အခန်း (၄၈၂)
Vol. 33 Ch. 482
"မင်းတို့တွေက သေဖို့အတွက် ပြင်ဆင်ထားပြီးသားမလား။ စစ်သွေးစစ်မာန်တွေတောက်လောင်နေတဲ့ မင်းတို့ရဲ့အရိုးတွေက သံမဏိနဲ့လုပ်ထားတာမလား။ ဒါဆို ဒီအဝတ်အစားလောက်က မင်းတို့အတွက် စာမဖွဲ့လောက်ပါဘူး။ ဟုတ်တယ်မလား"
တပ်မှူးကလ်ညး ယခုလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်လေရာ သူ့အပြုံးကား တဖြည်းဖြည်းမဲ့ရွဲ့သွားသည်။
စစ်သားတစ်ယောက်အနေနှင့် သူသည် ယခုလိုနည်းဗျူဟာမျိုးကို စင်စစ်မုန်းတီးပေသည်။ စစ်သားများကို သတ်ပစ်နိုင်သော်ငြား အရှက်ခွဲ၍မဖြစ်ချေ။ သူတို့သာ ရန်သူ့လက်ထဲကို ကျရောက်သွားပါက ထိုကဲ့သို့သော အဝတ်အစားများဝတ်ပြီး ဂုဏ်သိက္ခာအကျခံမည်ထက်စာလျှင် အသတ်ခံလိုက်ရတာကမှ ပိုသာသေးသည်။
သို့သော် သိမ်းပိုက်ခံခဲ့ရသော သူတို့၏နယ်မြေများနှင့် ပြောင်းရွှေ့ခဲ့ရရှာသော ပြည်သူအကြောင်း စဉ်းစားမိသောအခါ ဤစိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများမှာ ချက်ချင်းပျောက်ကွယ်သွားသည်။
ဤဝတ်စုံများကိုမြင်လိုက်ရချိန်၌ စစ်သုံ့ပန်းများမှာ ဒေါသအိုးပေါက်ကွဲလေတော့သည်။ မျက်နှာပျက်အရှက်ကွဲရမည့်အပြင် သူတို့၏တပ်ဖွဲ့များလည်း ကမ္ဘာကြီးရှေ့တွင် လူဟားစရာဖြစ်မည်စိုးသောကြောင့် သူတို့ အပြင်းအထန်ရုန်းကန်ကြလေတော့သည်။
ဒါက ဘာလဲ? အမျိုးသမီးအဝတ်အစားဆင်ထားတဲ့ တပ်ဖွဲ့ကြီးလား?
သို့သော် သူတို့၏ကြိုးစားရုန်းကန်မှုမှာ အရာမထင်ချေ။ တန်ဘတ်စစ်သားတော်တော်များများက သူတို့ကို ဝိုင်းထားပြီး တစ်စုံတစ်ယောက်အား အမျိုးသမီးအဝတ်အစားများ ဆင်ပေးရမည့် ရှားပါးလှသော အခွင့်အရေးကို မြိန်ရေယှက်ရေခံစားနေလေသည်။
သူတို့လည်း အကျဉ်းသားများကို ကိုယ်လုံးတီးဖြစ်သွားအောင် ချွတ်ပစ်လိုက်ပြီးနောက် ပြင်ဆင်ထားသော အမျိုးသမီးအဝတ်အစားများကို ဝတ်ပေးလိုက်သည်။
"မိတ်ကပ်ပညာရှင်တွေ!"
တပ်မှူးက အော်လိုက်၏။
"သူတို့ကို မိတ်ကပ်လိမ်းပေးလိုက်။ ပါးနီတွေကို ထင်းနေအောင်လိမ်းပေးနော်။ ပြီးတော့ နှုတ်ခမ်းနီကို ဘာဘီပန်းရောင်ကိုသုံးပေး!'
နာရီဝက်အကြာတွင် သံမဏိအသွေးအသားများနှင့် ပြုလုပ်ထားသော ထိုစစ်သားများမှာ လိင်ပြောင်းဘုရင်မများအဖြစ် ပြောင်းလဲသွားလေတော့သည်။ ထိုအချိန်တွင်မူ သတင်းထောက်များလည်း ရူးခါကုန်သည်။ ထိုကဲ့သို့စိတ်ဝင်စားဖို့ကောင်းလှသည့် မြင်ကွင်းမျိုးမှာ နိုင်ငံတကာသတင်းခေါင်းစီးတစ်ခု ဖြစ်ထိုက်သည်။
"ကလစ်! ကလစ်!"
ကင်မရာမီးရောင်များနှင့် ခလုတ်နှိပ်သံများက တရစပ်ထွက်ပေါ်နေလေသည်။ တချို့လူများက ထိုနေရာမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်နေကြသည်။ သူတို့က ထိုမြင်ကွင်းကို အမှန်တကယ် တိုက်ရိုက်ထုတ်လွှင့်နေပေသည်။ ဤသည်မှာ စိတ်ဓာတ်ကိုရိုက်ချိုးခြင်းစစ်စစ်ပင်တည်း။
အမျိုးသမီးအဝတ်အစားများကို လဲဝတ်လိုက်ရသော ထိုစစ်သားများမှာမူ မာနကို ရိုက်ချိုးခံလိုက်ရသဖြင့် ခေါင်းငိုက်စိုက်ချထားမိတော့သည်။ သူတို့ခမျာ သူတို့၏ရဲဘော်များနှင့် အကြည့်ချင်းမဆုံရဲရှာပေ။ ဤသည်မှာ အလွန်ရှက်စရာကောင်းလှပေသည်။
"ဟွာရှားနိုင်ငံရဲ့ စစ်ရေးဗျူဟာက အရမ်းအံ့ဩဖို့ကောင်းတာပဲ"
ဘရာမန်နိုင်ငံမှ လုံးဝအသွင်ပြောင်းလဲသွားသော စစ်သားများကိုကြည့်ရင်း တပ်မှူးမှာ သူ့လက်ထဲရှိ "အရှက်ခွဲနည်းသုံးဆယ့်ခြောက်ဖြာ"ကို ကြည့်လိုက်မိသည်။
"ဟွာရှားစစ်ရေးဗျူဟာထဲမှာ စိတ်ကိုတိုက်ခိုက်နိုင်တဲ့ ဒီလိုနည်းလမ်းတွေ ဘယ်နှမျိုးလောက်ရှိသလဲမသိဘူး။ ဒါက ပထမအကွက်ပဲရှိသေးတယ်။ ဒီလောက်နဲ့တင် သူတို့ရဲ့စစ်ရေးစိတ်ဓာတ်ကို ပြိုလဲသွားအောင် လုပ်နိုင်နေပြီ"
တပ်မှူး၏မျက်နှာထက်တွင် လေးစားမှုနှင့် အံ့ဩမှုတို့ ပြည့်နှက်နေလေသည်။ ဤကဲ့သို့သောနည်းလမ်းမျိုးကို သူတို့ မစဉ်းစားနိုင်ပေ။
လူသိရှင်ကြားအရှက်ခွဲခံရခြင်းမှာ ထိုစစ်သားများအား သေချင်စိတ်ပေါက်သွားစေသည်။ သို့သော် သူတို့၏လက်များနှင့် ခြေထောက်များကို တုပ်နှောင်ထားပြီး ပါးစပ်ထဲတွင်လည်း လျှာကိုက်ပြီး သေကြောင်းကြံစည်၍ မရနိုင်စေရန် ထည့်ထားသည့် အထူးကိရိယာတစ်ခုရှိ၏။ ဤသည်မှာ သူတို့စိတ်တိုင်းကျ သေလို့လည်းမရသလို ရှင်လို့လည်းမရသည့် အတွေ့အကြုံတစ်ခုပင်။
ခပ်ပြတ်ပြတ်ပြောရလျှင် ထိခိုက်နစ်နာမှု နည်းပါးသော်ငြား အရှက်ကွဲခြင်းကတော့ ပြင်းထန်လှသည်။
ဤမြင်ကွင်းကို တန်ဘတ်စစ်သားများနှင့် သတင်းထောက်များတင် မြင်ရသည်မဟုတ်။ ဘရာမန်နိုင်ငံမှ ပြည်သူများလည်း မြင်နေရသည်။
"ဗိုလ်ချုပ် သူတို့…"
"ဘာဖြစ်လို့လဲ"
ဗိုလ်ချုပ်ပရက်ဒ်လည်း စိုးရိမ်သွားလေသည်။
"ရှေ့တန်းမှာ ပြဿနာတစ်ခုခုရှိလို့လား။ သူတို့က ငါတို့ရဲ့အကျဉ်းသားတွေကို သတ်ပစ်နေတာလား"
"မဟုတ်ပါဘူး.. အဲဒီလိုမဟုတ်ပါဘူး..ဗိုလ်ချုပ်ကိုယ်တိုင် သွားကြည့်သင့်တယ်"
ထိုစစ်သားလေး၏နှုတ်ခမ်းကား မဲ့ရွဲ့သွားချေသည်။ သူ့အမူအရာကလည်း ဝေ့လည်ကြောင်ပတ်နိုင်နေလေသည်။ ထိုအကြောင်းအရာကို သူ့ပါးစပ်က ထုတ်မပြောနိုင်ပေ။
ပရက်ဒ်လည်း ရှေ့တန်းမှ မှတ်တမ်းတင်ဗီဒီယိုကို ထုတ်ကြည့်လိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်ရချိန်တွင် သူ့သွေးပေါင်ချိန်မှာ နှစ်ဆမြင့်တက်သွားရသည်။
ဒီလူတွေက ဘရာမန်နိုင်ငံရဲ့စစ်သားတွေရော ဟုတ်ရဲ့လား? ဒေါက်ဖိနပ်စီးပြီး အနက်ရောင်ကိုယ်ကျပ်ဘောင်းဘီဝတ်ထားတဲ့ ယုန်နားရွက်နဲ့တစ်ယောက်က ဘယ်သူတုန်း? ပြီးတော့ ပန်းရောင်ဂါဝန်ဝတ်ထားတာ ဘယ်ကမကောင်းဆိုးဝါးလဲ? ဒါက Cosplayလုပ်နေတာလား? အဝတ်အစားနဲ့တင် မလုံလောက်လို့ မိတ်ကပ်ပါလိမ်းပေးထားတာလား?
ထိုမျှသာမက။ အနီးအနားရှိ စပီကာများကလည်း နားဝင်ချိုသောသံစဉ်တစ်ခုကို ဖွင့်ထားသေးသည်။
"လုပ်စမ်းပါ။ ပျော်ပျော်နေကြ။ အချိန်တွေအများကြီးရှိပါသေးတယ်.."
….
ပရက်ဒ်၏မျက်နှာကား အဆိပ်ခတ်ခံလိုက်ရသည့်အလား အရောင်ပြောင်းသွားလေသည်။ ရှက်လွန်းလှသဖြင့် မျက်နှာတစ်ခုလုံး ပူခြစ်နေချေသည်။ ဤသည်မှာ လုံးဝအရှက်ကွဲရခြင်းပင်။
"ဗိုလ်ချုပ်.. တန်ဘတ်လူမျိုးတွေက ဗိုလ်ချုပ်အတွက် ရှေ့တန်းကနေ ပစ္စည်းတစ်ခုပို့လိုက်သေးတယ်"
"ဘာကြီးလဲ"
"ကျွန်တော်တို့ ဖွင့်မကြည့်ရသေးပါဘူး။ ဒါပေမဲ့ စစ်ဆေးထားပြီးပါပြီ။ အန္တရာယ်ရှိတဲ့အရာမဟုတ်ပါဘူး"
စစ်သားလေးက ဘူးတစ်ဘူးကို ကမ်းပေးလာသည်။
"ဟမ့်!"
ပရက်ဒ်လည်း ထိုဘူးကို ဖွင့်ဖောက်လိုက်၏။ အထဲရှိ ပစ္စည်းကို မြင်လိုက်ရချိန်ဝယ် သူ့သွေးပေါင်ချိန်မှာ တစ်ဖန်မြင့်တက်လာပြီး သွေးများ ငယ်ထိပ်အထိ တက်ဆောင့်လေသည်။ ထို့ကြောင့် သွေးမည်းမည်းများ အန်ထုတ်မိပြီး ထိုနေရာမှာပင် သတိလစ်သွားလေတော့သည်။
"ဗိုလ်ချုပ်! ဗိုလ်ချုပ်!'
စစ်သားတစ်စုကလည်း အနားသို့ အမြန်ရောက်လာကြပြီး ပရက်ဒ်ကို ဆေးရုံသို့ ပို့လိုက်ကြသည်။
တစ်စုံတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် ဘူးထဲရှိ ပစ္စည်းကို ကြည့်လိုက်လေရာ အထဲတွင် အဖြူရောင်ဘလောက်စ်အင်္ကျီ၊ ခရမ်းရောင်JKရှပ်အင်္ကျီ၊ ဒူးအထိရှည်သော အဖြူရောင်ခြေအိတ်နှင့် အမျိုးသမီးစီးအနက်ရောင်သားရေရှူးဖိနပ်တစ်စုံရှိနေလေသည်။
…..
ထိုနေ့တုန်းက အလွန်ထူးခြားလှသော တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုက နိုင်ငံတကာချန်နယ်တစ်ခုပေါ်၌ ထွက်ပေါ်လာခဲ့သည်။ ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို အိုအာဝါဟုခေါ်သော နည်းပညာနတ်ဘုရားဖန်တီးထားသည့် တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်တွင် တင်ခဲ့ခြင်းပင်။ သူသည် အထူးနည်းလမ်းများကို အသုံးပြု၍ ထိုဝက်ဆိုက်ဘ်ကို ဘယ်အစိုးကမှ မထိန်းချုပ်နိုင်သည့် သီးသန့်ဝက်ဆိုက်ဘ်တစ်ခုဖြစ်အောင် ဖန်တီးထားသည်။ ထို့ကြောင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်က ဟက်ခ်ပြီးဝင်တာကလွဲလျှင် အခြားဘာနည်းလမ်းနှင့်မှ မထိန်းချုပ်နိုင်ချေ။
ဤပလက်ဖောင်းပေါ်တွင် လူတော်တော်များများက အကျိုးအမြတ်အတွက် ထုတ်မပြောအပ်သော အကြောင်းအရာများကို တင်ဆက်ကြသည်။ မည်သူကမှလည်း သူတို့အား မထိန်းချုပ်နိုင်သလို ကြည့်ရှုသူများကလည်း ထိုအရာများကို ကြည့်ရတာ သဘောကျကြသည်။ အိုကာဝါမှာ ဤပလက်ဖောင်း၏အသုံးပြုသူများကြောင့် ငွေကြေးအမြောက်အများရှာနိုင်ခဲ့သည်။
လွန်ခဲ့သည့်မိနစ်အနည်းငယ်တုန်းက ဤဝက်ဆိုက်ဘ်ကို စတင်တည်ထောင်ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဟက်ခ်ခံလိုက်ရသည်။ ပလက်ဖောင်း၏ကုတ်များပင် ပြောင်းလဲခံလိုက်ရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုများအားလုံး ပိတ်ချခံလိုက်ရပြီး တန်ဘတ်နိုင်ငံနှင့် ဘရာမန်နိုင်ငံကြားရှိ စစ်မြေပြင်တွင် ဖြစ်ပျက်နေသော ဖြစ်စဉ်နှင့်ပတ်သက်သည့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတည်းသာ ကျန်ရစ်နေခဲ့သည်။
အစတုန်းကတော့ ဝက်ဆိုက်ဘ်အသုံးပြုသူများမှာ အလွန်ဒေါသထွက်ကြလေသည်။ သူတို့အားလုံးက ငွေချေထားရသည့် မန်ဘာများဖြစ်သည်။ သူတို့ကို ဒါတွေလာကြည့်ခိုင်းတယ်ပေါ့လေ?
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာကို မြင်သောအခါ လူတိုင်း ရူးသွပ်ကုန်ကြသည်။
ဒါက တခြားဟာတွေထက်တောင် ပိုစိတ်လှုပ်ရှားဖို့မကောင်းဘူးလား?
ထိုတိုက်ရိုက်ထုတ်လွှင့်မှုက လူပေါင်းများစွာ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ ထိုသတင်းက နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး မြောက်များလှစွာသော အင်တာနက်အသုံးပြုသူများက အင်တာနက်ကန့်သတ်ချက်များကို ကျော်လွှား၍ လာရောက်ကြည့်ရှုကြသည်။
"ဒီဝက်ဆိုက်ဘ်က တစ်နှစ်ကို ဒေါ်လာနှစ်ရာ မန်ဘာကြေးသွင်းရတယ်မဟုတ်ဘူးလား။ ငါက ဘယ်လိုလုပ်ပြီး ဝင်လို့ရနေတာလဲ"
"မင်းမကြားမိဘူးလား။ ဒီမနက်တုန်းက အကောင်းကြီးကြီးတစ်ကောင်က ဟက်ခ်ပစ်လိုက်တာလေ။ ကုတ်တွေအကုန်လုံးကို ပြောင်းရေးသွားတာဖြစ်မှာပေါ့"
"မဖြစ်နိုင်တာ။ လူတစ်ယောက်က ဝက်ဘ်ဆိုက်ထဲကို ဟက်ခ်ဝင်လာပြီး ပိုက်ဆံမရှာဘူးပေါ့"
"သေစမ်း ကြည့်ရှုသူ၂၄သန်းတဲ့လား။ ဒီပမာဏက တကယ်ကြီးလား"
"ချန်နယ်တစ်ခုက လူပေါင်း၂၄သန်းကိုတောင် ထိန်းနိုင်တယ်ပေါ့။ လိုင်းလည်း ပြတ်ကျမသွားဘူးနော်။ ဒေတာအတုကြီးများလား"
"ကောမန့်တွေကလည်း အများကြီးပဲ။ Botတွေလား"
ဓားစာခံများကို ခေါ်ထုတ်လာချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ထားသည်။ ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများမှာ ကောမန့်မှတစ်ဆင့် ဆက်သွယ်နေကြသည်။
"ဒါက တန်ဘတ်နိုင်ငံနဲ့ ဘရာမန်နိုင်ငံကြားက စစ်ပွဲမဟုတ်ဘူးလား"
"အမလေး! သူတို့က စစ်သုံ့ပန်းတွေ သတ်တာကို တိုက်ရိုက်ထုတ်လွှင့်နေတာတော့ မဟုတ်ဘူးမလား။ အဲဒီလိုဆိုရင် နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ရာကျတယ်မလား"
"လူတစ်ယောက်က မိန်းမအဝတ်အစားတွေဝတ်ပြီး ရောက်လာတယ်!"
"သောက်ကျိုးနည်း! ငါ အဲဒီဂါဝန်ကို မြင်ဖူးတယ်။ ငါ့ကောင်မလေးက သိပ်မကြာခင်တုန်းကမှ အဲဒါကိုဝယ်ထားတာ။ ဟွာရှားယွမ်ငွေနှစ်ထောင်ကျော်ပေးရတယ်ကွ"
"သေလိုက်ပါတော့! ယုန်ဝတ်စုံကြီးလား? ပြီးတော့ ဟာလေကွင်းဝတ်စုံက ပါသေးတယ်။ JKရှပ်အင်္ကျီရော?"
"အမလေး..သူတို့ ဘာလုပ်ကြမလို့လဲ"
"ငါ့ကောင်တို့.. ငါ့ခေါင်းထဲ ခပ်ရိုင်းရိုင်းအတွေးတစ်ခု ဝင်လာတယ်"
….
မိနစ်အနည်းငယ်အကြာတွင် ကောမန့်ထဲ၌ တဟားဟားအော်ရယ်သံများဖြင့် ပြည့်နှက်သွားလေသည်။ တုတ်ခိုင်သန်မာသော ယောကျ်ားအယောက်တစ်ရာက အမျိုးသမီးအဝတ်အစားများကို ဝတ်ဆင်ထားပေသည်။ ထိုမြင်ကွင်းကား အလွန်ကြည့်ကောင်းလှသည်။ အထူးသဖြင့် ဖွင့်ထားသည့်သီချင်းက အသက်ပင်။
"ဘရာမန်နိုင်ငံက ဆိုးဆိုးဝါးဝါးအဆော်ခံထားရတာတောင် လက်နက်မချဘူးတဲ့။ ဒါက တန်ဘတ်နိုင်ငံရဲ့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုလား။ ဟားဟားဟား! ရယ်သေတော့မှာပဲ"
"တော်ပါတော့။ ငါ မနေ့ကမှ လိပ်ခေါင်းခွဲစိတ်ထားတာ။ ငါ့ချုပ်ရိုးတွေ ကွဲထွက်ကုန်တော့မှာပဲ"
"ဒါက ဘယ်လိုနတ်ဆိုးဗျူဟာမျိုးလဲ? ရူးချင်စရာပဲ။ ပန်ဒါတွေက ငတ်သေတော့မလိုဖြစ်နေပြီ။ ဒီအကြံကို ဘယ်သူရတာလဲ"
"နောက်ခံသီချင်းကိုကြားလား? အဲဒါက 'Itchy'မဟုတ်လား။ ဒါက ဟွာရှားလူမျိုးတစ်ယောက်ယောက်ရဲ့ အကြံများလား? တန်ဘတ်နိုင်ငံက သိပ်မကြာသေးခင်က ဟွာရှားလူမျိုးတွေကို အထူးလည်ပတ်ခွင့်လမ်းကြောင်းတစ်ခု ဖွင့်ပေးထားတယ်လေ။ ကုန်ကျစရိတ်တွေကို ရောက်မှ ရှင်းလို့ရတယ်တဲ့။ သူတို့ကများ တန်ဘတ်နိုင်ငံကို အကြံဉာဏ်တွေပေးလိုက်တာများလား"
"ဒါက အရှက်ခွဲပြီး အနိုင်ယူခြင်းမျိုးပဲ"
"ဟားဟားဟား.. မင်းတို့တွေ ဒီည ကမ္ဘာမြေပေါ်က လွတ်မြောက်ရေးမစ်ရှင် ဆင်းရတော့မယ်"
"မင်းတို့တွေအားလုံးကို မားစ်ဂြိုလ်ကိုထွက်ပြေးဖို့ အကြံပေးချင်တယ်။ မားစ်ဂြိုလ်က ဘယ်သူကမှ မင်းတို့ကို မသိဘူး။ ဒီတော့ ဘယ်သူကမှလည်း မင်းတို့ကို လှောင်မှာမဟုတ်ဘူး"
*****************