ကျုပ် မလိုချင်တော့ဘူး
Vol. 33 Ch. 490
"ဗိုလ်ချုပ်အက်ဖ်ဖူ..ခင်ဗျား အခုတလော တော်တော်ပျော်နေတာလား"
ကျန်းမုန့်လောင်က အထူးလမ်းကြောင်းတစ်ခုမှတစ်ဆင့် အက်ဖ်ဖူကို ဖုန်းဆက်လိုက်သည်။
အက်ဖ်ဖူကလည်း ကျန်းမုန့်လောင်၏အသံကို ချက်ချင်းမှတ်မိလိုက်သည်။
"မစ္စတာကျန်း ကျွန်တော်တို့တန်ဘတ်နိုင်ငံကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေ ဆုံးရှုံးထားတဲ့နယ်မြေတွေကိုလည်း ပြန်ယူနိုင်ခဲ့ပါပြီ။ ကျန်တဲ့နယ်မြေသုံးခုကိုလည်း တစ်ခုပြီးတစ်ခု ထပ်ယူဦးမှာပါ။ ကျွန်တော်တိို့အနေနဲ့ နယ်မြေရဲ့စတုရန်းကီလိုမီတာတစ်ရာကို ခင်ဗျားကိုပေးချင်ပါတယ်။ အဲဒါကို ခင်ဗျား သုံးလိုရာသုံးနိုင်ပါတယ်"
"ဘာကိုမစ္စတာကျန်းလဲ? ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျွန်တော် နားမလည်ဘူး"
ကျန်းမုန့်လောင်ကတော့ မသိချင်ယောင်ဆောင်နေလေသည်။
"ကျုပ်ရဲ့မျိုးရိုးနာမည်က ကျန်းမဟုတ်ဘူး။ လောင်အားထျန်ပါ"
အက်ဖ်ဖူလည်း ပြောစရာစကားလုံးများ ပျောက်ရှသွားရသည်။
ဘာလို့ရူးချင်ယောင်ဆောင်နေရသေးတာလဲ? ကျုပ်တို့တွေအားလုံးက ယောကျ်ားတွေပဲမဟုတ်လား? ကွေ့ပတ်မနေဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်လို့မရဘူးလား။
သူက ကျန်းမုန့်လောင်ကို သစ္စာဖောက်နိုင်တာလည်း မဟုတ်ပေ။ သူသာ ထိုသို့လုပ်ရဲပါက မနက်ဖြန်လောက်ဆိုလျှင် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံက တင့်ကားအစင်းတစ်ထောင်နှင့် တိုက်လေယာဉ်အစင်းတစ်ထောင်ကို သူတို့ဆီသို့ မောင်းချလာလိမ့်မည်ဟု သူ ယုံကြည်သည်။
ကျန်းမုန့်လောင်က ဘရာမန်နိုင်ငံကိုတောင် ငြိမ်ဝပ်သွားအောင် လုပ်နိုင်ခဲ့သည်ဖြစ်ရာ သူတို့နိုင်ငံကိုလည်း ထိုသို့လုပ်နိုင်ကြောင်း သူ အတပ်သိသည်။
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ မစ္စတာလောင်.. ကျွန်တော် သတိမထားမိလိုက်ဘူး"
အက်ဖ်ဖူလည်း ခပ်မြန်မြန်တောင်းပန်လိုက်ရသည်။
"မစ္စတာလောင်က ကျွန်တော်တို့ကို ဘာများညွှန်ကြားချင်လို့လဲဆိုတာ သိခွင့်ရှိမလား"
"ဘာမှညွှန်ကြားစရာမရှိပါဘူး။ ကျုပ်က အဲဒီမြေတစ်ရာကီလိုမီတာကိုလည်း စိတ်မဝင်စားဘူး။ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့နေရာလေးခုနဲ့ပတ်သက်ပြီး ခင်ဗျားနဲ့ ဆွေးနွေးစရာလေးရှိလို့။ အဲဒီထဲကသုံးခုကိုပဲ ခင်ဗျားယူလိုက်တာက တရားမျှတလိမ့်မယ်ထင်တယ်။ သူတို့ကို သိပ်အနိုင်မကျင့်ပါနဲ့။ ဆိုလိုရင်းကို နားလည်သွားရင်ရပြီ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"မစ္စတာလောင်..ကျွန်တော်တို့ ခင်ဗျားရဲ့အကြံကို လိုက်နာပါ့မယ်"
အက်ဖ်ဖူခမျာ အမြန်ပြောလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် ဤနယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ရုံမျှဖြင့် သူတို့ အလွန်ကျေနပ်နေပြီဖြစ်၏။ နောက်ထပ်နယ်မြေနှစ်ခုကိုပါ ထပ်သိမ်းပိုက်နိုင်ခြင်းမှာ သူတို့ဘိုးဘေးများအတွက် လက်စားချေနိုင်ခြင်းပင်။ ပြောရလျှင် ထိုနယ်မြေတချို့မှာ အငြင်းပွားမှုဖြစ်နေရုံမျှသာ။ တန်ဘတ်နိုင်ငံ၏အပိုင်လည်း မဟုတ်ချေ။
"အချိန်ကျလာရင် ကျုပ်ရဲ့အမိန့်အတိုင်းသာ ဆက်လုပ်ပါ"
ကျန်းမုန့်လောင်က ဆို၏။
"ကျုပ် ဘရာမန်နိုင်ငံနဲ့ စာရင်းရှင်းစရာရှိသေးတယ်ဆိုတာ ခင်ဗျားသိမှာပါ။ အခုလောလောဆယ်တော့ ခင်ဗျားစိတ်ကြိုက် လုပ်နိုင်တယ်။ တော်ရုံသင့်ရုံဖြစ်လာရင် အရှိန်လျှော့လိုက်တော့။ သူတို့သာ ကျုပ်ကို လာတောင်းပန်ပြီဆိုရင် သူတို့ကို လွတ်လမ်းတစ်ခုတော့ ပေးရလိမ့်မယ်"
ကျန်းမုန့်လောင်အနေနှင့် ဘရာမန်နိုင်ငံနှင့် အငြင်းပွားစရာကိစ္စလေးများ ရှိထားကြောင်း အက်ဖ်ဖူသိသည်။ သူက တစ်နိုင်ငံလုံးကို တရားစွဲထားသည်မဟုတ်ပါလား။ ယခုအထိ တရားစီရင်ချက်မချသေးသော်လည်း တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးအတွက် အော်ဟစ်ကြွေးကြော်နေကြလေရာ ဘရာမန်နိုင်ငံခမျာ လမ်းဖြတ်ကူးသော ကြွက်တစ်ကောင် လူတကာထံမှ တက်နင်းခံလိုက်ရသလိုပင်။
"ဟုတ်ကဲ့။ ကျွန်တော်တို့ မစ္စတာကျန်းဆီက သတင်းစကားကို စောင့်နေပါ့မယ်"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသောအခါ ကျန်းမုန့်လောင်အနေနှင့် ဘရာမန်နိုင်ငံဘက်က သူ့အား တောင်းပန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ လက်ရှိအခြေအနေအရဆိုပါက သူတို့လည်း စိတ်ဓာတ်ကျလုနီးပါးဖြစ်နေလောက်ပြီ။
"လူကာ ဆင်းတို.. မဟာလက်စ်မိသားစုကို သိမ်းယူဖို့ အဆင်သင့်ပြင်ထားတော့"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့"
ကျန်းမုန့်လောင်တစ်ယောက် ဘယ်ဆီဘယ်ဝယ်က ယုံကြည်မှုများ ရရှိလာသလဲဆိုတာကို သူတို့ မသိသော်ငြား ယုံကြည်စိတ်ချရသော သူ့အပြုအမူက သူတို့ဆီကိုပါ ကူးစက်သွားသည်။
အမှန်ပင်။ နာရီဝက်အတွင်းမှာပင် ကျန်းမုန့်လောင်၏ဖုန်းက မြည်လာလေသည်။
"သူတို့ နောက်ထပ်နာရီပိုင်းလောက်တော့ တောင့်ခံနိုင်ဦးမယ်လို့ထင်နေတာ။ ဒီလောက်ပါပဲလား"
ကျန်းမုန့်လောင် ဖုန်းကိုင်လိုက်လေတော့သည်။
"ဟယ်လို ဘယ်သူလဲ"
"မစ္စတာကျန်း..ကျွန်တော်ပါ ခွတ်ရှ်"
ခွတ်ရှ်က အလျင်အမြန်ထပ်ဖြည့်ပြောလိုက်သည်။
"ကျွန်တော်က ဘရာမန်နိုင်ငံက စာချုပ်စာတမ်းသက်သေခံရှေ့နေရုံက ခွတ်ရှ်ပါ။ Appleကုမ္ပဏီပိုင်ရှင် မဟုတ်ပါဘူး"
"ဘာကိစ္စလဲ။ ကျုပ်တို့က တရားရင်ဆိုင်နေတဲ့ ထိလွယ်ရှလွယ်အခြေအနေကို ရောက်နေတာနော်။ တစ်ဖက်က တရားလို။ တစ်ဖက်ကတော့ တရားပြိုင်။ အခုလိုမျိုး သီးသန့်ဆက်သွယ်တာက နည်းနည်းမသင့်တော်သလိုဖြစ်မနေဘူးလား"
ကျန်းမုန့်လောင်က စိန်ခေါ်လိုက်လေသည်။
"မစ္စတာခွတ်ရှ်မှာ ဆွေးနွေးစရာတစ်ခုခုရှိတယ်ဆိုရင် တရားခွင်စတဲ့အထိ စောင့်လိုက်ပါ့လား"
ခွတ်ရှ်ခမျာ စိုးရိမ်ပူပန်သွားရလေသည်။ တန်ဘတ်နိုင်ငံ၏ တန်ပြန်တိုက်စစ်က လွန်ခဲ့သည့်တစ်ပတ်ကတည်းက ဖြစ်ပေါ်ခဲ့ပြီး နယ်မြေတစ်ပိုင်းတစ်စကိုလည်း ဆုံးရှုံးလိုက်ရလေပြီ။ ယခုဆိုလျှင် ဒုတိယနယ်မြေကိုလည်း အရှိန်အဟုန်အပြည့်ဖြင့် စတင်တိုက်ခိုက်နေပြီဖြစ်၏။ သူတို့က တရားခွင်ပြီးတဲ့အထိ စောင့်နေရဦးမှာလား။
တရားခွင်လုပ်ငန်းစဉ်များကို တွက်ဆကြည့်မည်ဆိုလျှင် သက်သေစုဆောင်းခြင်း၊ အကြိုတရားခွင်၊ တရားခွင် စသဖြင့် လုပ်ဆောင်ရပေမည်။ တစ်လလောက်ကတော့ မလွဲမသွေကြာမြင့်မည်ဖြစ်၏။ အချိန်တစ်လအတွင်း တစ်ဖက်က နယ်မြေသုံးခုစလုံးကို သိမ်းပိုက်သွားရုံသာမက မြို့တော်ကိုပါ တန်းတန်းမတ်မတ်ချီတက်လာပေလိမ့်မည်။
"မဖြစ်ဘူး။ မဖြစ်ဘူး မစ္စတာကျန်း.. ကျွန်တော်တို့ ဒီတစ်ခေါက် ခင်ဗျားနဲ့ အရေးတကြီးဆွေးနွေးစရာလေးရှိလို့ပါ"
"ဘာများလဲ။ သီးသန့်ဖြေရှင်းကြမလို့လား"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"သီးသန့်ဖြေရှင်းလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျုပ်ဘက်က အများကြီးမတောင်းဆိုပါဘူး။ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံလောက်ပါပဲ"
ခွတ်ရှ်ခမျာ သွေးအန်လုနီးပါးပင်။ နည်းနည်းလောက်ကျိုးကြောင်းဆီလျော်လို့မရဘူးလား။ ဒေါ်လာတစ်ရာဘီလီယံကို ယခုလိုတောင်းဆိုလာသတဲ့။ အကယ်၍ သူတို့မှာသာ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံလောက် ရှိနေပါက တန်ဘတ်နိုင်ငံထံမှ နှိပ်ကွပ်ခံရမည်မဟုတ်။
"မစ္စတာကျန်း… ခင်ဗျား ပြီးခဲ့တဲ့တစ်ခေါက်တုန်းကပြောတဲ့ မစ္စတာဒိုမုတိရဲ့သေတမ်းစာကို ကျွန်တော် ရှာတွေ့ပြီလို့ ပြောချင်လို့ပါ"
"အိုး? ခင်ဗျားပြောတော့ အဲဒီသေတမ်းစာဆိုတာမျိုး မရှိဘူးဆို။ အခုကျတော့ ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ။ သူ့ကို သေရွာကနေ ပြန်ခေါ်ပြီး ရေးခိုင်းလိုက်တာလား"
ကျန်းမုန့်လောင်က လှောင်ရယ်သံတစ်ချက်ပေး၍ မေးလိုက်လေသည်။င
"မစ္စတာကျန်း… ခင်ဗျားက တော်တော်နောက်တာပဲ။ အဲဒါက ကျွန်တော်တို့ဘက်က အမှားပါ။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတစ်ယောက်က မစ္စတာဒိုမုတိရဲ့သေတမ်းစာကို မှတ်တမ်းယူပြီးနောက်မှာ သတင်းအချက်အလက်ကို စီစဉ်တဲ့နေရာမှာ အမှားတစ်ခုလုပ်မိသွားတာပါ။ အဲဒါကြောင့် အခုလိုအခြေအနေမျိုးအထိ ရောက်သွားရတာပါ"
"တကယ်လား? ဘရာမန်နိုင်ငံရဲ့ထိပ်တန်းမိသားစုတစ်ခုက ဆင်းသက်လာတဲ့ ခင်ဗျားက သေတမ်းစာတစ်စောင်ရေးရင်း ဒီလိုအမှားမျိုးကို တကယ်လုပ်တယ်ပေါ့လေ။ ဟာသလာလုပ်နေတာလား"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"မစ္စတာကျန်း"
ခွတ်ရှ်ခမျာ အလျင်အမြန်ရှင်းချက်ထုတ်လိုက်ရသည်။
"ကျွန်တော်တို့ မစ္စတာဒိုမုတိရဲ့သေတမ်းစာကို စစ်ဆေးပြီးပါပြီ။ သေတမ်းစာထဲမှာ မဟာလက်စ်မိသားစုကို ခင်ဗျားရဲ့ဘိုးဘေးတွေက တည်ထောင်ခဲ့တာဖြစ်ပြီး မဟာလက်စ်မိသားစုက ခင်ဗျားအတွက် ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပေးနေရတာဆိုတဲ့အကြောင်း ရေးထားပါတယ်။ သူသေဆုံးပြီးနောက်မှာ ဒီပိုင်ဆိုင်မှုတွေအားလုံးကို ခင်ဗျားနာမည်အောက်ကို လွှဲပြောင်းပေးချင်ပါတယ်တဲ့။ ဒီသေတမ်းစာက တရားဝင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ"
"အိုး? ဟုတ်လား"
ကျန်းမုန့်လောင်ကတော့ တည်ငြိမ်နေဆဲသာ။
"ဒါပေမဲ့ မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့ဥပဒေအရ ဆွေမျိုးနီးစပ်မဟုတ်တဲ့ အမွေဆက်ခံမှုအရ အိမ်ခြံမြေအခွန်ပေးဆောင်ဖို့ လိုအပ်ပါတယ်။ စည်းမျဉ်းတွေအရဆိုရင် အိမ်ခြံမြေအခွန်အခက ၂၀ရာခိုင်နှုန်းရှိပါတယ်။ ကျွန်တော်တို့ တွက်ကြည့်သလောက်ဆိုရင် မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ၂၇.၉၅ထရီလီယံရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ဘက်က ဒေါ်လာ၅.၅၉ထရီလီယံကို နှုတ်ယူရပါလိမ့်မယ်"
"ဟားဟားဟား.. ရယ်ရတယ်။ ဒီပိုင်ဆိုင်မှုတွေက အစကတည်းက ကျုပ်အပိုင်တွေလေ။ ပိုင်ရှင်အမှန်ကို ပြန်ပေးတာတောင် အခွန်အခက ပေးရဦးမှာလား"
ကျန်းမုန့်လောင်မှာ ဆွံ့အသွားရသည်။ ဤလူများမှာ အနည်းငယ်ထက်မြက်သည်ဟု သူ ထင်ထားခဲ့သော်လည်း ယခုမူ သူတို့က ယခုလိုလှည့်ကွက်မျိုးကို ထုတ်သုံးလာပြန်လေပြီ။ အမွေဆက်ခံခွင့်အတွက် ၂၀ရာခိုင်နှုန်းအခွန်ဆောင်ရမတဲ့လား။ သူတို့ထံတွင် ထိုသို့ပြောရဲသည့်သတ္တိမျိုး ရှိလိမ့်မည်ဟု ထင်မထားပေ။ သူတို့၏လောဘမှာ မြင်မကောင်းရှုမကောင်းပေ။
"ထားလိုက်တော့။ ကျုပ်မလိုချင်တော့ဘူး"
"ဟင်"
ခွတ်ရှ်ခမျာ တုန်လှုပ်သွားရလေတော့သည်။
မလိုချင်တော့ဘူးဆိုတာက ဘာသဘောလဲ?
"ကျုပ်က ဒီပိုင်ဆိုင်မှုတွေလောက်ကို ခေါင်းထဲမထည့်ဘူးလို့ပြောတာ။ ခင်ဗျားတို့ဘာသာ ပေးချင်တဲ့လူကိုပေးလိုက်။ ကျုပ်က ဒေါ်လာ၅.၅၉ထရီလီယံလောက်ကတော့ မမှုဘူး။ ၂၇.၉၅ထရီလီယံကိုလည်း မက်မောမနေဘူး။ ခင်ဗျားက ဒီပမာဏလောက်လေးကိုလာပေးနေတာဆိုတော့ ကျုပ်ကို သူတောင်းစားများ မှတ်နေလား"
ဤသည်မှာ သူတောင်းစားလို ဆက်ဆံခြင်းဟု သတ်မှတ်နိုင်ပါသလား။ အိမ်ခြံမြေအခွန်အခကို နှုတ်လိုက်လျှင်ပင် အမေရိကန်ဒေါ်လာ၂၂ထရီလီယံ ကျန်သေးပေသည်။ ဤပမာဏကို သူတောင်းစားတစ်ယောက်အား ပေးကမ်းစွန့်ကြဲနိုင်လိမ့်မည်ဟု ထင်နေလေသလား။
"ကဲ..ဒီလောက်နဲ့ပဲ တော်လိုက်ကြစို့။ ကျုပ် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရွှီလိနယ်မြေစတိုင်လ်အလှဆင်နည်းကို သွားကြည့်ထားတာ။ တော်တော်လေးမိုက်တယ်။ အခု အီရတ်စတိုင်လ်အလှဆင်မှုကို သွားကြည့်ဖို့ စီစဉ်ထားတယ်။ ဒီတော့ ကျုပ် ခင်ဗျားကို ကြိုသတင်းပေးထားတာ။ ခင်ဗျားတို့လည်း ကျုပ်ရဲ့လှုပ်ရှားမှုတွေကို ဒုက္ခအများခံပြီး လိုက်စောင့်ကြည့်နေစရာမလိုတော့ဘူးပေါ့"
ခွတ်ရှ်ခမျာ ထိုနေရာမှာတင် လန့်ဖျပ်သွားရသည်။ အီရတ်က ရွှီလိထက် ပိုကောင်းနိုင်ဖွယ်ရာမရှိပေ။ ထိုနေရာကလည်း စစ်ပွဲထူထပ်လှသောနယ်မြေတစ်ခုပင်။ ကြားရသလောက်ဆိုလျှင် အီရတ်နိုင်ငံမှ စစ်သုံးယန္တရားများ ထပ်လာဦးမည့်ပုံပင်။
ဤလက်နက်များမှာ ဘာအတွက်လေလဲ။ တန်ဘတ်နို်ငငံအတွက် အင်အားဖြည့်တင်းပေးရန်အတွက်ပင်။
သူတို့၏ကိုင်တွယ်ပုံကို မကျေနပ်ကြောင်း ကျန်းမုန့်လောင်က သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြောနေခြင်းပင်။ သူ့ဘက်က မကျေနပ်သည့်အတွက် သူတို့အနေနှင့် ကျန်းမုန့်လောင်ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်မည့် နည်းလမ်းတစ်ခုခုမရသရွေ့ တန်ဘတ်နိုင်ငံကို ဆက်လက်တိုက်ခိုက်ခိုင်းမည်ဟု အဓိပ္ပာယ်ရသည်။
"မစ္စတာကျန်း.. ခဏလောက်စောင့်ပေးပါ။ ကျွန်တော် အခုချက်ချင်းသွားမေးကြည့်လိုက်ပါ့မယ်။ အိမ်ခြံမြေအခွန်အခကို ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းလို့ရပါတယ်"
"ဆွေးနွေးညှိနှိုင်းနေစရာမလိုဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ခင်ဗျားနားလည်သင့်နေပြီ။ တောင်းဆိုနေရတဲ့လူက ခင်ဗျားနော်။ ကျုပ်မဟုတ်ဘူး။ ကျုပ်ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ အဲဒီဒေါ်လာ၃ထရီလီယံကိုလည်း ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျားတို့ကြိုက်တာလုပ်လို့ရတယ်။ ဒါပေမဲ့ ပြောရဦးမယ်။ ကျုပ် တော်တော်အာရုံနောက်နေပြီ"
************