အခန်း (၂၇၁၇)
Vol. 116 Ch. 2717
ရန်ကိုင်သည် ရွှေသံချပ်စာအုပ်ကို သုံးလတိုင်တိုင် သန့်စင်ခဲ့သည်။ သို့သော်ငြား သူမျက်လုံးပြန်ဖွင့်လာသည့်အခိုက် သူ့မျက်နှာထက် ကူကယ်ရာမဲ့မှုတို့ကို အထင်းသား မြင်တွေ့နေရသည်။
ရွှေသံချပ်စာအုပ်ကို သန့်စင်သည့်အဆင့်မှာ အတော်လေးကိုမှ ခရီးပေါက်ခဲ့သည်။ ယခုဆိုလျှင် သူ့ဝိဉာဉ်အမှတ်အသားကိုပင် ရွှေသံချပ်စာအုပ်ထက် ချန်ထားရစ်ပြီးနေခဲ့လေပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ရွှေသံချပ်စာအုပ်ထဲတွင် ရှိနေသော စွမ်းအင်အချို့ကို ထုတ်သုံးနိုင်လေပြီ။ သို့သော်ငြား တန်ကျွင်းဟောင်ကဲ့သို့ ရွှေသံချပ်စာအုပ်အား ကျွမ်းကျွမ်းကျင်ကျင်နှင့် မထိန်းချုပ်နိုင်သေးပေ။ မည်သို့ပင်ဖြစ်နေစေကာမူ ဤဧကရာဇ်အဆင့်မှော်ရတနာအား အနည်းငယ်လေးသာ ထိန်းချုပ်နိုင်သည့်တိုင် ထိုအနည်းငယ်မျှသော စွမ်းအင်အချို့သည် သူ၏ဝှက်ဖဲများ ဖြစ်လာကြပေလိမ့်မည်။
ရန်ကိုင်အား အမှန်တကယ် စိတ်ဓာတ်ကျနေစေသည်မှာ သူ၏ကျင့်ကြံခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်သလို ဧကရာဇ်ဒုတိယအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့ပါသော်ငြား သူနှင့် ထိုဧကရာဇ်ဒုတိယအဆင့်ကြား သူကိုယ်တိုင် ချိုးဖြတ်၍မရသည့် ဧရာမနံရံကြီးတစ်ခု ရှိနေသလို ခံစားနေခဲ့ရခြင်းပင်။
သန်းနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကို သန့်စင်ပြီးသည့်နောက် သူ၏ဧကရာဇ်ချီမှာ ယခင်ကထက်ပို၍ သန့်စင်အားကောင်းလာခဲ့ပါသော်ငြား သူ့ကျင့်ကြံခြင်းမှာတော့ ဒုံရင်းကဒုံရင်းပင်။
သို့သော်ငြား ရန်ကိုင်သည် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်အမင်း စိတ်ပူနေခြင်းမရှိပေ။ အကြောင်းမှာ ကျင့်ကြံရာတွင် အကြီးမားဆုံးသော မလုပ်သင့်သည့်အရာမှာ အလျင်လိုခြင်း ဖြစ်သည့်အတွက်ကြောင့်ပင်။
ရန်ကိုင်သည် အသက်ငယ်ငယ်ရွယ်ရွယ်သာ ရှိသေးသည့်အတွက်ကြောင့် သူ့တွင် ကျင့်ကြံရန်အတွက် အချိန်အများကြီး ကျန်နေပေသေးသည်။ နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီကြာအောင် ရှင်သန်နေလာခဲ့ကြသော ဧကရာဇ်အဆင့်ပညာရှင်များနှင့်ယှဉ်လိုက်သော် ရန်ကိုင်၏ငယ်ရွယ်မှုသည် သူ့အား လူတိုင်းထက်ကို အသာရနေစေခဲ့လေသည်။
ရန်ကိုင်တွင် အချိန်မရှိတော့သည်မဟုတ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဘာမျှ စိုးရိမ်နေစရာမလိုပေ။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ကျင့်ကြံခြင်းကို ယာယီရပ်နားထားလိုက်ပြီး အထက်ကောင်းကင်နန်းတော်အား စီမံရာတွင် အာရုံစိုက်လိုက်လေ၏။ ယခုအချိန်တွင် သူသည် အထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ သူ့ဂိုဏ်းတွင် တပည့်များများစားစား မရှိသေးပါသော်ငြား ဤနေရာတွင် လာရောက်နေထိုင်ကြသည့် လူပေါင်း ရာနှင့်ချီကာ ရှိနေကြသည်။ အထက်ကောင်းကင်နန်းတော်၏ ပိုင်ရှင်တစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်အနေဖြင့် ထိုလူများအတွက် သေသေချာချာ စီစဉ်ပေးရပေလိမ့်မည်။ သို့မှသာလျှင် ထိုလူများသည် ဤနေရာကို ကိုယ့်အိမ်ကိုယ်ယာအဖြစ် သတ်မှတ်လာကြမည်ဖြစ်ကာ သူတို့၏စိတ်နှလုံးများမှာလည်း ဤနေရာနှင့် တစ်သားတည်း ဖြစ်သွားကြပေလိမ့်မည်။
ရန်ကိုင်တွင် ထိုကဲ့သို့ လုပ်လိုသည့်ဆန္ဒ ရှိနေပါသော်ငြား မည်သည့်နေရာမှ စလို့စရမှန်းမသိ ဖြစ်နေခဲ့သည်။
ယခင်တစ်ခေါက် အရိပ်ကြယ်ပေါ်တွင် အထက်ကောင်းကင်ဂိုဏ်းကို တည်ထောင်ခဲ့စဉ်က ရန်ကိုင်သည် ဂိုဏ်းအား စီမံအုပ်ချုပ်ရာတွင် ဘာမှသိပ်ဂရုစိုက်မနေခဲ့ဘဲ ကိစ္စအဝဝကို ရီရှင်းယွင်ဆီသို့သာ ပုံအပ်ထားခဲ့လေသည်။ ဂိုဏ်း၏ ကိစ္စအဝဝအားလုံးကို သေသေချာချာ စီမံကိုင်တွယ်ပေးမည့် အလွန်ကိုမှ အရည်အချင်းပြည့်ဝသည့် လက်အောက်ငယ်သားတစ်ဦး ရှိနေခဲ့ပြီးသည့်နောက် ယခု သူကိုယ်တိုင် ဂိုဏ်းအား စီမံလာရသော် ဤအလုပ်သည် သူနှင့် မည်မျှပင်လျှင် မသက်ဆိုင်ကြောင်းကို ရန်ကိုင် နားလည်သွားရတော့သည်။
ထို့အတွက်ကြောင့် အဆုံးတွင် ရီဟန်ဆီမှ အကြံတောင်းလို့ ရလိုရငြား ရွက်တစ်ထောင်ဂိုဏ်းသားများ နေရာဆီသို့ ထွက်လာခဲ့လေသည်။ ရီဟန်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်လုပ်လာသည်မှာ အလွန်ကြာညောင်းနေပြီ ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းတစ်ဂိုဏ်းအား စီမံရေးနှင့်ပတ်သက်၍ သူ့ထက်ပို၍ အတွေ့အကြုံရှိသည်မှာ မလွဲမသေပင်။
လက်ရှိအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသည် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသည့် တောင်တစ်လုံးပေါ်တွင် နေရာယူထားကြလေသည်။ အထက်ကောင်းကင်နန်းတော်ထဲတွင် ထိုကဲ့သို့သောတောင်မျိုး ဆယ်လုံးမက ရှိနေကြ၏။ ရွက်တစ်ထောင်ဂိုဏ်းသားများမှာ သူတို့နေရာယူထားသည့် တောင်၏နာမည်ကို မသိသည့်အတွက်ကြောင့် ထိုတောင်အား ရွက်တစ်ထောင်တောင်ဟုသာ ခေါ်တွင်စေခဲ့လေသည်။ ထိုအရာမှာ နာမည်တစ်ခုသက်သက်သာ ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ အရေးတယူ ဂရုစိုက်မနေခဲ့။
ရန်ကိုင် ထိုနေရာသို့ ရောက်လာသော် အကုန်လုံးမှာ အစီအစဉ်တကျ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ငါးရာသော တပည့်အားလုံးတို့သည် အချိန်ဖြုန်းကာ လျှောက်သွားနေခြင်းမရှိဘဲ အကုန်လုံး ကြိုးကြိုးစားစားဖြင့် ကျင့်ကြံနေကြသည်။
တပည့်များ၏ အကြီးဆုံးစီနီယာအစ်ကိုဖြစ်သော တုရှန်းသည် မြေကွက်လပ်ပေါ်တွင် ရုပ်သေးရုပ်ပညာရပ်များနှင့် ပတ်သက်သည့် အဓိကအချက်များ၊ အရေးကြီးသည့်အချက်များကို သင်ခန်းစာပို့ချနေခဲ့လေသည်။ ကျင့်ကြံရေးအဆင့်နိမ့်သည့် ရွက်တစ်ထောင်ဂိုဏ်းသားအဖွဲ့တစ်ဖွဲ့သည် တုရှန်းမှ ရှင်းပြနေသည်ကို သေချာအာရုံစိုက် နားထောင်နေကြလေ၏။
ရန်ကိုင်လည်း ခဏမျှ နားထောင်ကြည့်လိုက်လေသည်။ သို့သော်ငြား တုရှန်း ဘာပြောလို့ ပြောချင်နေမှန်းကို နားမလည်နိုင်ခဲ့ပေ။
သူ့အနေဖြင့် နားမလည်သည်မှာလည်း ကိစ္စမရှိပေ။ အကြောင်းမှာ ထိုလူများထဲမှ တော်တော်များများသည် နောက်နောင်တွင် အထက်ကောင်းကင်နန်းတော်၏ တပည့်များ ဖြစ်လာလိမ့်မည် ဖြစ်သည့်အတွက်ကြောင့်ပင်။
(အမ်… ဒီဝတုတ်လေးက ခေါင်းတခါခါနဲ့ ရှယ်လုပ်နေပါလား… ကြည့်ရတာ ဒီကောင် ရုပ်သေးရုပ်တာအိုမှာ တော်တော်ပါရမီပါတယ်နဲ့တူတယ်…)
(ဒီကောင် အားကောင်းလာတဲ့ထိ စောင့်ကြည့်ရမှာပေါ့… အဲ့ခါကြရင် ဒီကောင့်ကို အကျိုးအမြတ်တွေနဲ့ စည်းရုံးသိမ်းသွင်းပြီးတော့ ငါ့ဘက်ကိုဆွဲခေါ်ရမယ်… ဒီကောင် လက်မခံဘဲ နေမယ်လို့တော့ ငါမထင်ဘူး.. အဲ့ခါကြရင် သူ့ဘာသာသူ အထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်ချင်လာလိမ့်မယ်… အဲ့လိုဆိုရင်တော့ ရီဟန်လည်း ဘာမှပြောလောက်မှာမဟုတ်လောက်ဘူး…)
ရန်ကိုင်တွေးနေသည့်အတွေးများသည် တုရှန်း၏အော်ခေါ်သံကြောင့် ပြတ်တောက်သွားခဲ့ရလေသည်။ “ရောင်းရင်းရန်…”
သူ့အား တွေ့သွားခဲ့လေပြီ။ သို့သော်ငြား ရန်ကိုင်သည် အစကတည်းက ပုန်းနေခြင်းမဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ရုပ်သေးရုပ်ပညာရပ်များကို ခိုးယူချင်နေသည်ဟု တုရှန်းမထင်ခဲ့ပေ။ တကယ့်တကယ်ဆိုလျှင် ရန်ကိုင်၌ ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိနေမည်ဆိုပါက အစောကြီးကတည်းက ယူသွားလို့ရလောက်ပေသည်။
ရန်ကိုင်သည် သူတို့ဘိုးဘေးမှ ချန်ရစ်ခဲ့သော အမွေအနှစ်များကို သူတို့ဆီသို့ ပြန်ယူလာပေးခဲ့သူတစ်ဦး မဟုတ်ပေလော။ သူသာ ရွက်တစ်ထောင်ဂိုဏ်း၏ အမွေအနှစ်များကို တပ်မက်နေမည်ဆိုပါက ထိုစဉ်ကတည်းက သူတို့အား ပြန်မပေးခဲ့ဘဲ သူ့ဘာသာသူ အပိုင်သိမ်းထား၍ ရပေသည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်လေသည်။ “ငါ ဒီတိုင်းပဲ လျှောက်ပတ်ကြည့်နေတာ… လုပ်စရာရှိတာကိုသာ ဆက်လုပ်…”
တပည့်အားလုံးသည် ထိုင်ရာမှ ချက်ချင်းထလာ၍ ရန်ကိုင့်အား တလေးတစားဖြင့် ဦးညွှတ်လိုက်လေ၏။ “စီနီယာရန်ကို နှုတ်ဆက်ပါတယ်…”
သူတို့ ဤနေရာတွင် ကျင့်ကြံခွင့် ရရှိခဲ့ခြင်းမှာ ရန်ကိုင်၏ကျေးဇူးကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်သည် ဤနေရာ၏ပိုင်ရှင်မှန်း သိထားကြသော် သူတို့အနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့များ မလေးမစား လုပ်ဝံ့ပါမည်နည်း။
“ရတယ်… ထိုင်နေ ထိုင်နေ…” ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ တစ်ဖက်လူများ အေးအေးဆေးဆေးဖြင့် သင်ခန်းစာ သင်ကြားပို့ချနေသည်ကို လာရောက်နှောင့်ယှက်မိသည့်အပေါ် သူ့စိတ်ထဲ အနည်းငယ်ပင်လျှင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
သို့သော်ငြား လာပြီးမှဖြင့် တစ်ခုခုပြောသင့်သည်ဟု ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် လည်ချောင်းကိုရှင်း၍ မေးလိုက်လေ၏။ “မင်းတို့ ဒီမှာနေရတာ အဆင်ပြေရဲ့လား…”
တုရှန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “ဒီလောက် မိုးမြေစွမ်းအင်တွေ သိပ်သည်းပြီးတော့ အရင်းအမြစ်တွေ ပေါတဲ့နေရာမှာ နေရတာ အဆင်မပြေဘဲ ဘယ်နေပါ့မလဲ ရောင်းရင်းရန်ရဲ့… ကျုပ်တို့ အကုန်လုံး ဒီနေရာနဲ့ပတ်သက်ပြီး အရမ်းကျေနပ်တယ်…”
တပည့်အားလုံးကလည်း တောက်ပစွာ ပြုံးရင်းမှ အားတက်သရော ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့မူလနေခဲ့သည့် ရွက်တစ်ထောင်ဂိုဏ်းနှင့် ယှဉ်လိုက်သော် ဤနေရာသည် အပုံကြီးကို သာပေသည်။ ဤနေရာ၌ ကျင့်ကြံရသည်မှာလည်း ရွက်တစ်ထောင်ဂိုဏ်းတွင် ကျင့်ကြံရသည်ထက် အများကြီး ပို၍ လွယ်ကူမြန်ဆန်ပေ၏။
“မင်းတို့အဆင်ပြေရင်ပြီးရော…” ရန်ကိုင်က ပြုံး၍ “ကိုယ့်အိမ်ကိုယ်ယာလို နေကြပေါ့ကွာ…”
တကယ်တော့ သူတို့သည်သာ ဤနေရာအား ကိုယ့်အိမ်ကိုယ်ယာအဖြစ် သတ်မှတ်သွားခဲ့ပါက နောက်နောင်တွင် ဤနေရာမှ ထွက်သွားရန် ကြိုးစားကြတော့လိမ့်မည် မဟုတ်ချေ။
“တစ်ခုခုလိုတယ်ဆိုလို့ရှိရင် ဟွာချင်းစီကို သွားရှာလိုက်… ဟွာချင်းစီက ငါတို့ ထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာပဲ… ဒီကကိစ္စတွေအားလုံးကို သူပဲစီမံနေတာ…”
“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်…” တုရှန်းက ကျေးဇူးတင်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် နောက်ပိုင်းကျရင် စီနီယာဟွာကို အလုပ်ရှုပ်ခိုင်းရတော့မှာပေါ့…”
ရန်ကိုင်သည် ပြုံး၍ တုရှန်း၏ပုခုံးကို ပုတ်ပေးလိုက်သည်။
တပည့်များမှာမူ ရန်ကိုင်၏ စိတ်နေစိတ်ထား စရိုက်နှင့် ပတ်သက်၍ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်မိနေကြသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်သလို ဤနေရာ၏ နန်းတော်သခင်လည်း ဖြစ်ပါသော်ငြား အခြားသောလူများကဲ့သို့ မောက်မာဝံ့ကြွားခြင်းမရှိ သူတို့၏ အကြီးဆုံးစီနီယာအစ်ကိုကိုပင်လျှင် သူ၏ ရောင်းရင်းညီအစ်ကိုတစ်ယောက်ပမာ ဆက်ဆံနေခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်ကိုကြည့်လေကြည့်လေ သူတို့အားလုံးမှာ ရန်ကိုင်အား ပို၍ လေးစားလာကြလေပင်။ ဤသည်မှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် ပုံစံမျိုးဟုပင် သူတို့တွေးလာကြသည်။ ယခင်ကတော့ သူတို့တွေးခဲ့သည်မှာ ဧကရာဇ်အဆင့်ပညာရှင်များသည် မောက်မာဝံ့ကြွားကြပြီး ဧကရာဇ်အဆင့်သို့ မရောက်သေးသည့် ကျင့်ကြံသူများကို မတူမတန် သဘောထားသည်ဟူ၍ပင်။ တကယ့်တကယ် ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ထိုကဲ့သို့ချည်းသာ။ ထိုကဲ့သို့သောလူများနှင့် ယှဉ်လိုက်သော် စီနီယာရန်သည် ထိုလူများထက် အများကြီးပို၍ မြင့်မြတ်ပေသည်ဟု တပည့်များ မှတ်ယူသွားကြတော့၏။
“ဟုတ်သားပဲ…” တုရှန်းသည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် တပည့်များဘက်သို့လှည့်၍ “မင်းတို့တွေအားလုံး ငါ့ရဲ့ကျင့်ကြံခြင်းအတွေ့အကြုံတွေကို မင်းတို့ကိုသင်ပေးဖို့ ငါ့ကို ခဏခဏ ပြောနေခဲ့တာမလား… ဒါပေမယ့် ငါ မင်းတို့ကို မသင်ပေးချင်တာမဟုတ်ဘူး… သင်ပေးဖို့အတွက် ငါ့ခွန်အားက မလုံလောက်ဖြစ်နေတာ… ဒီတော့ ငါပြောတာကို မင်းတို့ လိုက်နားထောင်ပြီးတော့ လမ်းကြောင်းမှားသွားမှာကို စိုးရိမ်လို့ ငါမင်းတို့ကို မသင်ပေးတာ… ဒါပေမယ့် အခု ဒီမှာ ရောင်းရင်းရန်ရောက်နေပြီ… မင်းတို့သိချင်တာရှိရင် ရောင်းရင်းရန်ကို မမေးကြည့်ချင်ဘူးလား… ရောင်းရင်းရန်က ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ဆိုတော့ သူ့အတွေ့အကြုံတွေက ငါ့ထက်အများကြီး ပိုကောင်းမှာ သေချာတယ်…”
ထိုစကားကိုကြားသော် လူတိုင်းသည် ရန်ကိုင်ဆီသို့ တစ်ပြိုင်တည်း စိုက်ကြည့်လာကြလေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ဒါပေမယ့် ငါ ရုပ်သေးရုပ်ပညာရပ်တွေအကြောင်း ဘာမှမသိဘူးလေ…”
တုရှန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “ကျင့်ကြံတယ်ဆိုတာ ရုပ်သေးရုပ်တွေနဲ့ ဘာမှမဆိုင်ဘူးလေ… ပြီးတော့ တောင်တစ်လုံးထဲကနေပဲ ကျောက်စိမ်းထွက်နိုင်တာမှမဟုတ်တာ… ဒီကကောင်လေးတွေက ရောင်းရင်းရန်ဆီက တစ်ခုခုသင်ချင်နေတာဆိုတော့ ရောင်းရင်းရန် သူတို့ကို နည်းနည်းပါးပါး အကြံပေးပေးဖို့ မျှော်လင့်ပါတယ်…”
“ဒါက…” ရန်ကိုင် အကြပ်ရိုက်နေခဲ့လေသည်။ ဘာကြောင့်များ ဤနေရာသို့ လာခဲ့မိရလေသနည်း။ ဘာကြောင့်များ ဤနေရာတွင် ရပ်၍ တုရှန်းရှင်းပြနေသည်ကို နားထောင်ခဲ့မိရလေသနည်း။ ယခုလေးတွင် သူ့ကိုယ်သူ ဖော်ရွေသည့်လူတစ်ယောက်လို ပြုမူခဲ့ပေသည်။ သို့သော်ငြား တုရှန်းပြောသည်ကိုသာ ငြင်းလိုက်မည်ဆိုပါက သူကြိုးစားထားခဲ့ရသည့် သူ၏ဖော်ရွေလှသည့် စီနီယာတစ်ဦး၏ပုံရိပ်မှာ လုံးဝကို ပျက်စီးသွားရပေတော့မည်။
“စီနီယာရန်…”
“စီနီယာရန်…”
“စီနီယာရန်…”
ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသည် ရန်ကိုင်အား မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လာကြလေသည်။
“ရောင်းရင်းရန်… စိတ်ထဲရှိတာသာ ပြောလိုက်ပါကွာ…” တုရှန်းက ပြောလိုက်လေသည်။
“ကောင်းပြီလေ…” ရန်ကိုင်က သဘောမတူချင်တူချင်ဖြင့် သဘောတူလိုက်ရလေသည်။ “ဒါဆိုရင် ငါ နည်းနည်းလောက်ပဲ ပြောမယ်နော်..”
တုရှန်း ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ရန်ကိုင်အား ချက်ချင်း စင်မြင့်ပေါ်သို့ တင်ပေးလိုက်လေ၏။ ထို့နောက်တွင် သူကိုယ်တိုင်ကမူ ရွက်တစ်ထောင်ဂိုဏ်းသားများနှင့်အတူ သွားထိုင်နေလေသည်။
ကျင့်ကြံခြင်းအမျိုးမျိုးရှိကြသည့် လူငယ်လေးများကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ အတိတ်ကိုပင်လျှင် လွမ်းဆွတ်မိသွားခဲ့သည်။
သူသည်လည်း တစ်ချိန်က ဤကဲ့သို့ ဖြစ်ခဲ့ဖူးပေသည်။ တဖြည်းဖြည်းနှင့် ကြိုးစားကျင့်ကြံလာလိုက်ရာ သူ့ခွန်အားမှာ မြင့်သထက် မြင့်မားလာခဲ့ပြီး အဆုံးတွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိလာနိုင်ခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်သည် လက်ရှိ သူ့ရှေ့တွင် ထိုင်နေသည့် လူများနှင့်မတူ။ သူသည် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းထဲသို့ မရောက်ခဲ့ဖူးသလို သူ့အား သင်ကြားပြသပေးမည့် ဆရာတစ်ယောက်လည်း မရှိခဲ့ပေ။ ရန်ကိုင်သည် သူလက်ရှိ ရရှိထားသည့် အရာအားလုံးကို သူ့ဘာသာ တစ်ယောက်တည်း ကြိုးစား၍ ရရှိလာခဲ့ခြင်း ဖြစ်လေသည်။ သူ၏ကျင့်ကြံခြင်းခရီးတစ်လျှောက်တွင် အမျိုးမျိုးသော ရန်သူများ၊ မဟာမိတ်များနှင့် တွေ့ခဲ့ရသည်။ အခက်အခဲများနှင့်လည်း တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရလေသည်။ ထိုအခက်အခဲ အန္တရာယ်အသွယ်သွယ်ကို ဖြတ်ကျော်ပြီးသည့်နောက်မှသာ ယခုဘဝကို ရရှိခဲ့ခြင်းဖြစ်လေ၏။
သို့သော်ငြား သူ့တွင်သာ အားကောင်းသည့် မိတ်ဆွေတစ်ယောက်ယောက်၊ ဆရာတစ်ယောက်ယောက်သာ ရှိခဲ့မည်ဆိုလျှင် အချို့သော ကိစ္စရပ်များကို လွယ်လင့်တကူ ကျော်ဖြတ်နိုင်ခဲ့ပေလိမ့်မည်။
ယနေ့တွင် သူ့အနေဖြင့် ဆရာတစ်ဦး၏ရာထူးကို ရယူလျက် ဤနေရာတွင် ရပ်နေရလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။ ဤကောင်လေးများ သူ့ဆီမှ မည်မျှပင် အကျိုးအမြတ် ရရှိသွားစေကာမူ သူတို့အနေဖြင့် နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် ဤအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ အထက်ကောင်းကင်နန်းတော်၏ ဤမြေကွက်လပ်ကြီးကို ကျိန်းသေ ပြန်သတိရကြပေလိမ့်မည်။ ထို့အပြင် သူတို့အား သင်ကြားပြသပေးခဲ့သော လမ်းညွှန်ပေးခဲ့သော ဆရာဖြစ်သည့် ရန်ကိုင်ကိုလည်း ပြန်အမှတ်ရကြပေလိမ့်မည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ သူ့ကိုယ်သူ ယခင်ကထက်ပို၍ အသက်ကြီးလာသလို ခံစားလိုက်ရလေသည်။
အစကတော့ ဘာပြောလို့ပြောရမှန်းမသိခဲ့။ သို့သော်ငြား ဘာကြောင့်မှန်းမသိ သူ့ခေါင်းထဲ ပြောစရာများ ပေါ်လာခဲ့ပြီး စတင်၍ ပြောပြတော့လေ၏။ “ငါတို့ကျင့်ကြံသူတွေ အခက်အခဲတွေအမျိုးမျိုးကို ဖြတ်ကျော်တယ်… အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ရတယ်… ငါတို့အသက်တွေကို စွန့်စားပြီးတော့ ကြိုးစားနေရတယ်… အဲ့လိုကြိုးစားပြီးတော့ ကျင့်ကြံနေရတဲ့ အကြောင်းအရင်းက စကားသုံးလုံးကြောင့်ပဲ… သိုင်းတာအို…”
“တာအိုဆိုတာ ဘာလဲ… မဟာတာအိုကို ဦးတည်နေတဲ့ လမ်းပေါင်းသုံးထောင်ရှိတယ်… လမ်းတစ်ခုချင်းစီတိုင်းက သူ့လမ်းစဉ်နဲ့သူပဲ… ဘယ်လမ်းစဉ်က ဘယ်သူ့ထက်ပိုသာတယ်ဆိုပြီးတော့ ပြောလို့မရဘူး…”
“အချို့လူတွေက ရုန်းကန်ရတာက တာအိုလို့ပြောကြတယ်… အချို့လူတွေကြတော့လည်း အနုပညာက တာအိုတဲ့… အချို့ကြတော့လည်း သဘာဝကြီး၊ သစ်ပင်တွေ မြစ်တွေ ကန်တွေက တာအိုတဲ့… တချို့ကြတော့လည်း မြေပြင်မှာရှိနေတဲ့ ပုရွက်ဆိတ်တွေက တာအိုလို့ ပြောကြပြန်ရော…”
“မင်းတို့ ငါ့ကိုလာမေးမယ်… ငါကတော့ ငါကိုယ်တိုင်က တာအိုဖြစ်တယ်လို့ပဲပြောမှာ… ငါရှိနေတဲ့နေရာတိုင်းမှာ တာအိုဆိုတာရှိတယ်လေ…”
ရန်ကိုင်၏အသံသည် မကျယ်လှပါသော်ငြား လူတိုင်းကမူ သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ကြည့်ရသလောက် ရန်ကိုင်၏အသံထဲ မှော်ဆန်ဆန် စွမ်းရည်တစ်မျိုး ပါဝင်နေသည့်အလား။ နားထောင်သူတိုင်းမှာ သူ့အသံကို နားထောင်ရင်း သူပြောနေသည့်စကားထဲ နစ်မျောသွားကုန်ကြလေသည်။ ရန်ကိုင်စကားပြောနေသည်ကို နားထောင်ရသည်မှာ သူတို့စိတ်ထဲ နားမလည်သည့်အရာများကို ရှင်းလင်းထားသော သိုင်းစာအုပ်ကြီးတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည့်အလား။ လူတိုင်းမှာ သူတို့မရှင်းလင်းနေသည့်အရာများ တဖြည်းဖြည်း ရှင်းလင်းကြည်လင်လာသလို ခံစားကြရလေသည်။ တစ်ခါတစ်ရံ သူတို့အနေဖြင့် ရင်တဒုန်းဒုန်းခုန်မိသလို တစ်ခါတစ်ရံတွင်လည်း ဝမ်းသာအားရ ဖြစ်မိကြရပြန်သည်။ တစ်ခါတစ်ရံတွင်လည်း ကူကယ်ရာမဲ့သလို ခံစားကြရပြန်၏။
ထိုနေရာတွင် ရပ်နေသည့် ရန်ကိုင်သည် သိုင်းတာအိုကိုလျှောက်လှမ်းပြီး ကြီးကျယ်လှသည့် ခေတ်တစ်ခေတ်ကို ထူထောင်ရန် ကြိုးစားနေသည့် ထောင်နှင့်ချီသော ကျင့်ကြံသူများကို ကိုယ်စားပြုနေသည့်အလား။
စစချင်းတွင် ရန်ကိုင်ရှေ့၌ ရွက်တစ်ထောင်ဂိုဏ်းမှတပည့်များ အယောက်တစ်ရာပင် မရှိတတ်ချေ။ သို့သော်ငြား အချိန်ကြာလာသည်နှင့် ရန်ကိုင်ရှေ့၌ ရှိနေသော လူအုပ်ကြီးမှာ တဖြည်းဖြည်း ကြီးမားလာခဲ့လေရာ ပိုပို၍ များပြားလာသောလူများသည် ရန်ကိုင်ရှင်းပြနေသည်ကို ကြားပြီးသည့်နောက် လာရောက်နားထောင်ကြကုန်လေ၏။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်ငါးရာစလုံးနီးပါး ရန်ကိုင်ရှေ့၌ စုဝေးနေကုန်ကြလေသည်။ ရှင်းရှင်းပြောရလျှင် တံခါးပိတ်ကျင့်စဉ်ဝင်နေသည့် တပည့်အများစုသည်ပင်လျှင် ဤနေရာ၌ လာထိုင်နေကြလေသည်။
ရန်ကိုင်သည် မည်သည့်ဆရာ၏အကူအညီမှ မပါဘဲ ကျင့်ကြံခြင်းခရီးလမ်းကို လျှောက်လှမ်းခဲ့ရသော်ငြား ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့တွင် သိုင်းတာအိုအပေါ် တမူထူးခြားလှသည့် သူ့ကိုယ်ပိုင်အထင်အမြင်များ အတွေ့အကြုံများ ရှိနေရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်သည် တုရှန်းတောင်းဆိုခဲ့သည့်အတိုင်း သူ၏အတွေ့အကြုံများကို ထိုလူငယ်လေးများအား သင်မပေးခဲ့ချေ။ ထို့အစား ကျင့်ကြံခြင်းအပေါ် သူမည်ကဲ့သို့ ထင်မြင်ပုံ၊ သူ၏ရှုမြင်ပုံကိုသာ ပြောပြခဲ့လေသည်။ ဥပမာပေး၍ သင်ကြားနေရမည့်အစား ရန်ကိုင်သည် သိုင်းတာအိုအပေါ် သူ၏ထိုးထွင်းသိမြင်မှုများ နားလည်မှုများကို ဝေမျှပေးသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ပြောသည်ကို နားထောင်နေရင်းမှ ထိုတပည့်များအဖို့ ကိုယ်ပိုင်ဉာဏ်အလင်းများ ရရှိလာနိုင်ကြလေ၏။
တချို့သောလူများဆိုလျှင် ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် အတွေးနက်သွားကုန်ကြလေသည်။ အချို့မှာတော့ နားမလည်နိုင် ဖြစ်နေသည့်အလား မျက်မှောင်ကြီး ကြုတ်နေကြလေ၏။ အချို့မှာမူ ရန်ကိုင်သည် ဘာတွေပြောလို့ပြောနေမှန်းပင်မသိ ရောက်တက်ရာရာများ လျှောက်ပြောနေသည်ဟုသာ ထင်နေကြလေသည်။ ထိုသို့ပင် တွေးမိနေလင့်ကစား ဘာမှသွားမပြောဝံ့ချေ။ သူတို့အနေဖြင့် ရန်ကိုင်ပြောပြနေသည်ကို နားမလည်နိုင်ရခြင်းမှာ ရန်ကိုင်ပြောသည့်အရာကို နားလည်နိုင်လောက်သည့် အဆင့်ထိသို့ မရောက်သေးသည့်အတွက်ကြောင့်သာ ဖြစ်သည်ဟု သူတို့ကိုယ်သူတို့ ထင်မိနေကြကာ အတော်လေးကိုမှ စိတ်ပျက်နေမိကြလေသည်။
(ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်က တကယ်ကိုကွဲပြားတာပဲ… သူပြောတဲ့စကားတွေကို တစ်လုံးချင်းနားထောင်လိုက်ရင်တော့ ရှင်းနေတာပဲ… ဒါပေမယ့် အကုန်ပေါင်းလည်းပေါင်းလိုက်ရော ဘာတွေပြောလို့ပြောမှန်းမသိ ဖြစ်ကုန်ရော…)
“ရှင်းရှင်းပြောရရင်တော့ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ်တာအိုကို ကိုယ်ဖန်တီး… အခြားတစ်ယောက်ရဲ့လမ်းနောက် မလိုက်နဲ့… လိုက်မယ်ဆိုရင် မင်းတို့ ဘယ်တော့မှ အထွဋ်အထိပ်ကို ရောက်မှာမဟုတ်ဘူး…” ထို့နောက်တွင် ရန်ကိုင်သည် ပြောနေရင်းမှ အခြားတစ်ဖက်သို့ လှည့်၍ လူအုပ်ကြီးအား ဝေ့ကြည့်လျက် မေးလိုက်လေ၏။ “မင်းတို့နားလည်ကြလား…”
လူအုပ်ကြီးတစ်ခုလုံး တိတ်နေကြလေသည်။ မည်သူမျှ သူတို့နားလည်ကြောင်း ပြန်မပြောကြ။
ရုတ်တရက်ဆိုသလို မိုးမြေစွမ်းအင်များ ကသောင်းကနင်းဖြစ်လာပြီး မိုးခြိမ်းသံများ မြည်ဟည်းလာခဲ့လေသည်။ အနက်ရောင်တိမ်စိုင်တိမ်တိုက်များသည် ရွက်တစ်ထောင်တောင်ထွဋ်ပေါ်ရှိ အာကာယံထက်တွင် စုဝေးလာကုန်ကြလေသည်။
“ကြည့်ရတာ တစ်ယောက်ယောက် နားလည်သွားတယ်နဲ့တူတယ်…” ရန်ကိုင်သည် တောင်ထွဋ်ဆီသို့ကြည့်ရင်းမှ ပြုံးဖြီးလိုက်လေ၏။