အခန်း (၂၇၀၁)
Vol. 116 Ch. 2701
“မင်းမှာ တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေတာလား…” တန်ကျွင်းဟောင်က မေးလိုက်သည်။
တောင်နဲ့မြစ်ခေါင်းလောင်းမှန်း သိနေသည့်အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းသည် ဟိုးယခင်အချိန်အခါများက ရှေးဟောင်းကုန်းမြေထဲတွင် တည်ရှိခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီခန့်က ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှ ရှေးဟောင်းကုန်းမြေထဲသို့သွားရင်း ထိုတောင်နဲ့မြစ်ခေါင်းလောင်းကို ရရှိခဲ့ကာ ယွမ်တင်းမဟာဧကရာဇ် ဖြစ်လာခဲ့သည်ဟူသော သမိုင်းကြောင်းကိုလည်း သိထားပေသည်။
ထိုစဉ်က တောင်နဲ့မြစ်ခေါင်းလောင်းကို ပိုင်ဆိုင်ခဲ့သော ယွမ်တင်းမဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေး၏ ထိပ်တန်းပညာရှင်များအနက် တစ်ပါးဖြစ်ခဲ့ကာ မဟာဧကရာဇ်များကြား သူ့ခွန်အားသည် ထိပ်ဆုံးသုံးယောက်ထဲ ပါဝင်ပေသည်။ ကံမကောင်းစွာဖြင့် ယွမ်တင်းမဟာဧကရာဇ်မှာ မဟာဧကရာဇ်စစ်ပွဲတွင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး တောင်နဲ့မြစ်ခေါင်းလောင်းမှာလည်း ထိုအချိန်တည်းက ပျောက်ကွယ်သွားခဲ့ရလေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းသည် လွန်ခဲ့သောနှစ်များအတွင်း ကြယ်ပျက်ပင်လယ်ထဲ၌ ရှိနေသည်ဟု ကောလဟာလများ ရှိခဲ့ပါသော်ငြား လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း ထိုတောင်နဲ့မြစ်ခေါင်းလောင်းကို မည်သူမျှ မတွေ့ခဲ့ရဖူးချေ။
ထို ပျောက်ကွယ်နေသည်မှာ အလွန်တရာကိုမှ ကြာနေပြီဖြစ်သော တောင်နဲ့မြစ်ခေါင်းလောင်းကို ရန်ကိုင်၏လက်ထဲတွင် ပြန်မြင်တွေ့ရလိမ့်မည်ဟု တန်ကျွင်းဟောင်မထင်ထားခဲ့ချေ။
ကြယ်ပျက်ပင်လယ်ပွင့်သွားသည်မှာ နှစ်အနည်းငယ်ခန့်သာ ကြာပေသေးသည်။ ကြည့်ရသလောက် ဤကောင်လေးသည် တောင်နဲ့မြစ်ခေါင်းလောင်းကို ကြယ်ပျက်ပင်လယ်ထဲမှ ရရှိခဲ့သည့်ပုံပင်။
ရန်ကိုင်တွင် သီးခြားကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားသော ရတနာတစ်မျိုးဖြစ်သည့် ကမ္ဘာငယ်လေး ရှိနေခဲ့သည်။ ထိုမျှသာမဟုတ်သေးဘဲ အလွန်တရာကိုမှ အဖိုးအနဂ္ဂထိုက်တန်သည့် အင်မော်တယ်သစ်ပင်လည်း ရှိနေသေးသည်။ ယခု တောင်နဲ့မြစ်ခေါင်းလောင်းသည်ပင်လျှင် သူ့လက်ထဲ၌ ရှိနေခဲ့လေသည်။
ထိုရတနာသုံးခုလုံးအနက် တစ်ခုခုကို ပိုင်ဆိုင်ထားရမည်ဆိုလျှင်ပင် အလွန့်အလွန်ကိုမှ ကံကောင်းလွန်းခဲ့ပြီဖြစ်လေရာ ဤလူငယ်လေးကမူ ထိုရတနာသုံးခုစလုံးကို ပိုင်ဆိုင်ထားခဲ့လေသည်။
ထိုကောင်၏ကံသည် ဟုတ်မှဟုတ်ပါလေရဲ့လော။
ထိုရတနာအားလုံးကို ရရှိထားရလေအောင် ထိုကောင်လေး၏ကံသည် မည်မျှပင် ကောင်းလွန်းနေရလေသနည်း။
တန်ကျွင်းဟောင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး သူ့ရင်ထဲ အကြောက်တရားတို့ စတင်၍ ကိန်းအောင်းလာရတော့သည်။ သူမည်သို့ပင် ကြည့်စေကာမူ ရန်ကိုင်သည် သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ သို့သော်ငြား သူ့တိုက်ပွဲစွမ်းအားမှာ သာမန်ထက်ကို သာလွန်နေရုံမက သူပိုင်ဆိုင်ထားသည့် ရတနာများလည်း သာမန်လူများ ပိုင်ဆိုင်ရရန်မဆိုထားနှင့် မြင်ပင်မမြင်ဖူးသည့် အရာများ ဖြစ်ကြသည်။
ထိုကဲ့သို့သောလူမျိုးသည် ကံကြမ္မာကောင်းချီးကို ပိုင်ဆိုင်ထားလေ့ရှိကြပြီး သန်းနှင့်ချီသောလူများ မရောက်ရှိနိုင်သည့် အထွဋ်အထိပ်ဆီသို့ ရောက်ရှိနိုင်ကာ သိုင်းတာအို၏ အထွဋ်အထိပ်သို့ လျှောက်လှမ်းနိုင်ချေရှိသည့် လူများ ဖြစ်ကြပေသည်။ ထိုကဲ့သို့သောလူမျိုးသည် သာမန်ကာလျှံကာ အန္တရာယ်မျိုးလေးနှင့် ပျောက်ကွယ်သွားနိုင်သည့် လူမျိုးများ မဟုတ်ကြ။
တန်ကျွင်းဟောင်၏စိတ်ထဲ တွေးလိုက်လေ၏။ (ငါ ဒီကောင့်ကို ရန်စမိတာ မှန်ရောမှန်ရဲ့လား…) သူ့စိတ်ထဲ တစ်ခဏတာမျှ ထိုကဲ့သို့ တွေဝေသွားခဲ့ပါသော်ငြား ခဏကြာပြီးသည့်နောက်တွင် တန်ကျွင်းဟောင်၏ အမူအယာမှာ ရုတ်ချည်း ပြတ်သားသွားခဲ့လေသည်။ ရန်ကိုင်အား ရန်စပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးသည် တစ်မိုးအောက်ထဲ အတူနေရန် မဖြစ်နိုင်တော့ပေ။ ယနေ့တွင် သူတို့နှစ်ဦးအနက် တစ်ဦးသာ အသက်ရှင်ရပေလိမ့်မည်။
သူသာ ထိုကောင်လေးအား သတ်ပစ်နိုင်မည်ဆိုပါက သူပိုင်ဆိုင်ထားသည့် အရာအားလုံးသည် သူ့အပိုင် ဖြစ်လာမည်ဖြစ်ကာ မဟာဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်လိုသည့် သူ၏ဆန္ဒမှာလည်း ပြည့်ဝလာနိုင်ပေလိမ့်မည်။
သူ့အနေဖြင့် ရန်ကိုင်၏ ကံကြမ္မာကောင်းချီးကိုပင်လျှင် ခိုးယူကောင်း ခိုးယူနိုင်ပေသေးသည်။
“အရူးကောင်…” တန်ကျွင်းဟောင်သည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်၍ “မင်းသာ တောင်နဲ့မြစ်ခေါင်းလောင်းကိုသုံးပြီး ငါ့ကိုရင်ဆိုင်မယ်ဆိုရင် ငါမင်းကို ကြောက်ရင်ကြောက်ဦးမှာ… ဒါပေမယ့် တောင်နဲ့မြစ်ခေါင်းလောင်းကို မင်းကိုဓါးနဲ့ရွယ်နေတဲ့ ရန်သူတွေကို ကာကွယ်ပေးဖို့ သုံးလိုက်မယ်လို့ မထင်ထားခဲ့ဘူး… မင်းရဲ့ပျော့ညံ့တဲ့စိတ်က မင်းရဲ့ကျဆုံးရာ ဖြစ်လိမ့်မယ်…”
တောင်နဲ့မြစ်ခေါင်းလောင်း၏ ဂုဏ်သတင်းမှာ ကြယ်တာရာအစုအဝေးအနှံ့ ပျံ့နှံ့နေခဲ့သည်မှာ ကြာခဲ့လေပြီ။ တကယ်တော့ ထိုရတနာသည် ရှေးဟောင်းမှော်ရတနာတစ်ခုဖြစ်ကာ ယွမ်တင်းမဟာဧကရာဇ်၏ လက်စွဲတော်မှော်ရတနာတစ်ခုလည်း ဖြစ်ခဲ့သည် မဟုတ်ပေလော။ ရန်ကိုင်သာ တောင်နဲ့မြစ်ခေါင်းလောင်းကိုသုံး၍ တန်ကျွင်းဟောင်အား တိုက်ခိုက်လာခဲ့မည်ဆိုပါက တန်ကျွင်းဟောင်မှာ အလွန်ကိုမှ ဒုက္ခရောက်သွားရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့ မလုပ်ခဲ့ဘဲ ဧကရာဇ်အဆင့်ပညာရှင်များကို ကာကွယ်ပေးရန်သာ အသုံးပြုခဲ့လေသည်။
ထို့အတွက်ကြောင့် တန်ကျွင်းဟောင်မှာလည်း စိတ်သက်သာရာ ရသွားခဲ့ရလေ၏။
ရန်ကိုင်အတွက်မူ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးနှင့် ဧကရာဇ်ပထမ၊ ဒုတိယအဆင့် ပညာရှင်ပေါင်းများစွာကို ရင်ဆိုင်မည့်အစား ဧကရာဇ်တတိယအဆင့်တစ်ဦးတည်းကိုသာ ရင်ဆိုင်လိုက်ပေမည်။ တန်ကျွင်းဟောင်မှာ သူ့အတွက် အန္တရာယ်များသည်မှာ မှန်ပါသော်ငြား အရမ်းကြီးတော့ စိုးရိမ်စရာမရှိပေ။ သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာနှင့် ရင်ဆိုင်ရမည်ဆိုပါက ရန်ကိုင်အနေဖြင့် ပထမဦးစွာ ထိုပညာရှင်အားလုံးကို သတ်ပစ်ရပေလိမ့်မည်။ ထို့နောက်မှသာ တန်ကျွင်းဟောင်အား ရင်ဆိုင်နိုင်ပေလိမ့်မည်။ ထို့အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းကိုသုံး၍ ဧကရာဇ်အဆင့်ပညာရှင်များအား ကာကွယ်ပေးထားလိုက်ခြင်းမှာ တန်ကျွင်းဟောင်၏အထောက်အပံ့ကို ဖြတ်တောက်လိုက်သလို ဖြစ်သွားခဲ့ရလေသည်။
“တောင်နဲ့မြစ်ခေါင်းလောင်းမရှိဘဲနဲ့ မင်း ငါ့ကို ဘယ်လိုယှဉ်တိုက်မှာလဲ…” တန်ကျွင်းဟောင်က အော်ပြောလိုက်လေသည်။
ရုတ်ချည်းဆိုသလို တန်ကျွင်းဟောင်ဆီမှ အားကောင်းလှသည့် ဧကရာဇ်ဖိအားတို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားလိုလူမျိုးကို ရင်ဆိုင်ဖို့ တောင်နဲ့မြစ်ခေါင်းလောင်း သုံးစရာလိုမှာမို့လို့လား…”
တန်ကျွင်းဟောင် အရူးတစ်ပိုင်းဖြစ်သွားလေ၏။ “မောက်မာလိုက်တဲ့ဂျူနီယာ…” ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦးအား သူ့အား ယခုကဲ့သို့ အလေးမထားသည်မှာ တန်ကျွင်းဟောင်အတွက်မူ လုံးဝ ခွင့်လွှတ်၍မရသည့် ပြစ်မှုတစ်ခုပင်။
ရန်ကိုင်သည် ခေါင်းမော့၍ အနန္တဓါးဖြင့် တန်ကျွင်းဟောင်ကို ချိန်ရွယ်ရင်းမှ အံကြိတ်ကာ ပြောလိုက်လေ၏။ “ခွေးအိုကြီးတန်… အရင်တုန်းက ခင်ဗျားနဲ့ကျုပ်ကြားမှာ ဘာရန်ငြိုးရန်စမရှိဘူး… ဒါပေမယ့် ခင်ဗျားက ရွက်တစ်ထောင်ဂိုဏ်းကို ဖျက်ဆီးပစ်ပြီး ဒီသခင်လေးရဲ့ မိတ်ဆွေတွေကိုလည်း ဖမ်းဆီးသွားတယ်… အဲ့အတွက် ခင်ဗျား ဒီနေ့ ကျိန်းသေ သေကိုသေရမယ်…”
တန်ကျွင်းဟောင်ကမူ လှောင်ပြုံးပြုံး၍သာ အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း ငါ့ကို သတ်နိုင်လား ကြည့်ရသေးတာပေါ့…”
ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် တန်ကျွင်းဟောင်သည် သူ့လက်ဝါးအား ရှေ့တည့်တည့်သို့ ရိုက်ချလိုက်လေရာ ငါးရောင်ခြယ်အလင်းဓါးသွားများစွာ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တဟုန်ထိုး တိုးဝင်သွားကုန်ကြလေသည်။
ရန်ကိုင်သည် သူ၏ အနန္တဓါးကို ပြန်လည်ဝှေ့ယမ်းလျက် အလင်းဓါးသွားတစ်စင်းကို ပြန်လည်ပစ်လွှတ်လိုက်လေ၏။
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အနီးအနားရှိ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ ငါးရောင်ခြယ်အလင်းဓါးသွားများနှင့် ရန်ကိုင်ပစ်လွှတ်လိုက်သည့် ဧရာမအလင်းဓါးသွားတို့ ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုအလင်းရောင်ကြီးသည် ချိတ်ပိတ်ထားခံရသည့် ဟင်းလင်းပြင်းတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့လေရာ လူတိုင်းမှာ ဘာဆိုဘာမှ မမြင်ရတော့ပဲ အလင်းရောင်ထီးထီးကိုသာ မြင်ရတော့လေသည်။
တစ်ချိန်တည်းတွင် တန်ကျွင်းဟောင်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်လုမတတ် ဧရာမလက်ဝါးရိပ်ကြီးကို ထုတ်ဖော်ရင်း ရန်ကိုင်အား တိုက်ခိုက်လိုက်လေ၏။
အနန္တဓါးဆီမှ ထက်ရှသည့် ဓါးစိတ်ဆန္ဒတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်သည် သူ့ဓါးကို ဝှေ့ယမ်းရင်းမှ တန်ပြန်တိုက်ခိုက်လိုက်လေသည်။
ရန်ကိုင်တို့နှစ်ဦး တိုက်ခိုက်နေကြရာမှ အားကောင်းသည့် ဧကရာဇ်ချီလှိုင်းတို့မှာ အဘက်ဘက်သို့ အဆက်မပြတ် ဖြာထွက်နေကုန်ကြလေသည်။
ကလန် ကလန် မြည်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေခဲ့လေ၏။ အနန္တဓါးကို အသုံးပြုနေသည့်တိုင် လက်ဗလာသက်သက်ဖြင့် တိုက်ခိုက်နေသော တန်ကျွင်းဟောင်ကို ရန်ကိုင် အသာစီးမရခဲ့ပေ။ ထို့အစား တန်ကျွင်းဟောင်၏ ခက်ထန်ကြမ်းကြုတ်လှသည့် ဧကရာဇ်ချီကြောင့်ပင်လျှင် ပြန်လည်ဖိနှိပ်ခံနေခဲ့ရသည်။
သူထင်ထားသည့်အတိုင်းပင် ဧကရာဇ်တတိယအဆင့်များသည် အမှန်တကယ်ကို ရင်ဆိုင်ရ မလွယ်ကူလှပေ။ တန်ကျွင်းဟောင်သည် ဧကရာဇ်တတိယအဆင့်သို့ ရောက်နိုင်သည့်အတွက်ကြောင့် ပေါ့သေးသေးလူသားတစ်ယောက်တော့ မဟုတ်။ သူ့တွင် ထုတ်မသုံးရသေးသည့် ဝှက်ဖဲများနှင့် ထူးခြားသည့် ပညာရပ်များ ရှိနေသေးသည်မှာတော့ ကျိန်းသေပေသည်။
ယခင်အခါက ရန်ကိုင်သည် ဟင်းလင်းပြင်လောကကြီးထဲ၌ ယောင်ချန်ကျွင်းဟုခေါ်သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကို သတ်ပစ်ခဲ့သည်။ သူပိုင်ဆိုင်ခဲ့သည့် ငါးရောင်ခြယ်လှံသည် ယခုဆိုလျှင် ဟွာချင်းစီအပိုင် ဖြစ်နေခဲ့လေပြီ။
သို့သော်ငြား ထိုစဉ်က ယောင်ချန်ကျွင်း၏ ဝိဉာဉ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူ၏ ဧကရာဇ်တတိယအဆင့်ခွန်အားအကုန်အစင်ကို ထုတ်မသုံးနိုင်ခဲ့ပေ။ ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဟင်းလင်းပြင်လောကကြီးထဲတွင် သူ့အား သတ်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
သို့သော်ငြား လက်ရှိ သူရင်ဆိုင်နေရသည့် တန်ကျွင်းဟောင်မှာတော့ အစစ်အမှန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်လေရာ ယောင်ချန်ကျွင်းအနေဖြင့် တန်ကျွင်းဟောင်နှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။
ရန်ကိုင်စိတ်ထဲ အံ့အားသင့်နေမိခဲ့ပါသော်ငြား တန်ကျွင်းဟောင်မှာမူ သူ့ထက်ပို၍ အံ့အားသင့်နေကြောင်းကိုတော့ ရန်ကိုင်မသိခဲ့ပေ။
ရန်ကိုင်၏တိုက်ပွဲစွမ်းရည်ကို သာမန်အမြင်ဖြင့် သွားဆုံးဖြတ်၍မရကြောင်း သိထားခဲ့ပါသော်ငြား တကယ်တမ်း ယှဉ်တိုက်ကြည့်ပြီးသည့်အခါမှသာ ဤလူငယ်လေး မည်မျှအားကောင်းကြောင်းကို တန်ကျွင်းဟောင် နားလည်သွားရတော့သည်။
ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သလို ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဧကရာဇ်ဒုတိယအဆင့်တွင် ရှိနေသော ပညာရှင်တစ်ဦးကို တိုက်ကွက်ဆယ်ကွက်အတွင်း သတ်ပစ်နိုင်ပါသော်ငြား ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်ကိုမူ အချိန်အတော်ကြာအောင် တိုက်ခိုက်နေသည့်တိုင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင်ပင် မလုပ်နိုင်သေးချေ။ ရန်ကိုင်နှင့်တိုက်ခိုက်ရာတွင် သူ့အနေဖြင့် ရန်ကိုင်အား ဖိနှိပ်ရုံသာ ဖိနှိပ်နိုင်ခဲ့ပြီး ထိုထက်ပို၍ ဘာမှမလုပ်နိုင်ခဲ့ပေ။
ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ဤလူငယ်လေး၏ ဧကရာဇ်ချီသည် ဘာကြောင့်များ သူ၏ ဧကရာဇ်ချီကဲ့သို့ သန့်စင်သိပ်သည်းနေရလေသနည်း။ ဤမွန်းစတားကောင်သည် မည်ကဲ့သို့များ ကျင့်ကြံထားခဲ့လေသနည်း။
တိုက်ခိုက်လာသည်နှင့်အမျှ တန်ကျွင်းဟောင်၏စိတ်ထဲ ကြောက်စိတ်တို့ ပိုပို၍ ထွက်ပေါ်လာခဲ့ရသည်။ ရန်ကိုင်အား သတ်ပစ်ချင်စိတ်မှာလည်း ပိုပို၍ အားကောင်းလာခဲ့လေရာ သူ၏တိုက်ကွက်များမှာ ပိုပို၍ ကြမ်းတမ်းလာခဲ့ရတော့လေ၏။
သို့သော်ငြား တန်ကျွင်းဟောင်မှာမူ စိတ်အပျက်ကြီး ပျက်နေခဲ့ရလေသည်။
သူမည်မျှပင် ဖိဖိစီးစီး တိုက်ခိုက်နေစေကာမူ ရန်ကိုင်သည် သူ့တိုက်ကွက်အားလုံးကို အလျဉ်းသင့် ပြန်လည်ခုခံနိုင်ခဲ့သည်။ ပိုအားကောင်းသည့်လူနှင့်တွေ့လျှင် ပိုမိုအားကောင်းလာတတ်သည့်အလား ရန်ကိုင်၏ခွန်အားမှာ အကန့်အသတ်မရှိကို တဖြည်းဖြည်းနှင့် တိုးတက်လာနေခဲ့သည်။ တစ်ခါတစ်ရံ သူ့တိုက်ကွက်များနှင့်ပတ်သက်၍ ရုန်းကန်ရပါသော်ငြား သူ့အနေဖြင့် ရန်ကိုင်အား အမှန်တကယ်ထိခိုက်သွားအောင် မည်သို့မှ မလုပ်နိုင်သေးကြောင်း တန်ကျွင်းဟောင် သိနေခဲ့လေသည်။
ရန်ကိုင်သည် ဧကရာဇ်အဆင့်ဖြစ်သော ဓါးတစ်ချောင်းကို အသုံးပြုနေသလို သူ၏ ဓါးစိတ်ဆန္ဒမှာလည်း မဆိုးလှပါသော်ငြား သူ့ဓါးပညာရပ်မှာတော့ အတော်ကိုမှ ဆိုးရွားလှသည်။ ရန်ကိုင်သည် ဓါးတာအိုတွင် အခြေပြုသည့် ကျင့်ကြံသူမဟုတ်မှန်း ထိုတစ်ချက်တည်းနှင့်ပင် တန်ကျွင်းဟောင်သိလိုက်ပေသည်။ သို့သော်ငြား ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ ထိုဓါးကိုသုံး၍ပင် သူ၏ တိုက်ခိုက်မှုများကို အလျဉ်းသင့် ခုခံပြနေခဲ့သည်။
လက်ရှိ ရန်ကိုင်အဖြစ်မှာ မုန်တိုင်းထန်နေသည့် ပင်လယ်ထဲသို့ ရောက်နေသည့် အချိန်မရွေး နစ်မြုပ်နေသော လှေငယ်လေးတစ်စင်းနှယ် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ထိုလှေငယ်လေးမှာ ရေထဲတွင် ခုခံနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အလား မုန်တိုင်း မည်မျှပင် တိုက်ခိုက်နေစေကာမူ လုံးဝ နစ်မြုပ်သွားခဲ့ခြင်း မရှိပေ။
“ငါ့လခွမ်းကွာ…” ဤအတိုင်း ဆက်သွားနေ၍ ဘာမှထူးလိမ့်မည်မဟုတ်မှန်း သိလိုက်သော် တန်ကျွင်းဟောင် ကြိတ်၍ ကျိန်ဆဲတော့လေသည်။ ရန်ကိုင်ကိုသာ သတ်ချင်ပါက သူ့အနေဖြင့် သူ၏ အစစ်အမှန်ဝှက်ဖဲများကို ထုတ်သုံးမှသာ ရပေလိမ့်မည်။
ထိုသို့စဉ်းစားမိလိုက်သော် တန်ကျွင်းဟောင်သည် လက်သီးကိုတင်းတင်းဆုပ်၍ ရှေ့သို့ ပြေးဝင်သွားလေ၏။
သူ၏လက်သီးချက်နှစ်ချက်သည် ဧရာမတောင်ကြီးနှစ်လုံးနှယ် ပြင်းထန်လှသည့် စွမ်းအားကို သယ်ဆောင်ရင်း ရန်ကိုင်တည့်တည့်သို့ တိုးဝင်သွားခဲ့လေသည်။
“ခွေးအိုကြီး… ခင်ဗျားက တော်တော်ကြမ်းတာပဲ…” ရန်ကိုင်သည် အနန္တဓါး၏ ဓါးရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် အားမာန်အပြည့်ဖြင့် ခုတ်ချလိုက်လေသည်။
ဓါးချက်၏စွမ်းအားသည် ဧရာမတောင်ကြီးတစ်လုံးကိုပင်လျှင် အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်နိုင်ပေသည်။
တန်ကျွင်းဟောင်၏ လက်သီးချက်စွမ်းအားကြောင့် ရန်ကိုင်ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် ငါးရောင်ခြယ်အလင်းဓါးသွားတို့ သူ့ရှေ့၌ စုဝေးလာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားကုန်ကြလေ၏။
“ဒါပဲလား…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အနန္တဓါးကို ဝှေ့ယမ်းရင်းမှ ငါးရောင်ခြယ်အလင်းဓါးသွားများကို ဖျက်ဆီးပစ်လိုက်လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည့်အလား ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အလျင်စလို ဘေးသို့ ခုန်ဆုတ်လိုက်လေသည်။
“ဝှစ်” ခနဲ မြည်သံနှင့်အတူ ပျက်စီးသွားသော ငါးရောင်ခြယ်အလင်းဓါးသွားများနေရာမှ ရွှေရောင်အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းများကြောင့် ရန်ကိုင်ရပ်နေသည့်နေရာထက် အပေါက်လေးနှစ်ပေါက် ဖြစ်ပေါ်လာခဲ့ရလေသည်။
ထိုအပေါက်လေးနှစ်ပေါက်မှာ အတော်လေးကိုမှ ကျဉ်းမြောင်းလှပါသော်ငြား အပေါက်များကို ဖြစ်သွားအောင်လုပ်သွားသည့်အရာသည် မြေကြီးထဲ မီတာထောင်ပေါင်းများစွာ နစ်ဝင်သွားသည့်ပုံပင်။ ရွှေရောင်အလင်းတန်းများ၏ ထိုးဖောက်စွမ်းအားမှာတော့ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
အလင်းရောင်များ ပျောက်ကွယ်သွားသည့်အနောက်တွင် တန်ကျွင်းဟောင်သည် ရှေးကျသည့် စာအုပ်တစ်အုပ်ကို ကိုင်စွဲလျက် လေထဲ ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုစာအုပ်သည် တန်ကျွင်းဟောင်၏လက်ထဲ လွင့်မျောနေခဲ့ပြီး စာရွက်များမှာလည်း သူ့ဘာသာသူ အလိုလို လှန်နေခဲ့လေသည်။
ထိုစာအုပ်တစ်အုပ်လုံးကို ရွှေသားဖြင့် ထုလုပ်ထားသည့်အလား လက်ရှိအချိန်တွင် စာအုပ်တစ်အုပ်လုံးမှာ ရွှေရောင်တောက်နေခဲ့လေ၏။
ဧကရာဇ်အဆင့်အရှိန်အဝါမှာလည်း ထိုစာအုပ်မှ အတိုင်းသား ထွက်ပေါ်နေခဲ့လေသည်။
ထိုရွှေရောင်စာအုပ်သည် သာမန်စာအုပ်တစ်အုပ် ဖြစ်မနေခဲ့ဘဲ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။
ရန်ကိုင်သည် ထိုရွှေရောင်စာအုပ်ကို စိုက်ကြည့်ရင်းမှ သတိကိုချပ်လျက် ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
အစောပိုင်းက တိုက်ပွဲသည် ပြင်းထန်ခဲ့ပါသော်ငြား ရန်ကိုင်နှင့် တန်ကျွင်းဟောင်တို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး လက်ရည်စမ်းနေကြခြင်းသာ ဖြစ်ပေသည်။ ယခုမှသာလျှင် သူတို့နှစ်ဦး အမှန်တကယ် တိုက်ခိုက်ရန် ပြင်နေကြခြင်း ဖြစ်လေ၏။
ဤကဲ့သို့သော မှော်ရတနာမျိုးကို ယခုကဲ့သို့ အချိန်မျိုးတွင် ထုတ်ယူလိုက်သည်ကိုကြည့်ပါက တန်ကျွင်းဟောင် သူ၏ဝှက်ဖဲကို ထုတ်သုံးလိုက်ပြီဖြစ်ကြောင်း သိမြင်နိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း ယခင်ကထက်ပို၍ သတိထားရတော့လေ၏။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် တစ်ချက်လောက် သတိလက်လွတ် ဖြစ်သွားလျှင်ပင် သေခြင်းတရားနှင့် မိတ်ဆက်သွားရနိုင်ပေသည်။
ရန်ကိုင်ဘဝတွင် ဤကဲ့သို့သော စာအုပ်ပုံစံ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။ ထိုစာအုပ်၏စွမ်းအားမှာ မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို သူမသိ။ သို့သော်ငြား ဤလောကကြီးထဲတွင် ရှိနေကြသည့် မှော်ရတနာများအနက် မှော်ရတနာတစ်ခုမှာ ပိုပို၍ထူးဆန်းလေ ၎င်း၏စွမ်းအားမှာလည်း ပို၍ကြောက်မက်ဖွယ်ကောင်းလေပင်။
ရွှေရောင်စာအုပ်သည် ကျိန်းသေကို ထိုကဲ့သို့သော ဧကရာဇ်အဆင့် မှော်ရတနာမျိုးထဲ ပါဝင်ပေ၏။
အစောပိုင်းက ရုတ်တရက် ထွက်ပေါ်လာခဲ့သော ရွှေရောင်အလင်းတန်းများသည် ဤရွှေရောင်စာအုပ်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ တန်ကျွင်းဟောင်သည် ငါးရောင်ခြယ်အလင်းဓါးသွားကို အယောင်ပြလျက် ဤစာအုပ်ကို နောက်မှ ထုတ်သုံးလာခဲ့သဖြင့် ရန်ကိုင်မှာ စာအုပ်၏အလင်းတန်းများကို ကြိုမမြင်နိုင် ဖြစ်သွားခဲ့ရခြင်း ဖြစ်လေသည်။
“ငါ ဒီရွှေသံချပ်စာအုပ် သုံးလာအောင် မင်းငါ့ကို တကယ်ကြီး ဖိအားပေးလိုက်နိုင်တာပဲ… အခု မင်း ပျော်ပျော်ကြီး သေလိုက်လို့ရပြီ…” တန်ကျွင်းဟောင်က ပြောလိုက်လေ၏။ သူ့စကားလုံးများထဲ ယုံကြည်ချက်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ဤရွှေသံချပ်စာအုပ်သည် အလွန်တရာကိုမှ အားကောင်းလှသည့် မှော်ရတနာတစ်ခု ဖြစ်သည့်အလား။