← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 33 Ch. 484

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 33 Ch. 484

"အရမ်းကြမ်းတာပဲ"

လူကာနှင့် ဆင်းတိုတို့က ကျန်းမုန့်လောင်ကို ကြည့်လိုက်မိကြသည်။ သူတို့၏နှုတ်ခမ်းအစုံကား အဆက်မပြတ်တုန်ယင်နေချေသည်။

အစတုန်းကတော့ ကျန်းမုန့်လောင်ဘက်က ဤအခြေအနေကို ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်ဟု သူတို့ ထင်ထားခဲ့မိသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ မားမားမတ်မတ်ရပ်တည်ခဲ့ရုံသာမက ဘရာမန်နိုင်ငံကိုပါ မျက်နှာဖြတ်ရိုက်ပြနိုင်ခဲ့လိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။

ယခုလက်ရှိတွင် တန်ဘတ်နိုင်ငံသည် ဂိမ်းထဲတွင် လှည့်စားထားသလိုမျိုး ရုတ်တရက်ကြီး ဘာသာရေးခေါင်းစဉ်အောက်တွင် ကာကွယ်ခံနေရသူများပါမကျန် သူတို့လမ်းတွင် ပိတ်ဆို့နေသမျှလူတိုင်းကို ဘာကြောင့်ရှင်းထုတ်နေရသလဲဆိုတာကို ဘရာမန်နိုင်ငံဘက်က မသိရှာပေ။ သူတို့ခမျာ တန်ဘတ်နိုင်ငံက နိုင်ငံတစ်ခုခုနှင့် ထုတ်မပြောအပ်သော အပေးအယူများလုပ်ထားသလားဆိုတာကို လေ့လာရန်အတွက် အစည်းအဝေးများပင် ကျင်းပကြရသည်။

သို့သော် ဤကိစ္စ၏မူလဇစ်မြစ်မှာ သူတို့အနေနှင့် ကျန်းမုန့်လောင်ကို စော်ကားမိထားသောကြောင့်ဖြစ်ကြောင်း လုံးဝမတွေးမိချေ။

လူကာနှင့် ဆင်းတိုတို့မှာ စိတ်သက်သာရာရသွားသည်။ ကံကောင်းသလိုလည်း ခံစားမိသည်။

တကယ်တမ်းတွင် ကျန်းမုန့်လောင်မရောက်လာခင်တုန်းက လက်ရှိအချိန် မဟာလက်စ်မိသားစုထဲ၌ ဩဇာအာဏာကြီးမားသော မိသားစုဝင်နှစ်ယောက်က အာဏာရှင်ကျန်းမုန့်လောင်ကို ဆန့်ကျင်ရာတွင် သူတို့ကိုပါ ပါဝင်စေလိုသောကြောင့် သူတို့ထံသို့ ချဉ်းကပ်ခဲ့သေးသည်။

လက်တွေ့တွင်မူ လူကာနှင့် ဆင်းတိုတို့က ကျန်းမုန့်လောင်ကို အထူးတလည်ဂရုစိုက်လှသည်မဟုတ်ချေ။ သို့သော် သူတို့မိဘများထံမှ ဦးနှောက်ဆေးခံထားရသည့်အပြင် နတ်ဘုရားများကို အယုံအကြည်ရှိသူများဖြစ်သည့်အလျောက် သစ္စာဖောက်မိလျှင် သေလွန်သောအခါ သူတို့၏ဝိညာဉ်က ငရဲသို့ သက်ဆင်းရလိမ့်မည်ဟု ယုံကြည်ထားသည်။

ဤအကြောင်းပြချက်ကြောင့် ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်၏။

သို့သော် ယခုမူ သူတို့၏ရွေးချယ်မှုက မှန်ကန်ခဲ့ပုံပင်။ အကြောင်းမှာ ဤဖြစ်ရပ်၏အကျိုးဆက်များမှာ ပြင်ပသို့ ပျံ့နှံ့ရန် သိပ်ကြာတော့မည်မဟုတ်ချေ။ အဆုံးတွင် ဘရာမန်နိုင်ငံကလည်း လက်သည်တရားခံက ကျန်းမုန့်လောင်ဖြစ်ကြောင်း သေချာပေါက် သိသွားပေလိမ့်မည်။

သို့သော် သူတို့တွင် သက်သေမရှိပေ။ ကျန်းမုန့်လောင်က ဤကိစ္စနှင့် ပါဝင်ပတ်သက်မှုမရှိသလို ပြုမူခဲ့သောကြောင့်ပင်။ တန်ဘတ်နိုင်ငံက သူတို့၏စစ်ရေးအင်အားများမှာ ကျန်းမုန့်လောင်ထံမှ ရခဲ့ကြောင်း ဝန်ခံလာရန် မျှော်လင့်နိုင်လေသလား။ အိပ်မက်သာ မက်နေရုံပင်။

ကျန်းမုန့်လောင်ကသာ သူ့ပါဝင်ပတ်သက်မှုကို ငြင်းဆိုနေမည်ဆိုပါက ဤကိစ္စတစ်ခုလုံးမှာ သူနှင့် လုံးဝမပတ်သက်ပေ။ ဘာဆက်ဖြစ်မလဲဆိုတာကတော့ ကျန်းမုန့်လောင်အပေါ်တွင်သာ မူတည်ပေသည်။

အရှုံးမပေးဘူးလား? အလျှော့မပေးဘူးလား?

မင်းတို့တွေဘက်က တင်းခံနေမယ်ဆိုရင်လည်း ရတယ်လေ!

သို့သော် တန်ဘတ်နိုင်ငံနှင့် ဘရာမန်နိုင်ငံ၏ တိုက်ပွဲနေရာကား ဤနေရာတစ်နေရာတည်း ရှိသည်မဟုတ်ပေ။ သူတို့ထံတွင် နယ်မြေ၏သုံးဆလောက် ပါသွားသေးသည်။ ထိုမြေများအားလုံးမှာ သမိုင်းကြောင်းထဲတွင် စစ်ပွဲ၏အောင်နိုင်သူအနေနှင့် ဘရာမန်နိုင်ငံမှ သိမ်းယူသွားသော မြေနေရာများပင်။

သို့သော် ဤနေရာသုံးခုနှင့်ပတ်သက်ပြီး ဘာနိုင်ငံတကာကောက်ချက်မှမရှိပေ။

ဘာကောက်ချက်မှမရှိသည့်အတွက် ထိုနယ်မြေများကို အင်အားကြီးသူကသာ အပိုင်ဖြစ်၏။

ဆက်ဖြစ်မည့်အရာကား သွေးမုန်တိုင်းများဖြစ်ကြောင်း ခန့်မှန်းကြည့်ဖို့ မခက်ပေ။ မကြာခင်မှာပင် တန်ဘတ်နိုင်ငံ၏ လေယာဉ်များနှင့် တင့်ကားများက ထိုနယ်မြေကို စတင်ဗုံးကြဲပေလိမ့်မည်။ ဘရာမန်နိုင်ငံ၏ လက်ရှိစစ်ရေးအင်အားအရဆိုပါက တစ်လလောက်တောင့်ခံနိုင်လျှင်ပင် အထင်ကြီးဖို့ကောင်းနေလေပြီ။

ယခင်တုန်းက ဤနယ်မြေကိုသိမ်းပိုက်နိုင်ရန်အတွက် သူတို့ ငါးနှစ်လောက် အချိန်ယူခဲ့ရသည်။

ညှိနှိုင်းဆွေးနွေးရေးလား? အားနည်းသူဘက်က ဘာညှိနှိုင်းဆွေးနွေးခွင့်မှမရှိပေ။

နိုင်ငံတကာအင်အားစုများကို ကြားဝင်လာစေချင်သလား?

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက တန်ဘတ်နိုင်ငံ တိုက်ခိုက်ခံခဲ့ရသည့်တိုင် မည်သူမှ ဂရုမစိုက်ခဲ့ကြချေ။ ယခု ဘရာမန်နိုင်ငံ တိုက်ခိုက်ခံရသည့်အချိန်ကျမှ ဝင်ပြောပေးမည်တဲ့လား။ ဤသည်မှာ သက်သက်အနိုင်ကျင့်နေခြင်းပင်မဟုတ်လား။ ထိုကဲ့သို့သောလုပ်ရပ်များမှာ နိုင်ငံတကာစကားရည်လုများအထိ ဖြစ်ပေါ်စေနိုင်ခြင်းမရှိသော်ငြား ထိုပြောရေးဆိုခွင့်ရှိသူများ၏ ယုံကြည်စိတ်ချရမှုကိုတော့ ထိခိုက်စေနိုင်သည်။ သူတို့တွင်သာ အသိတရားရှိသည်ဆိုပါက ဤရေနောက်ထဲကို ဝင်ပါမည်မဟုတ်ချေ။

ကျန်းမုန့်လောင်နှင့် တန်ဘတ်နိုင်ငံကြားတွင် ဘယ်လိုသဘောတူညီချက်မျိုး ယူထားသလဲဆိုတာကိုတော့ လူကာနှင့် ဆင်းတိုတို့ သေချာမသိပေ။ သို့သော် သေချာတာတစ်ခုတော့ရှိ၏။ ကျန်းမုန့်လောင်က မရပ်ခိုင်းသရွေ့ သူတို့ကလည်း ဆက်လုပ်နေမည်သာ။

ထိုသို့ဆိုလျှင် ဘရာမန်နိုင်ငံ၏ ဆုံးရှုံးနစ်နာမှုများမှာ အမေရိကန်ဒေါ်လာသုံးထရီလီယံနီးနီးမျှသာ မကတော့ဘဲ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကလည်း အပြင်းအထန်ဆုတ်ယုတ်သွားလိမ့်မည်။

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုများကို ကျန်းမုန့်လောင် ဂရုမစိုက်ချေ။ သို့သော် သူတို့ဘက်က သူနှင့် လာကစားချင်သည်ဆိုပါက ကျန်းမုန့်လောင်ကလည်း အဆုံးအထိ ဝင်ကစားပေးလိုက်မည်သာ။ ထို့ပြင် ဤသည်မှာ အစသာရှိသေးသည်။

အစတုန်းက လူကာနှင့် ဆင်းတိုတို့သာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့မိပါက...

ဟစ်!

ဘယ်လိုအကျိုးဆက်မျိုးနှင့် ကြုံတွေ့ရမလဲဆိုတာကို သူတို့ မတွေးရဲပေ။

...

ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုက သုံးနာရီကြာမြင့်သည်။ ထိုအတောအတွင်း၌ ဟွာရှားလူမျိုးများ၏ဉာဏ်ရည်ကို တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ကြသည်။ အွန်လိုင်းပေါ်တွင် ရှဲနေကြသည့် ဟာသများနှင့် memesများက အသက်ပင်။ အရေးအကြီးဆုံးမှာ ဤနည်းလမ်းများက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို သိပ်မဖြစ်စေနိုင်သော်လည်း စိတ်ဒဏ်ရာကတော့ ပြောကုန်ဖွယ်ရာမရှိပေ။

သုံးနာရီအကြာတွင် အပြစ်ပေးရန် တာဝန်ယူထားသော တန်ဘတ်နိုင်ငံမှ စစ်သားများပင် ခြေကုန်လက်ပန်းကျကုန်လေသည်။ ပင်ပန်းသောကြောင့်မဟုတ်ပါဘဲ ရယ်ရလွန်းသောကြောင့်ပင်။

စစ်မြေပြင်ထက်တွင် ဆန့်ကျင်ဘက်ခံစားချက်နှစ်မျိုး ပေါ်ပေါက်နေလေသည်။ တန်ဘတ်နိုင်ငံဘက်တွင် လူတိုင်းက ပွဲတော်ကျင်းပနေသည့်အလား စိတ်လှုပ်ရှားပျော်ရွှင်နေကြပြီး ဘရာမန်နိုင်ငံဘက်တွင်မူ သုန်မှုန်ထိုင်းမှိုင်းနေရှာသည်။

ထိုအခိုက်ဝယ် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပွဲကြည့်သူများ ပြောချင်နေသည့်စကားမှာ တစ်ခွန်းတည်းသာ။

"ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုက ဒွန်တွဲနေတာပါ။ ငါကတော့ သူတို့ကို နားညည်းတယ်လို့ထင်မိတယ်…"

"ကဲ အားလုံး ပင်ပန်းသွားကြပြီ။ မနက်ဖြန်ကျမှ ပြန်လာကြစို့"

ဗိုလ်ချုပ်အက်ဖ်ဖူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ ဤသည်မှာ သူ့ဘဝ၏ အတောက်ပဆုံးနှင့် ဂုဏ်အရှိဆုံးအခိုက်အတန့်လေးပင်။

"မနက်ဖြန်မှ ပြန်လာမယ်တဲ့လား"

သတင်းထောက်များအားလုံး ကြက်သေသေကုန်ကြသည်။

ဒီနေ့ ဒီလောက်နှိပ်စက်ပြီးထားတာတောင် မလုံလောက်သေးဘူးလား?

အက်ဖ်ဖူက သူ့လက်ထဲရှိ စာရွက်ကို တစ်ချက်ကြည့်လိုက်၏။

"ဒီနေ့ အရှက်ခွဲနည်းသုံးဆယ့်ခြောက်ဖြာထဲက ခြောက်နည်းကိုပဲ သုံးရသေးတယ်။ နောက်ငါးရက်အတွင်း ကျန်တာတွေကို ဆက်လုပ်ကြတာပေါ့"

အက်ဖ်ဖူက သတင်းထောက်များကို ပြောလိုက်၏။

"ခင်ဗျားတို့တွေ သတင်းသွားရေးလို့ရပါပြီ။ ဒီထုတ်ပြန်ချက်က ကျုပ်တို့ရဲ့ရပ်တည်ချက်ကို ကိုယ်စားပါတယ်။ ဘရာမန်နိုင်ငံဘက်က လက်နက်ချပြီး ကျုပ်တို့ရဲ့တောင်းဆိုချက်တွေကို သဘောမတူသရွေ့ ကျုပ်တို့ကလည်း နေ့တိုင်း ဒီတင်ဆက်မှုတွေကို လုပ်နေမှာ"

….

တိုက်ရိုက်ထုတ်လွှင့်မှုကား ပြီးဆုံးသွားလေပြီ။ သို့သော် သက်ရောက်မှုကတော့ ကျန်ရစ်နေဆဲသာ။ တိုက်ရိုက်ထုတ်လွှင့်မှုကို မှတ်တမ်းတင်ထားသော ဗီဒီယိုကလည်း နိုင်ငံအများအပြားသို့ ပျံ့နှံ့သွားပြီး Youtubeနှင့် Facebookကဲ့သို့သော ဆိုရှယ်မီဒီယာများတွင် ပျံ့နေလေသည်။

ထိုညတုန်းက ကြည့်ရှုနှုန်းမှာ သန်းနှစ်ရာကျော်သွားခဲ့ပြီး နောက်တစ်နေ့မနက်တွင်မူ သန်းငါးရာကျော်သွားခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ။ ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြကြစမ်းပါ"

ဘရာမန်နိုင်ငံ၏ ထိပ်သီးအရာရှိများမှာ ဒေါသူပုန်ထနေကြသည်။

ဘရာမန်နိုင်ငံဆိုသည်မှာ သမိုင်းကြောင်းအစဉ်အလာကြီးမားသော နိုင်ငံတစ်ခုဖြစ်သဖြင့် သူတို့ ဂုဏ်ယူခဲ့ရသည်။

သို့သော် ဤစစ်ပွဲမှာ နှစ်တစ်ရာတိုင်အောင် မဖယ်ရှားနိုင်တော့မည့် အကျည်းတန်လှသော တံဆိပ်တစ်ခုကို သူတို့ထံတွင် တံဆိပ်ရိုက်လိုက်လေသည်။ ထို့ကြောင့် ဤနိုင်ငံအကြောင်း ပြောကြသည့်အခါ ယနေ့ အရှက်ခွဲခံခဲ့ရသည့် အဖြစ်ကိုပါ တွေးမိကြလိမ့်မည်။

ခွတ်ရှ်က စာချုပ်စာတမ်းသက်သေခံရှေ့နေရုံး၏ ဘော့စ်တစ်ယောက်မျှသာ ဖြစ်သော်ငြား နိုင်ငံတကာအရေးကိစ္စများကိုလည်း စောင့်ကြည့်လေ့လာတတ်သူပင်။ ထိုတိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းအစကို ကြည့်ပြီးနောက် သူ့အမူအရာကား သုန်မှုန်သွားချေသည်။

ဤဖြစ်ရပ်ကား လွန်ခဲ့သည့်ရက်ပိုင်းတုန်းက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် ရှုပ်ထွေးပြီး မရှင်းလင်းသည့်နည်းလမ်းတစ်မျိုးမျိုးဖြင့် ပတ်သက်ဆက်နွှယ်နေသည်ဟု တစ်ချိန်လုံးခံစားမိသည်။

"ခင်ဗျားတို့ စစ်ဖြစ်နေတယ်ဆို?"

ထိုစကားက သူ့ခေါင်းထဲ ရုတ်တရက်ပေါ်ပေါက်လာသည်။ ဟွာရှားနိုင်ငံမှ ကျန်းမုန့်လောင်ဟာ ဤစကားများကို သိပ်မကြာခင်တုန်းက ‌ပြောသွားခဲ့သည်။

အစတုန်းကတော့ ဒေါသကို ဖြေဖျောက်ရုံသက်သက် ပြောသွားသည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ ဤမျှအထိ ရိုးရှင်းဟန်မတူပေ။

သူလည်း ချက်ချင်းဆိုသလို လူဝင်မှုကြီးကြပ်ရေးအတွက် တာဝန်ရှိသော မိတ်ဆွေတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။ ကျန်းမုန့်လောင်က သိပ်မကြာခင်တုန်းက ဘရာမန်နိုင်ငံထဲက သုံးရက်လောက်ထွက်သွားခဲ့သေးကြောင်း သူ့အား ပြောပြလေသည်။ စာရင်းမှတ်တမ်းများထဲကအတိုင်းဆိုပါက သူ့ဦးတည်ရာမှာ ရွှီလိနယ်မြေဟု သိရသည်။

အချိတ်အဆက်များအားလုံးက ယခုတော့ ရှင်းလင်းသွားလေပြီ။

ရွှီလိဆိုသည်မှာ ဘယ်လိုနေရာလေလဲ။ စစ်ပွဲများ မရပ်မနားဖြစ်ပွားနေသည့် စစ်မြေပြင်တစ်ခုပင်။

ထိုနေရာတွင် ဘယ်လိုလူစားမျိုးတွေ ရှိပါသလဲ။ နှစ်မျိုးနှစ်စားသာရှိ၏။ လူမိုက်များနှင့် စစ်ပွဲမှတစ်ဆင့် အမြတ်ထုတ်လိုသူများပင်။ စစ်သုံးယန္တရားများကိုသာ ဝယ်ယူလိုပါက ထိုနေရာက မှန်ကန်သော ရွေးချယ်မှုတစ်ခုပင်။

ထိုကိရိယာအမြောက်အများကို ကျန်းမုန့်လောင် ဘယ်လိုဝယ်ယူနိုင်ခဲ့သလဲဆိုသည်ကိုမူ ခွတ်ရှ် မတွေးတတ်သော်လည်း သူမတွေးတတ်တိုင်း ကျန်းမုန့်လောင်က မလုပ်နိုင်တာမျိုး မဟုတ်ချေ။

ဤကိစ္စနှင့် တန်ဘတ်နိုင်ငံ၏ နည်းလမ်းများနှင့် စတိုင်လ်များကို ပေါင်းစပ်လိုက်သော် ဤလက်ရာကား ဟွာရှားလက်ရာပင်တည်း။ ကျန်းမုန့်လောင်၏လက်ရာပင်တည်း။

ဤကိစ္စများအားလုံးကို သဘောပေါက်လိုက်ချိန်မှာ အဖြေတစ်ခု ပေါ်ထွက်လာသည်။

ကျန်းမုန့်လောင်၏စကားများမှာ အပေါ်ယံစကားသက်သက်မဟုတ်ပေ။ ကျန်းမုန့်လောင်မလုပ်နိုင်သောအရာဟူ၍ မရှိကြောင်း လုပ်ရပ်မှတစ်ဆင့် သက်သေပြလိုက်ခြင်းပင်။

****************

All Chapters