဲသားဖြင့် ကြည့်လိုက်မိသည်။ သူ့အနေနှင့် ဘရာမန်နိုင်ငံဆီသို့ ထိုလေယာဉ်များကို မောင်းသွားပြီး ဗုံးတစ်လုံးကြဲချလိုက်ချင်သည်။
"ဗိုလ်ချုပ် ကျွန်တော်တို့လေဆိပ်က နေရာသိပ်မရှိဘူး"
စစ်သားတစ်ယောက်က ဗိုလ်ချုပ်အက်ဖ်ဖူဆီသို့ အပြေးရောက်လာလေသည်။
"ဘာ? နေရာသိပ်မရှိဘူးတဲ့လား"
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ရယ်ရအခက် ငိုရအခက်ဖြစ်သွားချေသည်။ ယခင်တုန်းက သူတို့ထံတွင် လက်နက်လုံလုံလောက်လောက်မရှိခဲ့ပေ။ ယခုမူ များလွန်းလှသောကြောင့် ထားစရာနေရာပင် မရှိတော့ပေ။
"အစတုန်းက ငါတို့မှာ တိုက်လေယာဉ် ဘယ်နှစီးရှိလဲ"
"စုစုပေါင်း ၁၇၈စင်းရှိပါတယ်"
"အဲဒါတွေအကုန်လုံးကို ဖယ်ပစ်လိုက်။ အဲဒါတွေကို ထားချင်တဲ့နေရာမှာ သွားထားလို့ရတယ်။ လူတွေသာ ဘေးကင်းသရွေ့ လေယာဉ်တွေကို လျှိိုတစ်ခုထဲမှာ သွားထားလိုက်လည်း အဆင်ပြေတယ်"
ဗိုလ်ချုပ်အက်ဖ်ဖူခမျာ ယခင်က ဤမျှအထိ ကြွယ်ဝချမ်းသာဖူးခြင်းမရှိပေ။
"ပဥ္စမမျိုးဆက်တိုက်လေယာဉ်အစင်းငါးရာရှိနေမှတော့ အဲဒီအမှိုက်တွေကို ဘာလို့သိမ်းထားမှာလဲ။ ငါတို့ အဲဒါတွေကို မလိုတော့ဘူး။ တစ်ခုမှမလိုတော့ဘူး"
****************