ငါတို့ အရှုံးပေးပါပြီ
Vol. 33 Ch. 489
ကျန်းမုန့်လောင်၏ တရားစွဲဆိုရေးသတိပေးစာကိုမူ ဘရာမန်နိုင်ငံ၏ နိုင်ငံရေးသမားများက အလေးမထားကြချေ။ မည်သို့ပင်ဖြစ်စေ လတ်တလောတွင် အရေးအကြီးဆုံးကိစ္စမှာ ရှေ့တန်းစစ်မြေပြင်ဖြစ်သည်။ ကျန်းမုန့်လောင်က သူတို့အား တရားရုံးတွင် တရားစွဲရဲမည်တဲ့လား။
သို့သော် ကျန်းမုန့်လောင်က တကယ်လုပ်ရဲလိမ့်မည်ဟုတော့ သူတို့ ထင်မထားပေ။ သူတို့က စစ်ရေးတင်းမာမှုနှင့်ပတ်သက်ပြီး အလုပ်များနေကြချိန်မှာပင် တရားရုံးမှ ဆင့်ခေါ်စာတစ်စောင် ရောက်လာလေသည်။
ဆင့်ခေါ်စာထဲတွင် ပါဝင်သူများမှာ စာချုပ်စာတမ်းသက်သေခံရုံး၏ခေါင်းဆောင်ခွတ်ရှ်၊ လူဝင်မှုကြီးကြပ်ရေးဌာနခေါင်းဆောင်ဟန့်ခ်နှင့် အခြားအထက်တန်းအရာရှိများပါပေါင်းလျှင် စုစုပေါင်းဆယ်ယောက်နီးပါးရှိသည်။
ခွတ်ရှ်က တရားရုံးဆင့်ခေါ်စာကို မြင်သောအခါ အထင်သေးလေဟန်အမူအရာကို ထုတ်ဖော်ပြသလိုက်လေသည်။ အကြောင်းမှာ သူ့လုပ်ရပ်များသည် အသရေဖျက်မှုအထိ မသက်ရောက်ကြောင်း ကောင်းကောင်းနားလည်သည်။ ကျန်းမုန့်လောင်နှင့် ဆက်သွယ်ပြောဆိုနေစဉ်အတွင်း စုံစမ်းမေးမြန်းနေသောလေသံဖြင့်သာ မေးမြန်းခဲ့ပြီး တစ်ဖက်လူအား လှုံ့ဆော်သွေးထိုးသူအဖြစ် တိုက်ရိုက်စွပ်စွဲထားခြင်းမရှိချေ။ အသရေဖျက်မှုဟု ဆိုရလောက်အောင်လည်း မပြောပလောက်ပေ။
သို့သော် အကြောင်းအရာများကို ဖတ်ကြည့်လိုက်ချိန်မှာမူ မိုက်ခနဲ မူးဝေသွားရသည်။ ကျန်းမုန့်လောင်က သူ့အား အသရဖျက်မှုဖြင့် တရားစွဲထားခြင်းမဟုတ်ပေ။ သူနှင့် အခြားဌာနခေါင်းဆောင်များကို "လူ့အခွင့်အရေးချိုးဖောက်မှု"ဖြင့် တရားစွဲထားခြင်းဖြစ်၏။
ချက်ချင်းဆိုသလို သူလည် ကြောင်အသွားရသည်။
ကျုပ်က ခင်ဗျားကို ရွှီလိနယ်မြေဘက်ကို သွားခဲ့သေးလားလို့ပဲ မေးရသေးတာလေ။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးလေးတဲ့အမှုမျိုးကို ဆင်ရတာလဲ?
အသရေဖျက်မှုဆိုသည်မှာ အသေးအဖွဲအမှုတစ်ခုမျှသာ။ အကြောင်းမှာ ထိုအမှုတွင် လူတစ်ဦးတစ်ယောက်တည်းသာ ပါဝင်ပတ်သက်နေသောကြောင့်ပင်။
သို့သော် လူ့အခွင့်အရေးနှင့် ပတ်သက်လာလျှင် လုံးဝမတူတော့ပေ။ ဤကိစ္စတွင် အရှုပ်အထွေးများစွာ ပါဝင်ပတ်သက်နေပေသည်။ တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးကို ဦးစားပေးနေသည့်အချိန်မျိုးမှာ ဤစွဲချက်သာ အတည်ပြုနိုင်ခဲ့ပါက သူတိုလည်း လူပေါင်းများစွာထံမှ လက်ညှိုးဝိုင်းထိုးခံရလိမ့်မည်။
အရေးအကြီးဆုံးအပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို အဆင့်မြင့်အရာရှိများက ကျူးလွန်ထားခြင်းဖြစ်လေရာ နိုင်ငံတော်၏ ယုံကြည်စိတ်ချရမှုနှင့်ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်လာစေနိုင်သည့်အပြင် လူမှုရေးပျက်စီးခြင်းလည်း ဖြစ်စေနိုင်သည်။ ကျန်းမုန့်လောင်က သူတို့တစ်နိုင်ငံလုံးကို ဂယက်ထအောင် ကြံစည်နေလေသလား။
ဆင့်ခေါ်စာရရှိထားသူများမှာ တန်ပြန်အစီအစဉ်များကို ချမှတ်ရန် စတင်ဆွေးနွေးကြနေကြချိန်မှာပင် သတင်းမီဒီယာများမှာ ဂယက်ရိုက်ကုန်ကြသည်။ သတင်းစာများ၊ တီဗီချန်နယ်များ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများ၊ တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်များအားလုံးကလည်း ထိုသတင်းကို စတင်ထုတ်လွှင့်ကြလေတော့သည်။
သတင်းခေါင်းစီးကား ရိုးရှင်းသော်ငြား အကြင်နာမဲ့လှလေသည်။
"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကျန်းမုန့်လောင်က ဘရာမန်နိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်း"
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကား အလွန်သက်ရောက်မှုပြင်းလှသော ဂုဏ်ပုဒ်တစ်ခုပင်။ ဤသတင်းကို မြင်လိုက်ရသူတိုင်းမှာ ထိုသတင်းကို ဆက်ဖတ်ဖို့အတွက် နှိပ်ကြည့်ကြသည်။ ကျန်းမုန့်လောင်ကိုယ်တိုင်ကလည်း သတင်းထောက်များနှင့် အမေးအဖြေလုပ်ထားသော ဗီဒီယိုအင်တာဗျူးတစ်ခုဖြင့် ပူးပေါင်းထားသေးသည်။
"မစ္စတာကျန်း..ဘရာမန်နိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားစွဲဆိုရတဲ့အကြောင်းအရင်းကို ပြောပြပေးနိုင်မလား"
"ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဒေါသထွက်လို့ပါ"
ကျန်းမုန့်လောင်က အော်စကာရလောက်သည့် သရုပ်ဆောင်စွမ်းရည်ဖြင့် ချက်ချင်းဖော်ပြလိုက်လေသည်။
"ဘရာမန်နိုင်ငံမှာရှိတဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က မကြာသေးခင်တုန်းကပဲ ဆုံးပါးသွားခဲ့တယ်။ အဲဒါကြောင့် လေးစားမှုကိုပြတဲ့အနေနဲ့ ကျုပ် ဒီကိုလာခဲ့တာ။ ဒါပေမဲ့ ကျုပ် ဒီနိုင်ငံကို ခြေချတဲ့အချိန်ကစပြီး ကျုပ်ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို နောက်ယောင်ခံနေကြလိမ့်မယ်လို့ ထင်မထားဘူး။ ပြောစမ်းပါဦးဗျာ။ ဒါက လူ့အခွင့်အရေးချိုးဖောက်တာသာမဟုတ်ရင် ဘာလဲ"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်၍ ထိုစဉ်က အသံဖိုင်ကို ဖွင့်ပြလိုက်သည်။
"မစ္စတာကျန်း ကျုပ်တို့ရဲ့စုံစမ်းစစ်ဆေးမှုအရ ခင်ဗျား အဲဒီနေ့တုန်းက သုံးနာရီခွဲမှာ ဘရာမန်နိုင်ငံကနေ ကိုယ်ပိုင်လေယာဉ်နဲ့ ရွှီလိနယ်မြေကို ထွက်ခွာသွားပြီး နောက်တစ်နေ့မနက်မှာပဲ ပြန်ရောက်လာခဲ့တယ်နော်။ ကျုပ်တို့အနေနဲ့ ခင်ဗျားကို သံသယဝင်ဖို့..."
ဤအသံဖိုင်ကို ဖွင့်ပြလိုက်ပြီးနောက် သတင်းထောက်များ၏အမူအရာလည်း ပြောင်းလဲကုန်ကြသည်။ အကယ်၍ ဤအသံဖိုင်ကသာ အစစ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လျှင် ကျန်းမုန့်လောင်၏လွတ်လပ်ခွင့်ကို စောင့်ကြည့်နေသည့်အမှုကိုလည်း အတည်ပြုနိုင်ပြီဖြစ်၏။
"ဘရာမန်နိုင်ငံရဲ့ဥပဒေအရဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေကသာ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းတွေကို ဝင်ကြည့်ခွင့်ရှိတာပါ။ ကျွန်တော့်ကိုစောင့်ကြည့်ဖို့အတွက်ဆိုရင် ကျွန်တော်က နိုင်ငံတော်လုံခြုံရေးကို ထိပါးထားတယ်ဆိုတာကို အရင်သက်သေပြမှဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကိုတွေ့ဖို့ ဒီကိုလာခဲ့တာ။ အမှားတစ်ခုခုများလုပ်ထားမိလို့လား။ သူတို့က ဘာလုပ်ပိုင်ခွင့်နဲ့ ကျွန်တော့်ရဲ့တည်နေရာကို ခြေရာခံနေရတာလဲ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်ပြန်သည်။
"ခင်ဗျားတို့ရဲ့ဘရာမန်နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံခြားသားတွေက လွတ်လပ်ခွင့်တောင်မရှိဘူးလား။ ခင်ဗျားတို့တွေက ကျွန်တော့်ကို ၂၄နာရီလုံးလုံး စောင့်ကြည့်နေတယ်လို့ သံသယဖြစ်မိနေပြီ"
ကျန်းမုန့်လောင်၏စကားများမှာ ပို၍ပင် လက်ခံနိုင်ဖွယ်ရာမရှိတော့ချေ။ သို့သော် သူ့စကားများတွင် လူထုကို ဆူပူအုံကြွလာစေသော အစွမ်းတစ်မျိုး ကိန်းအောင်းနေသည်။
ထိုစကားကို ကြားလိုက်ရသူတိုင်းမှာ သူ့စကားကို အဓိပ္ပာယ်ရှိသည်ဟု သဘောတူကြသည်။ တစ်ဖက်လူ၏လှုပ်ရှားမှုကို စောင့်ကြည့်နေသည်ဆိုမှတော့ တစ်ဖက်လူအနားတွင် တစ်စုံတစ်ယောက်ကို နှစ်ဆယ့်လေးနာရီအပြည့် စောင့်ကြည့်ခိုင်းထားသည်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းမဟုတ်ပါက ဘာများလဲ။
"ဝိုး.. ဒါက ငါတို့ဟွာရှားလူမျိုးတွေကို အနိုင်ကျင့်နေတာလား"
"သေစမ်း။ အစုတ်ပလုတ်နိုင်ငံလေးတစ်ခုကများ နောက်ယောင်ခံစောင့်ကြည့်ရဲတယ်ပေါ့။ မင်းတို့နိုင်ငံသားတွေကျတော့ လူသားတွေဖြစ်ပြီး နိုင်ငံခြားသားတွေကျတော့ မဟုတ်ဘူးပေါ့။ သူတို့မှာရော ကိုယ်ပိုင်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ မရှိဘူးလား"
"မစ္စတာကျန်းရဲ့တရားစွဲဆိုမှုက တရားနည်းလမ်းကျတယ်လို့ ငါထင်တယ်။ ငါတို့ရဲ့တရားဝင်အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် တရားဥပဒေကိုပဲ အားထားရမှာ"
"ဒါက လူ့အခွင့်အရေးပိတ်ပင်မှုတစ်ခု မဟုတ်တော့ဘူး။ လူမှုပြဿနာတစ်ခုဖြစ်သွားပြီ"
...
ဤကိစ္စအကြောင်း ဆွေးနွေးမှုများမှာ ပိုမိုပြင်းထန်လာသည်။ နေ့တစ်ဝက်အတွင်းမှာပင် အခြားနိုင်ငံများအထိ ပျံ့နှံ့သွားခဲ့သည်။
လူ့အခွင့်အရေးဆိုသည်မှာ အခြေခံအကြောင်းအရာတစ်ခုပင်။ အရှေ့တိုင်းတွင် ထိုအချက်ကို တင်းကျပ်စွာစွဲကိုင်ထားသူအမြောက်အများ ရှိချင်မှရှိလိမ့်မည်။ သို့သော် အနောက်နိုင်ငံများတွင်မူ ထိုစကားလုံးနှစ်လုံးမှာ သူတို့၏အသက်များထက် ပိုအရေးကြီးလေသည်။
လူ့အခွင့်အရေးအတွက်နှင့် အနောက်တိုင်းသားဘယ်နှယောက်လောက်က ကပ်ရောဂါ၏အဆိုးဝါးဆုံးအချိန်မှာပင် မက်စ်တပ်ခြင်း သို့မဟုတ် အိမ်ထဲတွင်နေခြင်းတို့ကို ငြင်းဆန်ခဲ့လေသလဲ။ သူတို့သည် လူ့အခွင့်အရေးကို အလွန်မြှောက်စားကြလေသည်။
သတင်းပျံ့သွားသည်နှင့် လူ့အခွင့်အရေးအတွက် လှုံ့ဆော်ထကြွသူများမှာ သွေးပွက်ပွက်ဆူသွားကြသည်။ သူတို့သည် ဘရာမန်နိုင်ငံ၏ တရားလွန်လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် လူ့အခွင့်အရေးကို ကာကွယ်လိုစိတ်ပြင်းပြင်ကြသော လူမှုအဖွဲ့အစည်းများပင်။
အဆိုးဝါးဆုံးအခြေအနေမှာ လူတချို့က ဘရာမန်နိုင်ငံ၏ လမ်းမများထက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ပါဝင်သူအယောက်တစ်ထောင်လောက် စုစည်းနိုင်ခဲ့သည်။
ထိုလူများသာ ဘရာမန်နိုင်ငံသားများဆိုပါက တစ်ခါတည်းဖမ်းချုပ်ခံလိုက်ရပြီဖြစ်၏။ သို့သော် ထိုလူများမှာ နိုင်ငံခြားသားများပင်။ ထိုသူများကိုမူ သူတို့ စိတ်ထင်တိုင်း ကိုင်တွယ်ဖြေရှင်း၍မရနိုင်ချေ။
အဘက်ဘက်မှ ဖိအားများနှင့် ရင်ဆိုင်နေရသဖြင့် ဘရာမန်နိုင်ငံသားများမှာ ရူးသွပ်လုနီးပါးပင်။
ကျန်းမုန့်လောင်က တောင်းပန်ခိုင်းရုံမျှသာ တောင်းဆိုခဲ့သည်။ ထိုအရာမှာ သိပ်မခက်ခဲပေ။ သို့သော် ယခုမူ တောင်းပန်လိုက်ရုံမျှဖြင့် ဤပြဿနာကို ပြေလည်စေမည်မဟုတ်။ အခြားလူများ၏စိတ်ထဲတွင် ဤသည်မှာ တစ်ဦးတစ်ယောက်တည်း၏ကိစ္စမဟုတ်ချေ။ သူတို့လည်း ဘရာမန်နိုင်ငံ၏စောင့်ကြည့်မှုအောက်တွင် ရှိနေပေသည်။ တောင်းပန်စကားတစ်ခွန်းမျှဖြင့် မလုံလောက်ပေ။
ကျန်းမုန့်လောင်က တရားမဝင်ကိစ္စတစ်ခုခုကို လုပ်ဆောင်ခဲ့ကြောင်း သက်သေပြနိုင်ပါက သူ့အား စောင့်ကြည့်နေခဲ့ခြင်းမှာ သင့်တော်မှန်ကန်ပြီး ဥပဒေနှင့်ညီညွတ်ပေသည်။ သို့မဟုတ်ပါက လူ့အခွင့်အရေးချိုးဖောက်မှု၏ စွဲချက်ကို အတည်ပြုနိုင်ပြီဖြစ်၏။
သို့သော် သူတို့အနေနှင့် ဘာကိုများ သက်သေအဖြစ် တင်သွင်းရမည်နည်း။
ကျန်းမုန့်လောင် ရွှီလိနယ်မြေသို့ ခရီးထွက်ခြင်းမှာ တန်ဘတ်နိုင်ငံကိုထောက်ပံ့ရန် လက်နက်ကိရိယာများ ဝယ်ယူခြင်းဖြစ်ကြောင်း တင်ပြရမည်လား။ ထိုသို့သောအကြောင်းပြချက်မှာ ယုံနိုင်ဖွယ်ရာမရှိပေ။ သက်သေကိုသာ အလေးထားကြသော လူမှုအဖွဲ့အစည်းကြီးထဲတွင် သက်သေမရှိပါက စွပ်စွဲနေခြင်းသက်သက်သာ။
ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတာနဲ့ပဲ သူ့ကို စောင့်ကြည့်နေလို့မရဘူးလေ။
ဤအကြောင်းပြချက်ကလည်း မခိုင်လုံပေ။
သူတို့ဘက်က ကျန်းမုန့်လောင်ပိုင်ဆိုင်သော မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုများကိုသိမ်းပိုက်ထားကြောင်း ဝန်ခံလိုက်မှသာ တစ်ဖက်လူက ပြင်းထန်သောလုပ်ရပ်များကို လုပ်ဆောင်လာမည်စိုးသောကြောင့် သူ့အား စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်၏။
ထိုသို့သာဆိုပါက လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသော ဆူပူမှုများကို ရပ်တန့်နိုင်မည်ဆိုသော်ငြား ထိုကဲ့သို့သောမကောင်းသတင်းမျိုးက သူတို့အား တစ်နှစ်ခွဲလောက် အကျဉ်ခံရနိုင်သည်။
သို့သော် သူတို့တွင် ထိုရွေးချယ်စရာတစ်ခုတည်းသာ ရှိတော့သည်။
ကျန်းမုန့်လောင်က သူတို့အား လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် တကယ်တရားစွဲလိုခြင်းမဟုတ်ကြောင်း သူတို့ ကောင်းကောင်းနားလည်သည်။ သူက လူထုအမြင်ကို လှုံ့ဆော်ချင်ရုံမျှသာ။
ကမ္ဘာတစ်ဝှမ်းမှ မီဒီယာများကလည်း ဤအမှုအကြောင်း သတင်းယူနေကြသည်။ ဘရာမန်နိုင်ငံ၏ အာရုံဖမ်းစားနိုင်စွမ်းက သိပ်မမြင့်မားလှကြောင်း သူတို့ယုံကြည်ထားသည်။ သို့ဖြစ်လေရာ ဤကိစ္စ၏နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်နေသူတစ်ယောက်သာ မရှိပါက ယုံနိုင်စရာမကောင်းကြောင်း သူတို့ မှန်းဆမိသည်။
မီဒီယာပေါင်းများစွာကို သတင်းလာယူစေရန်အတွက် ဤသတင်းကို ပွက်လောရိုက်သွားအောင်လုပ်ဖို့ ငွေကြေးပမာဏ မည်မျှကုန်ကျမည်နည်း။ ကျန်းမုန့်လောင်ကလွဲ၍ ထိုကုန်ကျစရိတ်ကို တတ်နိုင်လောက်သော အခြားလူတစ်ယောက်မရှိပေ။ ငွေကြေးချမ်းသာခြင်းနှင့် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းမှာ လူသိများထင်ရှားသော သူ့ဝိသေသလက္ခဏာပင်။
...
"ရှေ့တန်းက နောက်ဆုံးခံစစ် ပြိုလဲသွားပါပြီ"
တစ်ပတ်ကျော်ကြာအောင် တောင့်ခံပြီးနောက် စစ်ရေးအင်အားအပြတ်အသပ်ကွာခြားမှုကြောင့် ဘရာမန်နိုင်ငံမှာ ဆက်လက်တောင့်ခံမထားနိုင်တော့ပေ။ သူတို့၏တပ်ဖွဲ့အားလုံးကလည်း နိုင်ငံထဲသို့ ပြန်ဆုတ်ခွာသွားကြပြီဖြစ်၏။ အငြင်းပွားနေကြသော နယ်မြေတစ်ခုလုံးကိုလည်း တန်ဘတ်နိုင်ငံက သိမ်းပိုက်လိုက်လေပြီ။
သို့သော် သူတို့ကတော့ ထိုနေရာမှာတင် ရပ်တန့်မနေချေ။ တန်ဘတ်နိုင်ငံက သူတို့၏တပ်ဖွဲ့များကို ပြန်လည်ဖွဲစည်းပြီး ဒုတိယမြောက် နယ်မြေအငြင်းပွားမှုဖြစ်ပွားနေသောနေရာကို တိုက်စစ်ဆင်ရန် ပြင်ဆင်လေတော့သည်။
ညနက်ပိုင်းတွင် အရေးပေါ်အစည်းအဝေးတစ်ခုကို တိတ်တဆိတ်ကျင်းပကြပြန်သည်။ ယခုဆိုလျှင် နိုင်ငံက အရေးပေါ်အကျပ်အတည်းကာလသို့ ဆိုက်ရောက်နေလေပြီ။
"အသုံးမဝင်ဘူး။ ကျုပ်တို့ ဆက်တိုက်နေရင် သွားပြီပဲ"
"ကျုပ်တို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကူ ဒေါ်လာ၃ထရီလီယံကိုတောင် ကျော်သွားပြီ။ ဒီကိစ္စကို အချိန်ဆက်ဆွဲထားလေလေ ဆုံးရှုံးနစ်နာမှုတွေကလည်း ပိုများလာလေလေပဲ"
"ကျန်းမုန့်လောင်ကိုသွားရှာချေ။ ငါတို့ အရှုံးပေးပြီ! သူ့ကို ပိုင်ဆိုင်မှုတွေအားလုံး ပြန်ပေးလိုက်!"
***************