← Chapters

အခန်း (၂၇၁၉)

Vol. 116 Ch. 2719

အခန်း (၂၇၁၉)

Vol. 116 Ch. 2719

အရင်းအမြစ်ကျောက်များနှင့် ဆေးလုံးများသည် ကုန်ပစ္စည်းများသာ ဖြစ်ကြပြီး ကျင့်ကြံသူများ၏ တကယ့်ခွန်အားမှာ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းနှင့် ကျင့်စဉ်များအပေါ်တွင် မူတည်နေပေသည်။ သူသည် ဤသိုင်းပညာရပ်များကို ရရှိလာသည့်အတွက်ကြောင့် သူ့ခွန်အားမှာ ကျိန်းသေ တိုးတက်လာမည်ဖြစ်လေရာ အလွန်ကိုမှ ဝမ်းသာနေမိလေ၏။ ဤသည်ကသာ တကယ့်လက်ဆောင်များ ဖြစ်ကြလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ချီယွဲ့ဘက်သို့လှည့်လိုက်လေ၏။

ချီယွဲ့က နှုတ်ခမ်းကိုကွေးလျက် ပြုံးကာ ပြောလိုက်လေ၏။ “ငါတို့မွန်းစတားမျိုးနွယ်စုဝင်တွေအတွက် ကျင့်ကြံဖို့ သိုင်းပညာရပ်တွေက များများစားစား ရှိတာမဟုတ်ဘူး… ငါ့အတွက်ပါ နင်ပြင်ဆင်ပေးထားတယ်လို့ လာမပြောနဲ့နော်…”

“မွန်းစတားမျိုးနွယ်စုဝင်တွေအတွက် ရှားတာတော့ မှန်ပေမယ့် ကျုပ်မှာ ဒါတွေရှိတယ်လေ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ သူ့ရှေ့တွင် တောင်ပို့လေးတစ်လုံး ဖြစ်ပေါ်လာလေ၏။ ထိုတောင်ပို့လေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး မွန်းစတားချီများဖြင့် ပြည့်နှက်သွားတော့လေသည်။

“မွန်းစတားအမြုတေတွေ…” ချီယွဲ့က အံ့အားသင့်တကြီးဖြင့် ဆိုလျက် မွန်းစတားအမြုတေတစ်ခုကို ကောက်ယူကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အထိတ်အလန့်ဖြင့် အော်ပြောလိုက်လေ၏။ “အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ…”

အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများသည် လူသားဧကရာဇ်အဆင့်ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများဆီမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။

ထိုကဲ့သို့သော မွန်းစတားအမြုတေတစ်ခုမှာ အလွန်တရာကိုမှ တန်ဖိုးကြီးကာ ရှားလည်း ရှားပါးသည့်အတွက်ကြောင့် ကျင့်ကြံသူများအဖို့ ထိုကဲ့သို့သောအရာများကို တစ်ဘဝလုံးတွင်ပင် တစ်ခါ မမြင်နိုင်ကြချေ။

“ဒါလည်း အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ…” အိုင်းအောင်သည် နောက်ထပ်မွန်းစတားအမြုတေတစ်ခုကို ကောက်ယူလိုက်ပြီး အထိတ်တလန့်ဖြင့် ပြောလိုက်လေသည်။

“ဒါလည်း အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေပဲ… ဒီတစ်ခုက အဆင့်ဆယ့်တစ်…”

ရန်ကိုင်ထုတ်ပြလာသည့် မွန်းစတားအမြုတေများအနက် အကုန်လုံးမှာ အဆင့်ဆယ့်တစ်နှင့် အထက်ချည်းများသာ ဖြစ်ကြပြီး ထိုမွန်းစတားအမြုတေများအနက် ဆယ်ရာခိုင်နှုန်းခန့်မှာ အဆင့်ဆယ့်နှစ်များ ဖြစ်ကြပေသည်။

“မွန်းစတားမျိုးနွယ်စုဝင်တွေ ကျင့်ကြံတဲ့ပုံစံက လူသားတွေနဲ့မတူမှန်း ကျုပ်သိတယ်… ဒါပေမယ့် ဒီမွန်းစတားအမြုတေတွေနဲ့သာဆိုရင် စီနီယာရဲ့ကျင့်ကြံခြင်းက ပုံမှန်ထက် အများကြီး မြန်ဆန်သွားမယ်လို့ ကျုပ်ယုံပြီးသား…” ရန်ကိုင်က ချီယွဲ့ကိုကြည့်၍ ပြောလိုက်သည်။

မွန်းစတားအမြုတေအပုံလိုက်ကြီးကိုကြည့်ရင်း ချီယွဲ့မှာ ခေါင်းပင် နောက်တောက်တောက် ဖြစ်ချင်သွားလေသည်။ ထို့နောက် မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေ၏။ “နင် ဒီလောက်များတဲ့ မွန်းစတားအမြုတေတွေကို ဘယ်ကနေရလာတာလဲ…”

“ကောက်လာတာ…” ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် ပြန်ပြောလိုက်သည်။

ရန်ကိုင်စကားကိုကြားသော် ချီယွဲ့သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ထိုမျှများပြားလှသော ရတနာများကို မည်ကဲ့သို့များ ကောက်ရနိုင်ပါမည်နည်း။ ရန်ကိုင် အပိုစကားများ လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ သူမစိတ်ထဲ တွေးနေခဲ့လေသည်။

သို့သော်ငြား ရန်ကိုင်မှာမူ သူပြောထားသည့်အတိုင်း ထိုအရာများကို တကယ်ကြီး ကောက်လာခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲရှိ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲတွင် မွန်းစတားအမြုတေတစ်သန်းကျော် ကောက်ရခဲ့သည်။ ထိုသို့ဖြစ်လေရာ မွန်းစတားအမြုတေတစ်ထောင်လောက်သည် သူ့အတွက် ဘာမှ မပြောပလောက်တော့ပေ။ ချီယွဲ့သည်သာ ရန်ကိုင်တွင်ရှိနေသော မွန်းစတားအမြုတေပမာဏကို သိသွားခဲ့မည်ဆိုပါက ရူးပင် ရူးသွားလောက်ပေသည်။

ဤမျှများပြားလှသော မွန်းစတားအမြုတေများကို ထုတ်ပေးနိုင်သည့်နေရာဆို၍ ရှေးဟောင်းကုန်းမြေထဲရှိ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းသာ ရှိပေသည်။

ချီယွဲ့သည် မည်သည့်အပိုမေးခွန်းမှ ထပ်မေးမနေတော့ဘဲ သူမရှေ့တွင်ရှိနေသော မွန်းစတားအမြုတေများကို စိတ်လှုပ်ရှားစွာဖြင့် သိမ်းဆည်းလိုက်လေသည်။ ရန်ကိုင်ပြောသလိုပင် မွန်းစတားမျိုးနွယ်စုဝင်များ ကျင့်ကြံသည့်ပုံစံသည် လူသားများ ကျင့်ကြံသည့်ပုံစံနှင့် ကွာခြားကြသည်။ မွန်းစတားမျိုးနွယ်စုဝင်များသည် မိုးမြေစွမ်းအင်များကို တိုက်ရိုက်စုပ်ယူလျှင် စုပ်ယူ မစုပ်ယူပါက အခြားသော သားရဲများ၏ မွန်းစတားအမြုတေများကို သန့်စင်ကာ ကျင့်ကြံလေ့ရှိကြပေသည်။ ဤမျှများပြားလှသော မွန်းစတားအမြုတေများ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ချီယွဲ့အနေဖြင့် သူမ၏ကျင့်ကြံနှုန်းကို ပိုမိုမြန်ဆန်လာအောင် ကျိန်းသေ မြှင့်တင်နိုင်ပေလိမ့်မည်။

“စီနီယာကု… ဒီဓါးပညာရပ်တွေက စီနီယာရဲ့ လက်ရှိကျင့်ကြံခြင်းအတွက် သင့်တော်လောက်တယ်… အခုလောလောဆယ်တော့ ဒါတွေကိုပဲ ကျင့်ကြံထားဦးပေါ့… နောင်ကျမှပဲ ကျုပ် စီနီယာအတွက် ပိုကောင်းတာတွေ ထပ်ရှာပေးမယ်…” ရန်ကိုင်သည် ကျောက်စိမ်းပြားအချို့ကိုထုတ်၍ ကုချန်းယွင်ဆီသို့ ပေးလိုက်သည်။

ကုချန်းယွင်သည် ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ရှိစဉ်က ဓါးအဖွဲ့အစည်း၏ အဖွဲ့အစည်းခေါင်းဆောင်ဖြစ်ခဲ့ကာ ဓါးတာအိုကို ကျင့်ကြံခဲ့သည်။ ထို့အတွက်ကြောင့် ဓါးပညာရပ်များသည် သူ့အတွက် အသင့်လျော်ဆုံး ဖြစ်ပေသည်။

ရန်ကိုင်သည် ကြယ်တာရာအစုအဝေးသို့ ရောက်ရှိလာပြီးသည့်နောက်တွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ သတ်ပစ်ခဲ့လေရာ ထိုဧကရာဇ်အဆင့်ပညာရှင်များ၏ သိုလှောင်လက်စွပ်ထဲမှ ဓါးတာအိုနှင့်ပတ်သက်နေသော ပညာအချို့ကို ရှာဖွေရန်မှာ မခက်ခဲလှပေ။

ဓါးပညာရပ်များကိုမြင်သော် ကုချန်းယွင်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ဒီပညာရပ်တွေက ဒီကု အခုကျင့်ကြံနေတဲ့ ပညာရပ်တွေထက် အများကြီး ပိုအဆင့်မြင့်တယ်…”

ကုချန်းယွင် လက်ရှိကျင့်ကြံနေသည့် ဓါးပညာရပ်များမှာ အများဆုံးမှ တာအိုသခင်အဆင့်သာ ရှိကြပေသည်။ သို့သော်ငြား ရန်ကိုင် ထုတ်ယူလာပေးသည့် ပညာရပ်များမှာတော့ ဧကရာဇ်အဆင့်ပညာရှင်များဆီမှ လာကြခြင်း ဖြစ်လေရာ ထိုပညာရပ်များသည် ကုချန်းယွင် လက်ရှိကျင့်ကြံနေသည့် ပညာရပ်များထက် ပို၍အဆင့်မြင့်သည်မှာ အထူးတလည် ပြောနေစရာမလိုပေ။

နောက်ဆုံးတွင်တော့ အိုင်းအောင်အလှည့်သို့ ရောက်လာလေသည်။ ရန်ကိုင်သည် အိုင်းအောင်နှင့် လိုက်ဖက်မည့် သိုင်းပညာရပ်များ ကျင့်စဉ်များကို ထုတ်ပေးလိုက်လေသည်။

အကုန်လုံးမှာ သူတို့ရရှိလိုက်ခဲ့သည့် လက်ဆောင်အသီးသီးကြောင့် အလွန်ကိုမှ ဝမ်းသာနေကြလေသည်။ သို့သော်ငြား ရန်ကိုင်သည် ထိုမျှနှင့်ပင် မပြီးသေးပေ။ ရန်ကိုင်မှ ထပ်မံထုတ်ယူလာခဲ့သည့် ကြယ်အမြုတေများကြောင့် လူအုပ်ကြီးတစ်ခုလုံးမှာ လုံးဝကို မင်သက်သွားခဲ့ရလေသည်။

ကြယ်အမြုတေများသည် ကျင့်ကြံရေးကြယ်များတွင်သာ ဖြစ်ပေါ်နိုင်ကြပြီး ပြီးပြည့်စုံသည့် ကြယ်အမြုတေတစ်ခုသည် ကျင့်ကြယ်ရေးကြယ်တစ်လုံး၏ အမြုတေတစ်ခုနှင့် ညီမျှပေသည်။ သူတို့သည် ကြယ်တာရာအစုအဝေးတွင် နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပြီးပြည့်စုံသော ကြယ်အမြုတေများမှာ ဤနေရာတွင် အလွန်ကိုမှ ရှားပါးမှန်း သိကြပေသည်။

ထို့အတွက်ကြောင့်ပင်လျှင် သူတို့၏မွေးရပ်မြေကြယ်စီရင်စုကြီးတွင် ရှိစဉ်က ကျင့်ကြံရေးကြယ်များအား မသန့်စင်ဘဲ နေခဲ့မိသည်ကိုပင်လျှင် ချီယွဲ့နှင့် အခြားသူများ နောင်တရမိကြလေသည်။ ယခု ကြယ်တာရာအစုအဝေးသို့ ရောက်လာနေပြီးသည့်နောက်တွင် သူတို့အနေဖြင့် ကြယ်သခင်တစ်ပါး ဖြစ်ချင်သည်ဆိုလျှင်ပင် ဖြစ်ခွင့်မရှိတော့ချေ။

သို့သော်ငြား သူတို့၏မွေးရပ်မြေတွင် ရှိစဉ်က ကြယ်အမြုတေတစ်ခုကို သန့်စင်ဖို့ရာ သူတို့အတွက် အလွန်ကိုမှ အန္တရာယ်များလွန်းလှသည်။ ထို့အတွက်ကြောင့် မည်သူမှ မိမိ၏အသက်ကို စွန့်စား၍ ကြယ်အမြုတေတစ်ခုကို သွားရောက် မသန့်စင်ရဲကြပေ။ အိုင်းအောင်သည်သာ ကြယ်အမြုတေတစ်ခုကို အောင်အောင်မြင်မြင်နှင့် သန့်စင်နိုင်ခဲ့သည်။

သို့သော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်သည် ပြီးပြည့်စုံသော ကြယ်အမြုတေများကို သကြားလုံးများနှယ် ထုတ်ယူလာပြီး သူတို့တစ်ယောက်ချင်းစီသို့ တစ်ခုချင်းစီ လိုက်ပေးလေ။ ထို့နောက်တွင် ကြယ်သန့်စင်ခြင်းပညာရပ်ကိုပါ သင်ကြားပေးလိုက်လေသည်။

အိုင်းအောင်ကိုယ်တိုင်ကမူ ကြယ်သခင်တစ်ပါး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ကြယ်အမြုတေတစ်ခုကို မလိုအပ်တော့ချေ။

ကြယ်သန့်စင်ခြင်းပညာရပ်အား သေချာ နားလည်သွားအောင် ရှင်းပြပြီးသည့်နောက်တွင် ရန်ကိုင်သည် ချီယွဲ့၊ ကွေ့ဇူနှင့် ကုချန်းယွင်တို့မှ သူတို့၏ ကြယ်အမြုတေအသီးသီးအား သန့်စင်နေသည်ကို စောင့်ကြပ်ပေးလိုက်သည်။

သုံးရက်ကြာပြီးသည့်နောက်တွင် သူတို့သုံးဦးစလုံး ဝမ်းသာအားရဖြင့် မျက်လုံးပြန်ဖွင့်လာကြလေသည်။ ကြယ်အမြုတေများကို သန့်စင်လိုက်ပြီး ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပို၍ လွယ်လွယ်ကူကူ နားလည်လာနိုင်လိမ့်မည် ဖြစ်သလို နိယာမစွမ်းအားကိုလည်း ပို၍ ချောမွေ့လွယ်ကူစွာ ခံစားမိလာနိုင်ကြပေလိမ့်မည်။

ယနေ့ ရန်ကိုင်၏လုပ်ရပ်သည် သူတို့၏ကျင့်ကြံနှုန်းကို ဆယ်ဆမက မြန်ဆန်သွားအောင် ကူညီပေးခဲ့လေသည်။ ထို့အတွက်ကြောင့် သူတို့အဖို့ အတော်လေးကိုမှ အချိန်ကုန်သက်သာသွားရတော့လေသည်။

“အင်း… ခင်ဗျားတို့ ကျင့်ကြံရေးနဲ့ပတ်သက်ပြီးတော့ နားမလည်တာတွေ၊ ဇဝေဇဝါဖြစ်တာတွေ ရှိလို့ရှိရင် ကျုပ်တို့ အတူတူ ဆွေးနွေးလို့ရတယ်နော်…” လက်ဆောင်များကိုပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ချီယွဲ့တို့လေးဦးကိုကြည့်၍ ပြောလိုက်လေသည်။

ရန်ကိုင်ပြောနေသည့် ဆွေးနွေးလို့ရသည်ဟူသည်မှာ ဟန်ပြသာဖြစ်လေသည်။ တကယ့်တကယ်တွင်တော့ ရန်ကိုင်သည် သူတို့ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သူတို့နားမလည်သည့် မေးခွန်းများကို ကူညီဖြေရှင်းပေးလိုခြင်းသာ ဖြစ်သည်။

ထို့အတွက်ကြောင့် မည်သူမျှ တုံ့ဆိုင်းမနေကြတော့ဘဲ သူတို့စိတ်ထဲ အဖြေရှာမရ ဝေခွဲရခက်နေသည့် မေးခွန်းများကို ထုတ်မေးလိုက်ကြလေသည်။

ခန်းမထဲ မေးခွန်းများ အဖြေများ ပလုံစီ ထွက်ပေါ်လာခဲ့ကြပြီး အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးနေတော့လေသည်။

“အကုန်လုံး သေနေကြတာလား… အခုချက်ချင်း ထွက်လာကြစမ်း…”

အချိန်ဘယ်လောက် ကြာလို့ကြာသွားမှန်းမသိ အချိန်တစ်ခုသို့ရောက်သော် အထက်ကောင်းကင်နန်းတော်၏ အပြင်ဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာခဲ့လေသည်။ ပြောလိုက်သည့်လူသည် သူ၏စွမ်းအားကိုစုစည်း၍ အသံကုန်အော်ဟစ်လိုက်သည့်အလား သူ့အော်သံသည် မိုင်ပေါင်းမြောက်မြားစွာအကွာသို့ ပျံ့နှံ့သွားကာ တောင်တန်းများကြား ပဲ့တင်ထပ်သွားတော့လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး အဓိကဂိတ်ပေါက်ရှိရာဆီသို့ လှည့်ကြည့်လျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ စစ်ဆေးကြည့်လိုက်လေသည်။

အဓိကဂိတ်ပေါက်၏အပြင်ဘက် ဂိုဏ်းကာကွယ်ရေးအစီအရင်ရှေ့တည့်တည့်တွင် အနုစိတ်စွာ ဖန်တီးထားသော လှေပျံတစ်စင်း လေထဲ၌ ဝဲနေခဲ့လေသည်။ ထိုလှေပျံကို အလွန်တရာကိုမှ သားနားသပ်ရပ်စွာ တန်ဆာဆင်ထားခဲ့ပြီး လှေပျံကိုယ်တိုင်သည် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု မဟုတ်သော်ငြား တာအိုအဆင့်မြင့်မှော်ရတနာတစ်ခုတော့ ဖြစ်နေပေသေးသည်။ လှေပေါ်ရှိ ရွက်တိုင်ပေါ်တွင်မူ ဆေးလုံးဟူသော စကားလုံး ရေးထိုးထားသော အလံတစ်ခုကို လွင့်ထူထားခဲ့လေ၏။

လက်ရှိအချိန်တွင် အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သာ ရှိသေးမည်ထင်ရသော လူငယ်လေးတစ်ဦးသည် သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်လျက် အထက်ကောင်းကင်နန်းတော်ဟု ထိုးထွင်းထားသော ဆိုင်းဘုတ်အား မျက်နှာကြီးမှုန်ကုပ်လျက် စိုက်ကြည့်နေခဲ့လေသည်။

ထိုလူငယ်လေးမှာ အသက်ငယ်ငယ်လေးသာ ရှိသေးပါသော်ငြား သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်ပထမအဆင့်သို့ ရောက်နေခဲ့လေသည်။

အစောပိုင်းကအော်သံသည် သူ့ဆီမှလာခြင်းဖြစ်လေသည်။ သို့သော်ငြား မည်ကဲ့သို့ ပညာရပ်၊ မှော်ရတနာကို အသုံးပြုလိုက်လဲမသိ သူ့အသံသည် အလွန်ကိုမှ ဝေးကွာသည့် နေရာဆီသို့ ရောက်သွားနိုင်ခဲ့သည်။

(တာအိုသခင်ပထမအဆင့်လေးနဲ့ အထက်ကောင်းကင်နန်းတော်ရှေ့မှာ ဒီလိုမျိုး ရာရာစစ လာပြီး ရိုင်းပြရဲရအောင် ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ…)

ရန်ကိုင်၏အမူအယာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် ရုတ်တရက်ဆိုသလို တစ်ခုခုအား ခံစားမိလိုက်ပြီး ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူလိုက်လေသည်။ တစ်ချက်စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဟွာချင်းစီပို့လာသည့် သတင်းကို တွေ့လိုက်ရလေသည်။ “နန်းတော်သခင်… တစ်ယောက်ယောက် ပြဿနာလာရှာနေတယ်…”

သူမသည်လည်း လူငယ်လေး၏အသံကို ကြားလိုက်ရသည့်ပုံပင်။

ရန်ကိုင် ဆက်သွယ်ရေးမှော်ရတနာထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်း၍ ပြန်ပြောလိုက်လေ၏။ “ဒီကောင် နို့နံ့တောင် စင်သေးတဲ့ကောင် မဟုတ်ဘူး… နင်ပဲရှင်းလိုက်တော့…”

လက်ရှိအချိန်တွင် ဟွာချင်းစီသည် အထက်ကောင်းကင်နန်းတော်၏ မန်နေဂျာချုပ်တစ်ဦး ဖြစ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ယခုကဲ့သို့ ကိစ္စမျိုးကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မဖြေရှင်းလိုတော့ပေ။ ထို့အပြင် တစ်ဖက်လူသည် တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။ ထိုလူငယ်လေးအား မည်ကဲ့သို့သော နောက်ခံမျိုးမှ ကျောထောက်နောက်ခံပြုပေးထားသလဲဆိုသည်ကို မသိချေ။ ထို့အတွက်ကြောင့် လက်ရှိအခြေအနေကို ဟွာချင်းစီဖြေရှင်းလိုက်သည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။

ရန်ကိုင်မှ အသံကိုကြားပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ ဆက်သွယ်နေသည်ကိုမြင်သော် ချီယွဲ့နှင့် အခြားသူများမှ မေးလိုက်ကြလေသည်။ “ဘာတွေဖြစ်နေတာလဲ…”

“ဘာမှမဟုတ်ဘူး… စိတ်ပူမနေနဲ့… ဆက်ကြရအောင်…” ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ပြန်သိမ်းလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။

ရန်ကိုင်၏တုံ့ပြန်ပုံကိုမြင်သော် ချီယွဲ့တို့မှာလည်း ဘာမှပြန်မေးမနေကြတော့ဘဲ ကျင့်ကြံရေးနှင့်ပတ်သက်သည့် မေးခွန်းများကိုသာ ရန်ကိုင်အား ပြန်လည်မေးမြန်းကြတော့လေသည်။

ခဏအကြာတွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ဆက်သွယ်ရေးမှော်ရတနာကို ထပ်မံထုတ်ယူကြည့်လိုက်သည်။ ဆက်သွယ်ရေးမှော်ရတနာအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အံ့အားသင့်နေသည့် အမူအယာတစ်ခု ရန်ကိုင်မျက်နှာထက် ထွက်ပေါ်လာခဲ့လေ၏။

“တစ်ခုခုဖြစ်နေတာနဲ့တူတယ်… နန်းတော်သခင် ကိုယ်တိုင် သွားစစ်ဆေးကြည့်လိုက်ရင် ကောင်းလိမ့်မယ်နော်… ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ သိပ်မကြာသေးဘူး… ဒီတော့ တွေ့ကရာလူနဲ့ ရန်သူဖြစ်အောင်လုပ်လို့ အဆင်မပြေဘူး…” အိုင်းအောင်က ပြောလိုက်သည်။

“အင်း… ကျုပ် တစ်ချက် သွားကြည့်လိုက်ဦးမယ်…” ရန်ကိုင်လည်း ထိုင်ရာမှထ၍ ခန်းမထဲမှ ထွက်သွားလေ၏။

မကြာမီ ရန်ကိုင်သည် ဂိုဏ်း၏ အဓိကဂိတ်ပေါက်အပြင်ဘက်ဆီသို့ ရောက်လာခဲ့လေသည်။

လက်ရှိအချိန်တွင် ဟွာချင်းစီမှာ ထိုနေရာ၌ ရှိနေခဲ့လေသည်။ ရန်ကိုင်အား အံ့အားသင့်သွားစေသည့်အချက်မှာ တစ်ဖက်လူသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးသည့်တိုင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်သော ဟွာချင်းစီရှေ့၌ အနည်းငယ်မျှပင် မကြောက်မရွံ့အမူအယာဖြင့် ရပ်နေခြင်း ဖြစ်လေသည်။ သူ့ပုံစံမှာ မကြောက်သည့်အပြင်ကိုမှ မောက်မာဝံ့ကြွားသည့် ပုံစံမျိုးပင်‌ ပေါက်နေသေးသည်။

ရန်ကိုင်ပေါ်လာသည်ကိုမြင်သည့်အခါ ထိုလူငယ်လေးသည် ရန်ကိုင်အား ဝေ့ကြည့်၍ မေးလိုက်လေသည်။ “သူလား… အထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ဆိုတာ…”

“ဟုတ်တယ်…” ဟွာချင်းစီက ခေါင်းညိတ်လိုက်သည်။ “သူက ကျွန်မတို့အထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ရန်ကိုင်ပဲ… အခု ရှင်ပြောချင်တာပြောလို့ရပြီ…”

“ဟမ့်… ဘာမှလည်းမဟုတ်ပါလား… ငါကတော့ ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့မှတ်နေတာ…” လူငယ်လေးက အထင်အမြင်တသေးဖြင့် ပြုံး၍ ပြောလိုက်လေသည်။

လူငယ်လေး၏ မောက်မာဝံ့ကြွားသည့် ပုံစံသည် ရန်ကိုင်အား အလွန်ကိုမှ ဒေါသထွက်သွားစေခဲ့လေသည်။ သို့သော်ငြား သူ့ကိုယ်သူ ထိုလူငယ်လေးအဆင့်ရောက်အောင် မနှိမ့်ချချင်သည့်အတွက်ကြောင့် ရယ်မော၍သာ ပြန်ပြောလိုက်လေ၏။ “မင်းက ဆေးလုံးတောင်ကြားက လာတာလို့ ပြောတယ်နော်… မင်းမှာ သက်သေရှိလား…”

ဟွာချင်းစီမှာ ဤလူငယ်လေးမှာ ဆေးလုံးတောင်ကြား၏ တပည့်တစ်ဦးဖြစ်သည်ဟု သတင်းပို့လာသည့်အတွက်ကြောင့်သာ ရန်ကိုင်ကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုလူငယ်လေးသည် ရန်ကိုင်အမေးကို တိုက်ရိုက်ပြန်မဖြေခဲ့ဘဲ သူ့နောက်တွင်ရှိနေသော အလံကို လက်ညှိုးထိုး၍သာ အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေ၏။ “မင်းကန်းနေတာလား… ဒါကိုမမြင်ဘူးလား…”

ရန်ကိုင်၏နဖူးကြောများ ထောင်တက်လာခဲ့ပြီး ထိုလူငယ်လေးအား နားရင်းပါးရင်း ပိတ်ရိုက်ချင်စိတ်များ သူ့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ထိုလူငယ်လေးသည် ဆေးလုံးတောင်ကြား၏ တပည့်တစ်ယောက် တကယ်ဖြစ်နေမည်ဟူသော အချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်သည် သူ့ဒေါသကို ပြန်လည်ချုပ်တည်း၍ အလျင်အမြန် ပြောလိုက်လေ၏။ “စကားလုံးလေးနည်းနည်းလောက်နဲ့ ဘာတွေသက်သေပြချင်နေတာလဲ… ဟာသလာလုပ်နေတာလား…”

ရန်ကိုင်၏စကားကိုကြားသော် ထိုလူငယ်လေးက မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ ထူးထူးဆန်းဆန်းအမူအယာဖြင့် မေးလိုက်လေသည်။ “မင်းလိုလိပ်တစ်ကောင် ဘယ်လိုအုတ်ကြိုအုတ်ကြားအောက်ကနေ ကုန်းရုန်းထွက်လာတာလဲ… ငါတို့ ဆေးလုံးတောင်ကြားရဲ့ အမှတ်အသားကိုတောင် မမြင်ဘူးလား… အဲ့ဒါနဲ့များ ဒီနေရာမှာ ဂိုဏ်းတည်ထောင်ချင်သေးတယ်…”

(ဒီခွေးကောင် ငါ့ကို လိပ်လို့ ခေါ်လိုက်တာလား…)

ရန်ကိုင်၏ရင်ဘတ်ထဲ ဒေါသမီးတောက်တို့ တဟုန်းဟုန်း တောက်လောက်နေခဲ့လေပြီ။ သို့သော်ငြား တဇွတ်ထိုးလှုပ်ရှား၍ မဖြစ်သည့်အတွက်ကြောင့် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သို့သော်ငြား ထိုလူငယ်လေးမှာတော့ ထိုအချက်ကို သတိထားမိဟန်မရဘဲ ရွက်တိုင်ဆီသို့ ခုန်သွားလျက် အလံကို ရန်ကိုင်မြင်သွားအောင် သေသေချာချာ ဖြန့်ပြရင်းမှ ပြောလိုက်လေသည်။ “မင်းမျက်လုံးတွေကို ပြူးပြီးတော့ သေသေချာချာကြည့်… မြောက်ဘက်နယ်မြေမှာရှိတဲ့လူတိုင်း ဒီအလံကိုသိတယ်…”

“အင်း…” ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ခေါင်းညိတ်လိုက်လေသည်။ “အခု ဒီနန်းတော်သခင် သိသွားပြီ…”

ထို့နောက် ဟွာချင်းစီက ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေသည်။ “ဒီခွေးကောင်လေးကို သေအောင်ရိုက်သတ်ချင်နေပြီနော်…”

ဟွာချင်းစီမှာ ထိတ်လန့်သွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏။ “နန်းတော်သခင် တဇွတ်ထိုးမလုပ်နဲ့နော်… သူ ဆေးလုံးတောင်ကြားက လာတာသာ တကယ်အမှန်ဆိုလို့ရှိရင် ကျွန်မတို့ သူ့ကို ကျိန်းသေ ရန်သွားစလို့မဖြစ်ဘူး… နောက်ပိုင်းလည်း ကျွန်မတို့ မြောက်ဘက်နယ်မြေမှာ ဆက်ပြီး နေရဦးမှာ…”

“အဲ့ဒါကြောင့်မို့လို့ပေါ့ ငါဒီလောက်ထိ သည်းခံနေတာ… မဟုတ်ရင်တော့ ဒီကောင့်ကို အပိုးကျိုးအောင် တစ်ခါတည်း ဆုံးမပေးပစ်လိုက်ပြီ…” ရန်ကိုင်မှာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။ ဆေးလုံးဟူသောစကားလုံး ရေးထိုးထားသည့် အလံတိုင်တစ်ခုကို ဝှေ့ယမ်း၍ မြောက်ကြွမြောက်ကြွ လုပ်နေသည့် လူငယ်လေးတစ်ယောက်လောက်ကို ရန်ကိုင် မကြောက်ပေ။ သို့သော်ငြား ဆေးလုံးတောင်ကြားဟူသော နာမည်သည် အနည်းနှင့်အမြန်ဆိုသလို သူ့အပေါ် သက်ရောက်ပေသည်။

ရန်ကိုင်အနေဖြင့် ဆေးလုံးတောင်ကြားအား သတိထားနေသည်မှာလည်း အထူးအဆန်းမဟုတ်။ တကယ်တော့ ထိုနေရာသည် ဆေးလုံးမဟာဧကရာဇ်နေထိုင်နေသည့်နေရာ မဟုတ်ပေလော။

ဆေးလုံးမဟာဧကရာဇ်သည် ပြင်ပရေးရာကိစ္စများတွင် ဝင်ရောက်ပတ်သက်ခြင်းမရှိသလို အခြားသော မဟာဧကရာဇ်များကဲ့သို့ ကိုယ်ပိုင်ဂိုဏ်းကို ထူထောင်ထားခြင်း မရှိပါဘဲ ဆေးလုံးတောင်ကြားထဲတွင်သာ တပည့်အချို့နှင့် နေထိုင်နေပါသော်ငြား မြောက်ဘက်နယ်မြေတွင်ရှိနေသည့် ကျင့်ကြံသူများကမူ ဆေးလုံးမဟာဧကရာဇ်အား အလွန်ကိုမှ လေးစားကြပေသည်။

‌ ဆေးလုံးမဟာဧကရာဇ် သို့မဟုတ် ဆေးလုံးတောင်ကြားကိုသာ ရန်စလိုက်မည်ဆိုပါက ရန်စလိုက်သည့်လူ၏ အနာဂတ်မှာ ကောင်းတော့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် ဆေးလုံးမဟာဧကရာဇ်၏ ကျင့်ကြံခြင်းမှာလည်း သူတို့သွားရောက်ယှဉ်ပြိုင်နိုင်ကြသည်မဟုတ်။ ထို့အတွက်ကြောင့် ယခုကဲ့သို့ ရန်စခြင်း ခံရမည်ဆိုလျှင်ပင် မြောက်ဘက်နယ်မြေရှိ လူများသည် ဆေးလုံးတောင်ကြားမှ ကျင့်ကြံသူများကို သည်းခံ၍ ပေါင်းသင်းရပေသည်။

လူငယ်လေးသည် ရွက်တိုင်ပေါ်မှ ပြန်ဆင်းလာပြီး သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်လျက် အထက်စီးလေသံဖြင့် ပြောလိုက်လေသည်။ “အခုသိသွားပြီဆိုတော့ မင်း အလံတိုင်ကို သေသေချာချာ မှတ်ထားလိုက်ရင် အကောင်းဆုံးပဲ… တစ်နေ့နေ့ကြရင် မင်း ငါတို့အကူအညီကို လိုလာမလားဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး…”

All Chapters