← Chapters

မစင်ကို စားချင်သလိုစားလို့ရတယ် စကားကို ပြောချင်ရာပြောလို့မရဘူး

Vol. 33 Ch. 485

မစင်ကို စားချင်သလိုစားလို့ရတယ် စကားကို ပြောချင်ရာပြောလို့မရဘူး

Vol. 33 Ch. 485

ဤခန့်မှန်းချက်ကို ခေါင်းထဲမှာစွဲထားရင်း ခွတ်ရှ်လည်း သူ့အတွေးကို သူ့အဆက်အသွယ်ကွန်ယက်အတွင်းရှိ ထိပ်တန်းခေါင်းဆောင်များကို တင်ပြလိုက်လေရာ ထိုခန့်မှန်းချက်က အလျင်အမြန်ပင် အာရုံစိုက်ခံလိုက်ရသည်။

အထက်လူကြီးများက ဆွေးနွေးတိုင်ပင်ကြလေရာ ဤကိစ္စ၏နောက်ကွယ်တွင် ကျန်းမုန့်လောင်ရှိနေနိုင်ခြေများကြောင်း ကောက်ချက်ချခဲ့ကြသည်။

တန်ဘတ်နိုင်ငံအတွက် စစ်ရေးအထောက်အပံ့ပေးရန် ဖြစ်နိုင်ခြေသုံးခုသာရှိ၏။ တစ်ခုက နိုင်ငံတော်အဆင့်အထောက်အပံ့ပင်။ သို့သော် သံသယဝင်စရာအကောင်းဆုံးနိုင်ငံများက ထိုအချက်ကို ငြင်းပယ်ထားသောကြောင့် ဤဖြစ်နိုင်ခြေကို ဖယ်ထုတ်ထားခဲ့ကြသည်။

ဒုတိယဖြစ်နိုင်ခြေမှာ ဘရာမန်နိုင်ငံကို ဆန့်ကျင်ကြသည့် နိုင်ငံတကာအဖွဲ့အစည်းတချို့၏လုပ်ရပ်ပင်။ သို့သော် ဘရာမန်နိုင်ငံက ဘယ်နိုင်ငံတကာအဖွဲ့အစည်းကိုမှ မစော်ကားထားဖူးပေ။ သူတို့ကို အမှန်တကယ်ပစ်မှတ်ထားချင်သည်ဆိုပါက ရည်ရွယ်ချက်တစ်ခုခုတော့ရှိရမည်မဟုတ်လား။ သို့သော် ယခုအချိန်အထိ မည်သူကများ သူတို့အား အခြေအနေတစ်ရပ်ရပ်ကို ဆွေးနွေးညှိနှိုင်းရန်အတွက် ဆက်သွယ်လာခြင်း မရှိသေးပေ။

နောက်ဆုံးဖြစ်နိုင်ခြေကတော့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏လက်ချက်ပင်။

အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကျော်တန်ဖိုးရှိသော လက်နက်များနှင့် ကိရိယာများမှာ သာမန်လူများအနေနှင့် ဝယ်ယူနိုင်ခြင်းမရှိသော်လည်း ကျန်းမုန့်လောင်ကတော့ သာမန်လူတစ်ယောက်မဟုတ်ပေ။ ထိုပမာဏထက် ဆယ်ဆလောက်ပိုများနေလျှင်ပင် ပစ္စည်းများရနိုင်သရွေ့ ကျန့်မုန့်လောင်ကတော့ ငွေချေလိမ့်မည်သာ။

ထို့ပြင် ကျန်းမုန့်လောင်တွင် ထိုကဲ့သို့သောလုပ်ရပ်မျိုးကို လုပ်ရလောက်သည်အထိ စေ့ဆော်မှုတစ်ခုရှိသည်။ သူ့လှုပ်ရှားမှုများကလည်း ထိုသို့ဖော်ပြနေသည်။ ကိစ္စအားလုံးကို ဆင်ခြင်တွေးဆလိုက်သောအခါ ဤအရာကို ကျန်းမုန့်လောင်လုပ်ထားခြင်းမဟုတ်လျှင်ပင် နောက်ကွယ်ရှိ လက်သည်တရားခံကတော့ သူကိုယ်တိုင်ပင်။ မဟုတ်ပါက သူတို့လည်း ပန်ကာပေါ်တွင် ခေါင်းကို ဇောက်ထိုးဆွဲထားလိုက်မည်။

ယခုမူ သူတို့ဘက်က အမှားလုပ်ထားပြီး အားနည်းနေသောအနေအထားလည်း ဖြစ်နေလေရာ ကျန်းမုန့်လောင်နှင့် ဆက်ဆံရေးကို ပိုဆိုးဝါးအောင် လုပ်ရဲမည်မဟုတ်။ သို့သော် ဤကိစ္စများမှာ ကျန်းမုန့်လောင်၏လက်ချက်ဟုတ်မဟုတ် အတည်ပြုရန်လိုအပ်ပေသည်။ သို့မှသာ ဤကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စဉ်းစားနိုင်မည်ဖြစ်၏။

အမြင်ပေါင်းစုံကို စုဆောင်းပြီးနောက် အဆုံးမှာတော့ ခွတ်ရှ်ထံသို့ အမိန့်တစ်ခု ကျရောက်လာသည်။ ကျန်းမုန့်လောင်အကြောင်းစုံစမ်းရန်နှင့် သူ့ထံမှ သဲလွန်စတစ်ခုခုရနိုင်မလားဆိုတာကို စနည်းနာကြည့်ရန်ပင်။

ဤတာဝန်ကို လက်ခံရရှိလိုက်ချိန်ဝယ် ခွတ်ရှ်ခမျာ လုံးဝစိတ်ဓာတ်ကျသွားသည်။ ဤသည်မှာ ဘယ်လိုကံဆိုးမိုးမှောင်ကျခြင်းလေလဲ။ ယခင်တစ်ခေါက်တုန်းက အတွေ့အကြုံအရဆိုလျှင် ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ခဲ့သူတိုင်း အဆုံးသတ်လှဖူးရဲ့လား။

ဒါက တခြားလူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုပါလို့ ပြောပြီးတော့ ဘာလို့ ဉာဏ်နီဉာဏ်နက်ဆင်ရတာလဲ။ သူတို့က ခင်ဗျားတို့ကို အခွန်မပေးလို့လား ဘာလား?

ဤမျှများပြားလှသော လုပ်ငန်းကြီးများကို ကျန်းမုန့်လောင်အား ပြန်ပေးလိုက်မည်ဆိုလျှင်ပင် တစ်ဖက်လူက ဟွာရှားနိုင်ငံကို အသာတကြည်ပြန်သွားမည်တဲ့လား။ ဘရာမန်နိုင်ငံတွင် ရှိနေသရွေ့တော့ ဘရာမန်နိုင်ငံ၏ လုပ်ငန်းပင် မဟုတ်ပါလော။

သို့သော် သူတို့ကတော့ အခြားလူ၏ပိုင်ဆိုင်မှုကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲချင်ခဲ့သည်။ ယခု ဘာတွေဖြစ်ကုန်လေပြီလဲ။ ထိုလူ့ကို သွားရန်စမိပြီး ချောက်ကမ်းပါးစွန်းသို့ရောက်သည်အထိ တွန်းပို့ခံလိုက်ရသည်။ တစ်ဖက်လူက သူတို့ရန်သူနှင့် ပူးပေါင်းပြီး သူတို့အား ချေမှုန်းနေလေပြီ။

ခင်ဗျားတို့က ဒီလိုအခြေအနေမျိုးကို လိုချင်ခဲ့တာလား?

ဤသည်မှာ ခွတ်ရှ်၏အကြံအစည်မဟုတ်ပေ။ သို့သော် စိတ်ထဲတွင် ထိုနိုင်ငံရေးသမားများ၏ ဘိုးဘေးများကိုပါ ဆဲရေးတိုင်းထွာရင်း ဤအရှုပ်ကို သူ ရှင်းရပေတော့မည်။

သို့သော် ဘာမှလည်းမတတ်နိုင်ပေ။ ဌာနထဲတွင် အာဏာနည်းနည်းရှိသော ဌာနခေါင်းဆောင်တစ်ယောက်ဖြစ်သည့်တိုင် သူသည် အထက်လူကြီးများထံမှ အမိန့်များကို တိတ်တိတ်လေးနာခံရမည့် အောက်ခြေအလုပ်သမားမျှသာ။

ခွတ်ရှ်လည်း ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို အင်တင်တင်ဖြင့် ခေါ်လိုက်ရသည်။ သို့သော် သူ့စိတ်ထဲတွင်မူ မှန်ကန်သင့်တော်သော စကားလုံးများကို ရှာဖွေစဉ်းစားနေချေသည်။

သူ ဘယ်လိုစပြောရမလဲ။ ဤကိစ္စက ကျန်းမုန့်လောင်၏လက်ချက်ဟုတ်မဟုတ် တိုက်ရိုက်ထုတ်မေးသင့်လား။ ကျန်းမုန့်လောင်ကသာ ဝန်ခံလိုက်ပါလျှင် ထူးဆန်းနေဦးမည်။

မိသားစုနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို လေပြည်သွေးလိုက်ရမလား။ သူက ကျန်းမုန့်လောင်၏မိတ်ဆွေလည်း မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့သောနည်းလမ်းမျိုးဖြင့် ချဉ်းကပ်၍မရကြောင်း ဦးနှောက်တစ်ပိုင်းသေနေသူတစ်ယောက်ပင် နားလည်သည်။

သို့သော် ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်လိုက်ပြီဖြစ်ရာ ခွတ်ရှ်လည်း ဤအကြောင်းကို ဆက်မစဉ်းစားနိုင်တော့ပေ။

"ဟယ်လို ကျန်းမုန့်လောင်ပါ"

ကျန်းမုန့်လောင်၏လေသံက "ခင်ဗျား ဘာကိစ္စကိုပြောချင်လို့လဲ"ဟူသော အငွေ့အသက်ကို သယ်ဆောင်ထားသည်။ ဘရာမန်နိုင်ငံက ဤရက်ပိုင်းအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် သူ့ကို စတင်သံသယဝင်ကြတော့မည်ဖြစ်ကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိထားသည်။

သို့သော် ကျန်းမုန့်လောင်ကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး ဘာသဲလွန်စမှ မချန်ထားသည့်အတွက် တုန်လှုပ်ခြင်းအလျဉ်းမရှိပေ။ ထို့ပြင် ဘရာမန်နိုင်ငံသားများ သူထံသို့ရောက်လာမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ သူတို့ဘက်ကသာ တိတ်ဆိတ်နေပါက သူကလည်း ဒေါသများကို ဘယ်နေရာမှာ သွားပုံချရမည်နည်း။

"မစ္စတာကျန်း မင်္ဂလာပါ..ခွတ်ရှ်ပြောနေတာပါ။ ကျွန်တော်တို့ သိပ်မကြာခင်တုန်းက ဆက်သွယ်ခဲ့သေးတယ်လေ"

"ဪ ခွတ်ရှ်လား"

ကျန်းမုန့်လောင်က ပေါက်တတ်ကရများ စပြောလေတော့သည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျုပ်ရဲ့ကမ်းလှမ်းချက်က ဘယ်လိုအခြေအနေရှိလဲ။ ခင်ဗျားရဲ့ Appleလုပ်ငန်းစုက အခုဆိုရင် ဒေါ်လာ၂.၁ထရီလီယံရှိနေပြီနော်။ ကျုပ် ခင်ဗျားကို ၃ထရီလီယံနဲ့ ကမ်းလှမ်းထားတာ။ အဲဒီဈေးနှုန်းက နစ်နာအောင်လုပ်ထားတာမရှိပါဘူး။ ငွေသားနဲ့ တစ်ခါတည်းချေမှာနော်"

ခွတ်ရှ်ခမျာ ဘာပေါက်ကရတွေပြောနေတာလဲဟု တွေးရင်း ကြောင်အသွားရလေသည်။ သူက ဘရာမန်နိုင်ငံမှ စာချုပ်စာတမ်းသက်သေခံရှေ့နေရုံးမှ ခွတ်ရှ်ဖြစ်၏။ အမေရိကန်ဘက်က ဖုန်းထုတ်လုပ်သည့် ခွတ်ရှ်မဟုတ်ပေ။ နာမည်ကို မခွဲခြားတတ်ဘူးဆိုလျှင်ပင် အနည်းဆုံးတော့ အင်္ဂလိပ်စကားနှင့် ဘရာမန်ဘာသာစကားကိုတော့ ခွဲခြားတတ်သည်မဟုတ်လား။

Appleလုပ်ငန်းစုကို ငွေသားဒေါ်လာ၃ထရီလီယံဖြင့် ဝယ်ယူခြင်းတဲ့လား။

မင်းက ဘယ်သူ့ရှေ့မှာ ကြီးကျယ်ပြနေတာလဲ?

"မစ္စတာကျန်း..ကျွန်တော်က ဘရာမန်နိုင်ငံရဲ့ စာချုပ်စာတမ်းသက်သေခံရှေ့နေရုံးက ခွတ်ရှ်ပါ။ ခင်ဗျားပြောတဲ့ခွတ်ရှ်မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က တမင်လုပ်နေမှန်းသိသဖြင့် ခွတ်ရှ်လည်း တိတ်တဆိတ်သည်းခံရုံသာ တတ်နိုင်သည်။

"အိုး အိုး.. ဟားဟားဟား ဆောရီး မစ္စတာခွတ်ရှ်.. ကျုပ်က Appleကုမ္ပဏီကိုဝယ်ဖို့ အလုပ်ရှုပ်နေတာနဲ့ ခင်ဗျားကို လူမှားသွားတာ"

ကျန်းမုန့်လောင်က တောင်းပန်လိုဟန်အလျဉ်းမရှိပါဘဲ ပြောလိုက်လေသည်။

"မစ္စတာခွတ်ရှ်က ကျုပ်ကို ဘာလို့ဖုန်းဆက်ရတာလဲ။ ခင်ဗျား အဲဒီသေတမ်းစာကို ရှာတွေ့ပြီလား"

"မစ္စတာကျန်း အစကတည်း အဲဒီလိုသေတမ်းစာမျိုးမရှိဘူးလို့ ကျွန်တော် သေချာပြောခဲ့ပြီးပြီလေ။ ဒီတော့ ရှာတွေ့စရာလည်း မရှိဘူးမလား"

"ဒါဆို ခင်ဗျားက ကျုပ်ကို ဘာလို့လာနှောင့်ယှက်တာလဲ။ ငတုံး အချိန်ကုန်တယ်"

ဤသို့ဖြင့် ကျန်းမုန့်လောင်လည်း ဖုန်းချလိုက်လေတော့သည်။

ဤလူက ရုပ်ပြောင်းရုပ်လွှဲများ လေ့ကျင့်ထားသလားဟုတွေးရင်း ခွတ်ရှ်ခမျာ တစ်ဖက်တွင် မျက်ရည်ကျလုနီးပါးပင်။ ခဏလေးအတွင်း သူ့သဘောထားကို ဘယ်လိုလုပ်ပြီး ပြောင်းနိုင်ရတာလဲ။ တစ်ဖက်လူကို စကားပြောဖို့ အချိန်လေးတောင် မပေးနိုင်ဘူးလား။

ထိုအချိန်တွင် သူ လက်လျှော့လိုစိတ်ဖြစ်လာသော်လည်း ကိုယ့်ကိုယ်ကိုယ် အားပြန်တင်း၍ ကျန်းမုန့်လောင်ကို ဖုန်းဆက်လိုက်ရသ်ည။

"မစ္စတာကျန်း ကျွန်တော်က ခွတ်ရှ်ပါ။ ကျွန်တော်က…"

"ဪ မစ္စတာခွတ်ရှ်လား" အဟားဟား.. ခုနတုန်းက ခင်ဗျားနဲ့ နာမည်ချင်းချွတ်စွပ်တူတဲ့လူတစ်ယောက်က ဖုန်းခေါ်သေးတယ်။ ကျုပ်လည်း ခင်ဗျားနဲ့လွဲတော့မလို့"

ခွတ်ရှ်ခမျာ နဖူးကြောများ တဒုတ်ဒုတ်ခုန်လာသည်ကို ခံစားမိပြီး လူသတ်ချင်စိတ်ကို ချိုးနှိမ်ကာ အသံခပ်တိုးတိုးဖြင့် ပြောလိုက်ရသည်။

"မစ္စတာကျန်း..ကျွန်တော်က ခုနတုန်းက ဖုန်းခေါ်တဲ့ ခွတ်ရှ်ပါပဲ"

"ဘာလို့ ခင်ဗျားပဲ ထပ်ဖြစ်နေရတာလဲ။ အရေးကြီးကိစ္စမရှိရင် ကျုပ်ကို လာမနှောင့်ယှက်နဲ့။ ကျုပ်က Appleကုမ္ပဏီကို ဝယ်မလို့လုပ်နေတာ"

"နေပါဦး မစ္စတာကျန်း..ကျေးဇူးပြုပြီး ဖုန်းမချပါနဲ့"

ခွတ်ရှ်မှာ အလျင်စလိုပြောလိုက်၏။

"ကျွန်တော် ခင်ဗျားပြောတဲ့သေတမ်းစာကို တကယ်မမြင်ဖူးတာပါ။ ဒါပေမဲ့ ကတိပေးပါတယ်။ တကယ်ရှိခဲ့တယ်ဆိုရင် ကျွန်တော် ခင်ဗျားအတွက် ရအောင်ရှာပေးမှာပါ"

"ဘာလို့စောစောကမပြောတာလဲ"

ကျန်းမုန့်လောင် လှောင်ပြုံးပြုံးလိုက်လေသည်။

"အခု ခင်ဗျား ဘာလိုချင်လို့လဲ။ ကျုပ်က အရမ်းအလုပ်များနေတာ။ အမေရိကန်ဒေါ်လာ၃ထရီလီယံတန်ဖိုးရှိတဲ့ အရောင်းအဝယ်ကိစ္စတစ်ခု ဆွေးနွေးစရာရှိတယ်"

ခွတ်ရှ်ကတော့ ရူးမတတ်ပင်။ Appleကုမ္ပဏီကို ငွေသား၃ထရီလီယံနဲ့ဝယ်မဲ့အကြောင်း ပြောနေတာကို ရပ်ပေးလို့ရမလား? မဟာလက်စ်မိသားစု၏ ကြွယ်ဝချမ်းသာမှုတွေအားလုံးပေါင်းလျှင် ဒေါ်လာ၃ထရီလီယံရှိ၏။ ဤသည်မှာ အရိပ်အမြွက်တစ်ခု ပေးနေခြင်းဟု သူ သံသယဖြစ်မိသည်။

"မစ္စတာကျန်း.. ခင်ဗျား လတ်တလောတုန်းကပဲ ရွှီလိနယ်မြေကို အလည်အပတ်သွားခဲ့တယ်လို့ သိရပါတယ်"

"ဟုတ်တယ်လေ။ အဲဒါဘာဖြစ်လဲ။ ကျုပ်က ခင်ဗျားတို့နိုင်ငံသားမဟုတ်ဘူးနော်။ ကျုပ် ဘယ်သွားသွား ဘာလို့ဂရုစိုက်နေတာလဲ"

"မစ္စတာကျန်း အဲဒီနေရာက အရမ်းအန္တရာယ်များတာ။ စစ်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လေ။ ခင်ဗျားက အဲဒီကိုဘာသွားလုပ်တာလဲ"

"ပေါက်ကရတွေ။ သွားလည်တာပေါ့။ ဘာရှိရမှာလဲ"

ကျန်းမုန့်လောင်ကမူ အားနာခြင်းအလျဉ်းမရှိဘဲ ပြောလိုက်သည်။

"ကျုပ် ဗီလာအသစ်တစ်လုံးဝယ်ထားလို့ အလှဆင်ဖို့အတွက် ရွှီလိစတိုင်လ်ကို ကိုးကားချင်လို့သွားခဲ့တာ။ မရဘူးလား"

ခွတ်ရှ်ခမျာ ဆွံ့အသွားရလေသည်။ မြောက်ဥရောပ၊ မြေထဲပင်လယ်၊ အမေရိကန်နှင့် ဂျပန်စတိုင်တို့အကြောင်းတော့ သူသိသည်။ သို့သော် ရွှီလိစတိုင်လ်ဟူ၍ မကြားဖူးချေ။ ဤသည်မှာ အရာအားလုံးကို ပျက်စီးသွားစေသည့် စတိုင်လ်များလား။

ရူးနေတာလား? စိတ်မှန်တဲ့ဘယ်သူကများ အဲဒီလိုစတိုင်လ်မျိုးရှိတဲ့ အိမ်မျိုးမှာ နေချင်မှာလဲ?

"မစ္စတာကျန်း ကျုပ်တို့နိုင်ငံနဲ့ တန်ဘတ်နိုင်ငံကြားက လတ်တလောစစ်ရေးအကြောင်း ခင်ဗျား သတိထားမိလား"

"ဒါပေါ့။ ခင်ဗျားတို့တွေ အဆော်ခံနေရတယ်မဟုတ်လား။ စစ်အကျဉ်းသားတွေကို စစ်မြေပြင်ရှေ့တန်းကို ဆွဲခေါ်လာပြီး အမျိုးသမီးအဝတ်အစားတွေ ဝတ်ခိုင်းခဲ့တာလေ။ ပြီးတော့ ဇောက်ထိုးခေါင်းလျှော်တာရော ဇောက်ထိုးခေါက်ဆွဲပြုတ်စားတာရော။ ပြာနဲ့ရောထားတဲ့ရေတွေကို ဇောက်ထိုးရှူခဲ့ရသေးတယ်လေ။ အရမ်းရယ်ရတာပဲ!"

"မင်းအမေကို ရယ်ရတာလား။ ဒီကိစ္စက မင်းနဲ့သာ မသက်ဆိုင်ဘူးဆိုရင် ငါလည်း ဇောက်ထိုးဆွဲပြမယ်"

ခွတ်ရှ်က စိတ်ထဲတွင် ထိုသို့တွေးရင်း ကျန်းမုန့်လောင်၏ ဒေါသထွက်ချင်စရာကောင်းသောအသံကို နားထောင်ကာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

"မစ္စတာကျန်း.. ဒီကိစ္စက ခင်ဗျားနဲ့မပတ်သက်တာ သေချာလား"

ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကျန်းမုန့်လောင်က မကျေမချမ်းလေသံဖြင့် ပြောလာလေသည်။

"မစ္စတာခွတ်ရှ်… ခင်ဗျား မစင်ကို စားချင်တိုင်းစားလို့ရတယ်။ စကားကိုတော့ ပြောချင်တိုင်းပြောလို့မရဘူး။ ခင်ဗျားမှာ သက်သေရှိလား"

****************

All Chapters