အခန်း (၂၇၁၅)
Vol. 116 Ch. 2715
ကျုချင်းကမူ သူမနား လာရှုပ်နေသည့် ယင်ကောင်တစ်ကောင်ကို ရိုက်ထုတ်လိုက်သည့်အလား အနည်းငယ်မျှပင် ဟန်ချက်ပျက်သွားခြင်းမရှိဘဲ ဟင်းလင်းပြင်အစီအရင်ပေါ်တွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေလေသည်။
ထို့နောက်တွင် ရှဲ့ဝူဝေဘက်သို့လှည့်၍ စိန်ခေါ်လိုက်လေသည်။ “ရှင်ရော ကျွန်မကို သင်ခန်းစာပေးချင်သေးလား…”
ရှဲ့ဝူဝေ၏နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး သူ့ခေါင်းကို တရစပ် ခါပြလိုက်လေသည်။
“ဆရာတို့နှစ်ယောက် ခရီးအဆင်ပြေပါစေနော်…” ယင်ဖေးက ပြုံးကာ ဦိးညွှတ်လိုက်လေသည်။
ရန်ကိုင်သည် သူ့နဖူးကိုပွတ်ရင်း ကျုချင်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်း၍ တည်နေရာခုန်ကူးလိုက်လေ၏။
ရန်ကိုင်တို့နှစ်ဦး ထွက်သွားပြီးသည့်နောက်တွင် ရှဲ့ဝူဝေသည် ယင်ဖေးကိုကြည့်၍ အကြောက်မပြေသေးသည့် အမူအယာဖြင့် မေးလိုက်လေ၏။ “အဲ့ကောင်မလေးက ဘယ်သူလဲ…”
မွန်းစတားဘုရင်တစ်ပါးသည်ပင်လျှင် လက်သီးတစ်ချက်ဖြင့် ရှီလဲ့အား ယခုကဲ့သို့ လွင့်စင်ထွက်သွားအောင် မလုပ်နိုင်လေရာ လူသားတစ်ယောက်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ထိုကောင်မလေးသည် နတ်သားရဲတစ်ကောင်များ ဖြစ်နေလေသလော။
ယင်ဖေးသည် နှုတ်ခမ်းကိုလှုပ်၍ တိုးတိုးလေးပြောလိုက်လေ၏။
ရှဲ့ဝူဝေ ရုတ်ချည်း မှင်တက်သွားတော့လေသည်။
...
ပတ်ဝန်းကျင်မှာ အေးစက်ပြီး နှင်းများ တဖွဲဖွဲ ကျဆင်းနေခဲ့လေ၏။
ရန်ကိုင်တို့ပေါ်လာသည့်အချိန် ဟင်းလင်းပြင်အစီအရင်နား၌ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် အလုပ်ရှုပ်နေသည့် လူတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလူမှာ ဟင်းလင်းပြင်အစီအရင်အပေါ် အလွန်ကိုမှ အာရုံစိုက်နေလေရာ သူ့နောက်၌ လူနှစ်ဦးပေါ်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
ထိုလူသည် နန်မန်တကျွင်းမှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးမည်နည်း။ ရေခဲနှလုံးသားတောင်ကြားတွင် အမျိုးသမီးများသာ ရှိနေလေရာ ရင်းနှီးနေသည့် လူအိုကြီး၏ကျောပြင်ကို မြင်လိုက်သည်နှင့် မည်သူမည်ဝါမှန်း ရန်ကိုင် ချက်ချင်း သိသွားခဲ့သည်။
ရန်ကိုင်သည် နန်မန်တကျွင်း ရေရွတ်နေသည်ကို မျက်မှောင်ကြုတ်၍ သေချာနားထောင်ကြည့်သည်။ သို့သော်ငြား အချိန်အတော်ကြာအောင် နားထောင်ကြည့်နေသည့်တိုင် နန်မန်တကျွင်း ဘာပြောလို့ပြောနေမှန်း မသိသဖြင့် မေးလိုက်လေ၏။ “ခင်ဗျား ဘာတွေလုပ်နေတာလဲ…”
“တိုးတိုးနေ … လာမရှုပ်နဲ့…” နန်မန်တကျွင်းသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ပြန်အော်ပြောလိုက်လေ၏။
သို့သော်ငြား မကြာမီတွင် အသံပိုင်ရှင်ကို မှတ်မိသွားဟန်ဖြင့် ချက်ချင်း နောက်သို့ လှည့်ကြည့်လာခဲ့လေသည်။
နန်မန်တကျွင်းနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင် ထခုန်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ နန်မန်တကျွင်း၏ မျက်နှာတစ်ခုလုံးကို ဖွာကြဲလန်နေသည့် ဆံပင်များမှ ဖုံးနေခဲ့ပြီး သူ့မျက်လုံးများမှာလည်း သွေးရောင်ရဲတက်နေခဲ့လေသည်။
ထိုသို့ပင်ဖြစ်နေလင့်ကစား ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် နန်မန်တကျွင်းမှာ အလွန်တရာကိုမှ ဝမ်းသာအားရဖြင့် ချက်ချင်းထခုန်၍ ရန်ကိုင်ဆီသို့ ပြေးလာရင်းမှ အော်ပြောလိုက်လေသည်။ “ဆရာရန်… နောက်ဆုံးတော့ ပြန်လာပြီပေါ့… ကျုပ် ခင်ဗျားကို စောင့်နေတာ တော်တော်ကြာနေပြီ…”
“ကျုပ်ကိုစောင့်နေတာ…” ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “ဘာလုပ်ဖို့လဲ…”
နန်မန်တကျွင်းက စိတ်အားထက်သန်စွာဖြင့် ချက်ချင်း ပြန်ပြောလိုက်လေသည်။ “အစီအရင်တာအိုအကြောင်းကို ဆွေးနွေးဖို့လေ… လာ လာ ဆရာရန်… ကျုပ်တို့ နေရာကောင်းတစ်ခု ရှာပြီး စကားပြောကြရအောင်…”
“ခင်ဗျားနဲ့ ဘာအကြောင်း ပြောရမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
နန်မန်တကျွင်း၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး “ဆရာရန်… ကျေးဇူးပြုပြီး အဲ့လိုမျိုး မပြောပါနဲ့လား… အစီအရင်တာအိုက ကျယ်ပြန့်ပြီး နက်နဲတယ်… အဲ့တာအိုကို ကျွမ်းကျင်ဖို့ဆိုတာ ခဏလေးနဲ့ ပြီးမြောက်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး… ဒီတော့ ဒီလောက်နက်နဲတဲ့ တာအိုကြီးကို အပြန်အလှန်ဆွေးနွေးရင်းနဲ့ တစ်ယောက်ဆီကနေတစ်ယောက် သင်ယူကြတာ မကောင်းဘူးလား…”
“ဒါပေမယ့် ကျုပ်မသင်ချင်ပါဘူး…”
နန်မန်တကျွင်း ကြောင်သွားလေသည်။
ရန်ကိုင်သည် မြေပြင်ထက်တွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်ကိုကြည့်၍ မေးလိုက်လေ၏။ “ဒီဟင်းလင်းပြင်အစီအရင်ကို ဒီလောက်လေ့လာနေတာတောင် ခင်ဗျား ဘာမှမသိရသေးဘူးလား…”
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် နန်မန်တကျွင်း ရှက်သွားခဲ့လေ၏။ သို့သော်ငြား ချက်ချင်းပဲ ခေါင်းခါ၍ “အာ… ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး ဖြစ်နိုင်မှာလဲ… ဒီအစီအရင်က တကယ်ကို အထင်ကြီးစရာကောင်းတယ်ဆိုပေမယ့် ကျုပ် ဒီအစီအရင်ရဲ့ပုံစံနဲ့ ဒီအစီအရင်ရဲ့ လုပ်ဆောင်ပုံတွေ အကုန်လုံးသိပြီးသွားပြီ… သိပ်မကြာခင် ဒီအစီအရင်ကို ကျုပ် ပြန်ပြီးတော့ ပုံတူပွားနိုင်တော့မှာ…”
“အဲ့ဒါဆိုရင်လည်း ဆက်ပြီးတော့ လေ့လာကြည့်နေလေ…” ရန်ကိုင်သည် နန်မန်တကျွင်း၏ပုခုံးကို ပုတ်၍ ရှေ့ဆက်သွားရန် ပြင်လိုက်လေ၏။
“နေပါဦး နေပါဦး…” နန်မန်တကျွင်းက ရန်ကိုင်၏အဝတ်စကို ရုတ်တရက် ဖမ်းဆွဲလိုက်လေသည်။
“ကျုပ်ကိုလွှတ်…” ရန်ကိုင်သည် နန်မန်တကျွင်းဘက်သို့လှည့်၍ စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
နန်မန်တကျွင်းသည် ရန်ကိုင်အား ခါးသက်စွာကြည့်ရင်းမှ ခေါင်းကိုကုတ်ရင်း ပြောလိုက်လေသည်။ “ဆရာရန်က တကယ်ကို အမြင်စူးရှတာပဲ… ဟုတ်တယ်… ဒီဟင်းလင်းပြင်အစီအရင်ကို ဒီတိုင်းကြည့်နေရုံနဲ့ ကျုပ် ဘယ်လိုမှ သေသေချာချာ မလေ့လာနိုင်ဘူး… ဒါကြောင့် ကျေးဇူးပြုပြီး ကျုပ်ကို သေချာလေး ရှင်းပြပေးလို့ရမလား ဆရာရန်…”
“ကျုပ်ကို အရင်လွှတ်ပေး…” ရန်ကိုင်သည် နန်မန်တကျွင်းမှ ဆွဲကိုင်ထားသည့်အတွက်ကြောင့် တွန့်ကြေနေသော သူ့အဝတ်စကို မျက်စပစ်ပြလိုက်လေသည်။
ထိုအခါမှသာလျှင် နန်မန်တကျွင်းလည်း ရန်ကိုင်၏အင်္ကျီစကို လွှတ်ပေး၍ ဖားယားစွာ ပြုံးလိုက်လေ၏။ သို့သော်ငြား ရန်ကိုင်ထွက်သွားရန် ပြင်လိုက်သည်နှင့် အချိန်မရွေး လှမ်းဆွဲနိုင်စေရန် သူ့လက်ကို အဆင်သင့် ပြင်ထားခဲ့လေသည်။
ရန်ကိုင်သည် တွန့်ကြေနေသော သူ့အဝတ်စကို သေသပ်သွားအောင် လက်ဖြင့် ပြန်၍ပွတ်လိုက်ပြီးသည့်နောက် နန်မန်တကျွင်းကိုကြည့်၍ “ခင်ဗျား သင်ချင်လား…”
နန်မန်တကျွင်းသည် ကြက်အစာကောက်နေသည့်နှယ် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
“ကျုပ် ခင်ဗျားကို သင်ပေးလို့ရတယ်…” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်လေ၏။
နန်မန်တကျွင်း၏အမူအယာ တမုဟုတ်ချည်း လေးနက်သွားခဲ့ပြီး သူ့အင်္ကျီအဝတ်အစားများကို သေချာသပ်ရပ်သွားအောင် ပြင်လျက် ဦးညွှတ်၍ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ကျုပ်ဂါရဝပြုတာကို လက်ခံပေးပါဆရာရန်…”
“ဒါပေမယ့် ခင်ဗျား ကျုပ်ကို ဘာပြန်ပေးမှာလဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။
နန်မန်တကျွင်းက မဲ့ပြုံးပြုံးလျက် “ဆရာရန် ဘာလိုချင်လဲ… ကျုပ်မှာ အရင်းအမြစ်ကျောက်တွေ အများကြီးပဲ…”
“ကျုပ်မှာလည်း အရင်းအမြစ်ကျောက်တွေ အများကြီးရှိတယ်…” ရန်ကိုင်က ပြန်ပြောလိုက်၏။
“ဒါဆိုရင် နောက်ထပ်အစီအရင်တစ်ခုနဲ့ လဲမယ်လေ… ကျုပ်မှာ ရှေးခတ်အချိန်တည်းက တည်ရှိလာတဲ့ အစီအရင်အချို့ရှိတယ်… အဲ့အစီအရင်တွေက အရမ်းကို အားကောင်းပြီးတော့…”
“စိတ်မဝင်စားဘူး…”
နန်မန်တကျွင်းက မျက်နှာကြီးမဲ့လျက် ပြန်မေးလိုက်လေ၏။ “ဒါဆို ဆရာရန် ဘာလိုချင်တာလဲ…”
ရန်ကိုင်က သူ့မေးစေ့ကို ပွတ်ရင်းမှ ပြောလိုက်သည်။ “ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ မကြာသေးဘူး… ဒီတော့ ဂိုဏ်းမှာ အစီအရင်ပညာရှင်တစ်ယောက် လိုနေတယ်…”
ထိုစကားကိုကြားလိုက်သည်နှင့် နန်မန်တကျွင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းလျက် “မရဘူး… ကျုပ်က လွတ်လွတ်လပ်လပ်နေရတာပဲ ကြိုက်တာ… ဆရာရန်ရဲ့ဂိုဏ်းထဲကို ဝင်လိုက်မယ်ဆိုလို့ရှိရင် ဆရာရန်ကို ပြဿနာတက်အောင်ပဲ လုပ်မိသလိုဖြစ်မှာ… အဲ့တော့ ဝင်လို့အဆင်မပြေဘူး…”
“အဲ့ဒါဆိုရင်တော့ မေ့လိုက်တော့…” ရန်ကိုင်သည် ထိုကဲ့သို့ ပြောပြီးသည့်နောက် ချက်ချင်း လှည့်ထွက်သွားလေ၏။
“ဆရာရန်… ဆရာရန်… နေပါဦး…” နန်မန်တကျွင်းသည် ရန်ကိုင်၏အင်္ကျီလက်စကို ထပ်မံဆွဲရန် ပြင်လိုက်လေသည်။
“ကျုပ်ပြောတာကို အေးအေးဆေးဆေးလေး ထိုင်စဉ်းစားနော်… ကျုပ် ခင်ဗျားကို တွန်းအားမပေးဘူး…” ရန်ကိုင်သည် ချက်ချင်းပဲ နန်မန်တကျွင်းလက်မှ ဝှစ်ခနဲ ထွက်ပြေးသွားခဲ့လေသည်။ နှစ်ဦးစလုံးသည် ဧကရာဇ်ပထမအဆင့် ပညာရှင်များသာ ဖြစ်ကြပါသော်ငြား နန်မန်တကျွင်းသည် အစီအရင်တာအိုကို အားပြုသူတစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်၏အမြန်နှုန်းကို လိုက်မမီခဲ့ပေ။
ရန်ကိုင် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း နန်မန်တကျွင်း စိတ်ပျက်ပျက်ဖြင့် ခြေဆောင့်လိုက်လေသည်။
ရေခဲနှလုံးသားတောင်ကြားထဲတွင် ချောမောလှပလှသော မိန်းမပျိုများ နေရာအနှံ့တွင် ရှိနေကြသည်။ ယခင်တစ်ကြိမ်အဖြစ်အပျက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှာ ဒုက္ခကြီးကြီးမားမား ရောက်ခဲ့ရပါသော်ငြား ထိုအဖြစ်အပျက်ပြီးသွားသည့်နောက်ပိုင်း အကုန်လုံးမှာ ပို၍ စည်းလုံးလာကြသည်။ ရန်ကိုင်ရောက်လာသည့်အခါ ကျင့်ကြံနေကြသော၊ လက်ရည်ချင်းဖလှယ်နေကြသော အမျိုးသမီးတပည့်ပေါင်းများစွာကို တွေ့လိုက်ရလေသည်။
ရန်ကိုင်ရောက်လာမှန်း တွေ့လိုက်သည့်နောက် အကုန်လုံးမှာ ရန်ကိုင်အား တလေးတစားဖြင့် ဦးညွှတ်နှုတ်ဆက်ကြလေ၏။
အကုန်လုံးမှာ ရန်ကိုင် မည်သူမည်ဝါမှန်း သိနေကြလေသည်။ သို့သော်ငြား ထိုသို့သိနေသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ရန်ကိုင်သည် အခြေအနေကို အထက်အောက်ပြောင်းပြန်လှန်၍ ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံးကို ပျက်စီးရမည့်ဘေးမှ ကယ်တင်ခဲ့သူတစ်ဦး မဟုတ်ပေလော။ တပည့်ပေါင်းများစွာသည် ရန်ကိုင်အား ကိုယ်တွေ့မမြင်ခဲ့ရသည့်တိုင် ရန်ကိုင်၏ ပုံရိပ်ပန်းချီကားချပ်များကိုတော့ မြင်ခဲ့ဖူးပေသည်။
ရန်ကိုင်သည် အားကလည်းကောင်း ရုပ်ကလည်းချောသဖြင့် မိန်းမငယ်လေးများ၏ အသည်းစွဲ ဖြစ်လာရတော့သည်။
အချို့သော မိန်းမငယ်လေးများဆိုလျှင် ပို၍ပင် ရဲတင်းလှကာ ရန်ကိုင့်အား ပွင့်ပွင့်လင်းလင်းပင် လာရောက်ကလူကျီစယ်လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဇောချွေးပင် ပျံသွားခဲ့ရလေသည်။
ရေခဲနှလုံးသားတောင်ကြားသည် အမှန်တကယ်ကို နေလို့ကောင်းသည့် နေရာတစ်ခုဖြစ်သည်။ သို့သော်ငြား ဤနေရာတစ်ခုလုံးမှာ မိန်းမများဖြင့်သာ ပြည့်နေပြီး ယောက်ျားသားများ မရှိကြချေ။ တပည့်တော်တော်များများဆိုလျှင် ငယ်စဉ်ကတည်းက ရေခဲနှလုံးသားတောင်ကြားထဲတွင်သာ ကြီးပြင်းလာကြပြီး တောင်ကြားအပြင်ဘက်သို့ ခြေတစ်ဖဝါးပင် မလှမ်းဖူးချေ။ ထို့အတွက်ကြောင့် ယောကျ်ားတစ်ဦး မည်သို့မည်ပုံရှိသလဲ ဆိုသည်ကိုပင် မသိကြ။
အထက်ကောင်းကင်နန်းတော် နောက်ပိုင်း အားကောင်းလာသည့်အခါ ရေခဲနှလုံးသားတောင်ကြားနှင့် အပြန်အလှန် လက်ထပ်ပွဲများ စီစဉ်ပေးလျှင် ကောင်းမလားဟုပင် ရန်ကိုင် စဉ်းစားမိသွားခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ရေခဲနှလုံးသားတောင်ကြားမှ မိန်းမချောလေးများသည် ယောကျ်ားတစ်ဦးနှင့် ချစ်ခင်စုံမက်ရသည့် အရသာကို မည်သည့်အခါမှ ခံစားနိုင်ကြတော့လိမ့်မည် မဟုတ်ပေ။
(ဒီအကြံကတော့ မဆိုးဘူး … စီနီယာပင်းယွင်လည်း မငြင်းလောက်ဘူး… သူကိုယ်တိုင်လည်း ရေခဲနှလုံးသားတောင်ကြားက တပည့်တွေကို လက်ထပ်ခွင့်ပေးထားတာပဲဟာကို… လက်ထပ်ပြီးသွားရင်သာ ရေခဲနှလုံးသားတောင်ကြားရဲ့တပည့် ဆက်လုပ်ခွင့် မပေးထားတော့တာပဲ ရှိတယ်…”
ရုတ်တရက် နန်းတော်စင်္ကြန်တစ်ခုသို့ ရောက်လာစဉ် ရန်ကိုင်ရှေ့၌ လူတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုအေးစက်စက်အမျိုးသမီးသည် ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ရန်ကိုင်အားကြည့်၍ ခေါင်းညိတ်ပြရင်း မေးလိုက်လေ၏။ “စီနီယာအစ်ကိုရန် ဘယ်တုန်းက ပြန်ရောက်တာလဲ…”
“အခုလေးတင်ပဲ… နင် ငါ့ကို ရှာနေတယ်ဆို…” ရန်ကိုင်က ကျိယောင်ကိုကြည့်၍ မေးလိုက်လေ၏။
“ဆရာရှာနေတာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျိယောင်၏အကြည့်သည် ရန်ကိုင်နောက်ဘက်ဆီသို့ ရောက်သွားလေ၏။ “ဒါက…”
ကျုချင်းမှာ သေးသွယ်သွယ်သာ ဖြစ်ပါသော်ငြား သူမ၏ကိုယ်လုံးကိုယ်ပေါက်မှာ စွဲမက်ဖွယ်ကောင်းလှသလို ရုပ်ရည်ရူပကာမှာလည်း အလွန်ကိုမှ လှပလှသည်။ ထို့အတွက်ကြောင့် ကျုချင်းကိုမြင်လိုက်သည့်အခိုက် ကျိယောင်သည် သူမကိုယ်သူမ ကျုချင်းနှင့် သွားရောက်နှိုင်းယှဉ်ကြည့်မိလေ၏။
ရန်ကိုင်သည် လအနည်းငယ်လောက် ထွက်သွားပြီးသည့်နောက် ဤမျှ ရင်သပ်ရှုမောဖွယ်ရာကောင်းလှသည့် အမျိုးသမီးတစ်ဦးကို ပြန်ခေါ်လာခဲ့သည်။ ထို့အပြင် သူတို့နှစ်ဦးကိုကြည့်ရသည်မှာ အတော်လေးကိုမှ ရင်းနှီးနီးကပ်သည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက ဘာကြောင့်များ သူမအား ရေခဲနှလုံးသားတောင်ကြားဆီသို့ ခေါ်လာပါမည်နည်း။
အကြောင်းအရင်းအချို့ကြောင့် ကျိယောင်စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ ဒေါသထွက်မိရသည်။
“သူ့ကိုစိတ်ထဲထားမနေနဲ့…” ရန်ကိုင်ကမူ ကျုချင်းအား ကျိယောင်နှင့် မိတ်ဆက်ပေးရန် ပျင်းရိလွန်းနေခဲ့လေသည်။ ထို့အပြင် ကျုချင်းသည် နဂါးမလေးတစ်ကောင် ဖြစ်သည်ဟု ထုတ်ပြောဖို့ရာမှာ သိပ်၍ အဆင်မပြေလှ။
ကျိယောင်သည် ရန်ကိုင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများ ရုတ်ချည်း မှေးစင်းသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ကျွန်မနောက်လိုက်ခဲ့…”
ရန်ကိုင်သည် ယခုဆိုလျှင် သူမအား အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးရန်ကိုပင် ပျင်းရိပျင်းတွဲ လုပ်နေလေသည်။ လလေးအနည်းငယ်လောက် မတွေ့လိုက်ရသည်နှင့် ဘာကြောင့်များ သူမအပေါ် ဤမျှ စိမ်းကားသွားရလေသနည်း။ သူမကို စိတ်ထဲမရှိတော့၍လော။
ကျိယောင်သည် ဘာမှပြောမနေတော့ဘဲ ရှေ့မှဦးဆောင်၍ သွားလေ၏။
ရန်ကိုင်သည် ကျိယောင်သို့ အလျင်အမြန်လိုက်လာရင်းမှ မေးလိုက်လေသည်။ “အခုတလော အခြေအနေ ဘယ်လိုရှိလဲ…”
ကျိယောင်က မာမာဆတ်ဆတ် လေသံဖြင့် ပြန်ပြောလိုက်၏ “အကုန်အဆင်ပြေတယ်…”
ကျိယောင်၏ အေးစက်စက်ဆက်ဆံပုံကြောင့် ရန်ကိုင်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး သူဘာတွေများ လုပ်လိုက်၍ ယခုကဲ့သို့ ဖြစ်ရသလဲဟု အတွေး များမိသွားရလေသည်။
ကြီးကျယ်ခမ်းနားလှသည့် နန်းတော်ရှေ့သို့ ရောက်လာသော် ရန်ကိုင် ရပ်လိုက်လေသည်။ ထို့နောက် ကျုချင်းကိုကြည့်၍ ပြောလိုက်လေ၏။ “ဒီမှာစောင့်နေ… စီနီယာပင်းယွင်နဲ့ငါ ပြောစရာရှိလို့…”
ကျုချင်းသည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လျက် “နင် ဒီအခွင့်အရေးကိုယူပြီးတော့ ထွက်ပြေးဖို့ကြိုးစားနေတာမလား…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ငါ မှားတာ ဘာတစ်ခုမှ လုပ်ထားတာမှမဟုတ်တာ ဘာလို့ ထွက်ပြေးရမှာလဲ…”
ကျုချင်းသည် ခေါင်းညိတ်လိုက်ပြီး ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလေ၏။
ကျိယောင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်နှာကြီး မဲ့နေခဲ့လေသည်။
ခန်းမထဲသို့ ဝင်လာပြီးသည့်နောက် အခြားသောတပည့်များနှင့် ကိစ္စတစ်ခုခုအကြောင်းကို ဆွေးနွေးနေသည့်အလား ပင်းယွင်အား သူမ၏တပည့်တပန်းများ ခြံရံလျက် တွေ့လိုက်ရလေသည်။
ရန်ကိုင်လည်း ပင်းယွင်အား သွားရောက်နှုတ်ဆက်လေ၏။
သို့သော်ငြား ရန်ကိုင်မှ ဦးမညွှတ်နိုင်သေးခင်မှာပင် ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “အခုလိုမျိုးတွေ လုပ်မနေစမ်းပါနဲ့… နင်က အပြင်လူတစ်ယောက်မှ မဟုတ်တာ… ထိုင်…”
ရန်ကိုင်လည်း ထိုင်ချလိုက်ပြီး လျို့ရှန်းယွင်အကြောင်းကို မေးလိုက်လေ၏။ လျို့ရှန်းယွင်မှာ ကြိုးကြိုးစားစားနှင့် ကျင့်ကြံနေပြီး တာအိုသခင်တတိယအဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားနေကြောင်း ကြားသိလိုက်ရပြီးသည့်နောက် ရန်ကိုင် စိတ်သက်သာရာရသွားခဲ့လေသည်။
လျို့ရှန်းယွင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှ လာခဲ့ပါသော်ငြား ရန်ကိုင်နှင့်အတူ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့သည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ အတော်လေးကိုမှ ရင်းနှီးနေသလို ရန်ကိုင်ကိုယ်တိုင်ကပင်လျှင် လျို့ရှန်းယွင်ကို ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူမအား အထူးတလည် အရေးစိုက်သည်မှာ အထူးအဆန်းတော့မဟုတ်။
လျို့ရှန်းယွင်ကိုယ်တိုင်ကလည်း အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် ကျင့်ကြံသူတစ်ဦးဖြစ်သလို ထူးချွန်လှသည့် ပါရမီကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူမအား ကျင့်ကြံရေးအရင်းအမြစ်များကိုသာ ထောက်ပံ့ပေးနိုင်မည်ဆိုပါက လျို့ရှန်းယွင်သည် ဧကရာဇ်အဆင့်သို့ ကျိန်းသေ ချိုးဖြတ်ဝင်ရောက်နိုင်ပေလိမ့်မည်။ ရန်ကိုင်နှင့် သူမကြားရှိ ဆက်ဆံရေးကြောင့် ဖြစ်ပါစေ လျို့ရှန်းယွင်ကိုယ်တိုင်က ထူးချွန်နေသည့်အတွက်ကြောင့် ဖြစ်ပါစေ ရေခဲနှလုံးသားတောင်ကြားသည် လျို့ရှန်းယွင်အား ပျိုးထောင်ရာတွင် တတ်စွမ်းသမျှ ထောက်ပံ့ပေးထားခဲ့လေသည်။
“တောင်ဘက်နယ်မြေကနေ ပြန်လာတာလား…” ပင်းယွင်က မေးလိုက်သည်။ ရန်ကိုင် ယခင်တစ်ကြိမ် မထွက်သွားခင်က သူ တောင်ဘက်နယ်မြေသို့ သွားဦးမည်ဟု ပြောခဲ့သည်ကို ပင်းယွင် ပြန်သတိရလိုက်လေသည်။
“ဟုတ်တယ်… အခုလေးတင် ပြန်လာခဲ့တာ…”
ကျိယောင်က လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ယူလာလျက် ရန်ကိုင်ရှေ့တွင်ချပေးရင်းမှ အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ပြီးတော့ သူနဲ့အတူ မိန်းမတစ်ယောက်ကိုပါ ခေါ်လာသေးတယ်… စီနီယာအစ်ကို… သူ့ကို အထဲကိုခေါ်ပြီး ဆရာနဲ့ မိတ်မဆက်ပေးချင်ဘူးလား… နောက်ပိုင်း ကျွန်မတို့တွေ မကြာခဏ တွေ့ရင်တွေ့ရမှာ…”
ပင်းယွင်သည် ကျိယောင်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်လေသည်။ အခြားသော ကျိယောင်၏ စီနီယာ၊ ဂျူနီယာ ညီအစ်မများသည်လည်း ကျိယောင်အား ဇဝေဇဝါအမူအယာများဖြင့် ကြည့်လိုက်ကြသည်။ ကျိယောင် ဘာကြောင့် ယခုကဲ့သို့ ရန်လိုနေသလဲ ဆိုသည်ကို သူတို့အားလုံး နားမလည်နိုင် ဖြစ်နေကြလေသည်။
ချက်ချင်းဆိုသလို သူတို့၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ နန်းတော်အပြင်ဘက်တွင် အမျိုးသမီးတစ်ဦး ရပ်နေကြောင်း တွေ့လိုက်ရလေ၏။
ပင်းယွင်ကမေးလိုက်လေသည်။ “ရောက်လာပြီဆိုမှတော့ ငါတို့ရဲ့ဧည့်သည်ပဲပေါ့… ရန်ကိုင်… နင် ဘယ်လိုလုပ်ပြီး သူ့ကို အပြင်မှာ ရပ်စောင့်ခိုင်းရတာလဲ…”
“စီနီယာ… သူ့ကိုဂရုစိုက်မနေနဲ့… အဲ့အမျိုးသမီးက အရမ်းစိတ်ညစ်ဖို့ကောင်းတာ…” ရန်ကိုင်မှာ ကျုချင်းအကြောင်း မည်ကဲ့သို့ ရှင်းပြလို့ရှင်းပြရမှန်း မသိပေ။
ကျိယောင်က ထပ်ပြောလိုက်လေသည်။ “စီနီယာအစ်ကို သူ့အပေါ် မကောင်းတာတစ်ခုခု လုပ်ထားလို့ နေမှာပေါ့… အဲ့ဒါကြောင့် အခု သူနဲ့တွေ့ဖို့ကြောက်နေတာ…”
“ငါကလား သူ့ကို ကြောက်ရမှာ…” ရန်ကိုင်သည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ဘာလို့ ကြောက်ရမှာလဲ…”
ကျိယောင်သည် ရန်ကိုင်ကိုကြည့်၍ “ဒီတော့ စီနီယာအစ်ကို သူ့ကို မကောင်းတာတစ်ခုခု တကယ်ကြီးလုပ်ခဲ့တယ်ပေါ့…”
“ဘယ်လိုလုပ်ပြီး လုပ်ရမှာလဲ… အပိုတွေလျှောက်ပြောမနေနဲ့…” ရန်ကိုင်မှာ ရှက်ရှက်ဖြင့် သူ့ရှေ့တွင်လာချပေးထားသော ရေနွေးကြမ်းခွက်ကို ကောက်ကိုင်၍ တစ်ထိုင်တည်းမော့ချလိုက်လေသည်။
အန်းရို့ယွင်နှင့် အခြားသူများမှာတော့ ထိုမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေလေ၏။ ထို့နောက် အကြည့်ချင်းဖလှယ်လျက် ခေါင်းတညိတ်ညိတ်လုပ်လိုက်ကြလေသည်။
ကျိယောင်က လှောင်ပြုံးပြုံးလျက် “ဒီတော့ တကယ်ကြီး လုပ်ခဲ့တာပေါ့…” ထို့နောက်တွင် အလေးအနက်အမူအယာဖြင့် ထပ်ပြောလိုက်လေ၏။ “စီနီယာအစ်ကို… ရှင်သာ အဲ့အမျိုးသမီးနဲ့ ပျော်ပါးပြီးတော့ သူ့ကို ဒီအတိုင်း ပစ်ထားခဲ့မယ်ဆိုလို့ရှိရင် ကျွန်မ စီနီယာအစ်ကိုကို ဘယ်တော့မှ စကားထပ်ပြောတော့မှာမဟုတ်ဘူးနော်…”
ကျိယောင်၏စကားကြောင့် ရန်ကိုင် လက်ဖက်ရည်သီးသွားခဲ့ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြန်အော်ပြောလိုက်လေ၏။ “ငါ သူ့ကို ဘာမှလုပ်ခဲ့တာမဟုတ်ဘူး… ယောင်အာ… နင် ဒီနေ့ကြမှ ဘာဖြစ်လို့ ထူးထူးဆန်းဆန်းတွေ ပြောနေရတာလဲ…”