← Chapters

ကာကွယ်စောင့်ရှောက်ခနည်းနည်းကောက်တာက သိပ်တော့မဆိုးဘူးမလား

Vol. 33 Ch. 495

ကာကွယ်စောင့်ရှောက်ခနည်းနည်းကောက်တာက သိပ်တော့မဆိုးဘူးမလား

Vol. 33 Ch. 495

နောက်တစ်နေ့မနက်တွင် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒါလစ်က ကျန်းမုန့်လောင်အား ဖုန်းခေါ်လိုက်သည်။

"မစ္စတာကျန်းနဲ့ စကားပြောလို့ရမလား"

"မင်းမေ... ခေါင်းမကောင်းဘူးလား။ မနက်ခင်းအစောကြီးမှာ လူတွေကို ဖုန်းလိုက်ဆက်နေတာ... သူများအိပ်နေတယ်ဆိုတာ မသိဘူးလား? ပုပ်သိုးနေတဲ့ကောင်.. လစ်စမ်းပါ"

"တီ...တီ...တီ"

ဒါလစ်ခမျာ စကားတစ်ခွန်းမှပင် ပြောခွင့်မရလိုက်ပါဘဲ လှပလွန်းလှသော ဟွာရှားဘာသာစကားကြောင့် အံ့အားသင့်သွားရသည်။

ကျန်းမုန့်လောင် စိတ်ဆိုးလိမ့်မည်ဟု သူမျှော်လင့်ထားသဖြင့် အထက်မှ ဖိအားအမြောက်အများရောက်ရှိလာချိန်မှသာ ဖုန်းဆက်လိုက်ခြင်းပင်။

နေ့လယ်၁၁နာရီတောင် ကျော်နေပြီလေ? မင်းကတော့ အိပ်နေသေးတယ်ပေါ့။ မင်းက ဝက်တစ်ကောင်လား?

ဩဇာတိက္ကမကြီးမားသော လွှတ်တော်အမတ်တစ်ဦးအနေဖြင့် မည်သူကများ ဒါလစ်အား ဤသို့ပြောဆိုရဲသလဲ။ သာမန်လူတစ်ဦးဆိုပါက သစ္စာဖောက်မှုဖြင့် အဖမ်းခံနေရလောက်ပြီ။ ဤအရာမှာ လုံးဝသည်းမခံနိုင်စရာပင်...။ သို့သော် သည်းမခံနိုင်စရာကိုလည်း သည်းခံရမည်။

ခံစားရခက်အောင် စောင့်ဆိုင်းပြီးနောက် ဒါလစ်လည်း နေ့လယ်ပိုင်းတွင် ကျန်းမုန့်လောင်အား နောက်ထပ်တစ်ကြိမ် ဖုန်းခေါ်လိုက်ပြန်သည်။

ဤတစ်ခေါက်မှာတော့ ကျန်းမုန့်လောင်လည်း နိုးနေပြီဖြစ်၏။ သူသည် အိပ်ရာထဲလဲလျောင်းကာ သတင်းများကို ရှာဖွေကြည့်ရှုနေ၏။

နာရီအနည်းငယ်မျှ အအိပ်လွန်သွားရုံဖြင့် ဤမျှများပြားလှသော အဖြစ်အပျက်များ ရှိလာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားပေ။

ဘရာမန်နိုင်ငံမှ တောင်းပန်လွှာထုတ်ပြန်ခဲ့သည်။ Forbesမဂ္ဂဇင်းကလည်း သူတို့၏ အဆင့်သတ်မှတ်ချက်စာရင်းထဲရှိ ပိုင်ဆိုင်မှုပမာဏကို နောက်တစ်ခေါက်ပြောင်းလဲလိုက်ပြန်သည်။

"ဒီလူယုတ်မာတွေက လက်လျှော့ဖို့ အဆင်သင့်ဖြစ်နေပြီနဲ့တူတယ်"

ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်မိသည်။

ယခုလောက်ဆိုလျှင် ဟွိုက်ကျဲ သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ကြားထားကြလိမ့်မည်။ သူတို့အနေနှင့် ပေါ်တင်ဖြစ်စေ သွယ်ဝိုက်နည်းလမ်းနှင့်ပင်ဖြစ်စေ မည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်တော့ပေ။ သူတို့အနေနှင့် လက်လျှော့ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

"မစ္စတာကျန်း.. ကျွန်တော်က ဘရာမန်နိုင်ငံက လွှတ်တော်အမတ်ဒါလစ်ပါ။ မနေ့ညက အိပ်ရေးဝရဲ့လားဗျ"

"ချီးကို အိပ်ရေးဝတာလား"

ကျန်းမုန့်လောင်က ကြီးကျယ်နေခြင်းမဟုတ်ပေ။ မနေ့ညတုန်းက ဟွိုက်ကျဲကြောင့် ဖြစ်ရခြင်းပင်။ သူ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်သောအခါ မနက်တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်ရှိပြီဖြစ်၏။ သူက ဘယ်လိုလုပ်ပြီး အိပ်ရေးဝနိုင်မှာလဲ။

"မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ ဟွိုက်ကျဲဆိုတဲ့ ခင်ဗျားရှာနေတဲ့လူက တကယ်တော့ ကျွန်တော်တို့ဘရာမန်နိုင်ငံထဲကို ခိုးဝင်လာခဲ့တာပါ။ အခုအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူ့ကို ရှာဖွေပေးနေပါတယ်"

ဒါလစ်က ပေါက်ကရစကားများကို မတုန်မလှုပ်ပြောလိုက်၏။

နိုင်ငံရေးသမားများမှာ မည်သည့်အရာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ပြီး မည်သည့်အရာကိုတော့ သွယ်ဝိုက်သောနည်းလမ်းဖြင့် ဆက်သွယ်ရမည်ဆိုတာကို သင်ယူထားရမည်။ အရေးကြီးတာကတော့ နှစ်ဖက်စလုံး နားလည်နိုင်ရန်ပင်။

"အိုး? ဒီလူက မနေ့တုန်းက ကျုပ်အိမ်ထဲကို ဖောက်ဝင်လာလို့ ကျုပ်လည်း သူ့ကိုသတ်ပစ်လိုက်တယ်။ ကျုပ်အနေနဲ့ရော ခင်ဗျားတို့အတွက် ထုတ်ပြန်ချက်တစ်ခု ရေးပေးဖို့လိုသေးလား"

ကျန်းမုန့်လောင်လည်း ဒါလစ်၏ဇာတ်လမ်းအတိုင်း လိုက်ပါစီး​မြောလိုက်၏။

"ဟုတ်လား။ သတင်းကောင်းပါပဲ။ မစ္စတာကျန်းကို ဂုဏ်ပြုပါတယ်"

ဒါလစ်က ချက်ချင်းပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့သိရသလောက်ဆိုရင် ဟွိုက်ကျဲက အရမ်းအန္တရာယ်များတဲ့လူတစ်ယောက်ပါ။ မစ္စတာကျန်း.. ခင်ဗျားက ကျွန်တော်တို့အတွက် ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တစ်ခုကို ဖယ်ရှားပေးလိုက်တာပါ။ ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စား ကျေးဇူးတင်ပါတယ်"

"တော်လိုက်တော့။ ခင်ဗျား ဘာလိုချင်လို့လဲ"

ကျန်းမုန့်လောင်လည်း ဤလူများနှင့် စကားပြောပြီး အချိန်မဖြုန်းချင်တော့ပေ။ သူ့ဘွဲ့လွန်သင်တန်းက စတင်တော့မည်ဖြစ်ရာ မဟာလက်စ်မိသားစုအရေးကိစ္စကို အမြန်ဖြေရှင်းကာ ဟွာရှားနိုင်ငံသို့ပြန်သွားရန် စိတ်လှုပ်ရှားနေမိသည်။

"မစ္စတာကျန်း..ခွတ်ရှ်ပြောသလိုပဲ ကျွန်တော်တို့က ခင်ဗျားရဲ့ကိစ္စကို အလေးထားပါတယ်။ မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက တကယ်ပဲ ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေဆိုတာကို အတည်ပြုပြီးပါပြီ။ ပိုင်ဆိုင်မှုလွှဲပြောင်းရာမှာ အမွေခွန်ပေးစရာမလိုပါဘူး။ သေတမ်းစာကိုတော့ ကျွန်တော် ခင်ဗျားဆီပို့ပေးဖို့ လူတစ်ယောက်လွှတ်ထားပြီးပါပြီ"

"အစကတည်းက ဒီလိုလုပ်ခဲ့ရင် ဒီလောက်အထိဒုက္ခရောက်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင် လှောင်ပြောင်လိုက်ချေသည်။ ဤလူများက ယုတ်ညံ့ကြသည်။ အကျိုးဆက်များကို ခံစားပြီးမှသာ အမှားကို သတိပြုမိကြသည်။ ပေးဆပ်လိုက်ရသည့် အဖိုးအခကတော့ အလွန်မြင့်မားလွန်းသည်။

"ဒီလိုဆိုရင် ဒီကိစ္စတွေကို ကိုင်တွယ်ပြီးတာနဲ့ ကျုပ် ဟွာရှားကို ပြန်တော့မယ်။ ခင်ဗျားရဲ့ပူပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ်။ တခြားဘာကိစ္စမှမရှိတော့ရင် ဖုန်းချလိုက်တော့မယ်"

"မစ္စတာကျန်း နေပါဦး"

ကျန်းမုန့်လောင်သာ ယခုလို ဟွာရှားနိုင်ငံသို့ ပြန်သွားခဲ့ပါက သူတို့၏ရှေ့တန်းလည်း ပြိုလဲရပေလိမ့်မည်။ ကြည့်ရသည်မှာ ကျန်းမုန့်လောင်က စိတ်မလျှော့နိုင်သေးဟန်ပင်။

စဉ်းစားကြည့်မည််ဆိုပါက ထိုပိုင်ဆိုင်မှုများမှာ အစကတည်းက ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများပင်။ ယခုလည်း ပိုင်ရှင်အမှန်ထံသို့ ပြန်အပ်ရခြင်းဖြစ်သော်ငြား သူတို့ဘက်က ပိတ်ပင်တားဆီးရန် ကြိုးစားခဲ့သလို လုပ်ကြံသတ်ဖြတ်ရန်လည်း ကြံစည်ခဲ့သည်။ သူတို့သာ သူ့နေရာတွင်ဆိုပါက သည်းခံနိုင်မည်မဟုတ်။

သို့သော် ဤကိစ္စမှာ အလွန်အရေးကြီးလှသည်။ သူတို့အနေနှင့် မာနကို ချိုးနှိမ်ထားရမည်ဆိုလျှင်ပင် ပြောမှဖြစ်ချေမည်။

"မစ္စတာကျန်း..ကျွန်တော်တို့ရဲ့ရှေ့တန်းစစ်မြေပြင်က အခုအချိန်မှာ တော်တော်ပြင်းထန်နေပါတယ်။ ဒီအခြေအနေကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ"

"ကျုပ်ကတော့ အမြန်ကျော်ကြည့်လိုက်တယ်"

"အာ..."

ဒါလစ်ခမျာ ဆို့နင့်သွားရလေသည်။ ကျန်းမုန့်လောင်၏စကားများမှာ စင်စစ်နက်နဲပြီး နားလည်ရခက်လှ၏။ ဘာကိုကျော်ကြည့်တာလဲ? ဤအချက်အလက်ကို သူ နောက်မှ ခွဲခြမ်းစိတ်ဖြာကြည့်ရမည်။

"မစ္စတာကျန်း.. ခင်ဗျားတို့နိုင်ငံက တန်ဘတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ကြားထားပါတယ်။ ခင်ဗျားမှာ ဒီစစ်ပွဲကို ကြားဝင်ဖျန်ဖြေပေးနိုင်တဲ့ နည်းလမ်းတစ်ခုခုများရှိလား"

"သေစမ်း။ ခင်ဗျားက ကျုပ်ကို နိုင်ငံ့ခေါင်းဆောင်များထင်နေတာလား"

ကျန်းမုန့်လောင်ခမျာ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။

"စစ်ပွဲက ခင်ဗျားတို့ဘရာမန်နိုင်ငံနဲ့ တန်ဘတ်နိုင်ငံကြားက ကိစ္စလေ။ ကျုပ်တို့နဲ့ဘာဆိုင်လို့လဲ။ ကျုပ်က သာမန်ကျောင်းသားတစ်ယောက်ပါ။ ဒီကိစ္စမှာ ကျုပ်က ဘာများဝင်ပြောပိုင်ခွင့်ရှိမှာလဲ"

ဒါလစ် လုံးဝဆွံ့အသွားရသည်။

မင်းက မင်းကိုယ်မင်း သာမန်ကျောင်းသားတစ်ယောက်လို့ ပြောနေသေးတာပေါ့? သူများတွေရဲ့စစ်ပွဲကို ကူညီထောက်ပံံ့ပေးဖို့အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာကို သုံးပစ်နိုင်သောကျောင်းသားမျိုး ဘယ်မှာရှိမည်နည်း။

နိုင်ငံတစ်နိုင်ငံသို့ ခြေချလိုက်သည်နှင့် ထိုနိုင်ငံတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိသော သာမန်ကျောင်းသားတစ်ယောက်ကို မြင်ဖူးလေသလား?

အသက်နှစ်ဆယ်ကျော်တည်းဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာနိုင်သည့် သာမန်ကျောင်းသားတစ်ယောက်ကို မြင်ဖူးရဲ့လား။

"ပြီးတော့ ခင်ဗျားတို့က နယ်မြေလေးတချို့အတွက် တိုက်ခိုက်နေကြတာမဟုတ်ဘူးလား။ သူတို့ဘက်က အဲဒီနယ်မြေတွေကို သိမ်းပိုက်ပြီးသွားရင် ရပ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ဆက်တိုက်ခိုက်မှာမဟုတ်ပါဘူး။ ခင်ဗျားသာ ဉာဏ်ရှိမယ်ဆိုရင် အဲဒီနယ်မြေတွေကို လက်လျှော့လိုက်သင့်တယ်။ သူတို့က နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင်ပိုင်ဆိုင်ထားတဲ့နယ်မြေတွေကိုတော့ ထိပါးမှာမဟုတ်ပါဘူး"

ဒါလစ်ခမျာ ငိုမိတော့မတတ်ပင်။ သူ့ဘိုးဘေးများက ထိုမြေကိုရရှိရန်အတွက် အများကြီးကြိုးစားခဲ့ရသည်ဖြစ်ရာ ဘယ်လိုလုပ်ပြီး လွယ်လွယ်နှင့် လက်လျှော့လိုက်နိုင်မည်နည်း။

"ဒါပေမဲ့ ကျုပ်တို့နိုင်ငံမှာ ကျုပ်အနေနဲ့ ပြောရေးဆိုခွင့်မရှိပေမဲ့ တန်ဘတ်ဘုရင်နဲ့တော့ အဆက်အသွယ်နည်းနည်းရှိတယ်"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင် တန်ဘတ်ဘုရင်က ကျုပ်အဖေရဲ့သူငယ်ချင်းရဲ့တတိယမြောက်ဝမ်းကွဲရဲ့စတုတ္ထမြောက်ဝမ်းကွဲရဲ့အဖေရဲ့အိမ်နီးချင်းရဲ့သားရဲ့အချစ်ဆုံးသူငယ်ချင်းလေ။ သူတို့အိမ်ကို ကျုပ် မကြာခဏ ညစာသွားစားဖြစ်တယ်"

ဘုရားရေ..ကမ္ဘာပေါ်မှာ ဒီလောက်အထိရှုပ်ထွေးတဲ့ ပတ်သက်မှုမျိုးရှိရဲ့လား?

ကျန်းမုန့်လောင်က အပိုတွေ​ပြောနေခြင်းဖြစ်ကြောင်း ဒါလစ်သိသော်လည်း လောလောဆယ်တော့ ယုံချင်ယောင်ဆောင်ရုံသာ တတ်နိုင်ပေသည်။

"မစ္စတာကျန်း.. ခင်ဗျား ကျွန်တော်တို့ကို တစ်ခုလောက်ကူညီပေးနိုင်မလား"

ဒါလစ်က နှိမ့်ချစွာ တောင်းဆိုလိုက်သည်။ လက်ရှိအခြေအနေအရဆိုလျှင် သူတို့အနေနှင့် ညှိနှိုင်းဆွေးနွေးစရာပင် မကျန်တော့ချေ။ သူတို့ဘက်က မြေးလေးများနှယ် သရုပ်ဆောင်ရမည်ဖြစ်ပြီး ဇာတ်ကောင်စရိုက်နှင့် ကိုက်ညီရုံသာမက နာခံသူတစ်ယောက်လည်း ဖြစ်ရန်လိုအပ်ပေသည်။

"ကျုပ် ကူညီပေးနိုင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့ရဲ့ပတ်သက်မှုက ကိုယ်ရေးကိုယ်တာဆန်တယ်လေ။ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ဝင်ပါတာက သိပ်မကောင်းဘူးထင်တယ်။ အလွန်ဆုံးရှိလှ နယ်မြေတစ်ခုကို ချန်ထားပေးအောင်တော့ ပြောပေးနိုင်ပါတယ်"

"တစ်ခုတည်းဆိုရင်တောင် အဆင်ပြေပါတယ်"

ဒါလစ်က ပြောလိုက်၏။ ဤသည်မှာ သူ့အား မဟာပေးအပ်ထားသော နောက်ဆုံးအခွင့်အရေးပင်။ ယခုအချိန်တွင် တတ်နိုင်သမျှစုဆောင်းထားရမည်သာ။

"ဒါပေမဲ့"

ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်ချေသည်။

"လူသားဆက်ဆံရေးတွေဆိုတာ အသုံးလွန်ရင်လည်း ကုန်ခမ်းသွားနိုင်တယ်။ ကျုပ်အနေနဲ့ မျက်နှာသာရတယ်ဆိုတာကလည်း အကန့်အသတ်နဲ့လေ။ ကျုပ်က ခင်ဗျားတို့အတွက် နယ်မြေတချို့ကို ကာကွယ်ပေးဖို့ ကူညီပေးနေတာဆိုတော့ ခင်ဗျားတို့..."

ကျန်းမုန့်လောင်မှာ လက်နှစ်ဖက်ကို တစ်ဖန်ပွတ်ပြန်လေသည်။

"ခင်ဗျားတို့ ကျုပ်ကို ကာကွယ်စောင့်ရှောက်ခနည်းနည်းလောက် ပေးသင့်တယ်မလား"

"ဘာလဲဟ"

ဒါလစ်ခမျာ ကျန်းမုန့်လောင်၏စကားကြောင့် ကိုင်ဘွန်ဘာသာစကားဖြင့် ရေရွတ်ကာ ထိတ်လန့်သွားချေသည်။ ကျန်းမုန့်လောင်၏အရှက်မဲ့မှုကြောင့် သူ အံ့ဩမှင်တက်ရသည်။

ကျန်းမုန့်လောင်က သူတို့အား ကာကွယ်စောင့်ရှောက်ခတောင် တောင်းရဲသတဲ့လား?

သူတို့ ယခုလိုအခြေအနေမျိုး ဆိုက်ရောက်ရခြင်းမှာ ဘယ်သူ့ကြောင့်လေလဲ။ ဤအရာအားလုံးမှာ ကျန်းမုန့်လောင်က ရွှီလိနယ်မြေကိုသွားပြီး လက်နက်အင်အားအမြောက်အများကို ဝယ်ယူကာ တန်ဘတ်နိုင်ငံကို ထောက်ပံ့ခဲ့သောကြောင့်ပင်။ ဤသည်မှာ ကျန်းမုန့်လောင်က သူတို့ကိုတိုက်ခိုက်ဖို့အတွက် စစ်တပ်တစ်တပ်ကို ငှားရမ်းလိုက်သည်နှင့် မခြားပေ။

အမှန်ပင်။ မလုပ်သင့်သောကိစ္စကို လုပ်ခဲ့မိသူမှာ သူတို့ပင်။ သူတို့အနေနှင့် မဟာလက်စ်မိသားစု၏ပိုင်ဆိုင်မှုဖြစ်သော ဒေါ်လာ၃ထရီလီယံကို မက်မောခဲ့မိသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့တို့တွင် ပြောစရာစကားမရှိပေ။

သို့သော် ကျန်းမုန့်လောင်ကတော့ တန်ဘတ်နိုင်ငံအား စကားတစ်ခွန်းပြောလိုက်ရုံမျှဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ခိုင်းနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏လက်ရှိအောင်မြင်မှုများမှာ ကျန်းမုန့်လောင်၏အကူအညီကြောင့်ပင်။ ကျန်းမုန့်လောင်ကသာ သူတို့အား တိုက်ပွဲကိုရပ်တန့်ရန် စေခိုင်းလာပါက သူတို့က ဆက်တိုက်ရဲမည်တဲ့လား။

ကျန်းမုန့်လောင်ဘက်က နှုတ်ခမ်းတစ်ချက်လှုပ်ရုံမျှဖြင့် ကာကွယ်စောင့်ရှောက်ခကို တောင်းဆိုနေပေသည်။

ကျန်းမုန့်လောင်တစ်ယောက် ဘာကြောင့်များ အလွန်ချမ်းသာနေရသလဲဆိုတာကို သူတို့ သိလိုက်ရလေပြီ။ ကမ္ဘာအနှံ့တွင် ဤမျှအထိ လိုက်ဓားပြတိုက်နေမှတော့ မချမ်းသာမှသာ ထူးဆန်းနေပေလိမ့်မည်။

************

All Chapters