← Chapters

ထိထိရောက်ရောက်ဆောင်ရွက်ပါ

Vol. 33 Ch. 488

ထိထိရောက်ရောက်ဆောင်ရွက်ပါ

Vol. 33 Ch. 488

တစ်ယောက်ကို ဒေါ်လာသန်းငါးရာဆိုသည်မှာ သူတို့အတွက်တော့ လက်ကျန်ဘဝကို ငွေရေးကြေးရေးအတွက် မပူမပင်နေထိုင်သွားစေနိုင်သည့် ပမာဏမျိုးပင်။ ကမ္ဘာပေါ်ရှိ လူဘယ်နှယောက်ကများ ငွေသားဒေါ်လာသန်းငါးရာကို ပိုင်ဆိုင်မည်နည်း။

ကိုယ့်နိုင်ငံကိုယ် စော်ကားမိမည့်အရေးကတော့လား? မလုပ်နိုင်စရာ ဘာရှိလဲ?

ဤငွေထုပ်ကြီးကို ပိုက်ပြီးသွားလျှင် သူတို့လည်း ကိုယ့်မိသားစုကို ခေါ်ထုတ်သွားပြီး နိုင်ငံခြားသို့ ထွက်ပြေးနိုင်သည်။ ဘယ်နိုင်ငံကများ သူတို့အတွက် နေရာတစ်နေရာ မရှိလို့လဲ။ ပိုက်ဆံသာရှိပါက အခြားနိုင်ငံများတွင် ပို၍ပင်ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်သေးသည်။

"မစ္စတာကျန်း... ခင်ဗျားရဲ့တောင်းဆိုချက်က ဘာလဲ"

ရှာရွတ်နှင့် မိုတီယန်တို့က မေးလိုက်၏။

အကယ်၍ ကျန်းမုန့်လောင်ကသာ အဓိပ္ပာယ်မရှိသော တောင်းဆိုမှုများကို ပြုလုပ်လာခဲ့လျှင် သို့မဟုတ် ဘရာမန်နိုင်ငံကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးအနေနှင့် သူ့အား ဒေါ်လာဘီလီယံပေါင်းများစွာ လျော်ကြေးပေးခိုင်းခြင်းကဲ့သို့သော မဖြစ်နိုင်သည့်အကြောင်းအရာများကို တောင်းဆိုလာပါက သူတို့လည်း လက်လျှော့လိုက်မည်သာ။

ဤသည်မှာ သူတို့၏ အရည်အချင်းညံ့ဖျင်းမှုကြောင့်မဟုတ်ပေ။ ဘရာမန်နိုင်ငံဘက်က ကျန်းမုန့်လောင်အား လျော်ကြေးပေးရန်အတွက် ငွေသားဒေါ်လာဘီလီယံပေါင်းများစွာကို မတတ်နိုင်သောကြောင့်ပင်။ ဘီလီယံအနည်းငယ်ကပင် ဆင်းရဲမွဲတေလှသော ဤနိုင်ငံကို ချွတ်ခြုံကျသွားစေနိုင်သည်။

"ကျုပ်ရဲ့တောင်းဆိုချက်ကတော့ သိပ်မမြင့်ပါဘူး။ ဟိုးအထက်ကနေ အောက်ခြေအထိ အကုန်တောင်းပန်လာတာကိုပဲ လိုချင်တယ်"

"ဒါပဲလား"

သူတို့နှစ်ယောက်စလုံး အံ့အားသင့်သွားလေသည်။

တောင်းပန်ခံချင်ရုံမျှဖြင့် လူတစ်ယောက်ကို ဒေါ်လာတစ်ဘီလီယံနှုန်းဖြင့် ဥပဒေအကျိုးဆောင်အဖြစ် ငှားရမ်းခြင်းမှာ အဘယ်ကြောင့်နည်း။

လူတစ်ယောက်က အဘယ်ကြောင့်များ ကျိုးကြောင်းဆီလျော်မှုမရှိရသလဲ။ သူတို့၏လုပ်သက် နှစ်ပေါင်းများစွာအတွင်း ယခုလိုမအပ်စပ်သောအမှုမျိုးနှင့် လုံးဝမကြုံဖူးပေ။

သူတို့အား နားမလည်စေနိုင်သော အကြောင်းအရာမှာ အကယ်၍များ တစ်စုံတစ်ယောက်ကို တရားစွဲခဲ့လျှင် လျော်ကြေးပြန်တောင်းမည်ဆိုလျှင်လည်း တစ်မျိုးပင်။ သို့သော် လျော်ကြေးလည်းမလိုချင်ပါဘဲ တောင်းပန်ခံချင်ရုံသက်သက်ဖြင့် ဒေါ်လာတစ်ဘီလီယံကို အဆုံးခံမည်တဲ့လား။ တန်ရဲ့လား။ ပါကင်ဆန်‌ရောဂါငါးနှစ်သက်တမ်း ရှိနေသူတစ်ယောက်ပင် ကိုယ့်ကိုယ်ကိုယ်ဒုက္ခရောက်စေနိုင်သော ထိုလုပ်ရပ်မျိုးကို လုပ်လိမ့်မည်မဟုတ်။

သို့မဟုတ်ပါက တစ်ဘီလီယံဒေါ်လာကို သုံးစွဲရခြင်းမှာ ကျန်းမုန့်လောင်အတွက်တော့ ဆယ်‌ဒေါ်လာလောက် သုံးရသလိုသာဖြစ်သောကြောင့် ယခုလိုကျိုး‌ကြောင်းဆီလျော်မှု ကင်းမဲ့နေရခြင်းလေလား။ သူသာ စိတ်ပျော်နေသရွေ့ ငွေပမာဏဘယ်လောက်များများ ကိစ္စမရှိဘူးလား။ ထိုသို့ဆိုလျှင် သူတို့လည်း ဘာမှမပြောသာတော့ပေ။

မင်းမှာပိုက်ဆံရှိနေမှတော့ မင်းကမှ ဘော့စ်ပါပဲ။

သို့သော် မည်သူကများ ပိုက်ဆံကိုငြင်းပယ်နိုင်မည်နည်း။ ဒေါ်လာဘီလီယံပေါင်းများစွာအတွက်ဆိုပါက ဘရာမန်နိုင်ငံသားများအနေနှင့် ဘာအပြစ်မှမလုပ်ထားလျှင်ပင် သူတို့ကတော့ အပြစ်မရှိအပြစ်ရှာပြီး ပုဒ်မတပ်ရမည်သာ။

"ခင်ဗျားတို့နှစ်ယောက် ဒီအမှုကိုနိုင်ဖို့ ဘယ်လောက်အထိယုံကြည်မှုရှိလဲ"

ကျန်းမုန့်လောင်က ပြုံးလျက် မေးလိုက်သည်။

"မစ္စတာကျန်း..တကယ်လို့ သူတို့ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုရင် ဒီအမှုကို နိုင်ဖို့ခက်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လောလောဆယ် သူတို့ရဲ့လုပ်ရပ်က ခင်ဗျားရဲ့ဂုဏ်သတင်းကို ထိခိုက်နစ်နာစေခဲ့တာမျိုး မရှိသေးပါဘူး။ ပြီးတော့ ဒီအသံဖိုင်ထဲမှာလည်း သူတို့ဘက်က တိုက်ရိုက်စွပ်စွဲထားတာမျိုးမရှိပါဘူး"

ရှာရွတ်က ဝေဖန်ဆန်းစစ်ပြသည်။

"ဒါဆို ခင်ဗျားတို့ရဲ့အတွေ့အကြုံအရ ကျုပ်ဘက်က ဘယ်လိုအမှုမျိုးနဲ့ တရားစွဲရမလဲ"

သူတို့ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် နှစ်ပေါင်းများစွာ အတူလက်တွဲပြီး အလုပ်လုပ်လာသည်ဖြစ်ရာ တစ်ယောက်၏အတွေးကို တစ်ယောက်က ဘာမှမပြောလည်း နားလည်နေပြီဖြစ်၏။

"လူအခွင့်အရေး!"

"ဘာ?"

ကျန်းမုန့်လောင် အံ့သြသွားရသည်။

ဒီကိစ္စက ဘယ်လိုဖြစ်ပြီး လူအခွင့်အရေးနဲ့ ငြိစွန်းသွားရတာလဲ?

"ကျုပ်ကိုရှင်းပြပေးနိုင်မလား"

သူတို့၏အမူအရာများကို မြင်သောအခါ ဤအချက်ကယုံကြည်စိတ်ချရကြောင်း ကျန်းမုန့်လောင် သိလိုက်သည်။

"မစ္စတာကျန်း... သူတို့ဘက်က ခင်ဗျားရဲ့တည်နေရာကို အတိအကျသိထားကြောင်း အသံဖိုင်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအဓိပ္ပာယ်က သူတို့က ခင်ဗျားရဲ့လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောပါပဲ။ ဒါက ရင်းနှီးဖော်‌ရွေတဲ့အပြုအမူတစ်ခုတော့ မဟုတ်ဘူးလေ"

ကျန်းမုန့်လောင်၏မျက်လုံးများ လင်းလက်သွားရလေသည်။ ငွေကြေး၏စွမ်းအားမှာ ပြိုင်ဖက်ကင်းလှပေသည်။ ဤလူနှစ်ယောက်က မိနစ်အနည်းငယ်အတွင်းမှာပင် ဤကိစ္စကို မတူညီသောရှုထောင့်မှ ရှုမြင်နိုင်ခဲ့သည်။

ဟုတ်သားပဲ!

သူ ရွှီလိနယ်မြေကို သွားခဲ့တယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ? ဒါက သူတို့တွေ သူ့ကို စုံစမ်းစစ်ဆေးပြီး စောင့်ကြည့်နေတယ်ဆိုတာ မသိသာဘူးလား?

နိုင်ငံတစ်နိုင်ငံအနေနှင့် လူဝင်မှုကြီးကြပ်ရန် မရှိမဖြစ်လိုအပ်ပေသည်။ ကျန်းမုန့်လောင်၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားခြင်းမှာ ပြဿနာမဟုတ်ပေ။ မည်သည့်နိုင်ငံတွင်မဆို ထိုကဲ့သို့သော သတင်းအချက်အလက်များ ရှိပေလိမ့်မည်။

သို့သော် ထိုအချက်အလက်များကို သိမ်းဆည်းထားခြင်းက တစ်ကဏ္ဌပင်။ လူတစ်ယောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းကတော့ မတူတော့ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် အန္တရာယ်ကြီးမားသော ရာဇဝတ်သားများ သို့မဟုတ် အထူးစစ်ဆေးခံနေရသော ပုဂ္ဂိုလ်များသာ ထိုကဲ့သို့စောင့်ကြည့်ခံရခြင်းပင်။

ကျန်းမုန့်လောင်က နိုင်ငံတော်တော်များများတွင် အဘန်းခံထားရသော်လည်း တရားနည်းလမ်းကျကျ ပြောရမည်ဆိုလျှင် သူ့တွင် ဘာပြဿနာမှမရှိချေ။

ပြောရမည်ဆိုပါက ဤသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးအတွက် လုပ်ရိုးလုပ်ထုံးများသာ။

သို့သော် လေးလေးနက်နက်စဉ်းစားကြည့်ပါက ဤအရာမှာ နောက်ယောင်ခံခြင်းဟု သတ်မှတ်နိုင်သဖြင့် လူအခွင့်အရေးကို ချိုးဖောက်ရာကျသည်။

"မစ္စတာကျန်း..ကျွန်မတို့သာ အမှုဆင်နိုင်မယ်ဆိုရင် သူတို့ကိုတရားစွဲဖို့ တော်တော်လွယ်သွားပါပြီ"

ဟုန်းရီက ပြောလာလေသည်။

"ဘရာမန်နိုင်ငံထဲမှာ နိုင်ငံခြားသား ဘယ်နှယောက်လောက်ရှိလဲဆိုတာ တွေးကြည့်လိုက်ပါ။ ကျောင်းသားတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ခရီးသွားတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီနိုင်ငံထဲမှာ သူတို့ရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ခံနေရတယ်ဆိုတာကိုသာ သူတို့သိသွားရင် ဘယ်လိုတုံ့ပြန်လိမ့်မယ်ထင်လဲ"

"သိပ်မိုက်တာပဲ!"

ကျန်းမုန့်လောင်လည်း မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဤလူနှစ်ယောက်မှာ အမေရိကန်ဒေါ်လာသန်းငါးရာနှင့် ထိုက်တန်ပါပေသည်။ သူတို့က ကိုယ်ကျင့်တရားကို မြောင်းထဲပစ်ချလိုက်ပြီး ကိုယ့်နိုင်ငံကိုယ် ပြဿနာရှာရန် အသင့်ဖြစ်နေလေပြီ။ ထို့ပြင် တိကျမှုကလည်း ကြောက်ဖို့ကောင်းလှသည်။

ဘရာမန်နိုင်ငံထဲတွင် နေထိုင်ကြသော နိုင်ငံခြားသားအရေအတွက်မှာ ငါးသန်းမှ ခြောက်သန်းအထိရှိသည်။ ဤလူများသာ ဘရာမန်နိုင်ငံတွင် နေထိုင်နေစဉ်အတွင်း သူတို့တွင် ဘာလွတ်လပ်ခွင့်မှမရှိဘူးဆိုတာကို သိသွားပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကား ကမ္ဘာကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်သည်။

မှတ်ထားရမည့်အချက်မှာ ဤလူများထဲမှ တချို့သည် အနောက်တိုင်းသားများ ဖြစ်ကြ၏။ သူတို့သည် ဒီမိုကရေစီကို တန်ဖိုးထားပြီး လွတ်လပ်မှုကို ခုံမင်ကြသူများပင်။ ဤအကြောင်းကိုသာ သိသွားလျှင် သူတို့အားလုံး အရူးအမူးဖြစ်ကုန်ကြလိမ့်မည်။

ထို့ပြင် ဤကိစ္စမှာ ဘရာမန်နိုင်ငံအတွင်းမှာပင် ပြီးသွားလိမ့်မည်မဟုတ်။ "ကောင်းသတင်းဆိုလျှင် အိမ်ထဲတွင်သာ ငြိမ်နေသော်လည်း မကောင်းသတင်းဆိုလျှင် ဟိုးအဝေးကြီးအထိ ပျံ့နှံ့သည်"ဟူသော ဆိုရိုးစကားအတိုင်းပင်။ ဤသတင်းသာ သူတို့၏အမိနိုင်ငံသို့ ရောက်သွားလျှင် လွတ်လပ်မှုကိုမြတ်နိုးသော နိုင်ငံအားလုံးကလည်း အာရုံစိုက်လာကြပေလိမ့်မည်။ ဤနောက်ဆက်တွဲအကျိုးဆက်ကား စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဆက်လက်အကျယ်ချဲ့ရမည်ဆိုပါက သူတို့အနေနှင့် နိုင်ငံခြားသားများကိုတောင် စောင့်ကြည့်နေသည်ဆိုပါလျှင် သူတို့၏နိုင်ငံသားများကိုလည်း စောင့်ကြည့်နေကြလိမ့်မည်မဟုတ်လား။

ဘရာမန်နိုင်ငံအနေနှင့် လူဦး‌ရေပေါင်း တစ်ဘီလီယံကျော်ကို စောင့်ကြည့်နိုင်မည့် လူအင်အားနှင့် အရင်းအမြစ်များ မရှိနိုင်သော်လည်း လူထုအမြင်က နေရာတိုင်းသို့ ပျံ့နှံ့သွားချိန်မှာပင် လူတိုင်းလည်း သံသယများကုန်ကြလိမ့်မည်။ ထိုခံစားချက်များမှာ ထိန်းချုပ်ရခက်လှသည်။

လူထုအမြင်က မည်မျှကြောက်ဖို့ကောင်းကြောင်း ကျန်းမုန့်လောင် မြင်ဖူးထားသည်။

"မစ္စတာကျန်း.. ဘရာမန်နိုင်ငံတစ်ဝှမ်းမှာ ကျွန်မတို့ရဲ့အဆက်အသွယ်ကွန်ယက်တွေအများကြီးရှိပါတယ်။ ဒီိကိစ္စကို သတင်းပျံ့သွားအောင်လုပ်ဖို့ မီဒီယာတွေအများကြီးနဲ့လည်း အဆက်အသွယ်ရှိပါတယ်"

ဟုန်းရီက သူ့အား အာမခံပေးလာသည်။

"ဒီအသံဖိုင်ကို တည်းဖြတ်ပြီး သူတို့တွေ ရှင့်ရဲ့လူ့အခွင့်အရေးကို ချိုးဖောက်ထားတဲ့အပိုင်းကို အသားပေးလိုက်မယ်"

"ပြီးတော့ ရှင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့အချက်နဲ့တင် အာရုံစိုက်မှုတွေအများကြီးကို ရဖို့လုံလောက်နေပါပြီ။ ဒါက အခုကိစ္စအတွက် အများကြီးအကျိုးရှိစေမှာပါ"

"သိပ်တော်တယ်"

ကျန်းမုန့်လောင်လည်း သူတို့ကို လက်ခုပ်မတီးပေးဘဲ မနေနိုင်ချေ။

အစတုန်းကတော့ သူက သူတို့အား အသရေဖျက်မှုဖြင့် တရားစွဲချင်ခဲ့သော်လည်း စကားအနည်းငယ်မျှဖြင့် ဤရှေ့နေနှစ်ယောက်က ထိုအမှုကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် အဆင့်မြှင့်ပစ်လိုက်သည်။ ထို့ပြင် ဤအမှု၏ဗဟိုချက်ကို ကျန်းမုန့်လောင်တစ်ယောက်တည်းမှတစ်ဆင့် နိုင်ငံခြားသားများအားလုံးကိုပါ ဆွဲထည့်လိုက်ပြန်သည်။ ထို့ပြင် ဘရာမန်နိုင်ငံသားများကိုပါ ပါဝင်ပတ်သက်စေခဲ့သည်။

ဤသည်မှာ ရန်သူ၏ပျော့ကွက်ကိုနင်းခြင်းပင်။

"မစ္စတာကျန်း.. ကျွန်တော်တို့ဘက်က ရာနှုန်းပြည့်သေချာပါတယ်။ သူတို့ကို အမှုရှုံးအောင်လုပ်ပေးနိုင်ပါတယ်။ ခင်ဗျား ဒီကိစ္စကို ကျွန်တော်တို့ကိုသာ အပ်ထားလိုက်ပါ"

သူတို့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"ဟုန်းရီ.. သူတို့ရဲ့နိုင်ငံခြားအကောင့်ထဲကို ဒေါ်လာသန်းခြောက်ရာလွှဲပေးလိုက်"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်၏။

"သန်းခြောက်ရာ?"

ကြောက်မက်ဖွယ်ကောင်းသော ပမာဏကြောင့် သူတို့ ကြက်သေသေသွားလေသည်။

"မစ္စတာကျန်း.. ဒီပိုက်ဆံက.."

"သန်းငါးရာထဲက ခင်ဗျားတို့ရဲ့ကြိုပေးငွေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ခင်ဗျားတို့အနေနဲ့ မီဒီယာကိစ္စတွေလုပ်တဲ့အခါကျရင် ပိုက်ဆံလိုလာလိမ့်မယ်လေ။ ဒီတော့ ဒေါ်လာသန်းတစ်ရာကိုတော့ ခင်ဗျားတို့ရဲ့အထွေထွေကုန်ကျစရိတ်လို့ သဘောထားလိုက်။ အလုပ်ပြီးတာနဲ့ ကျန်တဲ့ သန်းငါးရာကို အကောင့်ထဲ ချက်ချင်းလွှဲပေးမယ်"

ပျော်ရွှင်မှုက ရုတ်တရက်ကြီးရောက်ချလာသဖြင့် ကျန်းမုန့်လောင်နှင့် စာချုပ်စာတမ်းအတွက် လက်မှတ်ထိုးပြီးနောက် သူတို့နှစ်ယောက်သား အနည်းငယ်ငေးကြောင်ကြောင်ဖြစ်နေဆဲပင်။ ထိုငွေပမာဏမှာ သူတို့အား ဤနေရာမှာပင် သတိလစ်မေ့မြောသွားစေနိုင်သည်။

ဤအမှုကို သူတို့ ကြိုးစားပမ်းစားကိုင်တွယ်မှဖြစ်မည်။ ကျန်းမုန့်လောင်တို့တစ်သိုက် ထွက်ခွာသွားပြီးနောက် သူတို့လည်း အခြားအမှုများကို ချောင်ထိုးလိုက်ကြသည်။

အခြားအမှုများက အဖတ်လုပ်နေရန်ပင် မထိုက်တန်ပေ။ လာဘ်ပေးလာဘ်ယူမှုမှရသော ငွေများနှင့် ကျန်းမုန့်လောင်၏အမှုအတွက် လူထုအမြင်ကို စီမံပေးရာမှရမည့် ပမာဏကား နီးပင်မနီးစပ်ပေ။ ယခုလက်ရှိတွင် ဤဒိတ်ဒိတ်ကြဲသူဌေးကြီးကို ခစားရန်မှာ သူတို့၏ဦးစားပေးတာဝန်ပင်။

"မိန်းမ ပြောင်းရွှေ့ဖို့ အဆင်သင့်ပြင်ထား။ ပြောင်းရွှေ့ရေးလုပ်ငန်းစဉ်အလွယ်ကူဆုံးနိုင်ငံကို စုံစမ်းပြီး စာရွက်စာတမ်းတွေကို အခုချက်ချင်း အသင့်ပြင်ထားတော့။ အလွန်ဆုံး နောက်လလောက်ကျရင် ငါတို့တွေ ထွက်ခွာဖို့ အသင့်ပြင်ထားရမယ်"

"ကုမ္ပဏီကလား? ထားလိုက်တော့။ အဲဒါကို ဘာအတွက်လိုဦးမှာလဲ။ ငါတို့ သန်းငါးရာတောင်ရတော့မှာ။ အမေရိကန်ဒေါ်လာနဲ့နော်"

"ဘဏ်ဓားပြတိုက်ထားတာမဟုတ်ဘူး!"

*************

All Chapters