← Chapters

မဂ္ဂဇင်းကို မင်းပဲရေးလိုက်တော့

Vol. 33 Ch. 494

မဂ္ဂဇင်းကို မင်းပဲရေးလိုက်တော့

Vol. 33 Ch. 494

ညနက်ပိုင်းတွင် သတင်းဆိုးတစ်ခုက ဘရာမန်နိုင်ငံ၏ လွှတ်တော်အမတ်များထံသို့ ရောက်ရှိလာသည်။

"မဟာ.. ကျုပ်တို့ မစ္စတာဟွိုက်ကျဲကို ဆက်သွယ်လို့မရတော့ဘူး"

မဟာခမျာ ကောင်းကင်ကြီးပြိုကျသွားသလို မိုက်ခနဲဖြစ်သွားရသည်။

ဟွိုက်ကျဲနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် သူတို့ခမျာ ကြီးမားလှသော အဖိုးအခတစ်ခုကို ပေးဆပ်ခဲ့ရသည်။ ကျန်းမုန့်လောင်ကို ဆန့်ကျင်ခဲ့ရရုံသာမက သူတို့နိုင်ငံ၏အနာဂတ်ကိုပါ ချရင်းခဲ့ရသည်။

ထိုဘုရားကျောင်းထဲတွင် ဟွိုက်ကျဲက နတ်ဘုရာများ၏စွမ်းအားများကို အလုံးစုံစုပ်ယူသွားခဲ့ပြီး စွမ်းအင်ပမာဏအနည်းငယ်ကိုသာ ချန်ရစ်ခဲ့သည်။ ထိုအရာမှာ အလွန်အားနည်းလွန်းလှသဖြင့် စိတ်စွမ်းအားရှင်တစ်ယောက်ကို ဖန်တီးရန်ပင် ခက်ခဲလှသည်။

သူတို့၏ဘရာမန်နိုင်ငံရှိ စိတ်စွမ်းအားရှင်များ၏ခွန်အားမှာ ကမ္ဘာပေါ်တွင် ထိပ်ဆုံးဆယ်ခုအတွင်း စာရင်းဝင်သည်။ သို့သော် ဤစိတ်စွမ်းအားရှင်တစ်သုတ်စာကို ကျော်ဖြတ်ပြီးသွားပါက သူတို့ထံတွင် ဘာဆက်ခံသူမှ ရှိတော့မည်မဟုတ်ပေ။ အနောက်နိုင်ငံများကဲ့သို့ လူသားစမ်းသပ်မှုများ ပြုလုပ်ပြီး နည်းပညာမှတစ်ဆင့် သန္ဓေပြောင်းလူသားများကို ဖန်တီးရုံသာရှိတော့သည်။

သို့သော် အနောက်နိုင်ငံများမှာ ဤလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်လောက်ရှိနေပြီဖြစ်ရာ သူတို့အနေနှင့် နောက်ကောက်ကျကျန်ရစ်နေခဲ့လေပြီ။ အနောက်တိုင်းမိသားစုများနှင့် ပူးပေါင်းရုံသာရှိတော့သည်။ သို့သော် ထိုအချိန်ကျလျှင် သူတို့နိုင်ငံလည်း အဘက်ဘက်က အရှက်ခွဲခံနေရလောက်ပြီဖြစ်၏။

ကျန်းမုန့်လောင်ကို ရှင်းထုတ်နိုင်ခြင်းမရှိသေးပေ။ ဘုရားကျောင်းလည်း ပျက်စီးရလေပြီ။ ရှေ့တန်းစစ်မြေပြင်ကလည်း အရေးပေါ်အခြေအနေ ဖြစ်နေဆဲသာ။ လက်ရှိအချိန်တွင် သူတို့၏ဒုတိယနယ်မြေလည်း အသိမ်းခံလိုက်ရပြီ။ မနေ့ကပင် သူတို့ဘက်က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုလုပ်ပြီး သူတို့၏အကျဉ်းသားများကို အရှက်ခွဲခဲ့သေးသည်။

ရက်အနည်းငယ်အတွင်းမှာပင် သူတို့ဘက်က အင်အားဖြည့်တင်းပြီး တတိယမြောက်နယ်မြေကို ထိုးစစ်ဆင်လာနိုင်သည်။

ဤအဖြစ်မှာ သူတို့၏လောဘများကြောင့် ဖြစ်လာရခြင်းပင်။ မဟာလက်စ်မိသားစု၏ အမေရိကန်ဒေါ်လာသုံးထရီလီယံကို မက်မောမိသဖြင့် သူတို့ပြန်ပေးလိုက်ရသည်မှာ ထိုသုံးထရီလီယံထက်ပင် ပိုများနေသေးသည်။

မဟာခမျာ ခဏလေးအတွင်း ဆယ်နှစ်စာလောက် အိုစာသွားသလိုပင်။

"မနက်ဖြန်မနက်ကျရင် ကျန်းမုန့်လောင်ကိုသွားရှာချေ"

မဟာက ပြောလိုက်၏။

"သူ့ဘက်က ဘယ်လိုတောင်းဆိုမှုမျိုးကိုပဲလုပ်လာလုပ်လာ လက်ခံလိုက်။ အဲဒီမတိုင်ခင် တောင်းပန်လွှာတစ်စောင်ကို အရင်ထုတ်ပြန်လိုက်"

"တောင်းပန်လွှာလား"

တချို့လွှတ်တော်အမတ်များမှာ အတန်ငယ်နားရှုပ်သွားချေသည်။

ကျန်းမုန့်လောင် သူတို့အပေါ်စွဲချက်တင်ထားသော တရားစွဲဆိုမှုနှင့်ပတ်သက်၍ လွှတ်တော်ဘက်က စိစစ်ထားပြီးဖြစ်၏။

သူတို့အနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သော နိုင်ငံခြားသားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့ကြောင်း ဝန်ခံရခြင်းပင်ဖြစ်စေ၊ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများကို လုယူချင်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံပြီး ကျန်းမုန့်လောင်၏ထူးခြားမှုကို သက်သေပြလိုက်ခြင်းပင်ဖြစ်စေ အရှေ့တစ်ခုက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်လေရာ ဝန်ခံလိုက်သည်နှင့် အကျိုးဆက်ကား ပေါက်ကွဲသွားပေလိမ့်မည်။

နောက်တစ်ခုက ပို၍လက်ခံချင်စရာကောင်း​သော်လည်း သူတို့၏အရှက်မရှိမှုကို ပေါ်တင်ထုတ်ဖော်ပြသရမည့်အဖြစ်ပင်။

ငါတို့က မင်းရဲ့ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းချင်ခဲ့လို့ မင်းရဲ့လှုပ်ရှားမှုတိုင်းနဲ့ လက်တုံ့ပြန်လာမဲ့နည်းလမ်းတွေကို စောင့်ကြည့်နေခဲ့တယ်လို့ဆိုတာက အဓိပ္ပာယ်မရှိဘူးလား?

သို့သော် ယခုကစပြီး ဘရာမန်နိုင်ငံ၏ဂုဏ်သတင်းက ကျဆင်းသွားပေလိမ့်မည်။ အခြားလူတစ်ယောက်၏ ပိုင်ဆိုင်မှုကို မက်မောမိသော နိုင်ငံတစ်နိုင်ငံအတွက် အရှက်ကွဲရုံသာမက အထင်အမြင်လည်း အသေးခံရမည်ဖြစ်၏။

"ငါတို့တွေ မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို မက်မောမိတယ်ဆိုတာကို ဝန်ခံလိုက်"

မဟာက အံတင်းတင်းကြိတ်လျက် ပြောလိုက်၏။

"လူထုအမြင်ကို ဒိုမုတိရဲ့မောင်နှမတွေဆီကို ရောက်သွားအောင် လမ်းလွှဲပစ်လိုက်။ ငါတို့ရဲ့ပါဝင်ပတ်သက်မှုကို လျှော့ချနိုင်အောင်လို့"

"ဒီတစ်နည်းပဲရှိတော့တယ်"

အဖွဲ့ဝင်များလည်း ခေါင်းတညိတ်ညိတ်လုပ်မိကြသည်။ အကယ်၍ သူတို့လည်း ဤသို့ပြုလုပ်ရန်အတွက် လှည့်စားခံခဲ့ရသည်ဟု ထုတ်ပြန်လိုက်ပါက လူထုအတွက်လည်း ပိုလက်ခံချင်နိုင်စရာ ကောင်းသွားပေလိမ့်မည်။

...

တောင်းပန်လွှာ : ဟွာရှားနိုင်ငံမှ မစ္စတာကျန်းမုန့်လောင်ကို ကျွန်တော်တို့ အလေးအနက်တောင်းပန်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တာဟာ အမှန်တရားဖြစ်ပေမဲ့ ဘရာမန်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။ မစ္စတာကျန်းကတော့ ခြွင်းချက်တစ်ခုပါ။

ဘရာမန်နိုင်ငံရဲ့အကြီးမားဆုံးမိသားစုတစ်ခုဖြစ်တဲ့ မဟာလက်စ်မိသားစုခေါင်းဆောင်က ဆုံးပါးသွားတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ အမေရိကန်ဒေါ်လာသုံးထရီလီယံပိုင်ဆိုင်မှုတွေကို သေတမ်းစာကတစ်ဆင့် မစ္စတာကျန်းမုန့်လောင်ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ မဟာလက်စ်မိသားစုဝင်တချို့က အဲဒီပိုင်ဆိုင်မှုတွေကို လုယူချင်စိတ်ကြောင့် အကျင့်ပျက်ခြစားတဲ့အရာရှိတချို့နဲ့ ပေါင်းကြံပြီး မစ္စတာကျန်းရဲ့လှုပ်ရှားမှုတွေကို တိတ်တဆိတ်စောင့်ကြည့်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတော်ဘက်က ခွင့်ပြုပေးထားခြင်းမရှိပါဘူး။

ပါဝင်ပတ်သက်သူတွေအားလုံးကို ပြင်းပြင်းထန်ထန်အပြစ်ပေးထားပြီးပြီမို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို ထည့်သွင်းစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်"

ဤသတင်းကို ထုတ်ပြန်လိုက်သည်နှင့် တုံ့ပြန်မှုကား အံ့မခန်းကောင်းမွန်လှသည်။ ဘရာမန်နိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စွပ်စွဲနေကြသည့် စကားသံများမှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး အပြစ်ပေးခံလိုက်ရသူများမှာ မြေစာပင်များ ဟုတ်မဟုတ်ဆိုတာကို မသိရသော်လည်း အနည်းဆုံးတော့ သူတို့အမှားကို ကိုယ်တိုင်ဝန်ခံလိုက်လေပြီ။

ထို့ပြင် ကျန်းမုန့်လောင်က ဤဖြစ်ရပ်တွင် မရှိမဖြစ်အရေးပါသူဖြစ်သောကြောင့် သိသာထင်ရှားသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ခြင်းပင်။ စောင့်ကြည့်စစ်ဆေးမှုက တရားမဝင်သော်ငြား လူသားရှုထောင့်တစ်ခုမှကြည့်လျှင်လည်း နားလည်ပေး၍ရနိုင်ပေသည်။ လူထုက စောင့်ကြည့်စစ်ဆေးမှုများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေသလားဆိုတာကိုသာ သိချင်နေကြသောကြောင့် မဟုတ်သရွေ့တော့ သိပ်ဂရုစိုက်နေမည်မဟုတ်။

ဤသည်မှာ အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်းမျှသာ။ ပိုကြီးမားသော အကြောင်းအရင်းမှာ မဟာလက်စ်မိသားစု၏ များပြားလှသောစည်းစိမ်များကို ကျန်းမုန့်လောင်ထံသို့ ပြန်လည်အပ်နှင်းလိုက်သည့်အကြောင်းပင်။

တကယ်တမ်းတွင် မဟာလက်စ်မိသားစုကို လူတော်တော်များများက မသိကြပေ။ သို့သော် အနည်းငယ်မျှ စုံစမ်းရှာဖွေပြီးနောက် ဤသည်မှာ မိသားစုတစ်စုသက်သက်မျှမဟုတ်ပါဘဲ နိုင်ငံတစ်နိုင်ငံ၏ နယ်ရှင်တစ်ပါးနှယ်ဖြစ်ကြောင်း သိလိုက်ရ၏။

မဟာလက်စ်မိသားစုကို လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်ခန့်က တည်ထောင်ခဲ့ပြီး ယခုဆိုလျှင် နိုင်ငံတစ်ဝှမ်း၌ မိသားစုဝင်ပေါင်းများစွာ ရှိနေပြီဖြစ်၏။ မိသားစုလုပ်ငန်းများတွင်လည်း ထုတ်လုပ်ရေး၊ စွမ်းအင်၊ အိမ်ခြံမြေ၊ ဆေးဝါး၊ ဘဏ္ဍာရေးနှင့် အခြားကဏ္ဍများပါ ပါဝင်နေပြီး ဘရာမန်နိုင်ငံ၏ အသက်သွေးကြောတစ်ခုပင်။

တစ်နေ့တွင် မဟာလက်စ်မိသားစုသာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားပါက ဘရာမန်နိုင်ငံ၏ လူမှုစနစ်ကြီးတစ်ခုလုံးလည်း ချက်ချင်းပြိုလဲသွားလိမ့်မည်ဟုပင် ဆိုနိုင်သည်။ သူတို့၏ဖြစ်တည်မှုက ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့မိသားစု၏စည်းစိမ်က အမေရိကန်ဒေါ်လာသုံးထရီလီယံနီးပါးပင်။

ဘရာမန်နိုင်ငံမှထုတ်ပြန်ခဲ့သော တောင်းပန်လွှာထဲတွင် ထိုပိုင်ဆိုင်မှုများကို "ပြန်လည်ပေးအပ်"ဟု ရေးထားခြင်းဖြစ်သည်။ "အမွေဆက်ခံ"ဟု ရေးထားခြင်းမဟုတ်ချေ။ ထိုဒေါ်လာသုံးထရီလီယံမှာ အစကတည်းက ကျန်းမုန့်လောင်၏အပိုင်းတဲ့လား။

Forbesစာရင်းတွင်မူ သူ့လက်ရှိပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ၁.၂ထရီလီယံမျှသာ ခန့်မှန်းထားကြသော်ငြား ထိုပမာဏ တိကျဟန်မတူပေ။ ဘရာမန်နိုင်ငံရှိ သူ့ပိုင်ဆိုင်မှုများကတင် သုံးထရီလီယံအထိ ရောက်နေလေပြီ။

"ဘုရားရေ မစ္စတာကျန်းကတော့ ထပ်လုပ်ချလိုက်ပြန်ပြီ။ သူ့ပိုင်ဆိုင်မှုက ဒီလောက်လေးမဟုတ်မှန်း ငါသိသားပဲ"

"အမလေေး.. အမေရိကန်ဒေါ်လာသုံးထရီလီယံတောင်! ဒါက Appleကုမ္ပဏီရဲ့စုစုပေါင်းတန်ဖိုးထက်တောင် ပိုများနေပြီမလား"

"ဘရာမန်လူမျိုးတွေကိုလည်း သိပ်အပြစ်သွားတင်လို့မဖြစ်ဘူး။ ငါသာဆိုရင်လည်း အဲဒီပိုက်ဆံတွေကို တပ်မက်မိမှာပဲ"

"'ပြန်လည်ပေးအပ်'ဆိုတဲ့ စာလုံးကို သတိထားမိကြလား? ဒီငွေတွေက ကျန်းမုန့်လောင်ရဲ့မိသားစုက မဟာလက်စ်မိသားစုကို ချေးပေးထားတာများလား"

"ကျစ် ကျစ် ကျစ်.. စဉ်းစားကြည့်ရမှာတောင် ကြောက်ဖို့ကောင်းလိုက်တာ"

...

ထိုနေ့မှာပင် Forbesမဂ္ဂဇင်း၏ တရားဝင်ဖုန်းလိုင်းကား အလုပ်များသွားချေသည်။

"မင်းတို့မဂ္ဂဇင်းက အလုပ်ကို ဘယ်လိုလုပ်နေတာလဲ။ နည်းနည်းလောက်တောင် မတိကျနိုင်ဘူးလား"

"ဒါက ကမ္ဘာ့ဩဇာအရှိဆုံးစီးပွားရေးမဂ္ဂဇင်းတဲ့လား။ ဒီလောက်ပဲလား? ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ပိုင်ဆိုင်မှုကိုတောင် တိတိကျကျမရှာဖွေနိုင်ဘူး။ မရှက်ကြဘူးလား"

Forbesမဂ္ဂဇင်း၏ တည်းဖြတ်သူများခမျာ သေချင်စော်နံသွားရသည်။

ယမန်နှစ်များတုန်းက Forbesမဂ္ဂဇင်းသည် တစ်နှစ်လျှင် လူချမ်းသာစာရင်းကို တစ်ကြိမ်သာ ထုတ်ပြန်သော်ငြား ကျန်းမုန့်လောင်ပေါ်ပေါက်လာပြီးကတည်းက စာရင်းတစ်ခုလုံးကို အနည်းဆုံးငါးကြိမ်လောက် ဖျက်လိုက်ပြင်လိုက် လုပ်ခဲ့ရသည်။

သူ့ပိုင်ဆိုင်မှုတန်ဖိုးကို အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံမှ ၅၀၀ဘီလီယံ၊ ၇၀၀ဘီလီယံ၊ ၉၀၀ဘီလီယံနှင့် ၁.၂ထီရီလီယံအထိ ပြောင်းခဲ့ရသည်။

ဤသည်မှာ သူ့စည်းစိမ်အကုန်သာ ဖြစ်ရမည်ဟု လူတိုင်း ထင်လိုက်မိချိန်တိုင်းမှာ သူက ပိုင်ဆိုင်မှုတန်ဖိုးအသစ်တစ်ခုကို ကြေညာလိုက်သည်။

ဤတစ်ခေါက်တွင်မူ တော်သေးသည်။ ပြီးခဲ့သည့်အခေါက်တုန်းက အမေရိကန်ဒေါ်လာဘီလီပေါင်းများစွာ တက်သွားခဲ့သော်ငြား ဤတစ်ခေါက်တွင်မူ အမေရိကန်ဒေါ်လာသုံးထရီလီယံအထိ ရုတ်တရက်ကြီး ခုန်တက်သွားခဲ့သည်။

ပိုင်ဆိုင်မှုတန်ဖိုးကို ကြေညာခြင်းမှာ လွယ်ကူလှပေသည်။ နှုတ်ခမ်းတစ်ချက်လှုပ်လိုက်ရုံပင်။ သို့သော် သူတို့အတွက်မူ မတူပေ။ သူတို့က မဂ္ဂဇင်းကုမ္ပဏီတစ်ခုဖြစ်၏။ အကြောင်းအရာကို ပြန်ပြင်ပြီး ထုတ်ဝေရန်အတွက် ဒီဇိုင်းကို တည်းဖြတ်ရသည်။ ဤသည်မှာ အချိန်ရော ငွေကြေးပါ ကုန်ကျပေသည်။ ကျန်းမုန့်လောင်က သူတို့အား ပစ်မှတ်ထားနေသလားဟုပင် တွေးမိသည်။

ဤတစ်ခေါက်မှာတော့ သူတို့ ထိုအရာကို လက်လွတ်စပယ်မပြင်ရဲတော့ပေ။ ဤဒေါ်လာသုံးထရီလီယံအပြင် သူ့မှာ အခြားပိုင်ဆိုင်မှုများ မရှိတော့ပါဘူးဟု မည်သူကများ ပြောနိုင်သလဲ။ ယနေ့တွင် မဟာလက်စ်မိသားစုအကြောင်း ကြေညာခဲ့သော်လည်း နောက်တစ်ရက်တွင် နောက်ထပ် ဟာမာပီမိသားစုဟူ၍ ပေါ်လာမလားဆိုတာကိုလည်း မသိရပေ။ သူတို့အနေနှင့် မဂ္ဂဇင်းရော ဆက်ထုတ်နိုင်ပါဦးမလား။

ကျန်းမုန့်လောင်ကိုသာ ဘောပင်ပေးထားလိုက်ပါတော့လား? Forbesမဂ္ဂဇင်းကို မင်းပဲ ရေးလိုက်တော့လေ?

သူတို့ လုံးဝရူးရပေတော့မည်။

အဆုံးတွင်မူ သေချာစဉ်းစားချိန်ဆပြီးနောက် Forbesမဂ္ဂဇင်းဘက်က ပမာဏတစ်ခုကို ထုတ်ပြန်လာပြန်သည်။ ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုများကို ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာငါးထရီလီယံဟု ထုတ်ပြန်ထားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဤပမာဏမှာ ဒုတိယအဆင့်ထက် အဆနှစ်ဆယ်ခန့် အပြတ်အသတ်သာနေပေသည်။ ဤသည်မှာ လူသားတစ်ယောက်ပိုင်ဆိုင်နိုင်သော စည်းစိမ်ဥစ္စာရော ဟုတ်ရဲ့လား?

သို့သော် ဤပမာဏနှင့်ပတ်သက်ပြီး ဘရာမန်နိုင်ငံရှိ လွှတ်တော်အမတ်များကတော့ လှောင်ပြုံးပြုံးမိလေသည်။

စုစုပေါင်းပိုင်ဆိုင်မှုဒေါ်လာ၅ထရီလီယံတဲ့လား?

သူ့ရဲ့ငွေသားပိုင်ဆိုင်မှုကို ၂၀နဲ့မြှောက်ပြီးမှ လာပြောလှည့်!

*****************

All Chapters