← Chapters

စိတ်တိုင်းကျခြင်းနှင့် ပျင်းရိခြင်း

Vol. 33 Ch. 487

စိတ်တိုင်းကျခြင်းနှင့် ပျင်းရိခြင်း

Vol. 33 Ch. 487

ကျန်းမုန့်လောင်၏စိတ်ထဲတွင် မသရော်ဘဲ မနေနိုင်တော့ချေ။ ဘရာမန်နိုင်ငံသားများနှင့် မဟာလက်စ်မိသားစုဝင်များက အရှက်မရှိကြောင်း သူ ကောင်းကောင်းသိထားသည်။ သို့တိုင် ဤမျှအထိ အောက်တန်းကျလိမ့်မည်ဟုတော့ ထင်မထားပေ။

အခြားလူများသာဆိုလျှင် အများပြည်သူသိသွားပါက မကောင်းသောအထင်အမြင်များ ပေါ်ပေါက်လာမည်စိုး၍ ယခုလိုကိစ္စမျိုးကို သိုသိုသိပ်သိပ်ကိုင်တွယ်ဖြေရှင်းကြသော်ငြား ထုိလူများကတော့ အရှက်ကင်းမဲ့စွာဖြင့် ကျန်းမုန့်လောင်အား ထိုပိုင်ဆိုင်မှုများကို မသိမ်းယူနိုင်စေရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေကြသည်။

ရှာရွတ်နှင့် မိုတီယန်မှာ အစောတုန်းက ထိုစကားများကို ထုတ်ပြောလိုက်ချိန်ဝယ် သူတို့၏မျက်နှာထက်တွင် ရှက်ရွံ့နေလေဟန်အမူအရာတစ်ခုကို ဖော်ထုတ်ပြသလာလေသည်။ ထိုအမိန့်ကို လက်ခံရရှိပြီးနောက် မဟာလက်စ်မိသားစု၏ ဥပဒေရေးရာကိစ္စများကို နားလည်ခဲ့ရသည်။ ထိုအချက်က သူတို့ကို ထိတ်လန့်စေခဲ့သော်ငြား အတန်ငယ်လည်း ကူကယ်ရာမဲ့ရသည်။

မဟာလက်စ်မိသားစု၏ တည်ထောင်သူမှာ ဟွာရှားနိုင်ငံသားတစ်ယောက်ဖြစ်နေလေသည်။ ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ၃ထရီလီယံနီးနီးရှိသော ဤမိသားစုမှာ သူတို့ဘရာမန်နိုင်ငံက မဟုတ်ပေ။

မဟာလက်စ်မိသားစု၏ လက်ရှိခေါင်းဆောင်ကလည်း ဘာအမွေဆက်ခံသူမှ ချန်ရစ်မထားခဲ့ဘဲ ပိုင်ဆိုင်မှုများကို ကျန်းမုန့်လောင်ထံသို့ ပြန်အပ်နှင်းချင်နေသည်။ သို့သော် သူ အံ့ဩရသည့်အဖြစ်မှာ အာမခံမိသားစုကတော့ ထိုအဖြစ်ကို မလိုလားပေ။ သူတို့က အထက်အာဏာပိုင်များနှင့်ပူးပေါင်းကာ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူကာ အတားအဆီးများဖန်တီးရန်အတွက်လည်း နည်းအမျိုးမျိုးကို ကြံဆနေသေးသည်။

သူတို့နှစ်ယောက်စလုံးလည်း ဤကဲ့သို့သောအပြုအမူမျိုးကို မုန်းတီးသော်ငြား သူတို့နိုင်ငံက အနောက်နိုင်ငံများကဲ့သို့ ဒီမိုကရေစီဆန်ပြီး လွတ်လပ်သောနိုင်ငံမျိုးမဟုတ်ပေ။ လိုက်နာရုံသာရှိတော့သည်။

သို့သော် ကျန်းမုန့်လောင်ကတော့ မဟာလက်စ်မိသားစုရေးရာအတွက် ရောက်လာခြင်းမဟုတ်ဟု ဆိုနေလေသည်။ သို့ဖြစ်လေရာ သူက တခြားဘာကိစ္စအတွက် လာမည်နည်း။

"ခင်ဗျားက မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဖို့ ရောက်လာတာမဟုတ်ဘူးလား"

သူတို့က တစ်ဖန်အတည်ပြုသလို မေးလိုက််၏။

"ဒီလိုအသေးအဖွဲကိစ္စလေးတွေကို ကျုပ်ဘာသာ ဖြေရှင်းနိုင်တယ်။ မိသားစုသေးသေးလေးတစ်ခုကို တရားစွဲတော့ရော ဘာအသုံးဝင်မှာလဲ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလေသည်။ သူ့မျက်နှာထက်တွင်မူ စက်ဆုပ်ရွံရှာမှုနှင့် အမှုမထားဟန်အငွေ့အသက်တို့ ပြည့်နှက်နေလေသည်။

ရှာရွတ်နှင့် မိုတီယန်တို့လည်း အကြည့်ချင်းဖလှယ်လိုက်မိကြသည်။ ကြွားဝါခြင်းသည်သာ ဥပဒေနှင့်အပြစ်ပေးနိုင်ပါက ကျန်းမုန့်လောင်မှာ ယခုလောက်ဆိုလျှင် ပစ်သတ်ခံနေရလောက်လေပြီ။

အမလေး.. အခုပြောနေတာက ဒေါ်လာ၃ထရီလီယံနီးပါးတောင်နော်..

ဘရာမန်နိုင်ငံတွင် ဤမိသားစုထက် ပိုကြီးမားသောမိသားစုဟူ၍ မရှိပေ။ အာရှတစ်ခွင်ဆိုလျှင် ပိုတောင်ဆိုးသေးသည်။ ထိုကဲ့သို့သောမိသားစုမျိုးကို မိသားစုသေးသေးလေးဟု ခေါ်နေလေသလား။

ဒေါ်လာ၃ထရီလီယံနီးပါးလောက်ကို အသေးအဖွဲကိစ္စလေးလို့ လာပြောနေတာလား? ဒီလိုပြောလိုက်လို့ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား?

သို့သော် ဤအဖြစ်က သူတို့နှစ်ယောက်စလုံးကို စိတ်လှုပ်ရှားစေသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်မှာ ဂုဏ်သတင်းနှင့် ကိုက်ညီပါပေသည်။ ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာသုံးထရီလီယံနီးပါးကို အသေးအဖွဲကိစ္စလေးတစ်ခုနှယ် သဘောထားနိုင်သည်။ သို့ဆိုလျှင် သူ့စုစုပေါင်းပိုင်ဆိုင်မှုက ဘယ်လောက်လေလဲ။ ၁၀ထရီလီယံလား? ၂၀ထရီလီယံလား?

ကျန်းမုန့်လောင်က မဟာလက်စ်မိသားစုအရေးကိစ္စအတွက် ရောက်လာခြင်းမဟုတ်ပါက သူ့အမှုကို လက်ခံလိုက်လျှင်လည်း အထက်လူကြီးများ၏ ဆန္ဒကို ဆန့်ကျင်သည်ဟု သတ်မှတ်နိုင်မည်မဟုတ်။

ဒေါ်လာ၃ထရီလီယံကို ဂရုမစိုက်သော လူတစ်ယောက်၏ အမှုကိုသာ နိုင်အောင်လိုက်ပေးနိုင်ပါက ရရှိမည့် အခကြေးငွေကလည်း နည်းပါးလိမ့်မည်မဟုတ်။

လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကွာရှင်းစဉ်က အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကို ခွဲဝေခဲ့ရသည်။ သူတို့၏ကွာရှင်းမှုကို တာဝန်ယူပေးခဲ့ရသော ရှေ့နေလည်း ကော်မရှင်ခ ဘီလီယံပေါင်းများစွာ ရရှိခဲ့သည်။

ဤ၂ထရီလီယံအမှုမှာ အနည်းဆုံးတော့ ကော်မရှင်ခဆယ်ဆလောက် ရနိုင်သည်မဟုတ်ပါလား။ ဤအမှုသာ ပြီးစီးသွားလျှင် နှစ်ပေါင်းတစ်ရာ နှစ်ပေါင်းတစ်ထောင်လောက် ကြိုးစားပမ်းစားအလုပ်လုပ်ခြင်းနှင့် အတူတူပင်။

သို့သော် ကျန်းမုန့်လောင်၏အဆိုအရ ဤအမှုမှာ မဟာလက်စ်မိသားစု၏ ဒေါ်လာ၃ထရီလီယံပိုင်ဆိုင်မှုထက် ပိုကြီးမားသောအမှုတစ်ခုဟု သိရသည်။ တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားဖို့ကောင်းလှသည်။ ဤအမှုကိုသာ သူတို့ ကောင်းကောင်းကိုင်တွယ်နိုင်လျှင် ပင်လယ်ကမ်းဘေးဗီလာတွင် အငြိမ်းစားယူပြီး ဥပဒေလုပ်ငန်းကိုပင် ပိတ်သိမ်းနိုင်ပြီဖြစ်၏။

"မစ္စတာကျန်း.. ခင်ဗျားမှာ ဘယ်လိုအမှုမျိုးပဲရှိရှိ ပြောသာပြောပါ။ ကျွန်တော်တို့က နိုင်ငံတကာတန်းမဝင်ချင်သာနေမယ်။ ဘရာမန်နိုင်ငံမှာတော့ ကျွန်တော်တို့ထက် ဘယ်သူတွေကမှ ပိုမတော်နိုင်ပါဘူး။ ကမ္ဘာ့ထိပ်တန်းရှေ့နေတွေတောင် ဒီနိုင်ငံထဲမှာဆိုရင် ကျွန်တော်တို့ကို ကျော်မတက်နိုင်ပါဘူး"

ရှာရွတ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ ဤသည်မှာ သူတို့၏စစ်မြေပြင်ဖြစ်လေရာ မည်သူတစ်ဦးတစ်ယောက်ကမှ ဤနိုင်ငံ၏ဥပဒေကို သူတို့လောက် ဂဃနဏသိနိုင်မည်မဟုတ်။ ထိုအချက်က သူတို့၏ယုံကြည်မှုပင်။

"ကောင်းတယ်"

ကျန်းမုန့်လောင်လည်း စိတ်ကျေနပ်လေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားတို့နိုင်ငံနဲ့ တန်ဘတ်နိုင်ငံကြားမှာ စစ်ရေးပြင်းထန်နေတာကို ခင်ဗျားတို့ကြားလောက်မှာပါ"

ထိုနှစ်ယောက်ခမျာ မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။ သူ့ဖော်ပြချက်မှာ အလွန်လျှော့ပေါ့ထားခြင်းဖြစ်၏။ "အလွန်ပြင်းထန်"ဆိုသည်မှာ ဘာသဘောလေလဲ။ လုံးဝကပ်ဘေးဆိုက်နေခြင်းပင်။ သူတို့၏တပ်ဖွဲ့များမှာ စစ်မြေပြင်တွင် ရန်သူ့လက်ချက်ဖြင့် ကျဆုံးနေရသည့်အပြင် စစ်အကျဉ်းသားများပင် အမျိုးသမီးအဝတ်အစားများကို ဝတ်ရရှာပြီး ရှေ့တန်းတွင် သုံးရက်တိတိ အရှက်ခွဲခံခဲ့ရသည်။ သူတို့၏ဘရာမန်နိုင်ငံလည်း ကမ္ဘာ့အလယ် လှောင်ရယ်စရာကြီးတစ်ခု ဖြစ်နေလေပြီ။

လာမည့်ရက်ပိုင်းအတွင်း ကျင်းပရန် ပြင်ဆင်ထားသော စစ်ရေးပြပွဲအခမ်းအနားကိုပင် ရပ်ဆိုင်းထားရသည်။ ယခုဆိုလျှင် စစ်ရေးပြပွဲဟု ပြောလိုက်သည်နှင့် စကတ်အတိုလေးများနှင့် ကိုယ်ကျပ်ဘောင်းဘီများ ဝတ်ဆင်ထားသော ထိုစစ်သားများ၏ပုံရီပ်ကိုသာ မြင်ယောင်မိကြလိမ့်မည်။

"ဒီနေ့ ခင်ဗျားတို့ရဲ့ စာချုပ်စာတမ်းသက်သေခံရှေ့နေချုပ်ဆိုတဲ့လူက ကျုပ်ဆီကို ဖုန်းဆက်ပြီးမေးတယ်။ ဒီဖြစ်ရပ်ကို ကျုပ်က ကြိုးကိုင်နေတာလားတဲ့။ အဲဒါက ဘယ်လောက်တောင်ယုတ္တိမတန်လဲဆိုတာ ယုံနိုင်ရဲ့လား"

ကျန်းမုန့်လောင်မှာ ထိုကိစ္စက သူနှင့် လုံးဝမပတ်သက်သည့်အလား ပြောလိုက်လေသည်။

"မစ္စတာကျန်းရဲ့သရုပ်ဆောင်စွမ်းရည်ကတော့.. သူ့ကို အော်စကာဆုမပေးဘူးဆိုရင် တော်တော်မတရားရာကျတယ်"

ဟုန်းရီက အရိပ်ထဲတွင် ပုန်းအောင်းနေသော ယဲ့ရင်နှင့် တိတ်တဆိတ်ဆက်သွယ်နေလေသည်။

"ဟားဟားဟား..မစ္စတာကျန်းနဲ့ အချိန်အကြာကြီးအတူရှိလာတဲ့အတွက် ကျင့်သားရနေပါပြီ။ မစ္စတာကျန်းက အမြဲတမ်း အခုလိုအရှက်ကင်းမဲ့နေတာ"

"ယဲ့ရင်.. တစ်ယောက်ယောက်က ငါ့နောက်ကွယ်မှာ ငါ ဘယ်လောက်ချောကြောင်း ချီးကျူးနေတာကို ကြားလိုက်ရသလိုပဲ"

သူတို့နှစ်ယောက် ပျင်းပျင်းနှင့် စကားပြောနေချိန်မှာပင် ကျန်းမုန့်လောင်၏အသံက ကြားဖြတ်ဝင်လာချေသည်။

"သိပ်ကောင်းတယ် ယဲ့ရင်.. မင်းက ငါ့နောက်ကွယ်မှာ အတင်းတုတ်နေတာပဲ။ ငါ့ကိုတောင် အရှက်မရှိဘူးလို့ ပြောလိုက်သေးတယ်။ မင်းရဲ့နှစ်ကုန်ဘောနပ်စ်ကို ဒီနှစ် တစ်ဝက်လျှော့ပစ်မယ်"

"မစ္စတာကျန်း ကျွန်တော်.."

ယဲ့ရင်ခမျာ အနည်းငယ်ထိတ်လန့်သွားရုံမျှမက အံ့လည်းအံ့ဩသွားရသည်။

ကျန်းမုန့်လောင်၏အစွမ်းက အလွန်လျင်မြန်စွာ တိုးတက်လာသဖြင့် မယုံကြည်နိုင်စရာကောင်းလှပေသည်။ ယခုဆိုလျှင် ကျန်းမုန့်လောင်က ဦးနှောက်လှိုင်းဆက်သွယ်မှုကိုပင် အတင်းအကျပ်ထိုးဖောက်နိုင်နေလေပြီ။ ကြည့်ရသည်မှာ ယခုမှစ၍ သူ့အနေနှင့် ကျန်းမုန့်လောင်၏နောက်ကွယ်တွင် ပြောချင်တိုင်း ပြောလို့မရတော့ပေ။

"မှတ်ထားနော်"

ကျန်းမုန့်လောင်ကလည်း ကြမ်းတမ်းရက်စက်ဟန်ဖြင့် ပြောလိုက်၏။

...

"အဓိပ္ပာယ်မရှိတာ.. တော်တော်အဓိပ္ပာယ်မရှိဘူး..."

ကျန်းမုန့်လောင်၏မေးခွန်းနှင့် ရင်ဆိုင်ရချိန်ဝယ် ရှာရွတ်နှင့် မိုတီယန်တို့လည်း သဘောတူရုံသာ တတ်နိုင်လေသည်။

လူတစ်ဦးတစ်ယောက်က နိုင်ငံတစ်နိုင်ငံအား စစ်ရေးအကူအညီပေးအပ်သည်ဆိုခြင်းမှာ ယုံနိုင်ဖွယ်ရာမရှိသော်ငြား ဤကိစ္စကား ကျန်းမုန့်လောင်အတွက်တော့ ဖြစ်နိုင်လောက်သည်ဟု သူတို့တွေးမိသည်။ ထိုကဲ့သို့သောအရာမျိုးက ကျန်းမုန့်လောင်အတွက်တော့ အခြေခံလုပ်ဆောင်ချက်တစ်ခုသာသာရှိသည်ဟု ခံစားမိသည်။

ဘရာမန်နိုင်ငံ ရှုံးနိမ့်ခဲ့ရသည့်အကြောင်းအရင်းမှာ တန်ဘတ်နိုင်ငံ၏တပ်ဖွဲ့များက အဆင့်မြင့်စစ်သုံးယန္တရားအများကြီးကို ရုတ်တရက်ကြီးရရှိလိုက်သောကြောင့်ဟု သိရသည်။

တကယ်တမ်းတွင် ကိရိယာများကို ရရှိရန်အတွက် အရာနှစ်ခုကို လိုအပ်ပေသည်။ အဆက်အသွယ်နှင့် ငွေကြေးပင်တည်း။ ထိုနှစ်ခုစလုံးမှာ ကျန်းမုန့်လောင်ထံတွင် ရှိလေသည်။ ယခုမူ ကျန်းမုန့်လောင်က အရင်လက်ဦးအောင်ဆော်ထားပြီး ပန်းနုသွေးပြနေသည်ဟု သူတို့ ခံစားလိုက်ရသည်။

"မစ္စတာကျန်း..သူတို့က ခင်ဗျားကို ဘာလို့ ဒီလိုစွပ်စွဲရလဲဆိုတာ ပြောပြလို့ရမလား"

မိုတီယန်က မေးလိုက်၏။

"မသိဘူးလေ။ ကျုပ်ရဲ့ချောမောမှုနဲ့ အရည်အချင်းကို မနာလိုဖြစ်နေတာနေမှာပေါ့"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်၍ ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် အသံသွင်းထားသောမှတ်တမ်းကို ထုတ်ပြလိုက်သည်။

ထိုအသံဖိုင်ထဲရှိ အကြောင်းအရာများကို နားထောင်ကြည့်ပြီးနောက် သူတို့၏မျက်နှာကား ပျက်ယွင်းသွားလေသည်။ အစတုန်းက ဤကိစ္စတွင် ကျန်းမုန့်လောင် ပါဝင်ပတ်သက်နေနိုင်ခြေမှာ ၃၀ရာခိုင်နှုန်းမျှသာရှိသည်ဟု သူတို့ ထင်ထားခဲ့ပါက ယခုတော့ ၇၀ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီဖြစ်၏။

"ဒါဆို ခင်ဗျား ဒီနေ့ ဒီကိုလာရတဲ့အကြောင်းအရင်းက.."

"ကျုပ် စာချုပ်စာတမ်းသက်သေခံရှေ့နေရုံးရယ် အဲဒီခွတ်ရှ်ရယ် ကျုပ်ကို မတရားစွပ်စွဲတဲ့ သူ့အထက်လူကြီးတွေအကုန်လုံးကိုရော တရားစွဲဖို့ စီစဉ်ထားတယ်"

"ခင်ဗျား.. နောက်တစ်ခေါက် ထပ်ပြောပေးပါလား။ ကျွန်တော်တို့ နားကြားမှားသွားတာဖြစ်မယ်"

ရှာရွတ်နှင့် မိုတီယန်တို့ခမျာ မထိန်းချုပ်နိုင်လောက်အောင် ချွေးပျံနေကြသည်။

ဘုရားရေ.. ဒါက လူတစ်ယောက်တည်းကို တရားစွဲတာ မဟုတ်တော့ဘူးလေ..

တစ်နိုင်ငံလုံးကို တရားစွဲနေတာနဲ့အတူတူပဲမလား..

သူတို့က ရူးနေလို့လား? ဤအမှုတွင် သူတို့ နိုင်နိုင်မနိုင်နိုင် အမှုပြီးဆုံးသွားပါက ဘရာမန်နိုင်ငံတစ်နိုင်ငံလုံးမှာပင် သူတို့အတွက် နေစရာနေရာမရှိတော့မည်ကို စိုးရိမ်ရသည်။

အရေးအကြီးဆုံးအပိုင်းမှာ မည်သူကမှ သူ့အား စစ်ပွဲတွင် ကြားဝင်ပတ်သက်သည်ဟု မစွပ်စွဲရသေးပေ။ သူတို့ဘက်က သံသယဖြစ်ရုံမျှသာရှိပြီး ဓားဆွဲထုတ်ရန် ကြံနေခြင်းပင်။ သို့တိုင် ကျန်းမုန့်လောင်ကတော့ သူတို့ကို တရားစွဲချင်နေပြီတဲ့လား။ ဤမျှအထိ လိုအပ်လို့လား?

ထို့ပြင် ဤကိစ္စက သူတို့နှင့် ဘယ်လိုမှမပတ်သက်ဘူးဟု ကျိန်ဆိုရဲလေသလား။

ဤသည်မှာ တရားစွဲဆိုခြင်းမဟုတ်ပေ။ ကျန်းမုန့်လောင်က ပျင်းရိနေရုံမျှသာဖြစ်ပြီး သူ့စိတ်တိုင်းကျပျော်ပါးပြီးနောက် ပြဿနာရှာနေခြင်းဖြစ်ရမည်ဟု သူတို့ သံသယဖြစ်မိသည်။

"မစ္စတာကျန်း.. ဒီကိစ္စက နည်းနည်းတော့ခက်ပါတယ်။ ကျွန်တော်တို့..."

"သန်းငါးရာ"

"မစ္စတာကျန်း ငွေရေးကြေးရေးကြောင့်မဟုတ်ပါဘူး။ အဓိကပြဿနာက..."

"အမေရိကန်ဒေါ်လာနဲ့ပေးမှာ"

"မစ္စတာကျန်း ဒါပေမဲ့.."

"တစ်ယောက်ချင်းစီကိုနော်"

"မစ္စတာကျန်း ကျွန်တော်တို့ ဒီအမှုကို ခင်ဗျားအတွက် သေသေသပ်သပ်ကိုင်တွယ်ပေးပါ့မယ်"

***************

All Chapters