အမေရိကန်ဒေါ်လာ၁၀၀ထရီလီယံ
Vol. 33 Ch. 491
"ဘာ? သူက တကယ်ကြီး အဲဒီလိုပြောလိုက်တာလား"
ခွတ်ရှ်ထံမှ စကားကို ကြားလိုက်ရချိန်ဝယ် ဘရာမန်နိုင်ငံ၏ ထိပ်သီးပုဂ္ဂိုလ်များမှာ တစ်ယောက်ပြီးတစ်ယောက် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ကြသည်။
"ငါတို့က သူ့ကို လွတ်လမ်းတစ်လမ်း ပေးနေပြီပဲ။ သူက ဘာလိုချင်နေသေးတာလဲ"
"သူကမကျေနပ်ဘူးလား။ ငါတို့က ပိုတောင်မကျေနပ်သေးတယ်။ ငါတို့က လူဦးရေထူထပ်တဲ့နိုင်ငံတစ်ခုလေ။ ငါတို့က သူ့ကို ဦးညွှတ်ပြီး တောင်းပန်ရဦးမှာလား"
"တအားဖိအားပေးလိုက်ရင်လည်း နှစ်ဦးနှစ်ဖက်နစ်နာရလိမ့်မယ်"
"နှစ်ဦးနှစ်ဖက်နစ်နာမှာတဲ့လား"
ထောင့်နားတွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က လှောင်ပြုံးပြုံးလိုက်လေသည်။
"ခင်ဗျားတို့က နှစ်ဦးနှစ်ဖက်နစ်နာအောင် ဘယ်လိုလုပ်မှာလဲ။ မစင်တွေနဲ့ပြည့်နေတဲ့ ခင်ဗျားတို့ရဲ့ဦးနှောက်နဲ့လား။ ကျုပ် အစကတည်းက ပြောခဲ့တယ်နော်။ ဟွာရှားလူမျိုးတွေကို ရန်သွားမစနဲ့လို့။ အထူးသဖြင့် ကျန်းမုန့်လောင်ပဲ။ ဒီကိစ္စကို ခင်ဗျားတို့ကိုယ်တိုင် မီးမွှေးခဲ့တာ"
"မဟာ.. အခု အဲဒီလိုစကားတွေ ပြောနေရမဲ့အချိန်လား"
အခြားသက်လတ်ပိုင်းအရွယ်အမျိုးသားကြီးတစ်ယောက်က စိတ်ရှုပ်နေပါသော်ငြား ပြန်ငြင်းချက်ထုတ်ရန်အတွက်လည်း ယုံကြည်မှုကင်းမဲ့နေသည်။ မဟာဟုခေါ်သော ဤလွှတ်တော်အမတ်က မဟာလက်စ်မိသားစု၏ အရေးအရာကိစ္စများတွင် ဝင်မစွက်ဖက်ရန်အတွက် အကြံပေးခဲ့သည့် တစ်ဦးတည်းသောလူပင်။
"အမှန်ပဲ။ ကျုပ်တို့နိုင်ငံက လူတစ်ယောက်လောက်ကို ကြောက်နေရမှာလား။ နိုင်ငံတစ်နိုင်ငံရဲ့ယန္တရားရှေ့မှာ လူတစ်ဦးတစ်ယောက်ရဲ့အစွမ်းအစဆိုတာ ဖုန်မှုန့်သာသာပဲရှိတာပါ"
အခြားလွှတ်တော်အမတ်တစ်ယောက်က ဝင်ပြောလေသည်။
"ဪ အဲဒီလိုလား"
မဟာက ရယ်လိုက်၏။
"ဆင်းရဲမွဲတေမှုက ခင်ဗျားရဲ့စိတ်ကူးကို ကန့်သတ်ထားလို့ အဲဒီလိုစကားမျိုး ပြောနေတာလေ။ လူတစ်ဦးတစ်ယောက်တည်းက နိုင်ငံတော်ရဲ့ယန္တရားကို မယှဉ်နိုင်ဘူးဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီတစ်ဦးတစ်ယောက်က လုံလုံလောက်လောက်အစွမ်းထက်မနေလို့လေ။ အမေရိကန်ဒေါ်လာတစ်ရာထရီလီယံကိုပိုင်ဆိုင်ပြီး စစ်သားအယောက်တစ်သိန်းပါတဲ့ စစ်တပ်ကြီးကို အမိန့်ပေးနိုင်စွမ်းရှိတဲ့လူဆိုရင် နိုင်ငံတစ်နိုင်ငံနဲ့ မယှဉ်နိုင်လောက်ဘူးလို့ ထင်ဦးမှာပဲလား"
ဤမေးခွန်းကြောင့် ထိုနေရာရှိလူတိုင်း ကြောင်အသွားလေသည်။ လူတစ်ဦးတစ်ယောက်တွင် ထိုကဲ့သို့သောစည်းစိမ်မျိုးနှင့် အာဏာမျိုးသာ ရှိပါက နိုင်ငံတစ်နိုင်ငံမဆိုထားနှင့်။ ကမ္ဘာကြီးကိုပင် သိမ်းပိုက်နိုင်လေသည်။
"ဒါကိုကြည့်လိုက်"
မဟာက စားပွဲပေါ်သို့ ဖိုင်တစ်ထပ်ကို ပစ်တင်လိုက်သည်။
ဤသည်မှာ ကျန်းမုန့်လောင်အကြောင်း မဟာ စုံစမ်းထားသည့် ရလဒ်များပင်။
"သူ့စစ်ရေးအင်အားကို အသာထားလိုက်ဦး။ ကျန်းမုန့်လောင်မှာ ငွေကြေးအင်အား ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျားတို့သိလား"
"ချင်းချိုးနိုင်ငံမှာ အမေရိကန်ဒေါ်လာ၈၂၀ဘီလီယံ၊ ဟွာရှားနိုင်ငံမှာ အမေရိကန်ဒေါ်လာ၈ထရီလီယံ၊ အမေရိကန်မှာ အမေရိကန်ဒေါ်လာ၆.၈ထရီလီယံ၊ အင်္ဂလန်မှာ အမေရိကန်ဒေါ်လာ၄.၆၂ထရီလီယံ.. စုစုပေါင်းအမေရိကန်ဒေါ်လာ၉၈.၉၃ထရီလီယံ? ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဤစာရွက်စာတမ်းထဲတွင် နိုင်ငံအသီးသီး၌ ကျန်းမုန့်လောင်ထည့်ဝင်ထားသော ငွေပမာဏများကို စာရင်းပြုစုထားသည်။ လက်ရှိငွေလဲနှုန်းအရဆိုလျှင် အမေရိကန်ဒေါ်လာတစ်ရာထရီလီယံနီးပါးပင်။ ကမ္ဘာလုံးဆိုင်ရာနှစ်စဉ်ဝင်ငွေကပင် ထိုပမာဏကို မမီနိုင်ချေ။
"ဒါက ကျန်းမုန့်လောင်လက်ထဲမှာရှိတဲ့ ငွေသားပမာဏပဲရှိသေးတယ်"
မဟာက ဆိုလာလေသည်။
"သူ့ရဲ့အိမ်ခြံမြေပိုင်ဆိုင်မှုတွေကိုပါ ပေါင်းလိုက်ရင် ဒီပမာဏက အဆပေါင်းများစွာ ပိုများသွားနိုင်တယ်"
"မဖြစ်နိုင်တာ။ တရားဝင်ကြေညာထားတဲ့ သူ့ပိုင်ဆိုင်မှုပမာဏက အမေရိကန်ဒေါ်လာတစ်ထရီလီယံကျော်ပဲရှိတာလေ"
"ငတုံးတွေ.. ခင်ဗျားတို့ကို မေးပါဦးမယ်။ တန်ဘတ်နိုင်ငံမှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့အတွက် မဟာလက်စ်မိသားစုကို တာဝန်ပေးထားတယ်ဆိုရင် တခြားနိုင်ငံတွေမှာရော အဲဒီလိုမိသားစုမျိုး မရှိနိုင်ဘူးလား။ သူက ပိုင်ဆိုင်မှုတွေအားလုံးကို သူ့နာမည်အောက်မှာပဲ ထားလိမ့်မယ်လို့ ထင်နေတာလား"
ဤမေးခွန်းမှာ လူတိုင်းအား အိပ်မက်ကမ္ဘာမှ နိုးထသွားစေသည်။
ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာသုံးထရီလီယံကို အမှုမထားဟန်ဖြင့် လျစ်လျူရှုထားနိုင်သည်မှာ မဆန်းတော့ပါချေ။ ထိုပမာဏကား သူ့စည်းစိမ်းများနှင့် ယှဉ်လိုက်ပါက ရေပုံးထဲက ရေတစ်စက်သာသာပင်။ သူက ဂရုမစိုက်ချင်ယောင်ဆောင်နေခြင်းမဟုတ်ပါဘဲ တကယ်ဂရုမစိုက်ခြင်းပင်။
"သူ့မှာ တခြားနည်းလမ်းမရှိလို့ တန်ဘတ်နိုင်ငံကို စစ်ရေးထောက်ပံ့ပေးလိုက်တယ်လို့များ ထင်နေကြတာလား"
မဟာက ပြောလိုက်ပြန်၏။
"သူက လက်တစ်ချောင်းလှုပ်လိုက်ရုံနဲ့ အဲဒီငွေပမာဏကို ထိန်းချုပ်ပြီး ကျုပ်တို့ဘရာမန်နိုင်ငံရဲ့ စီးပွားရေးစနစ်ကြီးတစ်ခုလုံးကို ပြိုလဲသွားအောင်လုပ်နိုင်တယ်။ ဒီလုပ်ငန်းစဉ်ကတစ်ဆင့် သူ ငွေပမာဏအများကြီးတောင် ရှာနိုင်သေးတယ်။ သူက သူ့ရဲ့မကျေနပ်ချက်ကို ထုတ်ဖော်ပြသဖို့အတွက်သက်သက်နဲ့ ဒီနည်းလမ်းကို ရွေးချယ်လိုက်တာ"
မဟာက ဆက်ပြောလိုက်သည်။
"ခင်ဗျားတို့က ဒီနေရာမှာ သူ့ကို ဘယ်လိုဖြေရှင်းရမလဲလို့ ဆွေးနွေးနေကြတုန်းပဲ။ ခင်ဗျားတို့တွေ သူ့ကို တန်ပြန်တိုက်ခိုက်နိုင်မယ်များ ထင်နေကြတာလား။ အမေရိကန်ဒေါ်လာတစ်ရာထရီလီယံတဲ့.. သူစွမ်းဆောင်နိုင်တဲ့ စီးပွားရေးပျက်ကပ်ကို ဘယ်နိုင်ငံကများ တောင့်ခံနိုင်လို့လဲ။ ခင်ဗျားတို့က လူတစ်ဦးတစ်ယောက်တည်းက နိုင်ငံတစ်နိုင်ငံကို မကိုင်လှုပ်နိုင်ဘူးဆိုတဲ့စကားကို ယုံနေကြတုန်းလား"
ဤစကားကြောင့် ထိုနေရာရှိ လူတိုင်း တိတ်ဆိတ်သွားချေသည်။ အံ့ဖွယ်ကောင်းလောက်အောင် များပြားလှသော ငွေပမာဏကြောင့် သူတို့ ဆွံ့အသွားရသည်။ တကယ်တမ်းတော့ သူတို့သည် ငတုံးငအများသာ။
"မဟာ.. ခင်ဗျား ဒီစာရွက်စာတမ်းတွေကို ဘယ်ကရလာတာလဲ"
တစ်စုံတစ်ယေောက်က မေးလိုက်၏။
အကယ်၍ ကျန်းမုန့်လောင်ထံတွင် နိုင်ငံအသီးသီး၌ ယခုလိုတာဝန်ခံများ ရှိနေပါက စုစုပေါင်းတန်ဖိုးကို တွက်ချက်ရန်မှာ မဖြစ်နိုင်ပေ။
"မစ္စတာဟွိုက်ကျဲ ခင်ဗျား ကိုယ်ယောင်ပြဖို့အချိန်ကျပြီ"
လေထုကား ပုံပျက်သွားပြီးနောက် ပိန်လှီလှသောအသွင်တစ်ခု ပေါ်လာသည်။
အကယ်၍ ကျန်းမုန့်လောင်သာ ဤနေရာတွင် ရှိနေခဲ့ပါက ဤလူက သူ လပေါင်းများစွာကြာအောင် လိုက်ရှာနေခဲ့ရသော ဟွိုက်ကျဲဖြစ်ကြောင်း ချက်ချင်းမှတ်မိပေလိမ့်မည်။
လက်ရှိအချိန်တွင် ဟွိုက်ကျဲက လွန်ခဲ့သည့်လတွေတုန်းကနှင့်ယှဉ်လျှင် အများကြီးပြောင်းလဲသွားသည်။ သူ့ထံမှထုတ်လွှတ်နေသော အရှိန်အဝါမှာ ပို၍ပင် နက်နဲသွားချေသည်။ ကျန်းမုန့်လောင်ကို သတ်ဖြတ်နိုင်ရန်အတွက် သူသည် လပေါင်းများစွာ ပုန်းအောင်းနေခဲ့ရ၏။ ယခုတော့ ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ဖို့ ယုံကြည်မှုရှိနေလေပြီ။
ပင်မနတ်ဘုရားကမ္ဘာထဲမှာတုန်းက အလွန်ထူးခြားလှသည့် ပစ္စည်းတစ်ခုကို သူ ရရှိခဲ့သည်။ သို့သော် ထိုအရာက အလွန်အန္တရာယ်များသောကြောင့် ထုတ်မသုံးရဲခဲ့ပေ။ သို့သော် ယခုမူ သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။ နှိပ်စက်ညှဉ်းပန်းမှုဒဏ်များကို သည်းခံပြီးနောက်တွင်မူ သူ အောင်မြင်ခဲ့လေပြီ။ ဤတစ်ခေါက်မှာတော့ သူ လက်စားချေရန် ထွက်လာလေပြီ။
"မင်း..မင်းက အဲဒီဟွိုက်ကျဲလား"
"မဟာ.. ဒါက ကျုပ်တို့ရဲ့ ထိပ်သီးညီလာခံလေ။ သူ့ကို ဘာလို့ ဒီနေရာကိုခေါ်လာတာလဲ"
ရုတ်ခြည်းဆိုသလို ရုံးခန်းထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်ပေါင်းများစွာ ပေါ်ပေါက်လာသည်။ ရှေးဟောင်းနိုင်ငံတစ်ခုအနေနှင့် ဘရာမန်နိုင်ငံတွင်လည်း ဒုတိယကမ္ဘာမှ အစွမ်းထက်လူသားအများအပြားက အရေးကြီးလှသော ကောင်စီအဖွဲ့ဝင်များအဖြစ် တည်ရှိကြသည်။ သို့ဖြစ်လေရာ ထိုပုဂ္ဂိုလ်တို့ထံမှ အကာအကွယ်များကို သူတို့ ရရှိထားသည်။
"သတိထားနော် ဥက္ကဋ္ဌ.. ဒီလူက အရမ်းအစွမ်းထက်တယ်"
ဘရာမန်နိုင်ငံမှ စိတ်စွမ်းအားရှင်များမှာ မျက်နှာမသာမယာဖြစ်နေကြသည်။ သူတို့ထဲရှိ အစွမ်းအထက်ဆုံးလူမှာ အဆင့်ခုနစ်စိတ်စွမ်းအားရှင်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။ သို့သော် ဤလူက သူတို့ထက် ပိုသန်မာကြောင်း မသိစိတ်ကတစ်ဆင့် ခံစားမိသည်။
"ငါသာ တကယ်ပဲ တစ်ခုခုလုပ်ချင်တယ်ဆိုရင် မင်းတို့ ငါ့ကို တားနိုင်လိမ့်မယ်လို့ ထင်နေတာလား"
ဟွိုက်ကျဲက သရော်လိုက်ချေသည်။ ထို့နောက် လေထုထဲတွင် မည်းနက်နေသော လက်သည်းတစ်ခု ပေါ်ပေါက်လာပြီး ထိုစိတ်စွမ်းအားရှင်သုံးယောက်ကို ဆတ်ခနဲဆွဲဖမ်းသွားကာ လေထဲသို့ မြှောက်ပစ်လိုက်သည်။
ကောင်စီအဖွဲ့ဝင်များအားလုံး အကြောင်သားဖြစ်ကုန်ကြသည်။ သူတို့နိုင်ငံ၏ အသန်မာဆုံးစိတ်စွမ်းအားရှင်သုံးယောက်ကို ဟွိုက်ကျဲက ကြက်ကလေးငှက်ကလေးများနှယ် ဆွဲမထားပေသည်။
"မစ္စတာဟွိုက်ကျဲ!"
မဟာကလည်း အလျင်အမြန် ကြားဝင်ဖျန်ဖြေလိုက်ရ၏။
"ဟမ့်!"
မည်းနက်နေသော လက်သည်းကြီးက မြူခိုးမည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုစိတ်စွမ်းအားရှင်သုံးယောက်လည်း အမှိုက်လေးများအလား ပြုတ်ကျလာတော့သည်။
"မစ္စတာဟွိုက်ကျဲ.. မင်း ဘာလိုချင်လို့လဲ"
"ကျုပ်က ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ကမ်းလှမ်းချင်လို့"
ဟွိုက်ကျဲက ပြောလိုက်၏။
"ကျုပ်ရန်သူရဲ့ရန်သူက ကျုပ်ရဲ့မိတ်ဆွေပဲလေ။ ဟုတ်တယ်မလား။ ကျုပ်တို့မှာ ဘုံရန်သူကြီးတစ်ယောက် ရှိနေတာကို.. ခင်ဗျားတို့က သူ့ကို မရှင်းပစ်ချင်ဘူးလား"
"ငါတို့က ဘယ်လိုပူးပေါင်းမှာလဲ"
သူတို့လည်း ကျန်းမုန့်လောင်ကို ရှင်းထုတ်ချင်မိသည်။
"မင်းရဲ့အစွမ်းအစနဲ့သာဆိုရင် သူ့ကိုသတ်ဖို့ လွယ်လွယ်လေးပဲမဟုတ်လား"
"သူ့ကို လွယ်လွယ်နဲ့သတ်လို့ရကြေးဆိုရင် ကျုပ်ရဲ့ခေါင်းက ဘာလို့ ဆုကြေးငွေအထုတ်ခံရမှာလဲ"
ဟွိုက်ကျဲ၏မျက်နှာထက်တွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
"ကျုပ် သူ့ကိုသတ်နိုင်မယ်လို့ ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ဆီက အကူအညီနည်းနည်းလောက် လိုအပ်တယ်"
"ငါတို့က မင်းကို ဘယ်လိုကူညီပေးရမှာလဲ"
"ခင်ဗျားတို့ရဲ့ဘရာမန်ဘုရားကျောင်းထဲကို ဝင်ဖို့လိုတယ်!"
"ဘာ? အဲဒါကတော့ လုံးဝမဖြစ်နိုင်ဘူး"
ကောင်စီအဖွဲ့ဝင်များမှာ ဤတောင်းဆိုမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြသည်။
ဘရာမန်ဘုရားကျောင်းဆိုသည်မှာ ဘရာမန်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်တစ်ခုပင်။ ၎င်းမှာ သာမန်လူများအတွက်ဆိုသော်ငြား ဘရာမန်နိုင်ငံအတွက်တော့ စိတ်စွမ်းအားရှင်များ၏ အစပျိုးရာအရပ်ပင်။
ဤဘရာမန်ဘုရားကျောင်းတွင် ဘရာမန်နိုင်ငံ၏ ရှေးဟောင်းဒဏ္ဍာရီပေါင်းများစွာ ပေါ်ထွက်ခဲ့သည်။ ဤဘုရားကျောင်းမှာ ရှေးယခင်တုန်းက အစွမ်းထက်ပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သော အမွေအနှစ်တစ်ခုဟု သူတို့ သံသယဖြစ်မိသည်။ ဤနေရာတွင် ထိုပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သော စွမ်းအားများ ကိန်းအောင်းနေချေသည်။ ထူးခြားသော ရုပ်ခန္ဓာပိုင်ရှင်များသာ ဤနေရာသို့ ဝင်သွားပါက ထိုစွမ်းအားများကို ရယူနိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်မည်သာ။
ဤဘုရားကျောင်းထဲတွင် နတ်ဘုရားများ၏ အစွမ်းများကို သိုလှောင်ထားသည်ဟု ဆိုကြသည်။ ဘရာမန်နိုင်ငံ၏ ယုံကြည်မှုအရ ထိုနတ်ဘုရားများမှာ အလွန်ကြီးမြတ်ပြီး တန်ခိုးထက်လှပေသည်။ သို့ဖြစ်လေရာ သူတို့အနေနှင့် နိုင်ငံခြားသားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဝင်ခွင့်ပေးနိုင်မည်နည်း။
"အဲဒါကတော့ ခင်ဗျားတို့ပဲ ရွေးချယ်ကြပေါ့"
ဟွိုက်ကျဲက အတိအလင်းကြေညာလိုက်သည်။
"ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ရဲ့ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး အဲဒီဟွာရှားလူမျိုးကို တောင်းပန်ချင်တယ်ဆိုရင်လည်ညး သူ့ခြေဖျားအောက်မှာ ခင်ဗျားတို့ရဲ့မာနကို နင်းခြေခံလိုက်ကြပေါ့"
"ငါတို့ကို အချိန်ပေးပါဦး"
ကောင်စီအဖွဲ့ဝင်များမှာ မျက်နှာမသာမယာဖြင့် ပြောလိုက်ကြ၏။ အကယ်၍ ကျန်းမုန့်လောင်၏စည်းစိမ်ဥစ္စာများက မဟာရထားသည့် သတင်းအချက်အလက်များလို ကြောက်မက်ဖွယ်ကောင်းနေပါက သူတို့တော့ လမ်းဆုံးလေပြီ။
နာရီဝက်အကြာတွင် သူတို့ အဖြေပြန်ပေးလိုက်ကြသည်။
"ကောင်းပြီ။ မင်းကို ဝင်ခွင့်ပြုတယ်။ ဒါပေမဲ့ ကျန်းမုန့်လောင်ကို ရှင်းထုတ်ပေးမယ်လို့တော့ ကတိပေးရမယ်"
****************