အခန်း (၂၇၂၁)
Vol. 116 Ch. 2721
“မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့… ငါ့ဆေးပင်တွေ ဘယ်မှာလဲ…”
ရန်ကိုင်ပြန်ရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဂိတ်ပေါက်အပြင်ဘက်တွင် ရပ်စောင့်နေသော လူငယ်လေးအား အံတင်းတင်းကြိတ်၍ ဆီးကြိုအော်မေးတော့လေသည်။
ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် အော်ရယ်မောလျက် “ဆေးပင်အမျိုးအစားတွေက များလွန်းတော့ ချက်ချင်း ပြင်ဆင်လို့မပြီး ဖြစ်နေတာ… ညီလေး အထဲဝင်ပြီး ခဏ လာနားလိုက်ပါလား… ဆေးပင်တွေကို ပြင်ဆင်ပြီးတာနဲ့ ချက်ချင်း တန်းပေးမယ်လေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖွင့်ပေးလိုက်ပြီး ဟွာချင်းစီအား လှမ်းကြည့်လိုက်လေသည်။
ဟွာချင်းစီလည်း ချက်ချင်းပဲ အထဲသို့ ဖိတ်ခေါ်လိုက်လေ၏။ “ဒီလမ်းအတိုင်း လာခဲ့ပါ မောင်လေး…”
“ဟမ့်…” လူငယ်လေးသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လှေပျံကို အထက်ကောင်းကင်နန်းတော်ထဲသို့ ပျံသန်းသွားစေလျက် ရန်ကိုင်အား ငုံ့ကြည့်ရင်းမှ ပြောလိုက်လေသည်။ “ငါ မင်းကိုသတိပေးလိုက်မယ်… မဟုတ်တရုတ်တွေ လာလုပ်ဖို့ မကြိုးစားနဲ့နော်… သက်တမ်းပဲဖြစ်ဖြစ် အရည်အသွေးပိုင်းပဲဖြစ်ဖြစ် ပြောထားတဲ့အတိုင်းပဲ ဖြစ်နေရမှာ… နည်းနည်းလေးမှ မှားလို့မရဘူး… မဟုတ်ရင်တော့ မင်းတို့သေပြီပဲ…”
“ဒါပေါ့ ဒါပေါ့…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လက်ရှိကိစ္စသည် အထက်ကောင်းကင်နန်းတော်နှင့် ဘာမှ မသက်ဆိုင်ပါသော်ငြား ရမ္မက်ရှာဂိုဏ်း၏ ပိုင်ဆိုင်မှုအားလုံးသည် သူ့လက်ထဲတွင် ရှိနေပေသည်။ ထိုလူများမှာ ဆေးပင်များကို ဝယ်လိုသည့်အတွက်ကြောင့် ရန်ကိုင်ကလည်း ရောင်းလိုက်ရုံပင်။ ထိုနည်းဖြင့် သူ့အနေဖြင့် ဆေးလုံးတောင်ကြားနှင့်လည်း ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ထားနိုင်ပေလိမ့်မည်။
“ဟမ့်…” လူငယ်လေးမှာ တစ်ခုခုထပ်ပြောတော့မည်အပြု ရန်ကိုင်၏နောက်ဘက်တွင် ပေါ်လာသည့် အမျိုးသမီးနှစ်ဦးကိုကြည့်ရင်း မျက်လုံးများ ပြူးသွားခဲ့လေသည်။ ထို့နောက်တွင် သူ့မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး ချက်ချင်း လှေပျံပေါ်မှဆင်းလျက် ရန်ကိုင်နောက်ဘက်သို့ ပျံသန်းသွားလေ၏။ ထို့နောက် ကျုချင်းနှင့် ကျိယောင်တို့အား ပြုံးကာ ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူ့အကြည့်သည် ကျုချင်းဆီ၌ ရပ်တန့်သွားခဲ့ပြီး တလေးတစားဖြင့် မေးလိုက်လေ၏။ “ကျုပ်နာမည်က လီရွှမ်းပါ… အစ်မနာမည် ဘယ်လိုခေါ်လဲ သိလို့ရမလား…”
သူ့ရင်ထဲ ပန်းပေါင်းစုံတို့ ပွင့်လန်းဝေဖြာနေခဲ့လေသည်။ သူ့ဆရာသည် သူ့အား ရေခဲနှလုံးသားတောင်ကြားဆီသို့ မသွားစေခဲ့ဘဲ အထက်ကောင်းကင်နန်းတော်ဆီသို့သာ စေလွှတ်ခဲ့လိုက်သည်။ သို့သော်ငြား ဤအစုတ်အပြတ်နေရာကြီးတွင် မိန်းမချောလေးများစွာကို လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မိန်းမချောလေးများသည် တစ်ယောက်ပြီးတစ်ယောက်ဆိုသလို သူ့ရှေ့၌ ထွက်ပေါ်လာခဲ့လေ၏။ တကယ်ကို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းပင်။
အထူးသဖြင့် ဤအစ်မကြီးပင်။ သူမ၏ကိုယ်လုံးကိုယ်ပေါက်မှာ… ကျွတ်… ကျွတ်…။
အစကတော့ သူ့စီနီယာအစ်ကိုကို ရေခဲနှလုံးသားတောင်ကြားသို့ ပို့ပြီး သူ့ကို ဤနေရာသို့ပို့လိုက်သည့် သူ့ဆရာ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မကျေနပ်ချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ သူ့စိတ်ထဲ မည်သည့်အထွန့်တက်လိုစိတ်မှ မရှိတော့။ ရေခဲနှလုံးသားတောင်ကြားတွင် မိန်းမချောလေးပေါင်းများစွာ ရှိနေမည်ဆိုလျှင် ထိုမိန်းမချောလေးများသည် လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးသုံးဦးလောက် ချောမောလှပချင်မှ လှပပေလိမ့်မည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်တစ်ကိုယ်လုံး တုန်တက်သွားခဲ့ပြီး ကြက်သီးမွေးညှင်းများ ထသွားခဲ့လေသည်။ ဤခွေးကောင်လေးသည် ဤမျှ တဏှာစိတ် ငယ်ထိပ်ရောက်နေသည့် နှာဘူးတစ်ကောင် ဖြစ်နေမည်မှန်း သူမသိခဲ့ပေ။ ဤမျှအသက်ငယ်ငယ်လေးနှင့်ပင်လျှင် ဤမျှ နှာထနေမည်ဆိုပါက ကြီးလာသည့်အခါ မည်သို့များ ဖြစ်လိမ့်မည်နည်း။
ကျုချင်းမှာ စကားတစ်ခွန်းမှမပြောဘဲ ရန်ကိုင်ကိုသာ ဒေါမာန်တကြီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင် နောက်တစ်ကြိမ် ထပ်မံ ပျောက်သွားမည်ကို စိုးရိမ်နေသည့်အလား။
သို့သော်ငြား သူမ၏လုပ်ရပ်သည် လူငယ်လေးအား စိတ်ပျက်သွားစေခြင်းမရှိခဲ့။ ထို့အစား လူငယ်လေးမှာ ရှက်ရှက်ဖြင့်သာ ပြန်ခေါ်လိုက်လေသည်။ “အစ်မ… ကျုပ် အစ်မကိုပြောနေတာ…”
ထိုအခါမှသာလျှင် ကျုချင်းသည် လူငယ်လေးဘက်သို့ လှည့်ကြည့်လာလျက် အော်ပြောလိုက်လေ၏။ “ထွက်သွားစမ်း…”
ကျုချင်းပါးစပ်မှ ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လူငယ်လေး၏မျက်နှာ ရဲတက်သွားခဲ့လေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလီရွှမ်းဆိုသည့်ကောင်သည် လူကောင်းတစ်ယောက်မဟုတ်မှန်း မည်သူမဆို ပြောနိုင်ပေသည်။ သို့သော်ငြား သူသည် ဆေးလုံးတောင်ကြား၏ တပည့်တစ်ဦး ဖြစ်နေလေ၏။ ကျုချင်း၏လုပ်ရပ်မှာ သူ့အား ဒေါသထွက်သွားစေနိုင်ပေသည်။ ရန်ကိုင်စိတ်ထဲ ဤအခြေအနေကို မည်ကဲ့သို့ ဖြန်ဖြေလျှင်ကောင်းမလဲ စဉ်းစားနေစဉ်မှာပင် လီရွှမ်း၏ အသက်ပြင်းပြင်းရှုသွင်းသံကို ကြားလိုက်ရလေသည်။ ထို့နောက်တွင် လီရွှမ်းသည် ယဇ်မူးနေသည့် အမူအယာဖြင့် သူ့စိတ်ထဲ တဏှာရိပ်တို့သာ ရှိနေတော့သည့်အလား ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ “ကောင်းလိုက်တာ… အစ်မ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လား…”
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏နဖူးထက် ချွေးသီးများ ဝေ့သီလာတော့လေသည်။ ကျိယောင်နှင့် ဟွာချင်းစီတို့မှာလည်း ထိုမြင်ကွင်းအား ထူးထူးဆန်းဆန်းအမူအယာများဖြင့် ကြည့်နေကြလေ၏။
“ငါ နင့်ကို ထွက်သွားဖို့ ပြောနေတယ်လေ… နင် ငါပြောတာကို မကြားတာလား… ဘာလဲ… ငါ နင့်ကို မရိုက်ရဲဘူးလို့ ထင်နေတာလား…” ကျုချင်း၏မျက်လုံးများ ရုတ်ချည်း အေးစက်သွားခဲ့သည်။
လူငယ်လေးမှာ အလွန်တရာကိုမှ ကျေနပ်အားရ ဖြစ်သွားသည့်အလား သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်၍ ဝမ်းသာပီတိ ဖြစ်နေခဲ့လေသည်။ တဖြည်းဖြည်းနှင့် သူ့အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့လေ၏။ အဆုံးတွင် နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးမှာ လုံးဝကို ရဲတက်လာခဲ့လေသည်။
“ဒီကောင်က အဲ့လိုအစားမျိုးလား…” ရန်ကိုင်သည် ဟွာချင်းစီအား အံ့ဩတကြီးဖြင့် ကြည့်ရင်းမှ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းမေးလိုက်လေသည်။
“ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ…”
ရန်ကိုင်က နှုတ်ခမ်းကိုစုပ်သတ်လိုက်ရင်းမှ “ဒီလောကကြီးမှာ လူထူးလူဆန်းတွေ တကယ်ကို မရှားပါးပါလား…”
ထို့နောက် ဟွာချင်းစီဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “အစ်မဟွာ… သူ့ကို နားလို့ရအောင် ခေါ်သွားပေးလိုက်… ကျုပ် ဆေးပင်အမျိုးအစားတွေ သွားခွဲလိုက်ဦးမယ်…”
“အင်း…” ဟွာချင်းစီက ခေါင်းညိတ်လိုက်ပြီး လီရွှမ်းဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မောင်လေး… ဒီလမ်းအတိုင်း လာခဲ့ပါ…”
“မလာဘူး မလာဘူး…” လီရွှမ်းသည် ကျုချင်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ ပြန်ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားကို မလိုချင်တော့ဘူး… ကျုပ် ဒီအစ်မကြီးကိုပဲ လိုချင်တာ…”
ဟွာချင်းစီ၏အမူအယာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး သူမ၏စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။ (ခုနတုန်းက ငါ့ကို ချောလွန်းလှလွန်းလို့ သူ့ဆီကိုပြန်ခေါ်သွားပြီး သူ့အိပ်ယာလေးကို နွေးထွေးအောင် လုပ်ပေးပါလေး ဘာလေး ညာလေးနဲ့… အခုကြတော့ ငါ့ကို မလိုတော့ဘူးတဲ့… ဒီခွေးကောင်က ဘာလဲ… အဲ့ရင်သားတွေက ငါတို့ထက် ပိုပြီး ကြီးနေရုံပဲ မဟုတ်ဘူးလား… ဘာတွေများ ဒီလောက်ဖြစ်စရာရှိလို့လဲ…)
“နင် သေချင်နေတာလား…” ကျုချင်းသည် လီရွှမ်းအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
လီရွှမ်းကမူ ပြုံးမြဲပြုံးလျက် “အစ်မ ကျုပ်ကို သေစေချင်တယ်ဆိုလို့ရှိရင် အစ်မရဲ့မောင်လေးက ကျိန်းသေ ဝမ်းပန်းတသာနဲ့ အစ်မစိတ်ကျေနပ်အောင် သေပေးမှာပါ….”
ခွေးကောင်လေးသည် နို့နံ့သာ မစင်သေးပါသော်ငြား လျှာစောင်းကတော့ အတော်ကိုမှ ထက်လှပေသည်။ ကျုချင်း သူ့အား တကယ်သတ်ချင်နေသည် ဆိုသည်ကိုတော့ သူမသိပေ။ ဆေးလုံးတောင်ကြား၏ တပည့်တစ်ယောက် မဆိုထားနှင့် ဆေးလုံးမဟာဧကရာဇ်၏ အမွေခံတပည့်တစ်ဦးကိုပင်လျှင် ကျုချင်း သတ်ရဲပေသည်။
“နင် အဲ့လောက်တောင် သေချင်နေတယ်ဆိုမှတော့လဲ ငါလည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျုချင်းသည် သူမပြောသည့်အတိုင်း တကယ်လုပ်ရန် ကြိုးစားလိုက်လေသည်။
ရန်ကိုင်မှာ ကြောက်လန့်တကြားဖြင့် ကျုချင်းရှေ့သို့ ခုန်ဝင်လာလျက် အလျင်အမြန် အော်ပစ်လိုက်လေ၏။ “နင် ဘာလုပ်ချင်နေတာလဲ…”
“ဘေးဖယ်…” ကျုချင်းသည် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။
“ငါ့ကိုတောင် လာဒေါသထွက်ရဲတယ်ပေါ့ ဟုတ်လား…” ရန်ကိုင်က ကျုချင်းအား စိုက်ကြည့်လိုက်လေသည်။
ထိုအခါ ကျုချင်းက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “ဘေးဖယ်ပေး…”
ရန်ကိုင်က တိုးတိုးလေး ပြောလိုက်သည်။ “နင် သူ့ကို သတ်လို့မရဘူး…”
ကျုချင်းက အထင်အမြင်တသေးဖြင့် “ဘာလို့ သတ်လို့မရရမှာလဲ…”
“ဘယ်လိုပဲဖြစ်ဖြစ် နင် သူ့ကို သတ်လို့မရဘူး… သူက ဆေးလုံးတောင်ကြားက တပည့်တစ်ယောက်ပဲ…သူသေသွားရင် ငါပြဿနာတက်မှာ… ဒီလိုလုပ်… အခုလောလောဆယ်တော့ သည်းခံနေလိုက်ဦး… နောက်ဆုံး သည်းမခံနိုင်လို့ရှိရင် သူ့ကို လျစ်လျူရှုထားလိုက်တော့…”
“သူ ငါ့အပေါ် ဒီလောက် နှာထနေတာကို နင်က ငါ့ကို သည်းခံစေချင်တယ်ပေါ့ ဟုတ်လား…” ကျုချင်းသည် ရန်ကိုင်အား မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“ဒီကောင် ပါးစပ်သရမ်းနေတာပဲ ရှိတယ်… နင့်အသား ပဲ့ပါသွားတာမှမဟုတ်တာ… အရင်တုန်းကဆိုလို့ရှိရင် ငါတောင်… အဟမ်း အဟမ်း…” ရန်ကိုင် သူ့ဘာသာသူ တွေးလိုက်လေသည်။ (ငါ နင့်ကို အဲ့လိုတွေ လုပ်သွားတာတောင် နင် ငါ့ကို မသတ်ချင်ဘူးဆိုတော့ ငါ ဒီလောက်တောင် ချောနေတာလား…)
ကျုချင်း၏မျက်နှာလေး ရဲတက်သွားခဲ့ပြီး ချက်ချင်း အကြည့်လွှဲဖယ်လျက် “ဘာပဲဖြစ်ဖြစ် သူ့လိုကောင်က ငါ အာရုံစိုက်ဖို့ မတန်ဘူး…”
“ကောင်းပြီ ကောင်းပြီ… ဒီတော့ ငါတောင်းဆိုတယ်လို့ပဲ သဘောထားလိုက်… ဟုတ်ပြီလား… ငါ ဆေးပင်တွေကို အမျိုးအစားခွဲနေတုန်း နင် ဒီမှာ အေးအေးဆေးဆေးလေးပဲ ရပ်နေ… ဒီကိစ္စတွေအားလုံး ပြီးသွားရင် ငါ သူ့ကို မောင်းထုတ်ပစ်လိုက်မယ်…”
“အဲ့ဒါဆို မြန်မြန်လုပ်…” ကျုချင်းက မပျော်မရွှင်ဖြင့် ပြန်ပြောလိုက်လေသည်။
“ချင်းအာက အကောင်းဆုံးပဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် အလျင်အမြန် ထွက်သွားလိုက်လေသည်။
ကျုချင်း၏မျက်နှာ တစ်ဖန် ရဲတက်လာခဲ့ပြန်လေသည်။ သူမ၏ရဲတက်နေသည့် ပါးပြင်လေးကိုကြည့်ရင်း လီရွှမ်း ရင်တဒုန်းဒုန်း ခုန်လာခဲ့လေသည်။ လက်ရှိအချိန်တွင် သူ့စိတ်ထဲ ဤအစ်မကြီးအား ပွေ့ဖက်ချင်စိတ်များသာ ရှိတော့ပြီး အခြား ဘာစိတ်မှ ရှိမနေတော့ချေ။
လူသူအရောက်အပေါက်မရှိသည့် နေရာတစ်ခုသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လီရွှမ်းမှပေးသည့် ကျောက်စိမ်းပြားကို ထုတ်၍ ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသော ဆေးပင်များကို သူ့သိုလှောင်လက်စွပ်ထဲမှ အမျိုးအစားခွဲကာ ထုတ်ယူလိုက်လေသည်။
ရမ္မက်ရှာဂိုဏ်းကို ဖျက်ဆီးပြီးသည့်နောက်တွင် ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ထဲတွင် ရှိနေသည့် အဖိုးတန်ရတနာအားလုံးကို ယူဆောင်လာခဲ့သည်။ ထို့အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းသည်သာ ဆေးလုံးတောင်ကြားအတွက် ဆေးပင်များကို စုဆောင်းထားခဲ့မည်ဆိုပါက ရန်ကိုင်အနေဖြင့် ထိုစုဆောင်းထားသည့် ဆေးပင်များကို အလျင်အမြန် ရှာတွေ့လောက်ပေသည်။
ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းမှ စုဆောင်းထားသော ဆေးပင်များကို တစ်ပင်ချင်း အမျိုးအစား၊ သက်တမ်းအရ ခွဲခြမ်းစိတ်ဖြာလေ၏။ မကြာမီ ဧကရာဇ်အဆင့်သို့ ရောက်နေသော ဆေးပင်များစွာ ပါဝင်သည့် ထောင်နှင့်ချီသော ဆေးပင်များကို ရန်ကိုင် အမျိုးအစားခွဲလို့ ပြီးသွားခဲ့လေသည်။ ဤမျှများပြားလှသော ရတနာပုံကြီးကို ဆေးလုံးတောင်ကြားဆီသို့ အပ်ရမည့်အပေါ် ရန်ကိုင် အနည်းငယ် တုံ့ဆိုင်းနေမိပေသည်။ တကယ်တော့ သူကိုယ်တိုင်သည်လည်း ဆေးပညာရှင်တစ်ဦး မဟုတ်ပေလော။ ဤဆေးပင်များသည် သူ့အတွက် အမှန်တကယ်ကို အသုံးဝင်ပေသည်။
သို့သော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်သည် အလွန်ကိုမှ ချမ်းသာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ဤဆေးပင်များသည် သူ့အတွက် သိပ်၍ အရေးမပါတော့။ အနည်းဆုံး သူ့အနေဖြင့် ဤဆေးပင်များကို ဆေးလုံးတောင်ကြားဆီသို့ အပ်လိုက်ခြင်းအားဖြင့် ပြဿနာအချို့ကို ကြိုတင်ရှောင်ရှားနိုင်ပေသည်။
ကျိယောင်ကိုယ်တိုင်လည်း ပြောထားခဲ့ပေသည်။ ဆေးလုံးတောင်ကြားသည် သူတို့အပေါ် အမြတ်ထုတ်လိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် သတ်မှတ်ထားသည့် ဆေးပင်များကို ပေါက်ဈေးအတိုင်း တန်ရာတန်ကြေးပေး၍ ဝယ်ပေလိမ့်မည်။
သို့သော်ငြား သူတို့အနေဖြင့် ဤကဲ့သို့ လုပ်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ တကယ်တော့ ဆေးလုံးတောင်ကြားသည် အလွန်ကိုမှ နာမည်ကြီးသလို ဆေးလုံးမဟာဧကရာဇ်၏ အမည်နာမမှ ကျောထောက်နောက်ခံပေးထားသည့် အင်အားစုတစ်ခု မဟုတ်ပေလော။ ထို့အတွက်ကြောင့် ဆေးလုံးမဟာဧကရာဇ်၏ ဩဇာအာဏာကို သုံးလျက် ကြီးနိုင်ငယ်ညှင်း လုပ်လိမ့်မည်မဟုတ်ပေ။ ထိုသို့သာ လုပ်လိုက်မည်ဆိုပါက သူတို့၏ဂုဏ်သတင်း ထိခိုက်သွားရနိုင်ပေသည်။
နာရီဝက်အတွင်း ရန်ကိုင်သည် အမျိုးမျိုးသော ဆေးပင်များကို အမျိုးအစားခွဲလို့ ပြီးသွားခဲ့လေသည်။
ဆေးပင်များကို တစ်ဖက်လူမှ တောင်းဆိုလာသည့် ဆေးပင်များကို အပ်၍ လီရွှမ်းအား ပြန်မောင်းထုတ်တော့မည်အပြု ရန်ကိုင်၏ဆက်သွယ်ရေးမှော်ရတနာ ရုတ်တရက် အသံမြည်လာခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး မကျေမနပ်ဖြင့် ငြီးတွားလျက် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်းကာ ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေ၏။ ရန်ကိုင်ပြန်ပေါ်လာသည့်အချိန်တွင် အဓိကဂိတ်ပေါက်ဆီသို့ ရောက်ရှိနေခဲ့လေပြီ။
ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ လီရွှမ်းဟူသော လူငယ်လေးသည် သူ့ပါးပြင်ကို လက်တစ်ဖြင့် ကိုင်ရင်း ကြောက်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် မြေပြင်ပေါ်တွင် ဖင်ထိုင်လျက် လဲကျနေကြောင်း တွေ့လိုက်ရလေသည်။ သူ၏ပါးပြင်ထက်တွင် လက်ငါးချောင်းရာကြီး အထင်းသား ထွက်ပေါ်နေခဲ့ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေခဲ့လေသည်။
ကျုချင်းမှာမူ ထိုလူငယ်လေးနှင့် ခပ်လှမ်းလှမ်းအကွာတွင် ရပ်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လူငယ်လေးအား စိုက်ကြည့်နေခဲ့လေသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဆေးလုံးတောင်ကြား၏ တပည့်ဟူသော သူ့အဆင့်အတန်းမှာ ဘာမှကို အသုံးမဝင်တော့ကြောင်း လီရွှမ်း နားလည်သွားခဲ့လေသည်။ သေခြင်းတရား အရှိန်အဝါတို့မှ သူ့အား ရစ်သိုင်းလာသည့်အခိုက် လူငယ်လေးမှာ အလွန်ကိုမှ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။
ကျိယောင်မှာမူ ထူးမခြားနားဟန်ဖြင့် ရပ်ကြည့်နေခဲ့လေသည်။ လီရွှမ်းမှာ တစ်ဖက်လူ၏ အနိုင်ကျင့်ခြင်း ခံနေရပါသော်ငြား ကျိယောင်ကမူ အနည်းငယ်မျှပင် ကရုဏာစိတ်မဝင်မိ။
ဟွာချင်းစီကမူ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေဟန်ဖြင့် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ကိုင်ထားခဲ့လေသည်။
ရန်ကိုင် ရုတ်တရက် ပေါ်လာသည်ကို ကျုချင်း၏ ဒေါသတို့ တမုဟုတ်ချည်း လျော့ကျသွားခဲ့ရသည်။ ထိုအခါမှသာလျှင် နဂါးမလေးသည် ရန်ကိုင်ပြောထားသည့်ကိစ္စကို ပြန်သတိရသွားခဲ့ပြီး အကြပ်ရိုက်သွားသည့်ပုံစံမျိုး ဖြစ်သွားခဲ့လေသည်။
“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်သည် လီရွှမ်းအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ ကျုချင်းအား မေးလိုက်လေသည်။
ကျုချင်း၏နှုတ်ခမ်းလေးများ လှုပ်သွားခဲ့ပါသော်ငြား စကားတစ်ခွန်းပင် ထွက်မလာခဲ့ချေ။
“အစ်မဟွာ… ဘာတွေဖြစ်နေတာလဲ ရှင်းပြပါဦး…” ရန်ကိုင်သည် ဟွာချင်းစီဘက်သို့လှည့်၍ မေးလိုက်လေသည်။
ဟွာချင်းစီက သက်ပြင်းချလျက် “ဒီခွေးကောင်လေးက သခင်မလေးချင်းကို အသားယူဖို့ ကြိုးစားတာလေ… သခင်မလေးချင်းက အစကတော့ သူ့ကို ရှောင်သေးတယ်… ဒါပေမယ့် ဒီကောင်က အတင့်ရဲလာပြီး လက်တွေပါ ပါလာတော့ နောက်ဆုံး သခင်မလေးချင်းလဲ မထိန်းနိုင်တော့ဘဲ သူ့ကို သင်ခန်းစာပေးလိုက်တာ…”
မိန်းမသားတစ်ဦး ဖြစ်သည့်အလျောက် ဟွာချင်းစီမှာ ကျုချင်း၏လုပ်ရပ်အပေါ် အမှန်တကယ်ကို ချီးကျူးလိုပေသည်။ ဤမျှလောက် သင်ခန်းစာပေးသည်နှင့်ပင် မလုံလောက်သေးဟု သူမစိတ်ထဲ ခံစားနေရသည်။ လီရွှမ်းဆိုသည့်ကောင်မှာ သတ်လျှင်သတ် မသတ်လျှင် သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်မှသာ ရပေလိမ့်မည်။ သို့သော်ငြား အထက်ကောင်းကင်နန်းတော်၏ မန်နေဂျာချုပ်တစ်ဦး ဖြစ်သည်နှင့်အညီ ကျုချင်း၏လုပ်ရပ်မှာ သူတို့ဂိုဏ်းအား မည်ကဲ့သို့သော ပြဿနာမျိုးကို ဖြစ်လာနိုင်စေမလဲ သူမ ကောင်းကောင်းသိသည်။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ထိုကိစ္စကို စဉ်းစားရင်း တွေးပူရလေ၏။
“သူ့ကို အသားယူဖို့ ကြိုးစားတယ်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“အပိုတွေ… ငါ ဘာမှ အဲ့လိုမျိုးမလုပ်ဘူး…” လီရွှမ်းက ရုတ်တရက် ထအော်လေသည်။ ဘယ်ကမှန်းမသိ ရဲစွမ်းသတ္တိတို့ ပြန်လည်ရရှိလာခဲ့ပြီး ထိုင်ရာမှ ထ၍ ပြောလိုက်လေ၏။ “အဲ့ဒါ ငါ့ကို အပုပ်ချနေတာ… သူက ဧကရာဇ်အဆင့်ပညာရှင်လေ… ငါက တာအိုသခင်အဆင့်ပဲရှိသေးတာ… ဘယ်လိုလုပ်ပြီး သူ့ကို အသားယူနိုင်မှာလဲ…”
“ဒီတော့ မင်းကိုယ်မင်း တာအိုသခင်ပထမအဆင့်ပဲ ရှိသေးတယ်ဆိုတာကိုတော့ သိသေးတယ်ပေါ့…” ရန်ကိုင်က လီရွှမ်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
ဤကောင်လေးသည် ပေါ်လာစဉ်ကတည်းက သူ့ရှေ့တွင် မြောက်ကြွမြောက်ကြွ လုပ်နေခဲ့ခြင်း ဖြစ်လေသည်။ မသိလျှင် သူ့ကိုယ်သူ မဟာဧကရာဇ်တစ်ပါးအလား။
လီရွှမ်းသည် သူ့ပါးစပ်ထောင့်မှ စီးကျနေသည့် သွေးများကို သုတ်လျက် ရန်ကိုင်အား ဒေါသတကြီးဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။ “ဒီအမျိုးသမီး ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့ တမင်သက်သက် ငါ့ကို လက်ပါတာ… ဆေးလုံးတောင်ကြားက တပည့်တစ်ယောက်ရဲ့ မျက်နှာကို ရိုက်တယ်ဆိုတာ ဆေးလုံးတောင်ကြားရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ… မင်းက အထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်… ဒီတော့ ငါ့ကို လျော်ကြေးပြန်ပေးဖို့လုပ်တော့… မဟုတ်ရင်တော့ ငါမင်းကို အလွယ်တကူ အလွတ်ပေးမှာမဟုတ်ဘူး…”
“မင်းကို လျော်ကြေးပြန်ပေးရမယ်…” ရန်ကိုင်က လီရွှမ်းအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လျက် “ဘယ်လိုပေးရမှာလဲ…”
လီရွှမ်းသည် ကျုချင်းဘက်သို့လှည့်၍ “ဒီခွေးမရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပြီးတော့ ငါ အပြစ်ပေးလို့ရအောင် သူ့ကို ငါ့လက်ထဲ ထည့်ပေးလိုက်…”
သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ သို့သော်ငြား သူမ၏ကျင့်ကြံခြင်းသာ ဖျက်ဆီးခံလိုက်ရမည်ဆိုပါက သူ့အနေဖြင့် ဘာကိုမှ ကြောက်စရာ လိုတော့လိမ့်မည်မဟုတ်ချေ။ သူ့အား လာရန်စပါက မည်ကဲ့သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမလဲ ဆိုသည်ကို ဤအမျိုးသမီး သိသွားအောင် လုပ်ပစ်ရမည်ဟု စိတ်ထဲမှနေ၍ ကြိတ်ကာ ကြုံးဝါးနေခဲ့လေသည်။
ရန်ကိုင်က ကျုချင်းဘက်သို့လှည့်၍ “နင် သူ့ကို တကယ်ကြီး ရိုက်လိုက်တာလား…”
ကျုချင်းက မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ငါ သည်းမခံနိုင်တော့လို့ လုပ်လိုက်တာ… တောင်းပန်ပါတယ်…”