ခင်ဗျားတို့တွေ တစ်ခုခုများနားလည်မှုလွဲနေတာလား?
Vol. 33 Ch. 486
"မစ္စတာကျန်း.. ကျွန်တော်က အဲဒီလိုဆိုလိုချင်တာမဟုတ်ပါဘူး။ ဒီိကိစ္စက ကျွန်တော်တို့ရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်နေတာလေ။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ သေချာမှဖြစ်မှာမို့လို့ပါ"
ခွတ်ရှ်လည်း အလျင်အမြန်ရှင်းပြလိုက်သည်။
"ခင်ဗျားရဲ့အထက်လူကြီးတွေက ကျုပ်ကို စစ်မေးခိုင်းလိုက်တာလား"
ကျန်းမုန့်လောင်၏လေသံက အလွန်ပြတ်သားလှသည်။ သူ့အနေနှင့် ဘာကိစ္စနှင့်မှ မပတ်သက်ထားသည့်အလားပင်။
"မစ္စတာကျန်း.. ခင်ဗျား ဘရာမန်နိုင်ငံကနေထွက်ပြီး ရွှီလိနယ်မြေကို သွားပြီးတဲ့နောက်မှာ ဒီလိုဖြစ်ရပ်မျိုးတွေက ကျွန်တော်တို့ရဲ့ရှေ့တန်းမှာ စဖြစ်တော့တာပဲ။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း သံသယဝင်ခွင့်တော့ရှိတယ်ထင်ပါတယ်။ မဟုတ်ဘူးလား"
ခွတ်ရှ်က ပြောလိုက်၏။
"ပြီးတော့ တန်ဘတ်နိုင်ငံဘက်က အကျဉ်းသားတွေကို ဆက်ဆံတဲ့ပုံစံက ခင်ဗျားတို့နိုင်ငံများ ပါဝင်ပတ်သက်နေသလားလို့ မတွေးဘဲ မနေနိုင်ဘူးလေ"
"ခင်ဗျားမှာ သက်သေရှိလား"
"ဒါက..ကျွန်တော်.."
ခွတ်ရှ်ခမျာ ထိုစကားများကြောင့် ဆွံ့အသွားရလေသည်။ သူတို့တွင် ဘာသက်သေမှမရှိချေ။
သူတို့က စုံစမ်းစစ်ဆေးရန်အတွက် ရွှီလိနယ်မြေသို့ တစ်စုံတစ်ယောက်ကို စေလွှတ်ရမည်လား။ မည်သူကများ အရိုးနှင့်အသား တစ်စစီဖြစ်သွားနိုင်သည့် ထိုကဲ့သို့သောနေရာမျိုးကို သွားရဲမည်နည်း။ ခြေလှမ်းတစ်ချက်မှားလိုက်သည်နှင့် တိုင်းတစ်ပါးတွင် သေဆုံးရမည်သာ။ သို့ဖြစ်လေရာ ထိုကဲ့သို့သောနေရာမျိုးကို ဘာအတွက် စုံစမ်းမည်နည်း။
သူတို့ သွားခဲ့လျှင်ပင် မည်သူ့ကို သွားမေးရမည်နည်း။ ထိုလက်နက်ကုန်သည်များထံသို့သွားပြီး ကျန်းမုန့်လောင်က သူတို့ထံမှ လက်နက်ဝယ်သွားသလားဟု မေးရမှာလား?
ဤလူများမှာ ငွေကိုသာအသိအမှတ်ပြုပြီး မျက်နှာကိုတော့ မမှတ်မိကြပေ။ ထို့ပြင် သူတို့တွင် ပရော်ဖက်ရှင်နယ်ဆန်သော စည်းမျဉ်းများရှိလေရာ သူတို့ဖောက်သည်၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်မည်မဟုတ်ချေ။
ဤသည်မှာ ဘာဂုဏ်သတင်းကြောင့်မှမဟုတ်ချေ။ ဖောက်သည်များ၏ ကိုယ်ရေးအချက်အလက်ကို ဖော်ထုတ်လိုက်ပါက ရလဒ်နှစ်ခုရှိ၏။ တစ်ခုက ထိုဖောက်သည် အသတ်ခံရခြင်းဖြစ်နိုင်ပြီး သူတို့လည်း စီးပွားရေးထပ်လုပ်နိုင်တော့မည်မဟုတ်။ ဒုတိယတစ်ခုကတော့ ထိုဖောက်သည်က စုံစမ်းမေးမြန်းနေသူများကို သတ်ဖြတ်ပစ်ပြီး သူတို့ကိုပါ ပြဿနာရှာလာနိုင်သည်။
မည်သို့ပင်ဖြစ်စေ သူတို့အတွက် အကျိုးမရှိချေ။ မဖြစ်မနေကိစ္စမျိုးကလွဲလျှင် သူတို့အနေနှင့် ဖောက်သည်၏ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိ။
ထို့ကြောင့် ကျန်းမုန့်လောင်က လက်နက်များကိုဝယ်ယူခဲ့ကြောင်း ရွှီလိနယ်မြေဘက်မှ သက်သေရရန်မှာ မဖြစ်နိုင်ပေ။
တန်ဘတ်နိုင်ငံဘက်က သူတို့အား လက်နက်ထောက်ပံ့ပေးခဲ့သူမှာ ကျန်းမုန့်လောင်ဖြစ်ကြောင်း ဝန်ခံလာရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဤသည်မှာ ဖြေရှင်းရန်မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင်။
"ကြည့်ရတာတော့ ခင်ဗျားမှာ ဘာသက်သေမှမရှိတဲ့ပုံပဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ခင်ဗျားရဲ့အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ကျုပ်ကို ဒီလိုကိစ္စမျိုးအတွက် သံသယဝင်တဲ့ပုံစံနဲ့ လာရှာတာကတော့ ကျုပ်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ခင်ဗျား တိတ်ဆိတ်နေလို့လည်းရပါတယ်။ ဒါပေမဲ့ အခုကစပြီး ခင်ဗျားပြောသမျှစကားတိုင်းကို တရားရုံးမှာ သက်သေအဖြစ် တင်သွင်းသွားမယ်"
"မစ္စတာကျန်း ခင်ဗျား ဒါက ဘာသဘောလဲ"
ခွတ်ရှ်လည်း ကျန်းမုန့်လောင်၏စကားကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရပုံထောက်တော့ သူက တရားရင်ဆိုင်တော့မည့်ဟန်ပင်။
"ကျုပ်တို့စကားပြောနေတာကို မှတ်တမ်းတင်ထားပြီးပြီ။ ရက်ပိုင်းအတွင်း ကျုပ်ရဲ့ရှေ့နေကို ခင်ဗျားဆီ ဆက်သွယ်ခိုင်းလိုက်မယ်"
ကျန်းမုန့်လောင်ကတော့ ခွတ်ရှ်နှင့် စကားပြောလိုစိတ်မရှိတော့ပေ။
ယခုအချိန်တွင် သူတို့ဘက်က အရေးနိမ့်နေသော်လည်း လက်ရှိအခြေအနေကို သဘောမပေါက်ကြပေ။ သူ့ကို မတောင်းပန်ရုံသာမက ယခုလိုလည်း မေးခွန်းလာထုတ်နေသေးသည်။ ကျန်းမုန့်လောင်က ရန်စလို့လွယ်တယ်လို့များ ထင်နေကြတာလား?
"ဟုန်းရီ.. ဒီနေ့အသံဖိုင်ကို ကော်ပီကူးပြီးရင် ငါ့ရှေ့နေအဖွဲ့ဆီကို ပို့လိုက်။ ငါ သူတို့ကို တရားစွဲဆိုရေးသတိပေးစာပို့မယ်"
"မစ္စတာကျန်း ဒီကိစ္စက ကိုင်တွယ်ရခက်ခဲနိုင်ပါတယ်"
ဟုန်းရီက ဆို၏။
"ရှင့်ရှေ့နေတွေကို တင်းတင်းကျပ်ကျပ်ရွေးချယ်စိစစ်ထားတဲ့အပြင် သူတို့ရဲ့ကျွမ်းကျင်မှုက ပြောစရာမလိုအောင်ကောင်းတယ်ဆိုပေမဲ့ ဥပဒေရေးရာတင်းကျပ်တဲ့နိုင်ငံမျိုးအတွက်ပဲ အဆင်ပြေတာပါ။ အခြေခံစနစ်ဆုတ်ယုတ်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာတော့ ဘာမဆို အောင်မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ဆက်လုပ်မယ်ဆိုရင်တောင် တစ်နှစ်ခွဲလောက်ကြာနိုင်ပါတယ်"
"တစ်နှစ်ခွဲတောင်လား? ငါ အဲဒီလောက်အထိ မစောင့်နိုင်ဘူး"
ကျန်းမုန့်လောင်လည်း အလျင်အမြန်ခေါင်းညိတ်ပြလိုက်သည်။
"ရှင့်ဘက်က ခုခံပေးဖို့အတွက် ဒေသခံရှေ့နေတွေကို ငှားရမ်းဖို့ အကြံပေးချင်ပါတယ်။ အဲဒါက ပိုသင့်တော်ပါလိမ့်မယ်"
"ဘရာမန်နိုင်ငံမှာ ငါ့ရှေ့နေတွေရှိတာလား"
"ရှိပါတယ်"
ဟုန်းရီက ဆို၏။
ဒါပေမဲ့ အဲဒီရှေ့နေတွေက မဟာလက်စ်မိသားစုရဲ့နာမည်အောက်မှာ စာရင်းသွင်းထားတာပါ။ လက်ရှိအခြေအနေအရဆိုရင် ရှင် အဲဒီလူတွေကို သုံးလို့ရမှာမဟုတ်ပါဘူး"
"သေစမ်း"
ကျန်းမုန့်လောင်ခမျာ အမည်မတပ်နိုင်သော ဒေါသတစ်မျိုးကို ခံစားနေရသည်။ အလေးစွန့်ရန်အတွက် နောက်ဖေးကို ထွက်လာခဲ့သော်ငြား အစတုန်းက သူ့အပိုင်ဖြစ်ခဲ့ဖူးသော သန့်စင်ခန်းကို အသုံးပြု၍မရသလို ခံစားချက်မျိုးပင်။ ယခုမူ အများသုံးသန့်စင်ခန်းကို သူရှာရပေတော့မည်။
"လူကာ"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ဘရာမန်နိုင်ငံမှာ အကြီးဆုံးနဲ့ အကောင်းဆုံး ဥပဒေအဖွဲ့က ဘယ်အဖွဲ့လဲ"
"သခင်.. ဘရာမန်နိုင်ငံမှာ အကြီးဆုံးဥပဒေအဖွဲ့က ဘရာမန်အထူးဥပဒေအဖွဲ့ပါ။ သူတို့တွေက သက်တမ်းနှစ်ဆယ်ကျော်သမိုင်းကြောင်းရှိထားပါတယ်။ ပြည်တွင်းမှာရှိတဲ့ ထိပ်တန်းရှေ့နေတွေကလည်း ဒီဥပဒေအဖွဲ့ကပဲ ထွက်ထားတာပါ"
လူကာက ပြောလိုက်၏။
"ကောင်းပြီလေ။ အဲဒီကိုသွားကြတာပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
...
ပြည်တွင်းရှိ ထိပ်တန်းဥပဒေအဖွဲ့တစ်ခုအနေနှင့် ဘရာမန်နိုင်ငံရှိ ပါရာဥပဒေအဖွဲ့မှာ ထိပ်တန်းနိုင်ငံတော်အဆင့်တရားရေးအဖွဲ့ကိုသာ စုစည်းထားသည်။ သူတို့ကိုင်လိုက်သောအမှုများမှာ ရှုံးဖူးသည်ဟူ၍မရှိချေ။ ဘရာမန်နိုင်ငံတွင် သူတို့နှင့် တရားပြိုင်ရပြီဆိုပါက အညံ့ခံရသည်ဟူသောသဘောကို ဆောင်ပေသည်။
ဤဥပဒေအဖွဲ့၏ အရည်အသွေးကလည်း အလွန်မြင့်မားလှ၏။ သာမန်ဥပဒေအဖွဲ့များမှ ထိပ်တန်းရှေ့နေများမှာ ဤနေရာတွင်မူ တောက်တိုမည်ရအလုပ်သမားမျှသာ။ သို့သော် သူတို့၏လစာမှာ ဘရာမန်နိုင်ငံထဲရှိ ဝင်ငွေပမာဏ၏ နှစ်ဆယ်ရာခိုင်နှုန်းလောက် ရကြသည်။
အလားတူပင် ဥပဒေအဖွဲ့၏ အဖိုးအခကလည်း အလွန်တရာမြင့်မားလျသည်။ ဈေးအပေါဆုံးရှေ့နေပင် တစ်နာရီ တိုင်ပင်ဆွေးနွေးခ ရူပီနှစ်သောင်းကျော်သည်ဖြစ်ရာ ဘရာမန်နိုင်ငံရှိ အခြေခံအလုပ်သမားတစ်ယောက်၏ လစာကိုပင် ကျော်နေချေပြီ။
"ဆရာ.. တရားရေးဆွေးနွေးဖို့အတွက် လာခဲ့တာလား။ ဒါမှမဟုတ် တခြားလိုအပ်တာတစ်ခုခုများရှိလို့လား"
ကျန်းမုန့်လောင် ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်နှင့် မိန်းကလေးတစ်ယောက်က သူ့အနားသို့ ချက်ချင်းချဉ်းကပ်လာသည်။
ထိုမိန်းကလေးက အလွန်လှပသည်။ အညိုရောင်အသားအရေ ပေါများသော နိုင်ငံတစ်နိုင်ငံတွင် သူ(မ)လို ဖြူဖွေးနေသူမျိုးကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲလှသည်။ ကြည့်ရသည်မှာ ဤနေရာရှိ သာမန်ဝန်ထမ်းတစ်ယောက်၏ စံနှုန်းသတ်မှတ်ချက်ကပင် အလွန်မြင့်မားလေဟန်ပင်။
"တရားစွဲဆိုဖို့အတွက် လာခဲ့တာပါ"
ကျန်းမုန့်လောင်ကလည်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်သည်။
"မင်းတို့မှာရှိတဲ့ အတော်ဆုံးဥပဒေအဖွဲ့ကို ရှာပေးပါ"
ထိုမိန်းကလေးမှာ တဒင်္ဂမျှတွေဝေသွားသည်။ သူတို့ထိပ်တန်းရှေ့နေအဖွဲ့၏ အခကြေးငွေက ကြောက်မက်ဖွယ်ကောင်းအောင် များပြားလှသည်။ သူ(မ)လည်း ကျန်းမုန့်လောင်၏ဝတ်စုံကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ့အနောက်ရှိ လူကာနှင့် ဆင်းတိုတို့ကိုပါ ကြည့်လိုက်မိသည်။ သူတိုကိုကြည့်ရသည်မှာ ငွေကြေးချို့တဲ့ဟန်မတူပေ။
"လူကြီးမင်းတို့.. ကျွန်မတို့ဆီမှာ ဥပဒေအဖွဲ့ အဆင့်သုံးခုရှိပါတယ်. တစ်ဖွဲ့ချင်းစီမှာ ရှေ့နေနှစ်ယောက်နဲ့ ဝန်ထမ်းပေါင်းများစွာရှိပါတယ်။ အဆင့်သုံးအဖွဲ့ကတော့ တစ်ရက်ကိို ရူပီငါးသောင်း၊ အဆင့်နှစ်အဖွဲ့က တစ်ရက်ကို ရူပီတစ်သိန်းနှစ်သောင်းနဲ့ အဆင့်တစ်အဖွဲ့ကတော့ တစ်ရက်ကို ရူပီနှစ်သိန်းခွဲကျသင့်ပါတယ်။ အခကြေးငွေကို တရားစွဲဆိုတဲ့နေ့ကစပြီး ပြီးဆုံးတဲ့နေ့အထိ တွက်ချက်သွားမှာပါ"
"ပိုကောင်းတဲ့အဖွဲ့ရှိလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ ရူပီနှစ်သိန်းခွဲတန်ကိုပင် သူ မကျေနပ်သေးပေ။ တစ်ရက်ကို နှစ်သောင်းလောက်ပဲ ကွာတာလေ။ မုန်လာထုပ်ဈေးနဲ့ ဘာကွာသေးလို့လဲ?
"ရှိပါတယ်"
ထိုမိန်းကလေးခမျာ စိုးရိမ်သွားဟန်လေပင်။
"ဒါပေမဲ့ သူတို့က တည်ထောင်သူတွေနဲ့ ကျွန်မတို့လုပ်ငန်းစုရဲ့ ပါတနာတွေပါ။ သူတို့ကတော့ အမှုရဲ့ရှုပ်ထွေးမှုအပေါ်မူတည်ပြီး တန်ဖိုးတွက်ချက်တာမို့လို့.."
"ငွေရေးကြေးရေးကိစ္စကို စိတ်မပူနဲ့။ သူတို့ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာကိုပဲ သိချင်တယ်"
"ဆရာ စိတ်ချပါ"
ထိုမိန်းကလေးက ယုံကြည်မှုရှိရှိ ပြောလာလေသည်။
"ကျွန်မတို့ရဲ့တည်ထောင်သူနှစ်ယောက်က လက်ရှိအချိန်အထိ အမှုပေါင်းနှစ်ရာကျော်ကို ပူးပေါင်းဖြေရှင်းလာခဲ့တာပါ။ အမှုတစ်ခုမှ မရှုံးဖူးသေးပါဘူး"
"ရပြီ။ ဒါဆို သူတို့ကိုခေါ်လိုက်တော့"
ကျန်းမုန့်လောင် ဆုံးဖြတ်ချက်ချလိုက်သည်။
"ဒီဘက်ကိုကြွပါ ဆရာ"
ထိုမိန်းကလေးမှာ နှောင့်နှေးမနေရဲသဖြင့် အမြန်လောဆော်လိုက်သည်။ ဧည့်ကြိုဌာနရှိ ဝန်ထမ်းကလည်း ဤလူတစ်သိုက်က ရူပီသန်းငါးဆယ်တန်ဖိုးရှိသော Maybachကားဖြင့် ရောက်ရှိလာကြောင်း သူ(မ)အား တိတ်တဆိတ်အသိပေးထားသည်။ ထိုကားမျိုးမှာ လူတိုင်းစီးနိုင်သည်မဟုတ်။ သူတို့တွင် ငွေကြေးအင်အားအမြောက်အများရှိရပေမည်။
ဤသတင်းကို ကြားလိုက်ရသောအခါ လုပ်ငန်းစု၏ တည်ထောင်သူနှစ်ယောက်ကလည်း သူတို့၏လက်ရှိလုပ်ငန်းတာဝန်များကို ချောင်ထိုးထားလိုက်သည်။ အကယ်၍ သူတို့အနေနှင့် သဘောတူညီမှု မလုပ်ဆောင်နိုင်ခဲ့လျှင်ပင် ဤကဲ့သို့သော အဆက်အသွယ်မျိုးမှာ တန်ဖိုးဖြတ်မရပေ။ ဤသည်မှာ ဤလုပ်ငန်းစုကို ယနေ့လို အနေအထားမျိုးအထိ ရောက်လာအောင် သယ်ဆောင်နိုင်ခဲ့သော သူတို့၏အရည်အချင်းပင်။
"ရှင်တို့ကို မိတ်ဆက်ပေးပါရစေ။ ဒီလူကြီးမင်းနှစ်ယောက်က ကျွန်မတို့လုပ်ငန်းစုရဲ့ တည်ထောင်သူတွေဖြစ်တဲ့ မစ္စတာရှာရွတ်နဲ့ မစ္စတာမိုတီယန်ပါ"
"ကြိုဆိုပါတယ်"
တည်ထောင်သူနှစ်ယောက်မှာ ကျန်းမုန့်လောင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးနောက် ရှာရွတ်၏စိတ်ထဲ တစ်စုံတစ်ခုကို တွေးမိသွားသည်။
"ခင်ဗျား..ခင်ဗျားက မစ္စတာကျန်းမုန့်လောင်လား"
"ဘာ? ကျန်းမုန့်လောင်?"
မိုတီယန်လည်း တုန်လှုပ်သွားချေသည်။
"လူကြီးမင်းတို့ မလန့်ကြပါနဲ့"
ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။
"ကျုပ်က တရားရေးအကူအညီလိုအပ်လို့ ဒီနေရာကိုလာခဲ့တာပါ။ ခင်ဗျားတို့ရဲ့အတွေ့အကြုံနဲ့ အရှုံးမရှိခဲ့ဖူးတဲ့မှတ်တမ်းကို သတင်းရထားလို့ ခင်ဗျားတို့ဆီက တရားရေးအကူအညီတောင်းဖို့ လာခဲ့တာပါ"
"မစ္စတာကျန်း.. မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်တာဆိုရင်တော့ ကျွန်တော်တို့ ခင်ဗျားကို မကူညီနိုင်ဘူးလို့ထင်ပါတယ်"
ရှာရွတ်နှင့် မိုတီယန်တို့ထံသို့ သိပ်မကြာခင်တုန်းက သတိပေးစာတစ်စောင် ရောက်ထားသည်။ မဟာလက်စ်မိသားစုနှင့် ပတ်သက်ဆက်နွှယ်သော မည်သည့်ကိစ္စတွင်မှ ဝင်မပါရန် သူတို့အား တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်။
"မဟုတ်ပါဘူး။ ခင်ဗျားတို့ နားလည်မှုလွဲနေပြီ။ ကျုပ်က မဟာလက်စ်မိသားစုရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီး တရားရေးအကူအညီလိုအပ်ပါတယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ"
*****************