← Chapters

အခန်း (၂၇၁၈)

Vol. 116 Ch. 2718

အခန်း (၂၇၁၈)

Vol. 116 Ch. 2718

“အစ်မဟွာ၊ အခုကနေစပြီး အစ်မဟွာက ထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာ ဖြစ်သွားပြီ။ အစ်မဟွာအထက်မှာ အကြီးအကဲချုပ်တွေပဲ ရှိလိမ့်မယ်။ တပည့်တွေ အကုန်လုံးကတော့ အစ်မဟွာ လက်အောက်မှာပဲ” ရန်ကိုင်က ဟွာချင်းစီ၏ ပခုံးကို ပုတ်ရင်း သူမအား အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည်။

ဟွာချင်းစီမှာ ကြောင်တောင်တောင် အမူအရာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေခဲ့လေသည်။

“ရော့ဒီမှာ၊ အဆင့်မြင့် အရင်းအမြစ်ကျောက် သန်းနှစ်ရာ၊ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သုံးသုံးထောင်၊ အဆင့်နိမ့်အရင်းအမြစ်ကျောက် သန်းတစ်သောင်းနဲ့ အခြားပစ္စည်းတွေ။ ဒါတွေကို အရင်ယူထားလိုက်။ အစ်မဟွာ သင့်သလို ဒါတွေကို ကြည့်ကြပ်ပြီး ခွဲဝေပေးလိုက်”

ထိုသို့ပြောရင်း ရန်ကိုင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ဟွာချင်းစီ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“နေပါဦး” ဟွာချင်းစီက ရန်ကိုင်က မျက်မျောင်ကြုတ်ကာကြည့်လျက် “ငါဘယ်တုန်းက ထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာ ဖြစ်သွားတာလဲ”

သူမသည် ရွက်တစ်ထောင်ဂိုဏ်းပေါ်ရှိ ရုတ်ရုတ်သဲသဲ အဖြစ်အပျက်ကြောင့် ထွက်လာကြည့်စဉ် လမ်း၌ ရန်ကိုင်နှင့် အမှတ်မထင် တိုးခဲ့သည်။ ထို့ကြောင့် ရန်ကိုင်သည် ဘာမှန်းမသိသော အကြောင်းအရာများကိုပြောရင်း အဖိုးတန်ရတနာများစွာ ထည့်ထားသည့် သိုလှောင်လက်စွပ်တစ်ကွင်းကို သူမ လက်ထဲသို့ ထည့်ပေးလာခဲ့သည်။

“အခုကနေစပြီးတော့လို့ ပြောလိုက်တယ်” ရန်ကိုင်သည် အလွန်ကိုမှ အရေးကြီးသည့် တာဝန်တစ်ရပ်ကို လွှဲပေးနေသည့် ပုံစံမျိုးဖြင့် ဟွာချင်းစီကိုကြည့်ကာ ပြောလိုက်၏။

“ငါဘာလို့ မန်နေဂျာ လုပ်ရမှာလဲ” ဟွာချင်းစီက ပြန်ပြောလိုက်၏။

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလေသည် “သေချာစဉ်းစားပြီးမှ အခုလို ဆုံးဖြတ်ချက်ခဲ့တာ။ ထက်ကောင်းကင်နန်းတော်ထဲမှာ အစ်မဟွာထက်ပိုပြီး မန်နေဂျာ လုပ်ဖို့ သင့်တော်တဲ့လူ တစ်ယောက်မမရှိဘူး။ ဒါကြောင့် ဒီနန်းတော်သခင် အစ်မဟွာကို အားကိုးနေမယ်နော်။ ပြီးတော့ ဒီရာထူးက အရမ်း အရေးကြီးတဲ့ ရာထူးတစ်ခုဆိုတော့ နန်းတော်သခင်ကို စိတ်ပျက်ရအောင် မလုပ်နဲ့နော်”

“ဘာ ထက်ကောင်းကင်နန်းတော်တစ်ခုလုံးလဲ” ဟွာချင်းစီက ယဲ့ယဲ့လေးပြုံးလျက် “ထက်ကောင်းကင်နန်းတော်ထဲမှာ စုစုပေါင်းမှ လူဆယ်ယောက်တောင် ပြည့်လို့လား”

ယာယီ လာနေကြသည့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များကို ဖယ်လိုက်ပါက ထက်ကောင်းကင်နန်းတော်၌ မွန်းစတားဘုရင်သုံးပါး၊ ချီယွဲ့၊ အိုင်းအောင်၊ ကွေ့ဇူနှင့် ကုချန်းယွင်တို့သာ ရှိကြလေသည်။

ရန်ကိုင်က ကသိကအောက် အမူအရာဖြင့်ပြုံးလျက် ပြန်ပြောလိုက်၏ “အစပိုင်းကတော့ ခက်မှာပေါ့။ ဒါပေမယ့် နောက်ပိုင်းကျရင် အစ်မဟွာ အမိန့်ပေးလို့ရတဲ့လူတွေ အများကြီး ရှိလာမှာ။ ဒီတော့ ဂိုဏ်းတစ်ခုကို ဘယ်လိုထိန်းချုပ်လည်ပတ်ရမလဲ အရင်စတင် လေ့ကျင့်ထားလိုက်ပေါ့...”

“ငါဘယ်သူ့ကိုသွားပြီး လေ့ကျင့်ရမှာလဲ” ဟွာချင်းစီက မျက်နှာကြီးမဲ့လျက် ပြန်ပြောလေသည်။

ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းသားများရှိရာဘက်သို့ ညွှန်ပြရင်းမှ ပြန်ပြောလိုက်သည် “သူတို့တွေရှိတယ်လေ”

“သူတို့တွေက ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တွေ မဟုတ်ဘူးလေ”

“အခု မဟုတ်သေးပေမယ့် နောက်ပိုင်းကျရင် မဟုတ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်သည်။

ဟွာချင်းစီသည် ရန်ကိုင်ဘက်သို့လှည့်၍ မျက်ခုံးပင့်လျက် ပြန်ပြောလိုက်၏ “နင်က သူများတပည့်တွေကို လုချင်နေတာလား”

ရန်ကိုင်က မျက်နှာသေဖြင့် ပြန်ပြောလိုက်၏ “ဘယ်ကလုရမှာလဲ။ အဲ့လို အောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို ဒီနန်းတော်သခင် ဘယ်တော့မှ မလုပ်ဘူး။ ဒါပေမယ့် လူဆိုတာ ပိုကောင်းတဲ့နေရာမှာ နေချင်ကြတာ သဘာဝပဲလေ။ ဒီတော့ သူတို့သာ ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တွေ ဖြစ်လာချင်တယ်ဆိုရင်တော့ ငါက ဘယ်ငြင်းပါ့မလဲ။ အစ်မဟွာသာ သူတို့ အကုန်လုံးကို ထွက်မသွားအောင် ဆွဲထားနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”

ဟွာချင်းစီက ခေါင်းညိတ်လျက် “နင်ပြောတာဟုတ်တယ်။ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ရုပ်သေးရုပ်တာအိုက တကယ်မဆိုးဘူး။ ငါတို့သာ အဲ့ဒါကို ရနိုင်ရင် တကယ်ကောင်းမှာ”

ရန်ကိုင်က ဝမ်းသာအားရဖြင့် “ဟုတ်တယ်မလား။ ဒါဆို ဒီတာဝန်ကို အစ်မဟွာလက်ထဲ ထည့်ထားလိုက်ပြီနော်”

“ကောင်းပြီလေ။ ငါလည်း အခုတလော လုပ်စရာမရှိ ဖြစ်နေတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့။ ဒါနဲ့ ငါဘယ်ကနေ စရမှာလဲ”

ရန်ကိုင်က ပြုံးလျက် “အစ်မဟွာကို အခုလေးတင် အရင်းအမြစ်ကျောက်တွေ အများကြီး ပေးထားတယ်မလား။ အဲ့ဒါတွေသုံးပြီး ဆွဲခေါ်လေ။ သူတို့ဂိုဏ်း ဖျက်စီးထားခံရတာ မကြာသေးတော့ ကျင့်ကြံဖို့အတွက် အရင်းအမြစ်ကျောက်တွေ လိုနေကြမှာ”

ဟွာချင်းစီက ရန်ကိုင်က ဒေါသတကြီးဖြင့် ကြည့်လျက် “ဒီအတိုင်း ပေးချင်တိုင်း လျှောက်ပေးပစ်နေရအောင် နင့်အရင်းအမြစ်ကျောက်တွေက အားအားယားယား လေထဲကနေ အလကား ပေါ်လာနေကြတာ မဟုတ်ဘူးကဲ့။ သူတို့သာ ထက်ကောင်းကင်နန်းတော်အတွက် အကျိုးဆောင်ပေးမယ်ဆိုရင်တော့ ပေးချင် ပေးမှာပေါ့။ ဒီအတိုင်းတော့ ပေးစရာလား”

“ကောင်းတယ်။ ကောင်းတယ်” ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားလေသည်။ ဟွာချင်းစီသည် မန်နေဂျာရာထူးကို ရပြီးသွားသည့်နောက် ထက်ကောင်းကင်နန်းတော်၏ အကျိုးအတွက် စတင် စဉ်းစားနေခဲ့လေပြီ။ သူရွေးမမှားသွားခဲ့ပေ။ ဟွာချင်းစီသည် ကြယ်ဝိဥာဉ်နန်းတော်ထဲတွင် ကြီးပျင်းလာခဲ့သည့် အတွက်ကြောင့် ဂိုဏ်းကြီးတစ်ဂိုဏ်းအား မည်ကဲ့သို့ ကိုင်တွယ်ထိန်းချုပ်သလဲ ဆိုသည်ကို အခြားသူများထက် ပိုသိနေရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူမသည် ထက်ကောင်းကင်နန်းတော်ကို စီမံအုပ်ချုပ်ရန်အတွက် အသင့်တော်ဆုံး လူတစ်ဦး ဖြစ်ပေသည်။

“ကောင်းမယ်ထင်တဲ့ဟာကိုသာလုပ်လိုက်။ ငါနင့်ကို စိတ်ကြိုက်လုပ်ခွင့်ပေးထားပြီးသား” ရန်ကိုင်က ပြောလိုက်သည်။

ဟွာချင်းစီက ပြန်မေးလိုက်လေ၏ “ငါဒီအလုပ်ကို ကောင်းကောင်း လုပ်ပေးနိုင်ရင် နင်ငါ့ကို ဆုပြန်ပေးရမှာနော်။ မြင်းတစ်ကောင်ကို ကောင်းကောင်း ပြေးခိုင်းစေချင်ရင် မြက်ကောင်းကောင်း ကျွေးထားရတယ်တဲ့”

“ဒါပေါ့၊ ဒါပေါ့၊ အဲ့အချိန်ကျရင် ငါနင့်ကို ကျိန်းသေ ဆုပေးမှာပေါ့” ရန်ကိုင်က အလျင်အမြန် ကတိပေးလိုက်သည်။

“နင်ပြောတာကို နင်မှတ်ထားနော်” ဟွာချင်းစီက ပြုံးလျက် ရွက်တစ်ထောင်ဂိုဏ်းဘက်သို့ လှည့်၍ “အခု ရီဟန် ဧကရာဇ်အဆင့်ကို တက်နေတာလား”

“သူမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ” ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းဘက်သို့ လှမ်းကြည့်ရင်းမှ ပြောလိုက်သည်။

လက်ရှိအခိုက်အတန့်တွင် မိုးမြေစွမ်းအင်များသည် ရွက်တစ်ထောင်ဂိုဏ်းထက်တွင် စုဝေးနေကြပြီး မိုးမြေစွမ်းအင်များသည် ဒီရေလှိုင်းလုံးများနှယ် အောက်သို့ တစ်ဟုန်ထိုး ထိုးဆင်းလာနေကြသည်။

ဟွာချင်းစီက သိချင်စိတ်ဖြင့် မေးလိုက်၏ “ရီဟန် တံခါးပိတ်ကျင့်စဉ်ဝင်တာ မကြာသေးပါဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အဆင့်တက်သွားရတာလဲ”

“သူ့တာအိုသူရှာတွေ့သွားလို့ နေမှာပေါ့” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

“သူ့တာအို...” ဟွာချင်းစီ အတွေးနက်သွားခဲ့လေသည် “ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်။ နင်ကော လိုက်ဦးမလား”

ရန်ကိုင် ခေါင်းခါပြလိုက်သည်။ သူသည် ယခုလေးတင်မှ ထိုနေရာမှ ပြန်လာခြင်း ဖြစ်လေရာ ရီဟန်အကြောင်းကို သိပြီးသားပင်။ ထို့နောက် နောက်တစ်ကြိမ် သွားစစ်ဆေးနေစရာမလို။ သို့သော်ငြား ဟွာချင်းစီ သွားစစ်ဆေးသည်မှာတော့ သူမအတွက် ကောင်းပေသည်။ ထက်ကောင်းကင်နန်းတော်၏ မန်နောဂျာ ဖြစ်သည့်အလျက် ရီဟန် ဧကရာဇ်အဆင့်သို့ ဝင်ရောက်နေသည့် အခိုက်အတန့်သည် ထက်ကောင်းကင်နန်းတော်အတွက် တပည့်များ စုဆောင်းရမည့် အကောင်းဆုံးအချိန် ဖြစ်ပေသည်။

သူတော်စင်ငါးပါးတောင်... ချီယွဲ့တို့ နေနေသည့်တောင် ဖြစ်ပေသည်။

သူတော်စင်ငါးပါးဆိုသည်မှာ သွေးသောက်ညီအစ်ကိုမောင်နှမ ငါးယောက်ကို ဆိုလိုခြင်း ဖြစ်ပေသည်။ ချိုက်ဟူ ဤနေရာတွင် မရှိသော်ငြား ကွေ့ဇူနှင့်အခြားသူများကတော့ သူ့အား အမှတ်တရဖြင့် ထည့်ခေါ်ထားခဲ့သည်။

ရန်ကိုင် ရောက်လာသည့်အခါ သူတို့လေးဦးစလုံး တံခါးပိတ်ကျင့်စဉ် ဝင်နေကြလေ၏။

ထိုလေးဦး ကောင်းကင်ကြိုးကြာမြို့၌ ရန်ကိုင်နှင့် စတွေ့စဉ်က တာအိုသခင်ပထမအဆင့်သို့ ရောက်ရုံသာ ရှိကြသေးသည်။ သို့သော် ယခု နှစ်အတော်ကြာအောင် ကျင့်ကြံပြီးနောက်တွင် အကုန်လုံးသည် တာအိုသခင်ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေခဲ့လေသည်။

တကယ်တော့ ရွက်တစ်ထောင်ဂိုဏ်း၏ ပတ်ဝန်းကျင်သည် ထိုမျှ မကောင်းလှလေဘဲ။

ထို့အစကား သူတော်စင်ငါးပါးတောင်သည် သူတို့ ယခင်နေခဲ့သည့် နေရာထက် အများကြီး ပိုကောင်းကာ ရွက်တစ်ထောင်တောင်ထက်ပင် ပိုကောင်းပေသေးသည်။ သူတို့ လက်ရှိနေနေသည့်တောင်သည် မြင့်လည်းမြင့်သလို ကြီးလည်းကြီးလှသည်။

ရန်ကိုင်မှ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူရောက်နေကြောင်း အချက်ပြလိုက်ပြီးနောက် တောင်ပေါ်သို့ တက်လာခဲ့လေ၏။

မည်သူမှ ဤနေရာအား သန့်ရှင်းရေး မလုပ်ပါသော်ငြား အစီအရင်များ၏ ကျေးဇူးကြောင့် နန်းတော်တစ်ခုလုံးမှာ သန့်ရှင်းနေခဲ့သည်။ မကြာမီ အပြင်ဘက်ဆီမှ လူများစွာ ရောက်လာကြလေသည်။

“နန်းတော်သခင်” လေးဦးစလုံး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြလေသည်။

ချီယွဲ့နှင့် အိုင်းအောင်တို့သည် ရန်ကိုင်၏ စီနီယာများ ဖြစ်ကြသော်ငြား သူတို့အားလုံးမှာ ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ထားကြသည့်အတွက်ကြောင့် နန်းတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရပေလိမ့်မည်။

“ထိုင်ပါဦး” ရန်ကိုင်သည် နန်းတော်ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

လေးဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မည်သည့် အပိုမေးခွန်းမှ မေးမနေတော့ဘဲ ဝိုင်းကာ ထိုင်လိုက်ကြလေသည်။

အသီးသီး နေရာယူပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ သိုလှောင်လက်စွပ်များကို တစ်ယောက်တစ်ကွင်းဆီ ပေးလိုက်ကြလေ၏။

“အဲ့သိုလှောင်လက်စွပ်ထဲမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်၊ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ရာ၊ အဆင့်နိမ့် အရင်းအမြစ်ကျောက် သန်းတစ်ထောင်နဲ့ ကျုပ်ဖော်စပ်ထားတဲ့ ဆေးလုံးအချို့ ပါတယ်။ အခုလောလောဆယ်တော့ အဲ့ဒါတွေကို သုံးပြီးတော့ပဲ ကျင့်ကြံထားလိုက်ဦး။ မလောက်သေးဘူးဆိုရင် ဟွာချင်းစီဆီမှာ ထပ်တောင်းလို့ရတယ်။ ကျုပ်ဆီ ပေးထားသေးတယ်” ရန်ကိုင်က ရှင်းပြလိုက်သည်။

အကုန်လုံး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး သိုလှောင်လက်စွပ်များကို သေချာ သိမ်းထားလိုက်ကြလေသည်။

သူတို့သည် ရန်ကိုင်သည် အလွန်ကို ရင်းနှီးနေကြပြီဖြစ်လေရာ ရှိးတိုးရှန့်တန့် လုပ်နေစရာ မလိုတော့ချေ။ သို့သော်ငြား ရန်ကိုင် ပေးလာသည့် လက်ဆောင်များကြောင့် သူတို့စိတ်ထဲ ထိတ်လန့်မိသွားရသည်မှာတော့ အမှန်ပင်။ သူတို့ကိုယ်တိုင်ကမူ ကြယ်တာရာအစုအဝေးသို့ ရောက်စဉ်က အရင်းအမြစ်ကျောက်များကို ရရှိရန်အတွက် ရုန်းကန်နေခဲ့ရပါသော်ငြား ရန်ကိုင်ကမူ ဤမျှ များပြားလှသည့် ပမာဏကို အလွယ်တကူ ထုတ်ပေးလာနိုင်ခဲ့သည်။

ရန်ကိုင်နှင့် ယှဉ်လိုက်သော် သူမတို့ဘဝမှာ သူတောင်းစားထက်ပင် မွဲနေသေးသည်။

ရန်ကိုင် ယခုပေးလာသည့် ပမာဏသည် သူတိုနှစ်ရာနှင့်ချီ ထိုင်ပြီး ကျင့်ကြံလျှင် မကုန်လောက်သည့် ပမာဏ ဖြစ်ကာ သူတို့၏ ခက်ခဲသည့် နေ့ရက်များ အဆုံးသတ်လေပြီလးဟုတွေးရင် အကုန်လုံး သက်ပြင်းအသီးသီး ချလိုက်ကြ၏။

“ကျုပ်နဲ့အတူ ကြယ်တာရာအစုအဝေးကို လိုက်လာခဲ့ပြီးတဲ့နောက်ပိုင်း ခင်ဗျားတို့ အားလုံး တော်တော်လေး ဒုက္ခရောက်ခဲ့ကြရမှာ။ အခု ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းတွေက တော်တော်လေး နောက်ကျနေပြီ။ ဒါကြောင့် ဒါတွေကိုသုံးပြီး ကျင့်ကြံလိုက်၊ အခြားကိစ္စတွေကို စိတ်ပူမနေနဲ့။ နောက်ပိုင်း ကြယ်စီရင်စုကနေ ရောက်လာမယ့်လူတွေ ခင်ဗျားတို့ကို ကျော်တက်သွားတာမျိုး ခင်ဗျားတို့ မဖြစ်ချင်ဘူးလို့ ကျုပ်ထင်တယ်”

“အဲ့ကောင်တွေက ငါတို့ထက် ပိုမြန်စရာလား” အိုင်းအောင်က ပြန်ပြောလိုက်သည်။

ဟုန်းလော့ကြယ်စီရင်စုကြီးထဲ၌ သူသည် အားအကောင်းဆုံးလူများအနက် တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အခြားလူများ ရောက်လာလျှင်ပင် သူ့ထက် ပိုမြန်အောင် ကျင့်ကြံနိုင်မည်လား။

ချီယွဲ့က ပြုံးလျက် ပြန်ပြောလိုက်လေသည် “ဒုတိယအစ်ကို၊ ရန်ကိုင်ကို မေ့နေတာလား။ ရန်ကိုင် ကျင့်ကြံတဲ့နှုန်းက ကျွန်မတို့ထက် အများကြီး ပိုမြန်တယ်နော်”

အိုင်အောင်က ရှက်ရှက်ဖြင့် “အဲ့ကောင်ကိုတော့ ဘယ်သူက ယှဉ်လို့ရမှာလဲ”

အကုန်လုံးသည် ကြယ်တာရာအစုအဝေးထဲသို့ အတူတကွ ရောက်ရှိလာကြသော်ငြား ရန်ကိုင်မှ ဧကရာဇ်ပထမအဆင့်သို့ ရောက်နေချိန် သူတို့မှာတော့ တာအိုသခင် ပထမအဆင့်တွင်သာ ရှိနေသေးသည်။ သူတို့ကြား အဆင့်ကြီးတစ်ဆင့် တိတိကို ကွာခြားနေခဲ့သည်။ ထိုမျှ ကွာခြားနေရခြင်းသည် ကျင့်ကြံခြင်းအရင်းအမြစ် ကွာခြားမှု သက်သက်ကြောင့်ပေလော။

“အလျင်လိုနေလို့ ဘာမှထူးမှာမဟုတ်ဘူး” ကုချန်းယွင်က မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။ ကွေ့ဇူက ခေါင်းညိတ်ထောက်ခံလိုက်၏။

ရန်ကိုင်က ပြန်ပြောလိုက်သည် “ဟုတ်တယ်။ အဲ့ဒါကြောင့်ပဲ ကျုပ်ခင်ဗျားတို့တွေ အတွက် လက်ဆောင် ကောင်းကောင်းတွေ ပြင်ထားပေးတာ”

လေးယောက်စလုံး ဇဝေဇဝါ ဖြစ်သွားကုန်ကြလေသည် “မင်ငါတို့အတွက် ပြင်ပေးထားတာ ဒါတွေ မဟုတ်ဘူးလား”

ရန်ကိုင်က ပြုံးလျက် သူ့လက်ကို ဆန့်ထုတ်ကာ အလံတိုင်းများကို ထုတ်ယူလိုက်သည်။ အလံတိုင်းများတစ်ဝိုက် သိပ်သည်းလှသည့် ယင်ချီများ ရစ်သိုင်းနေကြပြီး ချောက်ခြားဖွယ်ရာ ကောင်းလှသည့် အော်မြည်ကြွေးသံတို့မှာလည်း အလံတိုင်းများဆီမှ ထွက်ပေါ်နေခဲ့သည်။

ထိုအလံတိုင်များကို မြင်သည့်အခိုက် ကွေ့ဇူ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး အံ့အားသင့်တကြီး မေးလိုက်လေ၏ “ဒါတွေက...”

“အရှေ့ဘက်နယ်မြေက မရဏဂိုဏ်းရဲ့ မရဏငရဲခန်းအလံတိုင်တွေပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

သူ့လက်ထဲတွင် ရှိနေသော မရဏငရဲခန်းအလံတိုင်းများကို သူသတ်ခဲ့သည့် မရဏဂိုဏ်းသားများဆီမှ ရခဲ့ခြင်းဖြစ်ကာ ထိုအလံတိုင်များထဲမှ တစ်ခုဆိုလျှင် ဧကရာဇ်အဆင့်သို့ပင် ရောက်နေခဲ့လေသည်။ ကျန်သည့် အလံတိုင်များမှာ ဧကရာဇ်အဆင့်သို့ မရောက်သေးသော်ငြား တာအိုသခင်အဆင့်တွင်တော့ ရှိနေကြပေသည်။

မရဏဂိုဏ်းသားများသည် ဂိုဏ်းထဲသို့ဝင်ပြီးသည့်နောက်တွင် ကိုယ်ပိုင် အလံတိုင် တစ်ခုစီ ရရှိကြကာ ထိုအလံတိုင်းများကို သူတို့၏ စိတ်စွမ်းအင်နှင့် ချီစွမ်းအင်ကို သုံး၍ ပြုစုပျိုးထောင်ကြရသည်။ အခြားသူများအတွက် ဤအလံတိုင်းများမှာ အသုံးဝင်လိမ့်မည် မဟုတ်လောက်သော်ငြား ကွေ့ဇူအတွက်တော့ ထိုသို့မဟုတ်။

ကွေ့ဇူ မည်ကဲ့သို့သော ပညာရပ်မျိုးအား ကျင့်ကြံထားသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား သူကျင့်ကြံထားသည့် ပညာရပ်သည် မရဂိုဏ်းမှ တပည့်များ ကျင့်ကြံသည့် ပညာရပ်နှင့် ကျိန်းသေ ဆင်တူရပေလိမ့်မည်။ ကွေ့ဇူ မူလ အသုံးပြုခဲ့သည့် ဝိဥာဉ်တစ်သောင်းအလံတိုင်မှာလည်း မရဂိုဏ်း၏ မရဏငရဲခန်းအလံတိုင်းများနှင့် အတော်ကိုမှ ဆင်တူသည် မဟုတ်ပေလော။

ထို့အတွက်ကြောင့် နောက်ပိုင်း ကွေ့ဇူဆီ ပေးရန်အတွက် ရန်ကိုင်သည် မရဏဂိုဏ်းမှ တပည့်များကို သတ်ပြီးသည့်နောက်တွင် သူတို့၏ အလံတိုင်များကို သိမ်းထားခဲ့ခြင်း ဖြစ်သည်။

ကွေ့ဇူသည် ရန်ကိုင်ပေးလာသည့် အလံတိုင်များကို ဝမ်းသာအားရဖြင့် လက်ခံယူလိုက်သည်။ သူ့မျက်လုံးများမှာလည်း တဖျတ်ဖျတ်ကို တောက်ပနေလေ၏။

“ဒါတွေကိုပါ ယူထားလိုက်” ရန်ကိုင်သည် ကျောက်စိမ်းပြားအချို့ကို ထုတ်၍ ကွေ့ဇူအား ပေးလိုက်လေ၏။

ကျောက်စိမ်းပြားများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ကွေ့ဇူက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ကောင်းတယ်၊ ကေငါ်းတယ်၊ ဒါတွေနဲ့ဆို ဒီလူအိုကြီး တာအိုသခင်ဒုတိယအဆင့်ကို မြန်မြန်တက်လို့ရပြီ”

ကျောက်စိမ်းပြားများထဲတွင် ရှိနေသည်မှာ မရဏဂိုဏ်းမှ အသုံးပြုသည့် ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ ဖြစ်ကြပေသည်။ ထိုအရာများသည် ကွေ့ဇူနှင့် အလွန်ကိုမှ လိုက်ဖက်ရာ ထိုအရာများကိုသာ ကျင့်ကြံလိုက်မည်ဆိုပါက ကွေ့ဇူ၏ ခွန်အားမှာ သိသိသာသာကို တိုးတက်လာပေလိမ့်မည်။

All Chapters