← Chapters

အညွန့်ချိုးခြင်း

Vol. 33 Ch. 481

အညွန့်ချိုးခြင်း

Vol. 33 Ch. 481

ဤအတောအတွင်း ဘရာမန်နိုင်ငံနှင့် တန်ဘတ်နိုင်ငံကြား ရှိ နိုင်ငံရေးတင်းမာမှုကို နိုင်ငံတကာအသိုင်းအဝိုင်းမှ စောင့်ကြည့်နေကြသည်။ စစ်ရေးအင်အားကွာခြားမှုကြီးမားသော နိုင်ငံနှစ်နိုင်ငံကြားတွင် ညတွင်းချင်း ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခြင်းမှာ အဘယ်ကြောင့်နည်း။ ဘာကြောင့်များ ဘရာမန်နိုင်ငံက အရေးနိမ့်နေရသလဲ။

စစ်ပွဲသတင်းထောက်များကလည်း ဘရာမန်နိုင်ငံနှင့် တန်ဘတ်နိုင်ငံသို့ လေယာဉ်ဖြင့် ရောက်ချလာခဲ့သည်။ ဗိုလ်ချုပ်အက်ဖ်ဖူကတော့ သူတို့လာလည်နိုင်ရန်အတွက် နယ်မြေကို စိတ်အားထက်သန်စွာ ဖွင့်ပေးထားသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်လေယာဉ်များနှင့် တင့်ကားများ၏ ဖွဲ့စည်းမှုမှာ တစ်ကမ္ဘာလုံးကို ထိတ်လန့်စေခဲ့သည်။ အစဉ်အလာအားဖြင့် အားနည်းလှသော တန်ဘတ်နိုင်ငံက ဘယ်လိုလုပ်ပြီး အဆင့်မြင့်ကိရိယာများကိုရုတ်တရက်ကြီး ပိုင်ဆိုင်လိုက်ရသလဲ။ ထိုကဲ့သို့သောတိုက်ခိုက်ရေးခွန်အားမျိုးနှင့်ဆိုလျှင် အာရှတစ်ခွင်မှာပင် သူတို့ကိုယှဉ်နိုင်သော နိုင်ငံများမှာ ငါးနိုင်ငံထက်မပိုပေ။

အမေရိကန်နှင့် တိုက်ခိုက်ရေးနိုင်ငံများပင် အဖြေမထုတ်နိုင်ချေ။ သူတို့အနေနှင့် ထိုမျှအထိများပြား‌လှသောလက်နက်ကိရိယာများကို သူတို့အား ရောင်းချပေးဖူးခြင်းမရှိပေ။ ထိုနိုင်ငံက သူတို့၏ လက်ရှိစစ်ရေးကိရိယာများကို ရုတ်တရက်ကြီး မည်သို့ပိုင်ဆိုင်နိုင်ခဲ့သနည်း။

မှောင်ခိုလက်နက်ကုန်သည်များမှတစ်ဆင့် မှောင်ခိုနည်းဖြင့် တင်သွင်းခဲ့လေသလား။ သို့သော် ကုန်သည်များမှာများပြားလှသော ကိရိယာများကို တင်သွင်းနိုင်ခြင်းရှိမရှိဆိုသည်ကို အသာထား။ ဤကိရိယာများ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံတန်ဖိုးရှိသည်။ ဤသည်မှာ မည်သည့်နိုင်ငံအတွက်မဆို ထုတ်သုံးရန်ခက်ခဲသောပမာဏပင်။ ဤနိုင်ငံငယ်လေးတစ်ခုဆိုလျှင် ပြောနေဖွယ်ရာပင် မရှိတော့ချေ။ ထိုမျှများပြားလှသောရန်ပုံငွေကို သူတို့ မည်သို့များထုတ်သုံးနိုင်ခဲ့သလဲ။

လက်ရှိအချိန်တွင် တန်ဘတ်နိုင်ငံကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြလေသည်။

သူတို့အနေနှင့် အောင်ပွဲဆင်နိုင်ခဲ့လေပြီ။ တစ်ပြိုင်တည်းမှာပင် တန်ဘတ်နိုင်ငံက ယီးတီးယားတားလာလုပ်၍မရနိုင်သော နိုင်ငံဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို သိစေချင်သည်။

ဘရာမန်နိုင်ငံဘက်မှာတော့ ဆန့်ကျင်ဘက်အခြေအနေတစ်ခု ပေါ်ပေါက်နေချေသည်။ သူတို့၏စစ်သားများအားလုံးလည်း စိတ်ဓာတ်ကျနေကြပြီး အားနည်းပျော့ညံ့သူများအလားပင်။ သူတို့၏မျက်လုံးများမှာ အသက်ကင်းမဲ့နေပြီး နောက်ဆုံးသောမျှော်လင့်ချက်တစ်ခုတည်းသာ ကျန်ရှိတော့သည်။

"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ"

တစ်ရက်တွင် ဗိုလ်ချုပ်အက်ဖ်ဖူက လာရောက်လည်ပတ်ကြသော သတင်းထောက်များအားလုံးကို စုဝေးခိုင်းလိုက်သည်။ သူတို့မှာ နိုင်ငံအသီးသီးမှ လာရောက်ကြသဖြင့် အယောက်တစ်ရာနီးပါးရှိ၏။

"ကျွန်တော် ဒီနေ့ ခင်ဗျားတို့ကို စစ်မြေပြင်ရဲ့ရှေ့တန်းကို ဖိတ်ခေါ်ချင်ပါတယ်"

ဤသတင်းကိုကြားသောအခါ သတင်းထောက်များလည်း စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့စိတ်တို့ တစ်ပြိုင်တည်းဖြစ်ပေါ်လာသည်။ ရှေ့တန်းသို့သွားရခြင်းမှာ သူတို့အနေနှင့် နောက်ဆုံးရသတင်းများကို အရင်ဦးစွာရယူနိုင်သော်လည်း အန္တရာယ်ကလည်း အလွန်များပြားလှ၏။

"စိတ်ချပါ။ ကျုပ်တို့ လုံခြုံရေးအစီအမံတွေကို တင်းကျပ်ပေးပါ့မယ်"

ဗိုလ်ချုပ်အက်ဖ်ဖူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဘရာမန်နိုင်ငံဘက်က ကျုပ်တို့ကိုခုခံနိုင်စွမ်းမရှိတော့ပါဘူး။ အဲဒါကြောင့် လူတိုင်းရဲ့လုံခြုံရေးကို ကာကွယ်ပေးနိုင်ဖို့ ယုံကြည်မှုအပြည့်အဝရှိပါတယ်"

သတင်းထောက်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ဤသည်မှာ ခက်ခဲလှသောရွေးချယ်မှုတစ်ခုပင်။

"ကျွန်တော်သွားမယ်!"

တိုက်ခိုက်ရေးနိုင်ငံမှ သတင်းထောက်တစ်ယောက်က အရင်ဆုံးမတ်တတ်ထရပ်လိုက်သည်။

"စစ်ဖြစ်နေတော့ရော ဘာအရေးလဲ။ စစ်မြေပြင်ကိုသွားဖို့ကြောက်နေမယ်ဆိုရင် ကျုပ်တို့က ဘယ်လိုစစ်သတင်းထောက်မျိုးတွေလဲ"

ထိုစကားက သတင်းထောက်များအားလုံး၏ ယှဉ်ပြိုင်လိုစိတ်ကို မြှင့်တင်ပေးလိုက်လေသည်။

"သွားကြစို့! အဆိုးဆုံးမှ သေရုံပဲရှိတာပေါ့"

"ဟုတ်တယ်။ ကျုပ်တို့တွေအားလုံးက စစ်သတင်းထောက်တွေလေ။ ဘယ်သူကများ စစ်မြေပြင်ကို ကြောက်ခဲ့ဖူးလို့လဲ"

...

ထိုနေ့တုန်းက ဗိုလ်ချုပ်အက်ဖ်ဖူလည်း ရှေ့တန်းသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့သည်။ သူ့တပ်ဖွဲ့များက သတင်းထောက်များနှင့်အတူ ထူးခြားလှသောလူတချို့ကိုပါ ခေါ်လာခဲ့သည်။ ထိုလူတို့မှာ ဘရာမန်နိုင်ငံ၏ စစ်သုံ့ပန်းများပင်။

တကယ်တမ်းတွင် ဤကာလအတောအတွင်း၌ စစ်သုံ့ပန်းများမှာ အလွန်သက်သောင့်သက်သာနေထိုင်ခဲ့ရသည်။ တန်ဘတ်စစ်သားများက သူတို့အား ကောင်းမွန်သောအစားအသောက်နှင့် သောက်စရာတို့ကို ထောက်ပံ့ပေးခဲ့သည်။ အနိုင်ကျင့်နှိပ်စက်လိုသော အရိပ်အယောင်လည်းတစ်ခုမှမရှိခဲ့ချေ။ တချို့ဆိုလျှင် နိုင်ငံသားကူးပြောင်း၍ တန်ဘတ်စစ်တပ်ထဲသို့ ဝင်ချင်စိတ်များပင် ထက်သန်လာသည်။

"ဗိုလ်ချုပ်အက်ဖ်ဖူ ခင်ဗျား ဒီနေ့ စစ်သုံ့ပန်းတွေကို ခေါ်လာခဲ့တာပဲ။ သူတို့တွေကို တစ်ဖက်နိုင်ငံဆီ ပြန်ပို့မလို့လား"

သတင်းထောက်များက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ဗိုလ်ချုပ်အက်ဖ်ဖူ.. စစ်သုံ့ပန်းတွေကို ပြန်ပေးလိုက်ရင် ဘယ်လိုအကျိုးအမြတ်များရနိုင်မလဲဆိုတာ ပြောပြလို့ရမလား"

ပုံမှန်အခြေအနေအောက်တွင် စစ်တပ်နှစ်တပ်ကြား၌ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သုံ့ပန်းများကိုပြန်ပို့ခြင်းမှာ တစ်ဖက်မှ တန်ဖိုးတစ်ခုပေးချေရန် လိုအပ်လေသည်။ မည်သို့ပင်ဖြစ်စေ စစ်ပွဲတစ်ခုဆင်နွှဲရာတွင် ငွေကြေးအမြောက်အများကုန်ကျသောကြောင့် တစ်ဖက်ပြည်သူများကို ပြန်လွှတ်ပေးခြင်းအတွက် ပြန်ပေးငွေတောင်းဆိုခြင်းမှာ ကျိုးကြောင်းမညီညွတ်ခြင်းတော့မရှိချေ။

သို့သော် ဗိုလ်ချုပ်အက်ဖ်ဖူကတော့ ခေါင်းခါယမ်းပြသည်။

"တကယ်တော့ ကျုပ်တို့က ဒီနေ့ စစ်မြေပြင်ကို တိုက်ခိုက်ဖို့အတွက် သွားမှာမဟုတ်ဘူး။ ဒီစစ်သုံ့ပန်းတွေကို စာရင်းရှင်းဖို့အတွက်သွားမှာ"

"ဘာ?"

သတင်းထောက်များလည်း အံ့အားသင့်သွားသည်။

"ခင်ဗျားက ဒီစစ်သုံ့ပန်းတွေကို ကွပ်မျက်မလို့လား? ဒါပေမဲ့ နိုင်ငံတကာစစ်ရေးစည်းမျဉ်းအရဆိုရင် စစ်ပွဲမှာအောင်နိုင်တဲ့နိုင်ငံတွေက စစ်သုံ့ပန်းတွေကို သတ်ဖြတ်ခွင့်မရှိဘူးလေ"

"ကျုပ် ဒီလူတွေကိုသတ်မယ်လို့ မပြောမိပါဘူး"

ဗိုလ်ချုပ်အက်ဖ်ဖူက ပြုံးလိုက်လေသည်။

"ဒါပေမဲ့ သူတို့ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး ခင်ဗျားတို့တွေ ခင်ဗျားတို့နိုင်ငံရဲ့မီဒီယာမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်ပါတယ်"

ဒီလောက်တောင်ကောင်းမွန်တဲ့ အခွင့်အရေးကို ရတာလား?

သူတို့အနေနှင့် စစ်မြေပြင်များတွင် သတင်းယူခဲ့ဖူးပါသည်။ သို့သော် တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးခြင်းကတော့ ရှားပါးလွန်းလှသည်။ ထို့ပြင် မှတ်တမ်းက သွေးထွက်သံယိုမြင်ကွင်းများ မများလွန်းပါက ပြသခွင့်ရှိ၏။ ဗိုလ်ချုပ်အက်ဖ်ဖူကလည်း စစ်သုံ့ပန်းများကို သတ်ဖြတ်မည်မဟုတ်ဟု ပြောထားသည်။ သို့ဖြစ်လေရာ ဘာများကြောက်နေစရာရှိသလဲ။

မကြာခင်မှာပင် ပင်မတပ်ဖွဲ့များ၏ ကာကွယ်မှုအောက်တွင် သူတို့ ရှေ့တန်းစစ်မြေပြင်သို့ ရောက်လာခဲ့ကြသည်။

"သူတို့လာပြီ။ သူတို့ထပ်ရောက်လာပြီ!"

မလှမ်းမကမ်းတွင် ထောက်လှမ်းနေသော ဘရာမန်နိုင်ငံမှ စစ်သားများမှာ တန်ဘတ်စစ်သားများ၏ အရိပ်အယောင်ကို သတိထားမိလိုက်ပြီး ချက်ချင်းထိတ်လန့်သွားကြသည်။

ဤတိုက်ပွဲကာလအပြီးတွင် သူတို့ခမျာ ထိတ်လန့်တုန်လှုပ်နေကြသော ငှက်လေးများနှယ် ဖြစ်နေကြသည်။ ခွန်အားကွာခြားမှုကြီးမားလွန်းလှလေရာ သူတို့ဘက်က နစ်နာသည်ချည်းသာ။

"တပ်ဖွဲ့တွေအားလုံး အသင့်ပြင်ထားကြ!"

"အားလုံး သူတို့ကို စောင့်ကြည့်ထားကြ! တိုက်ခိုက်မှုတစ်ခုခုရှိခဲ့ရင် ချက်ချင်းတင်ပြ!"

ထိုအမိန့်မှာ အဆင့်ဆင့်လက်ဆင့်ကမ်းလိုက်၏။ ဗိုလ်ချုပ်ပရက်ဒ်ကိုယ်တိုင်ပင် သတိစွဲထားရသည်။ ရှေ့တန်းတွင် တိုက်ခိုက်မှုဖြစ်ပွားနေဆဲဖြစ်သောကြောင့် ရက်ပေါင်းများစွာ မအိပ်ရသဖြင့် သူ့မျက်လုံးတစ်ဝိုက်တွင်မူ ညိုမည်းနေချေသည်။ စစ်သားများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရန်အတွက် သူကိုယ်တိုင် ရှေ့တန်းသို့ရောက်လာခဲ့သည်။ နောက်ဆုံးခံစစ်အတွက် တာဝန်ယူထားရသောစစ်သားများနှင့် အတူစားပြီး အတူအိပ်ရသည်။

သို့သော် တန်ဘတ်နိုင်ငံ၏တပ်ဖွဲ့များက လုံခြုံရေးစည်းထံသို့ ချီတက်လာသောအခါ တိုက်ခိုက်ခြင်းကိုရပ်တန့်လိုက်ပြီး စခန်းချ၍ လျှပ်စစ်ပစ္စည်းကိရိယာများကိုပင် တပ်ဆင်လိုက်သည်။

"သူတို့ ဘာတွေကြံစည်နေတာလဲ"

ပရက်ဒ်က ရှေ့တန်းမှလာသော စောင့်ကြည့်မှတ်တမ်းကို စိုက်ကြည့်နေမိသည်။ ယခင်တိုက်ပွဲများတုန်းက သူတို့သည် လက်နက်များနှင့်အတူ အမြဲရောက်ချလာသည်။ ထိုလက်နက်များမှာ သိပ်အစွမ်းထက်လှသော လက်နက်များတော့မဟုတ်ပေ။ ထိုလူတို့အနေနှင့် သူတို့၏ခံစစ်ကိုမချိုးဖောက်နိုင်သော်လည်း သူတို့၏တပ်ဖွဲ့များနှင့် အရင်းအမြစ်များကိုတော့ ကုန်ခမ်းသွားစေနိုင်သည်။

သို့သော် ယခုအချိန်မှာမူ သူတို့ဘက်က တိုက်ခိုက်လိုစိတ်မရှိပုံရသည်။

ထိုသို့ဖြစ်လေလေ သူတို့ဘက်ကလည်း စိတ်မအေးလေလေပင်။ ဤသည်မှာ တန်ဘတ်နိုင်ငံသားများ၏ လှည့်ကွက်တစ်မျိုးလေလား။

"အားလုံးပဲ! နိုးနိုးကြားကြားနေကြပါ! သူတို့ရဲ့လှုပ်ရှားမှုတွေကို တစ်ခုမှလွတ်သွားလို့မဖြစ်ဘူး!"

ပရက်ဒ်က အမိန့်ပေးလိုက်သည်။

တစ်နာရီကြာသောအခါ အထက်အမိန့်ကြောင့် ယာယီစခန်းတစ်ခုကို ဆောက်လုပ်၍ပြီးစီးလုနီးနီးပင်။ တန်ဘတ်လူမျိုးများ ဘာလုပ်မလဲဆိုသည်ကို သူတို့တွေးနေချိန်မှာပင် သူတို့၏တပ်ဖွဲ့များက စစ်သုံ့ပန်းများကို ခေါ်ဆောင်လာချေသည်။

"သူတို့တွေက အဖမ်းခံလိုက်ရတဲ့ ငါတို့ရဲ့စစ်သားတွေပဲ!"

ဘရာမန်နိုင်ငံမှ စစ်သားများက အော်ဟစ်လိုက်ကြသည်။

"ဒါက ဘာသဘောလဲ? သူတို့က ငါတို့မျက်စိရှေ့မှာတင် ငါတို့ရဲ့စစ်သားတွေကို ကွပ်မျက်မလို့လား"

ဘရာမန်နိုင်ငံ၏ စစ်သားများမှာ ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်မိကြသည်။ တစ်ဖက်နိုင်ငံက သူတို့၏စိတ်ပိုင်းဆိုင်ရာကို ဤနည်းလမ်းဖြင့် ပြိုကွဲသွားစေရန် ရည်ရွယ်နေခြင်းလေလား။

"မဟုတ်ဘူး။ သူတို့မလုပ်ရဲပါဘူး။ အခု တန်ဘတ်နိုင်ငံက အင်အားကြီးနေပြီဆိုပေမဲ့ နိုင်ငံတကာစစ်ဥပဒေကိုတော့ မချိုးဖောက်ရဲပါဘူး"

"ဒါဆို သူတို့က ဘာလုပ်ကြမလို့လဲ"

သူတို့တင်သာမက စစ်သတင်းထောက်များကလည်း ထိုလူများ ဘာလုပ်ကြလေမလဲဆိုသည်ကို အသည်းအသန်ဆွေးနွေးနေကြသည်။

ဤစစ်သုံ့ပန်းများမှာ အယောက်တစ်ရာကျော်ရှိသည်။ သူတို့၏မျက်နှာထက်တွင် ကိုယ့်ကံကြမ္မာကို လက်ခံလိုက်လေဟန်အမူအရာများဖြင့် ပြည့်နှက်နေသည်။ စစ်သားများဖြစ်ကြသည့်အတွက် သေခြင်းတရားမှာ သူတို့ မကြောက်ဆုံးသောအရာပင်။

"လာခဲ့။ သူတို့အဝတ်အစားတွေကို လဲပေးလိုက်"

တပ်မှူးတစ်ယောက်က ရှေ့တိုးလာ၍ အမိန့်ပေးလိုက်သည်။

"အဝတ်အစားတွေလဲရမှာလား"

"သူတို့က စစ်သုံ့ပန်းဝတ်စုံတွေကို လဲပေးမလို့လား။ စစ်သုံ့ပန်းတွေကို တကယ်လွှတ်ပေးတော့မလို့လား"

"ဟုတ်ပုံမရဘူး။ ဘရာမန်နိုင်ငံဘက်က အကျဉ်းသားတွေကို ပြန်ခေါ်မယ့်လူတစ်ယောက်မှ လွှတ်မထားဘူးလေ။ သူတို့ကိုယ်တိုင်များ ပြန်ပို့မလို့လား"

သတင်းထောက်များက သူတို့အချင်းချင်းဆွေးနွေးနေချိန်မှာ တန်ဘတ်နိုင်ငံ၏စစ်သားများက သူတို့၏မေးခွန်းများကို လုပ်ရပ်ဖြင့် အဖြေပေးလိုက်သည်။

သူတို့သည် လဲဝတ်ပေးမည့် အဝတ်အစားများကိုယူ၍ ရောက်ချလာသည်။ ထိုစစ်သားများအားလုံးမှာ ပြုံးနေကြလေသည်။

သူတို့အားလုံးဟာ အထူးစစ်သင်တန်းများ တက်ရောက်ခဲ့ကြဖူးသူများဖြစ်လေရာ မတက်သာသောအခြေအနေကလွဲ၍ ပုံမှန်ဆိုလျှင် ပြုံးခဲသည်။

သတင်းထောက်များကလည်း သူတို့လက်ထဲရှိ အဝတ်အစားများကို ကြည့်လိုက်ကြပြီးနောက် အံ့ဩမှင်တက်သွားလေသည်။

ထိုအဝတ်အစားများမှာ အနက်ရောင်ကိုယ်ကျပ်ဘောင်းဘီများ၊ ဒေါက်ဖိနပ်များ၊ ယုန်ဝတ်စုံများ၊ သူနာပြုဝတ်စုံများ၊ အိမ်ဖော်ဝတ်စုံများနှင့် အမျိုးသမီးအတွင်းခံများပင်။

အဝတ်လဲခိုင်းရသည့် အကြောင်းအရင်းက ဘာလဲဆိုတာကို သူတို့ ယခုတော့ နားလည်သွားလေပြီ။

သူတို့က အကျဉ်းသားများကို လွှတ်ပေးရန်အတွက် ရောက်လာခြင်းမဟုတ်ပေ။ ထိုအကျဉ်းသားများကို အရှက်ခွဲရန်အတွက် ရောက်လာခြင်းပင်။ ထိုနည်းဖြင့် ဘရာမန်နိုင်ငံ၏တပ်ဖွဲ့များကို အရှက်ရစေလိုခြင်းဖြစ်သည်။

ဤသည်မှာ စင်စစ် မဖွယ်မရာနိုင်လွန်းလှသည်။

***************

All Chapters